Chapter 2
Viewers 2k

🧶 Chapter 2

ငါ့ကိုမထိနဲ့



ကားလေးက အသစ်ပြောင်းလာသော လူနေရပ်ကွက်ထဲသို့ မောင်းဝင်လာခဲ့သည်။ ဂိတ်စောင့်က မတ်တတ်ရပ် အလေးပြုလာ၏။


ရွှီကျိ အိမ်ပြန်ရောက်သည်နှင့် 'ကလစ်'ဟူသောအသံနှင့်အတူ မီးဖွင့်လိုက်လေ၏။ သူ့အမြင်အာရုံထဲသို့ ဦးစွာဝင်လာသည့်အရာများမှာ နံရံပေါ်တွင် ချိတ်ထားသည့် အမျိုးမျိုးသော နှင်းလျှောစီးဘုတ်ပြားများနှင့် ကိရိယာများဖြစ်သည်။


အိမ်အသစ်ကို မီးခိုးရောင် ကော်ဇော ၊ မီးခိုးရောင် မွေ့ရာတို့ဖြင့် အသေးစားအလှဆင်မှု ပြုလုပ်ထားပြီး အခြားအရောင်များ မြင်တွေ့ရမည်မဟုတ်ချေ။ အဖြူရောင်နံရံပေါ်တွင် မြုပ်ဝင်နေသော ကြီးမားသည့် စခရင်ကြီးက ၇နာရီ ၅၉မိနစ်ဟူသော အချိန်ကို ပြနေ၏။


သူ ရေချိုးရန် ပြင်ဆင်ပြီးသည့်အချိန်တွင် ချန်လျန့်ထံမှ ဖုန်းဝင်လာ၏။ သူလက်ထပ်ပြီးကတည်းက သူ့မိဘများ၏ဖုန်းများက ရူးလောက်အောင်ဝင်လာတတ်သဖြင့် ဖုန်းမြည်သံကြားတိုင်း နှလုံးခုန်နှုန်းတစ်ချက် အမြဲကျော်သွားတတ်သည်။


အကြောင်းအရင်းကို မသိရသေးသော်လည်း နစ်မြုပ်နေပြီးသော ဒေါသကြောင့် သူ စိတ်တိုလာရသည်။

 

သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြန်ဖြေလိုက်သည်။

" ဘာဖြစ်လို့လဲ…"


ချန်လျန့်က မေးလာ၏ ။

"မင်းဒီနေ့ အိမ်မပြန်ဘူးလား… ရှောင်ထျင်းကပြောတယ်... ငါဆိုလိုတာက မင်းအိမ်မပြန်တဲ့ရက်တွေ အရမ်းများနေပြီလေ… မင်းတစ်ခါတလေတော့ အိမ်ပြန်ပြီးတစ်ချက်လောက် မကြည့်သင့်ဘူးလား…"


လိထျင်းအပေါ် ရွှီကျိ၏ မနှစ်မြို့မှုက ဤတစ်ကြိမ်တွင် အထွတ်အထိပ်သို့ရောက်ရှိသွား၏။

"ဘာလို့လဲ သူက အမေ့ကိုတောင် တိုင်နေပြီလား…"


ချန်လျန့်က အဆောတလျင်ဆိုလာ၏ ။

"မဟုတ်ဘူး ငါစကားမှားသွားတာ…"


" နောင်ဆို အမေဒီအကြောင်းထပ်ပြောမယ်ဆိုရင် ကျွန်တော့်ဆီဖုန်းမခေါ်နဲ့…"


ရွှီကျိတွင် နားထောင်လိုစိတ်ရှိမနေပေ။ သူက ဒေါသပေါက်ကွဲနေပြီး ပစ္စည်းများကိုပင်လျှင် လွှင့်ထုတ်ပစ်ချင်လာ၏။ သူ၏လက်ထပ်ပွဲကို ကျေးဇူးတင်ရပေမည်။၂၆နှစ်အတွင်း ပထမဆုံးအကြိမ် သူက ဒေါသထွက်လွယ်သူဖြစ်ကြောင်း သတိပြုမိသွားခဲ့ရသည်။


သူက စီးကရက်ကို နှုတ်ခမ်းထက်တွင် ကိုက်ထားလိုက်ပြီး လှုပ်ရှားလိုစိတ်မရှိဘဲ ကဖျက်ကယက်သာ လုပ်ချင်လာ၏။ သူက မျက်နှာကျက်ကို အမူအရာမဲ့စွာ ကြည့်နေလိုက်သည်။ လေထုထဲမှ ဆံပင်လေးတစ်မျှင်ကပင် သူ့ကို ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်၏။


ဆေးရွက်ကြီး၏ ခါးသက်သက်အနံ့က သူ့ပါးစပ်တစ်ခုလုံးပျံ့နှံ့သွားမှ ထရပ်ကာ ရေချိုးခန်းထံလျှောက်သွားလိုက်သည်။ သူ့ရှပ်အင်္ကျီကို ချွတ်လိုက်ပြီးချိန်တွင် ဖုန်းက ထပ်မံဝင်လာပြန်၏။


ရွှီကျိပေါက်ကွဲကာ ကြမ်းကြမ်းတမ်းတမ်းဆိုလိုက်ပြီး သူ့အသံက အလွန်တရာပင် အေးစက်နေခဲ့သည်။

"ကျွန်တော့်ကို သောက်ကျိုးနည်း လာမနှောင့်ယှက်စမ်းပါနဲ့ တစ်ရက်တည်းနဲ့ ဒီအကြောင်းကိုပဲ ခဏခဏ ပြောနေရတာ အရမ်းပျော်စရာကောင်းနေလား…"


ဖုန်းတစ်ဖက်မှ အတော်ကြာအောင်တိတ်ဆိတ်နေပြီးနောက် ပြောလာ၏။

" ကော အဆင်ပြေရဲ့လား အခုက အချိန်ကောင်းမဟုတ်ဘူးထင်တယ် ကျွန်တော် နောက်မှပြန်ခေါ်လိုက်ရမလား…"


တစ်ဖက်လူမှာ သူနှင့် အီတလီနှင်းလျှောစီးကွင်း၌ ဆုံတွေ့ခဲ့ရသည့် နှင်းလျှောစီးဖော်တစ်ယောက်ဖြစ်သည့် ကျိဖန်းချီပင်။


ရွှီကျိမှာ မျက်နှာကို ဒယ်အိုးဖြင့် အရိုက်ခံလိုက်ရသလိုခံစားလိုက်ရသည်။ သူ့ဒေါသများက မည်သည့်နေရာသို့ ရောက်သွားသည်ကိုပင် ရောက်သွားသည်ကိုပင် မသိတော့ပေ။ သူက ထပ်မံ ထွက်ပြူလာစ ဒေါသမီးတောက်ကို ဖိနှိပ်လိုက်ကာ ပြောလိုက်သည်။ 

"မဟုတ်ပါဘူး ဘာဖြစ်လို့လဲ…"


"ကောရဲ့အသံက ကျွန်တော့်ကို သတ်တော့မလိုပဲ…"

ကျိဖန်းချီမှာ ကြောက်ရွံ့နေသလိုစိတ်မသက်မသာလည်းဖြစ်နေသည်။ 

"သန်ဘက်ခါကျရင် စကိတ်သွားစီးကြမလား အရမ်းပျင်းစရာကောင်းတယ် ကျွန်တော်အိမ်မှာ မှိုတက်တော့မလိုခံစားနေရတယ်…"


ယင်းက အနားယူဖြေလျှော့ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်လေရာ ရွှီကျိကလည်း တုံ့ဆိုင်းမနေချေ။

 "သွားကြတာပေါ့…"


တောင်ပိုင်းမျှော်စင်နှင်းလျှောစီးအပန်းဖြေစခန်းမှာ Gမြို့တွင်ရှိပြီး ယင်းက လူလုပ်နှင်းများဖြင့် အပန်းဖြေစခန်းဖြစ်သည်။


ပို၍ထူးဆန်းသည်မှာ နှင်းကိုလုံးဝမမြင်တွေ့နိုင်သည့် တောင်ပိုင်းသားတစ်ယောက်အနေဖြင့် ရွှီကျိမှာ နှင်းလျှောစီးခြင်းကို အလွန်နှစ်သက်သဘောကျလေသည်။


*****


“ရို့..." 

လူကိုမမြင်ရမီ အသံကိုအရင်ကြားရ၏။

"ဘာလို့အရမ်းနောက်ကျနေတာလဲ မင်းဘောင်းဘီ စိုသွားလို့လား…"


ကျိချီက အဝင်ဝတွင် အိတ်ကပ်ထဲလက်ထည့်ကာ ရပ်နေပြီး သူ့မျက်နှာထက်တွင် ပြီတီတီအပြုံးတစ်ခု ရှိနေ၏။ ရွှီကျိမှာ ထိုသူကို ထိုးပစ်ချင်သွားသည်။


" ကော… "

ကျိဖန်းချီက သူ့အစ်ကိုကြီး(ကျိချီ)၏ နောက်ကျောဘက်ကို ပုတ်လိုက်သည်။ 

"ဒီလိုရှက်စရာကောင်းတာတွေကို အကျယ်ကြီးမပြောပါနဲ့…"


ယနေ့ ရွှီကျိက အနက်ရောင် နှင်းလျှောစီးဂျက်ကပ်အား သူ့နှုတ်ခမ်းနားအထိရောက်အောင် ဇစ်ကိုဆွဲတင်ကာ ဝတ်ဆင်ထား၏။ လိုက်ဖက်ညီသည့် အနက်ရောင် နှင်းလျှောစီးဘုတ်ပြားအိတ်ကို ကျောဘက်တွင် လွယ်ထားပုံမှာ ရှေးခေတ်စစ်သည်တော်တစ်ဦးက သွေးစွန်းနေသည့်ဓားမြှောင်ကို သယ်ဆောင်ထားသည့်အတိုင်းပင်။ သူ၏ အေးစက်ကာ ဂရုမစိုက်သည့်အရှိန်အဝါက လူတိုင်းကို သူနှင့်၃မီတာအကွာ၌ နေချင်စိတ်ဖြစ်အောင်လုပ်ထားသည်။


ကျိဖန်းချီမှာ မရဏမင်းကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

" သေစမ်း… ကော ဒီကိုလာတာက ကျွန်တော့်ကိုသတ်ဖို့လာသလိုပဲ…"


သူ၏ကိရိယာများကို ဝတ်ဆင်နေရင်း ကျိချီက အခြားမြေမြှုပ်မိုင်းအပေါ် နင်းမိသွားပြန်၏။

“ငါအခုပဲကြားလာတာ မင်းမိန်းမရသွားပြီဆို…”


ကိုယ်ကိုကိုင်းကာ ခါးပတ်ချွတ်ပြီးပြီးချင်းအချိန်၌ ရွှီကျိထိုစကားလုံးတို့အား ကြားလိုက်ရသည်။ ဒေါသလှိုင်းလုံးက ထိုအကြောင်းပြောသူတိုင်းကို ရိုက်နှက်ပစ်မိနိုင်သည်အထိ ကြီးမားလေရာ ရွှီကျိ အေးစက်စက်ပြန်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား သူ့အကြောင်းငါ့ကို လာမပြောနဲ့…"


ကျိဖန်းချီကလည်း ပြင်းထန်သည့်အခြေအနေကို သတိမမူမိဘဲ စပ်စပ်စုစုမေးလာသည်။

"အဲဒါ တကယ်ကြီးလား ကျွန်တော်တို့အသိုင်းအဝိုင်းမှာ အရမ်းပျံ့နေတာ… သူကဘယ်လိုပုံလဲ မရီးက လှလားဟင် ကော သူကလှလား လှလားလို့…"


ရွှီကျိက ထရပ်ကာ အမူအရာမဲ့စွာဖြင့် ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ ထိုသူနှစ်ယောက်ကို အပိုင်းပိုင်းဖြတ်လိုစိတ်အား ကွယ်ဝှက်မထားပေ။

“ငါ့ဘုတ်ပြားက မင်းတို့နှစ်ကောင်လုံးကို အရိုးကျိုးတဲ့အထိ ရိုက်ပစ်ချင်နေပြီလို့ ပြောနေတယ်...”


သူ့စကားများက သူ့အတွက်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ နှင်းလျှောစီးအပန်းဖြေစခန်းက ပိတ်ရက်များတွင် လူထူထပ်သည်။ လူသစ်ကလေးများနှင့် မစီးတတ်စီးတတ်စီးနေသူများကို ဖြတ်ကျော်ရသောအခါ နွေပူပူ ရေပူစမ်း၌ ဖက်ထုပ်ပြုတ်နေရသလို ခံစားရသည်။ လူအများစုက နှင်းလျှောစီးရန်လာခြင်းမဟုတ်ဘဲ ကိရိယာအစုံအလင်ဝတ်ဆင်ကာ နှင်းနဲ့ရေခဲတို့အလယ်တွင် ဓာတ်ပုံရိုက်ရန် လာကြခြင်းဖြစ်သည်။ ယင်းက ရွှီကျိကို ပိုမိုစိတ်ရှုပ်သွားစေ၏။


သူတို့ကေဘယ်လ်ကားဖြင့် တောင်ပေါ်ကိုတက်ပြီးသောအခါ သူတို့ရှေ့မှာလူက ပထမဆုံး စီးဖူးသူဖြစ်နေပြီး ထိုသူမှာ ဆင်းသွားရန် တွန့်ဆုတ်နေပုံရ၏။ ထိုသူက နေ့တစ်ဝက်မျှ အချိန်ဆွဲနေခဲ့ကာ မျှော့တစ်ကောင်ကဲ့သို့ပင် တစ်ဝက်တစ်ပျက်ဆင်းပြီးနောက် ပြန်တွယ်တက်လာ၏။


ရွှီကျိက မျက်လုံးကိုမှိတ်က သက်ပြင်းကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ ကျိချီပင်လျှင် စိတ်မရှည်တော့ပေ။


"ဒီအတိုင်းခုန်ချလိုက်စမ်းပါ ပြုတ်ကျလို့မသေပါဘူး…"


ကံကောင်းစွာဖြင့် အဆင့်မြင့်အတန်းတွင် လူအနည်းငယ်သာရှိပြီး အားလုံးက နှင်းလျှောစီးတတ်ကာ စည်းကမ်းလိုက်နာကြ၏။ အဝင်ဝတွင် "အဆင့်မြင့်တန်း"ဟူသော အမှတ်အသားကြီးရှိနေပြီး အသံချဲ့စက်ကလည်း ထပ်ခါတလဲလဲပြောနေသည်။

"ဒါက အဆင့်မြင့်အတန်းပါ ဒါကအဆင့်မြင့်အတန်းပါ… ဒီနေရာမှာ နှင်းလျှောစီးနိုင်မစီးနိုင်ကို ကိုယ့်ဟာကိုယ် သိထားသင့်ပါတယ်… တခြားလူနဲ့တိုက်မိရင် ရလာမဲ့အကျိုးဆက်က မလွယ်ပါဘူးနော် မင်းကိုယ်မင်း ထိခိုက်သွားရင်လည်း ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး…"

 

ရွှီကျိနှင့်ကျိချီ နှစ်ယောက်စလုံးက နှင်းလျှောစီးဘုတ်ပြားကို အသုံးပြုကြသည်။ နှင်းလျှောစီးဘုတ်ပြားက အစတွင် ခက်ခဲတတ်သော်လည်း ကျွမ်းကျင်ရန်လွယ်ကူ၏။ နှင်းလျှောစီးစကိတ်ကမူ ဆန့်ကျင်ဘက်ဖြစ်သည်။ ကျိဖန်းချီက သူ့အစ်ကိုထံတွင် နှင်းလျှောစီးဘုတ်ပြားကိုသုံးရန် သင်ယူခဲ့သော်လည်း တစ်ပတ်လုံးလုံးပြုတ်ကျနေပြီးနောက် ဒေါသတကြီးဖြင့် နှင်းလျှောစီးစကိတ်ကို ပြောင်းသုံးလိုက်သည်။


ရွှီကျိ နှင်းလျှောစီးဘုတ်စီးပုံမှာ ကြမ်းတမ်းကာ သွက်လက်ပြီး ရဲရင့်သည်။ သူက မျှခြေညီအောင် ကောင်းကောင်းထိန်းထားနိုင်ပြီး အင်အားအပြည့်ဖြင့် အရှိန်မြှင့်ကာ စီးတတ်သည်။ 


အခြားလူများအမြင်၌ သူက ပျံသန်းနေသလိုပင်။ သူ့ကိုယ်ကို နှင်းတို့နှင့် ထိလုမတတ် စောင်းထားပြီး လည်စည်းကိုဖြတ်ကာ မျက်နှာကိုလာထိသည့် နှင်းတို့ကို ခံစား၍ပင်ရနေ၏။ သူက စွပ်ကြောင်းရာအရှည်ကြီးကို နှင်းထဲတွင် အဆက်မပြတ်ချန်ထားခဲ့ပြီး ယင်းကို လမ်းဖော်ခြင်းဟုခေါ်နိုင်သည်။ 

 

ကျိဖန်းချီက သူ့ဘေးမှလိုက်ကာ နှင်းလျှောစကိတ်စီးနေရင်း မပြောဘဲမနေနိုင်တော့ပေ။

"မိုက်လိုက်တာ… ကျွန်တော်အခု နောင်တရနေပြီ နှင်းလျှောစီးဘုတ်ကိုပဲ ဆက်တိုက်လေ့ကျင့်ခဲ့သင့်တာ…"


ရွှီကျိက အဖြူရောင်ထွက်လေကို မှုတ်ထုတ်လိုက်ပြီး ကိုယ်ကိုမတ်ကာ အရှိန်လျှော့လိုက်၏။ သူ့လှုပ်ရှားမှုအတိုင်း ရှုပ်ထွေးနေသည့်ခံစားချက်တို့အား ချန်ထားခွင့်ရသလို ခံစားရသည်ကို သူသဘောကျသည်။


သူ့ဘေးမှ ကျိဖန်းချီအား စကားပြောရန်လှမ်းအကြည့်တွင် ကျယ်လောင်သည့် အော်ဟစ်သံကို ကြားလိုက်ရသည်။

" ကော မင်းနောက်မှာ ရှောင်လိုက်…"


ရွှီကျိ၏ ရှေ့ထုတ်ထားသည့်ခြေထောက်မှာ ဘယ်ခြေဖြစ်နေသဖြင့် ဘယ်ဘက်ခြမ်းက သူ၏မမြင်ကွယ်ရာအရပ်ဖြစ်နေ၏။ ရှောင်လိုက်ဟူသော စကားကိုကြားသည်နှင့် ချက်ချင်းပင် ထောင့်နေရာပြောင်းကာ မတိုက်မိအောင်ရှောင်ရှားရန် ကြံလိုက်သော်လည်း နောက်ကျသွားခဲ့သည်။


နောက်တစ်စက္ကန့်မှာပင် အားပြင်းပြင်းဖြင့် အတိုက်ခံလိုက်ရပြီး ပျံထွက်သွားကာ သူ့နောက်ကျောဖြင့် နှင်းထုပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားခဲ့သည်။ အသံကြား၍ ကျိချီက လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ လူနှစ်ဦးကို တွေ့လိုက်ရပြီး အမြန်ပြန်လှည့်လာခဲ့သည်။


အဆင့်မြင့်တန်းမှာ မတ်စောက်ပြီး ရွှီကျိမျက်စိထဲတွင် အမှောင်ထုကိုသာ မြင်နေရသည်။ နှင်းများဖြင့် လွှမ်းခြုံခံထားရပြီး မူးနောက်ဖြစ်နေရာ သတိမထားမိဘဲ တောင်စောင်းပေါ်မှ ပြုတ်ကျသွားခဲ့သည်။ စိတ်ရှုပ်ထွေးမှုတို့၏အလယ်တွင် တစ်စုံတစ်ယောက်မှ သူ့ကို ညင်ညင်သာသာ ပုတ်နေသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ညီအစ်ကိုနှစ်ဦးနှင့် အခြားတစ်စုံတစ်ယောက်တို့ စကားများရန်ဖြစ်နေသည်ကိုလည်း ကြားလိုက်ရသည်။


ကျိဖန်းချီ၏အသံပင်။

"ငါဖြစ်စဉ်အစအဆုံးကို နောက်ကနေ မြင်လိုက်တယ် ဒီငါးခူကောင်က တည့်တည့်ကြီးဝင်တိုက်လိုက်တာ…"


ငါးခူဟူသည်မှာ လူသစ်လေးများကို ဆိုလိုခြင်းဖြစ်ပြီး နှင်းလမ်းကြောင်းပေါ်၌ မည်သို့အရှိန်လျှော့ရန် သို့မဟုတ် မည်သို့ဦးတည်ရာပြောင်းရမည်ကို မသိဘဲ ထိန်းချုပ်မှုလွတ်သွားတတ်သူများကိုခေါ်ခြင်း ဖြစ်သည်။


ဤတစ်ကြိမ်တွင်မူ ကျိချီ၏အသံဖြစ်၏။

" ငါအပန်းဖြေစခန်းကို ဖုန်းခေါ်ထားပြီးပြီ မင်းတာဝန်ယူကိုယူရမယ် ထွက်သွားဖို့မတွေးနဲ့ ငါတို့အားလုံး အတူတူဆေးရုံကိုသွားကြမယ်…"


ထို့နောက် လူစိမ်းတစ်ယောက်၏အသံကို ကြားလိုက်ရသည်။

"ငါလူး လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်တိုက်မိတာကို ငါက ဘာလို့တာဝန်ယူရမှာလဲ… ဒါ့အပြင် ငါကမတ်တတ်တောင်ထရပ်ပြီးနေပြီ ကြည့်ရတာ မင်းရဲ့ညီအစ်ကိုကမှ ငါ့ကိုချောက်ချဖို့ကြိုးစားနေတာမဟုတ်ဘူးလား…"


“ အရှေ့ကသွားတဲ့နှင်းလျှောစီးသူတွေက အမြဲမှန်တယ်” 

ရွှီကျိက နှင်းထဲ၌ လဲလျောင်းနေရင်း အားနည်းနေသည့်အသံဖြင့် ပြောလိုက်သည်။

" အနောက်ကတစ်ယောက်က အပြည့်အဝတာဝန်ယူပေးရမယ်…"


ရွှီကျိကလည်း တည်ငြိမ်ငြိမ်ပြောနိုင်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူမိသွားသည်။ အတိုက်ခံလိုက်ရချိန်တွင် သူအကြာကြီးဖိနှိပ်ထားခဲ့ရသည့် စိတ်ရှုပ်မှုနှင့် ဒေါသတရားတို့က ဆိုဒါပူဖောင်းများပမာ ဖောက်ခနဲပွင့်ထွက်သွားသည်။


သို့သော်လည်း တခဏကြာပြီးနောက် သူ့တွင် ပြောစရာမဲ့မှုနှင့် ရှုပ်ထွေးမှုတို့သာ ကျန်ခဲ့သည်။ ကျိဖန်းချီနှင့် ကျိချီတို့က ချက်ချင်းပင် သူအနားကိုဝိုင်းလာ၏။


"မင်းအဆင်ပြေရဲ့လား ဘယ်နေရာနာသွားသေးလဲ ခေါင်းက ကြည်ကြည်လင်လင်ရှိရဲ့လား ဒါမှမဟုတ် ခေါင်းမူးနေလား…"


နှင်းလျှောစီးဘုတ်ပြားစီးသူတစ်ယောက်အနေဖြင့် ရွှီကျိမှာ ထိုသို့သော ကျိုးပဲ့ဒဏ်ရာများဖြင့် ရင်းနှီးနေပြီးသားဖြစ်သည်။ သူက ထထိုင်လိုက်ရာ သူ့တစ်ကိုယ်လုံးရှိအရိုးများက နာကျင်နေသည်ကို ခံစားလိုက်ရပြီး သူ့ခြေထောက်ကို ညင်ညင်သာသာ လှုပ်ရှားလိုက်သည်။


ခဏအကြာတွင် သူ့ကိုယ်ပေါ်ရှိ ထိန်းချုပ်ကိရိယာကို ဖယ်ရှားလိုက်ပြီး ထပ်မံ ထရပ်လိုက်သည်။


သူ့ကိုတိုက်မိသွားသောသူ၏နံဘေးတွင် စိုးရိမ်ပူပန်နေသောမျက်နှာဖြင့် အလှလေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရွှီကျိက တစ်ခဏများ ကြည့်နေပြီးနောက် သူ၏အကွယ်မျက်မှန်ကို ဖယ်ရှားလိုက်ရာ ဦးထုပ်ထဲ၌ ရှိမနေသည့် ဆံပင်အချို့က ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူဖြစ်စေချင်ခဲ့သည့်အတိုင်း အလှလေး၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုတို့က သဲလွန်စမကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွား၏။ လိထျင်း၏ အမူအရာက အံ့ဩရာမှ ထိတ်လန့်မှုသို့ ပြောင်းသွားပြီး နောက်ဆုံးတွင် စိုးရိမ်ပူပန်မှုသို့ ပြောင်းလဲသွားပြန်၏။


"မင်း အဆင်ပြေတယ်မလား…" 

ထိုအမျိုးသားက ပြုံးနေဆဲဖြစ်၏။

" နှင်းလျှောစီးတဲ့အခါမျိုးမှာ တိုက်မိတာကသဘာဝပါပဲ…"


ရွှီကျိက သူ့ကိုစကားပြန်မပြောခဲ့ပေ။ သူ၏ နက်မှောင်သောမျက်ဝန်းတို့က လိထျင်းအပေါ်၌သာ ကျောက်ချထား၏။


လိထျင်း၏ ခြေထောက်ထက်တွင် နှင်းလျှောစီးစကိတ်တစ်စုံရှိနေပြီး ယင်းတို့မှာ နှင်းလျှောစီးစကိတ်အပန်းဖြေစခန်းမှ ငှားယူထားသောအရာများဖြစ်၏။ သူက နှုတ်ခမ်းကိုဖွင့်ဟလိုက်ပြီး ခြေလှမ်းတို့အား ရှေ့သို့တိုးကာ ရွှီကျိ၏လက်မောင်းကို ကူညီတွဲကိုင်ပေးလိုသော်လည်း မလုပ်ရဲချေ။ အဆုံးတွင် ရွှီကျိ၏ နှင်းလျှောစီးဝတ်စုံနောက်ပိုင်းကိုသာ သွယ်လျလျလက်ချောင်းထိပ်ဖြူဖြူလေးတို့ဖြင့် အသာထိကိုင်လာ၏။


“လွှတ်စမ်း…” 

ရွှီကျိက သူ့ကိုခါချလိုက်သည်။

“ငါ့ကိုမထိနဲ့...”



🧶🧶🧶