အပိုင်း ၉
Viewers 13k

Chapter 9


ကျွန်မ ရှင့်ကားကိုစီးချင်တယ်။


ထိုအခါတစ်ဖက်မှ အမျိုးသမီးသည် ချက်ချင်းပင် ဒေါကန်သွားတော့၏။ 


"ဘာလဲ...တစ်ယောက်ယောက်ကိုလွှဲချပြီး ထွက်သွားတော့မယ်ပေါ့လေ ဟုတ်စ "


 “ ဘယ်သူကသွားမယ်ပြောလို့လဲ... ဖြေရှင်းပြီးမှသွားမှာ ”


စုယိကခြေချိတ်ထိုင်ပြီးပြောလိုက်သည်။ထိုအခါဝူရွှယ်က မျက်မှောင်ကြုတ်ကာ ထိုင်နေ‌သောစုယိ၏ နားနားသို့ကပ်ပြီးမေးတော့၏။


 "နင်ဘာလုပ်နေတာလဲ...နောက်တစ်ခါ ဂယက်ထချင်နေတာလား...စုယိက လူလည်ခေါင်မှာ ရန်ဖြစ်ပြီး ပွဲကြမ်းပါတယ်ဆိုပြီးတော့လေ "


 “မဟုတ်ဘူး...သူကငါ့ကို လာစိန်ခေါ်နေတာ..အရောင်းဝန်ထမ်းကို သူ့ဘက်ကစပြီးတော့ အနိုင်ကျင့်တာသာ ပေါ်သွားရင်ဘာဆက်ဖြစ်မလဲကြည့်ကြတာပေါ့ "


စုယိက တစ်ပြားမှမလျှော့ဘဲ လေသံမြှင့်၍ပြော၏။


 "ကျွန်တော်တို့ CCTV ကိုစစ်ကြည့်လို့ရတယ်"


 တံခါးဝမှ လေသံခပ်တိုးတိုးတစ်ခုထွက်ပေါ်လာသည်။


 ရုံးခန်းရှိလူများအားလုံးက ခေတ္တရပ်ဆိုင်းသွားကြပြီး


စုယိမှလွဲ၍ အားလုံးက တံခါးဝသို့လှမ်းကြည့်ကြ၏။


 ' ဒီအသံက...ဟင့်အင်း မဖြစ်နိုင်ပါဘူး...မဖြစ်နိုင်ဘူးမလား တိုက်ဆိုင်တာပဲနေမှာပါ '


စုယိသည် သူမ၏ဘယ်ဘက်လက်ကို သဘာဝမကျစွာဟန်ဆောင်ပန်ဆောင်ဖြင့် မြှောက်လိုက်သည်။ထို့နောက်ဆံပင်သပ်တင်သလိုလိုနှင့် တံခါးဝသို့ ခိုးကြောင်ခိုးဝှက်ချောင်းကြည့်လေ၏။


ဤသို့ပြောရသည်မှာ ထူးဆန်းသော်လည်း စုယိသည် တစ်ဖက်လူ၏နှဖူးကိုမြင်သည်နှင့် မည်သူမှန်းချက်ချင်းသိရှိသွားသည်။


ထိုသူသည် ချူယင်းအစစ်ဖြစ်နေလေသည်။


ချူယင်းသည် ယနေ့၌ suitကို ဝတ်ဆင်ထားသည်။


စုယိသည် နောက်တစ်ကြိမ်ဆံပင်သပ်တင်၍ ချူယင်းအား မသိမသာထပ်ချောင်းပြန်သည်။


အလွန်တရာပင်ချောမောလွန်းပေ၏။


ဝူရွှယ်သည်လည်း သူ့ကိုမှတ်မိသည်။ 


သူမ၏ အနုပညာရှင်ဖြစ်သူမှာ ယခုအချိန်၌ အလွန်တရာမှရှက်သွေးဖြာနေပြီး ခေါင်းပင်မဖော်ရဲတော့ရှာပေ။


 


 "ဟုတ်ကဲ့ပါ...ဘယ်အပိုင်းကိုကြည့်မလဲဗျ "  


တာဝန်ခံက CCTVမှတ်တမ်းရယူနိုင်ရန် လုံခြုံရေးအစောင့်များအား သွားရောက်မေးမြန်းရန်ပြင်ဆင်လိုက်သည်။


 "အရှေ့ပိုင်းကိုကြည့်မယ်...အရင်လက်ပါတဲ့သူကိုရှာကြတာပေါ့"


ချူယင်းကပြောလိုက်၏။  


ထိုအခါ တစ်ဖက်မှအမျိုးသမီးဖောက်သည်က ဆိုဖာလက်တင်ခုံကို ဆောင့်ရိုက်လိုက်ပြီး မေးလာလေသည်။


 " ရှင်ဘာကိုဆိုလိုတာလဲ "


 ချူယင်းသည် ထိုတစ်ယောက်ကို လျစ်လျူရှုကာ စုယိကို လှည့်ကြည့်လိုက်သည်။


 


ဝူရွှယ်သည် ချက်ချင်းပင် ပရော်ဖက်ရှင်နယ်ဆန်သောအပြုံးကလေးဖြင့် ချူယင်းအား ချိုချိုသာသာမေးမြန်းလိုက်သည်။


 "ဒါရိုက်တာချူ ကျွန်မတို့ တခြားနေရာမှာ သပ်သပ်ပြောလို့ရမလား "


" ရပါတယ် " 


ချူယင်းက ဝူရွှယ်ကိုကြည့်လိုက်ပြီး ပြန်ဖြေသည်။


စုယိသည်လည်း တစ်ဖက်ရုံးခန်းသို့ မလိုက်ချင်လိုက်ချင်နှင့် လိုက်သွားရတော့၏။


 “ဖြစ်ပုံက ဒီလိုပါ... ကျွန်မနဲ့ ကျွန်မရဲ့အနုပညာရှင်က ကုန်တိုက်မှာအသစ်ဖွင့်တဲ့ Pasionဆိုင်ခွဲဖွင့်ပွဲကို လာတက်တာပါ... ဒါပေမဲ့မပြန်ခင်မှာ အဲ့ဒီဖောက်သည်က အရောင်းဝန်ထမ်းကိုအခက်တွေ့အောင်လုပ်ပြီး ပါးရိုက်တာကိုမြင်လိုက်တော့ စိတ်တိုပြီးဝင်ပါမိတာပါ”


 ချူယင်းသည် ခါးမတ်ကာ တည့်တည့်မတ်မတ်ထိုင်နေ၏။သူသည် မတ်တပ်ရပ်နေသူများထက် ပိုနိမ့်နေသောအနေအထားဖြစ်သော်လည်း ထိုသို့မခံစားရပေ။


စုယိသည် ဝင်လာကတည်းက ထောင့်တစ်နေရာ၌ တိတ်တိတ်ကလေးထိုင်နေခဲ့သည်။


ချူယင်းသည် ဆိုဖာပေါ်တွင်ခေါင်းငုံ့လျက်ထိုင်နေသော မိန်းကလေးကို လှမ်းကြည့်ကာမေးလိုက်သည်။


" လက်ပြန်ပါခဲ့သေးလား "


ရုတ်တရက်ဆန်သောအမေးကြောင့် စုယိကခေါင်းငြိမ့်ပြီး ခေါင်းပြန်ယမ်းမိသွား၏။


ထိုအမူအရာက ရယ်စရာကောင်းလှသည်။


 "ဟမ်"


 "လုပ်ခဲ့တယ်...ဒါပေမဲ့ နည်းနည်းပါးပါးပါပဲ"


 စုယိက ဂရုဏာသက်စရာလေသံကလေးဖြင့်ပြန်ဖြေလေသည်။


 "Maskချွတ်လိုက်...မဟုတ်မှလွဲ အရက်အလွံအကျွံသောက်လို့ ဓာတ်မတည့်ဖြစ်နေတာလား " 


ချူယင်းက ပြော၏။  


 စုယိသည် စက္ကန့်အနည်းငယ် အချိန်ယူကာ မုဒ်အပြည့်သွင်းပြီးနောက် သူမ၏ မျက်လုံးများကို နီရဲအောင် လုပ်လိုက်သည်။ထို့နောက် maskကိုချွတ်လိုက်ပြီး မျက်နှာငယ်လေးဖြင့်လှမ်းကြည့်ကာ " ဟိုင်း " ဟုပြောလိုက်သည်။


မကြာသေးမီက ဖိနပ်တစ်ဖက်ကိုကိုင်ကာ ' ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ' ဖြစ်နေခဲ့သောသူနှင့်တစ်စက်ကလေးမှမတူပေ။


ဝူရွှယ်သည် ဤတစ်ယောက်မှာ ကျန်ရှိသည့်ဘဝသက်တမ်းတစ်လျောက်လုံး မင်းသမီးဖြစ်ရန် ရည်မှန်းထားသည်ဟု ခံစားလိုက်ရသည်။


ဤသို့သောကျွမ်းကျင်ပိုင်နိုင်မှုမျိုးက အထင်ကြီးစရာပင်ကောင်းသေး၏။


" ဟိုတစ်ယောက်က မှတ်မိသွားသေးလား " 


ချူယင်းက ဆက်မေးသည်။


 စုယိသည် အခင်းဖြစ်ရာသို့ အလျင်စလိုပြေးသွားချိန်တွင် တစ်ဖက်အမျိုးသမီး၏ ဆံပင်များသည် လုံးဝရှုပ်ပွနေခဲ့ပြီး အရှေ့ကိုကောင်းကောင်းမမြင်ရသည်မှာသေချာသည်။ထိုအချိန်တွင် ဝူရွှယ်က အမြန်နှုန်းဖြင့် စုယိအား maskကောက်စွပ်ပေးလိုက်ခြင်းဖြစ်၏။


ထိုတစ်ယောက်က စုယိအား မမှတ်မိနိုင်သည်မှာ သေချာသည်။


" မမှတ်မိပါဘူး " ဝူရွှယ်က စုယိအစား ဝင်ဖြေပေးလေ၏။


သေချာတွေးကြည့်လျှင် ထိုဖောက်သည်ကသာ စုယိကိုမှတ်မိနေခဲ့လျှင် ဤကဲ့သို့ဝုန်းဒိုင်းကြဲနေမည်မဟုတ်ဘဲ Weibo၌ချက်ချင်းပင် postကောက်တင်ပစ်လိုက်မည်ဖြစ်သည်။


 "ကောင်းပါပြီ...ပြန်တော့လေ" 


 "ဟင်..." 


ချူယင်း၏စကားကြောင့် စုယိထံမှ အာမေဋိတ်သံထွက်လာတော့၏။


 "ဘာလဲ... နေခဲ့ချင်လို့လား"  


စုယိတစ်ယောက် " အင်း "ဟု ပြန်လည်မဖြေရသေးချိန်တွင် ဝူရွှယ်က သာသနာဝင်ဖျက်သည်။


 "ကျေးဇူးတင်ပါတယ် ဒါရိုက်တာချူ...ကျွန်မ သူ့ကိုပြန်ခေါ်သွားပြီး ဂရုစိုက်ပေးလိုက်ပါ့မယ်...တစ်ခုခု လိုအပ်တာမျိုးရှိလာရင် ဖုန်းဆက်လိုက်ပါ"


 ကုန်တိုက်ထဲမှဆွဲထုတ်ခံလာရပြီးနောက် စုယိက ပြောလာ၏။


 " ဒီတိုင်းပြန်လိုက်ရတော့မှာလား"


 "ဘာလို့လဲ အဲ့မိန်းမနဲ့ ဆက်ပြီးရန်ဖြစ်‌ချင်နေသေးလို့လား " 


ဝူရွှယ်က ခပ်ဆတ်ဆတ်ပြောလေသည်။


 "ငါ့အမှားမှမဟုတ်တာ... စည်းကျော်တာက သူလေ"


စုယိသာဝင်မပါခဲ့လျှင် အရောင်းဝန်ထမ်း၏ဆံပင်သည် အုံလိုက်ကျွတ်ထွက်သွားလောက်သည်။


 


 "သွားပြီးတော့ လုံခြုံရေးအစောင့်ခေါ်လို့ရတာပဲ...နင်ဘာလုပ်လိုက်တာလဲ... အကြမ်းဖက်တာကိုအကြမ်းဖက်တာနဲ့ တုံ့ပြန်တာလား" 


စုယိက ငြိမ်ကုပ်သွားတော့၏။


ဝူရွှယ်သည်လည်း ကိုယ့်စကားကိုယ်နောင်တရစပြုလာသည်။


စုရီသည် အများအားဖြင့် အေးဆေးတည်ငြိမ်ပြီး စိတ်ငြိမ်သည်။ အခြားပုံစံတစ်ခုခုသာဆိုလျှင် သူမသည်လည်း အခင်းဖြစ်ရာသို့ အလျင်စလိုပြေးသွားမည်မဟုတ်ချေ။


 ဝူရွှယ်က စကားအကြောင်းအရာကို ပြောင်းလိုက်သည်။


 "အင်း...ချူယင်း ရဲ့ နောက်ခံကရော ဘာလဲ"


 “မသိဘူး” 


 စုယိသည် ဖုန်းကာဗာဖြင့် ကစားနေရင်းပြောလိုက်သည်။


ရုံးခန်းထဲ၌ရှိနေချိန်တွင် စုယိမှာတည်ငြိမ်နေခဲ့သော်လည်း ချူယင်းအား မြင်လိုက်ရချိန်တွင် သူမ၏နှလုံးသားလေးသည် တုန်လှုပ်လာပြီး ငြိမ်းချမ်းမှုမရရှိတော့ချေ။


စုယိ၏အမူအရာသည် ဝမ်းနည်းဝမ်းသာဖြစ်သွားပြီး သူမက ဝူရွှယ်အား အလောတကြီးမေးလေသည်။


 "ရွှယ်ရွှယ်လေး ငါ့မိတ်ကပ်တွေ ပျက်ကုန်ပြီလား"


" နည်းနည်းပေါ့ " 


ဝူရွှယ်က တစ်ချက်ကြည့်ပြီးဖြေလိုက်သည်။


အချိန်ကိုက်ပင် စုယိ၏ဖုန်းမှ ' ဒင်း ဒေါင် ' သံမြည်‌လာခဲ့၏။


[ ချူလင်းယုန် : ဓာတ်ပုံ]


 ဓာတ်ပုံထဲ၌ အနီရောင် ဒေါက်မြင့်ဖိနပ် တစ်ဖက်ပါရှိသည်။


 စုယိသည် သူမ၏ ညာဘက်ခြေထောက်ရှိ ဖိနပ်ပါးကို ကြည့်လိုက်ပြီး အမှောင်ထုက သူမဆီ ရောက်ရှိလာသလို ခံစားလိုက်ရသည်။


ထို့နောက်တွင်နောက်ထပ် မက်ဆ့ခ်ျတစ်စောင်ထပ်ရောက်လာ၏။


 


 [ချူလင်းယုန် : နောက်တစ်ကြိမ်တွေ့ရင် ပြန်ပေးမယ်]


 


စာကိုမြင်သွားပြီးနောက်တွင် စုယိက လန့်သွားပြီး


တစ်မိနစ်နီးပါး တောင့်တောင့်ကြီးငြိမ်သက်နေမိသည်။


 ဝူရွှယ်က စုယိဘက်သို့ လှည့်လာပြီးပြောသည်။


 “ဒီရက်ပိုင်း အိမ်မှာပဲနေ...အပြင်ထွက်ရင် အန်းရွှမ်ကိုအတူခေါ်သွားဖို့မမေ့နဲ့ "


 


ကားမောင်းသူထိုင်ခုံ၌ရှိနေသောအန်းရွှမ်ကလည်း ခေါင်းညိတ်လေ၏။


 "ကျဲ ဖုန်းဆက်တိုင်းအသင့်ရှိနေပေးမယ် "


 


သို့သော်လည်းတစ်ဖက်မှ တုံ့ပြန်မှုကိုမရရှိသေးပေ။


" နင်ဘာဖြစ်နေတာလဲ...ငုတ်တုတ်ကြီး အိပ်ပျော်နေတာလား "


 "ဘာမှမဟုတ်ဘူး" 


ဝူရွှယ်ဝင်ပြောသည့်အခါမှ စုယိထံမှအသံထွက်လာတော့သည်။


စုယိ၏နှုတ်ခမ်းစွန်းလေးများက ထိန်းချုပ်၍မရတော့ဘဲ ကော့ချိုးနေလေ၏။


 "ပြုံးဖြီးနေတာများ ပါးစပ်ကြီးပြဲထွက်တော့မယ် ... တော်ရုံတန်ရုံလုပ်စမ်း "


ပြောပြီးသည်နှင့် ဝူရွှယ်၏ဖုန်းက ထမြည်လာတော့သည်။


သူမသည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်ပြီး ဖုန်းကိုင်လိုက်၏။


 


" အေး ပြော ချန်းလေး ဘယ်လိုလဲ "


ဖုန်းတစ်ဖက်မှ စကားလုံးအချို့ကို နားထောင်အပြီးတွင်


ဝူရွှယ်ထံမှ အာမေဋိတ်သံထွက်ပေါ်လာတော့သည်။


 "ဘာဖြစ်တယ်....အဲ့ဒီ ဇာတ်ညွှန်းဆရာက ဘာဖြစ်ချင်နေတာလဲ...စုယိကို မရွေးဘူးပေါ့လေ"


ဝူရွှယ်သည် ဒေါသတကြီးအားရပါးရပြောဆိုပြီးနောက် ဖုန်းချပစ်လိုက်သည်။


 "ဘာဖြစ်တာလဲ "


 "လျို့ဝှက်နက်ရှိုင်းသော ဇာတ်လမ်းအတွက် ဇာတ်ကောင်‌တွေရွေးပြီးသွားပြီတဲ့ "


“ထူကျင့်လန်လား "


 စုယိသည်ချူယင်းထံသို့ ချစ်စဖွယ် အီမိုဂျီလေးတစ်ခု ပေးပို့နေရင်း အေးစက်မှုအပြည့်ဖြင့်မေးလိုက်သည်။


 


"ဟုတ်တယ်...ဘာတွေဖြစ်ကုန်တာလဲ...ငါဇာတ်ညွှန်းဖတ်ကြည့်ပြီးသွားပြီ ကာရိုက်တာက နင်နဲ့ကွက်တိပဲ ... နင်ရကိုရသင့်တာ"


 


“ထားလိုက်ပါ ကိစ္စမရှိဘူး ...တခြားဇာတ်ညွှန်းတွေကရော လူရွေးပြီကြပြီလား ”


 စုယိက ဂရုမစိုက်ဘဲ ပြောလိုက်သည်။  


 " မသိဘူး ဖုန်းဆက်မေးကြည့်လိုက်ဦးမယ် "


ဝူရွှယ်သည် ရင်ဘတ်ပေါ်လက်တင်ထားပြီး စုယိထက်ပင် ပို၍ဒေါသထွက်နေပုံရ၏။  


" မဟုတ်သေးဘူး...အန်းရွှမ် ငါ့ကိုအရှေ့မှာချပေးတော့... ကုမ္ပဏီပြန်သွားပြီး စစ်ဆေးဖို့လိုတယ် "


 


ဝူရွှယ်က ကားပေါ်မှ ရေးကြီးသုတ်ပျာဆင်းသွားတော့သည်။


ဝူရွှယ်ဆင်းသွားပြီးနောက်တွင် အန်းရွှမ်သည် ကားစက်ပြန်နှိုးလိုက်၏။ထိုအချိန်၌ ကားနောက်ခုံတွင် ထိုင်နေသူက စကားစမြည်ပြောလာသည်။


 "အန်းရွှမ် ... ဒီနေ့တော့ ဒီလောက်ပဲ... အိမ်ပြန်တော့... တို့ဘာသာတို့ မောင်းပြန်မယ် "


စုယိက ဖုန်းကိုအိတ်ထဲသို့ပြန်ထည့်နေရင်း လှမ်းပြောလိုက်၏။


 အန်းရွှမ်က အနည်းငယ် အံသြသွားသည်။ 


 " ကိစ္စမရှိပါဘူး...ညီမလိုက်ပို့ပေးမယ်"


 စုယိ၏လက်သည် ကားတံခါးလက်ကိုင်ပေါ်တွင်ရှိနေပြီဖြစ်၏။  


" စက်သတ်လိုက် "


အန်းရွှမ်သည် ကားပေါ်မှဆင်းလိုက်ရပြီး လမ်းဘေးတွင်ရပ်နေလေသည်။ထို့နောက်တွင်အနက်ရောင် Jaguarကားက ပြန်လည်ထွက်ခွာသွားတော့၏။


မီတာအနည်းငယ်ခန့်အကွာသို့ ရောက်လာသောအခါ စုယိက ကားရပ်လိုက်သည်။


စုယိသည် ကားထဲမှဆင်းလာပြီး ကားနောက်ခန်းဆီသို့သွားကာ တံခါးကိုဆွဲလှပ်လိုက်၏။ထို့နောက် နောက်ခန်းထဲတွင် ထိုင်လိုက်ပြီး sneakers များကို ပြောင်းဝတ်သည်။


 စုယိသည် ခြေတံရှည်သောကြောင့် ဖိနပ်လဲသည့်ပုံစံကပင် လူအများကြား၌ထင်းထွက်နေလေ၏။ အချို့သောသူများက စုယ်ိကို မှတ်မိသွားကြပြီး ဖုန်းထုတ်ကာ ဓာတ်ပုံများရိုက်ယူကြတော့သည်။


ဝူရွှယ်ထံမှ ဖုန်းခေါ်ဆိုမှုလက်ခံရရှိချိန်တွင် အန်းရွှမ် သည် ဘတ်စ်ကားမှတ်တိုင်သို့ပင် မရောက်ရှ်ိသေးပေ။


" ငါသွားတာဖြင့် ဆယ်မိနစ်လောက်ပဲရှိသေးတာကိုဘာလို့ weiboမှာ စုယိဖိနပ်လဲဝတ်နေတဲ့ပုံတွေက ပွထလာရတာလဲ "


***


 


စုယိသည် ကားမောင်းလေ့မရှိပေ။ဤသည်မှာ သူမ၏အပျင်းထူမှုကြောင့်မဟုတ်ဘဲ ဝူရွှယ်ကိုယ်တိုင်က ခွင့်မပြုပေးခြင်းဖြစ်လေသည်။


ဝူရွှယ်သည် စုယိကားမောင်း၍ မတော်တဆတစ်ခုခုဖြစ်ပါက မကောင်းသတင်းပြန့်ကုန်မည်ကိုစိုးရိမ်‌သည်။


စုယိသည် လေအေးပေးစက်ကို ပိတ်လိုက်ပြီး ပြတင်းပေါက်မှန်များကိုချလိုက်၏။သူမက အနီးအနားရှိလေးထောင့်ခွက်ထဲမှ ‌ နေကာမျက်မှန်ကိုယူတပ်လိုက်သည်။


ထို့နောက် စုယိသည် ကားစတီယာတိုင်ပေါ်တွင် လက်ချောင်းများကို စည်းချက်ကျကျလှုပ်ရှားရင်း သီချင်းနားထောင်နေလေ၏။


မီးနီပြသောအခါ စုယိက ကားကိုရပ်ပြီး မေးထောက်ကာ မီးပွိုင့်ကို စိုက်ကြည့်နေလိုက်သည်။ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဟွန်းတီးလာ၏။


သူမ အနောက်သို့လှည့်ကြည့်လိုက်သောအခါ ဘေးဘက်လမ်းကြောတွင် ယှဥ်ရပ်ထားသောအနီရောင်တောက်တောက် ပြိုင်ကားတစ်စီးကို တွေ့လိုက်ရသည်။ထိုကားထဲရှိမောင်းသူခုံတွင် ထိုင်နေသောယောက်ျားက သူ၏မျက်ခုံးအထူကြီးကို ပင့်တင်ပြပြီး စုယိအား စိုက်ကြည့်နေသည်။


 


ထိုအချိန်တွင် မီပွိုင့်စိမ်းသွား၏။စုယိပြတင်းမှန်ကိုပြန်တင်ကာ ဆက်လက်မောင်းထွက်လာလိုက်သည်။


ထိုပြိုင်ကားသည် လုံခြုံရေးဂိတ်ကိုဖြတ်ပြီးသည်အထိ သူမ၏နောက်သို့ တောက်လျှောက်လိုက်လာလိမ့်မည်ဟု စုယိ မမျှော်လင့်ထားခဲ့ပေ။ ကွန်ဒိုမှ ကားပါကင်သို့‌ရောက်သည့်အခါ ထိုကားကလည်း သူမ၏မျက်စောင်းထိုး၌ ဝင်ရောက် ပါကင်ထိုးလေသည်။


ထိုမျက်ခုံးထူထူနှင့်လူသည် အနည်းငယ်ဝဖြိုး၏။ ထိုတစ်ယောက်က ကားပေါ်မှဆင်းလာပြီး ကားတံခါးကိုမှီထားလျက် စုယိအားပြုံးပြလေသည်။


စုယိ သူမ၏မျက်မှန်ကို ချွတ်လိုက်ပြီး အိတ်ထဲမှ ကျင်စက်ကို ထုတ်ယူလိုက်သည်။ ထို့နောက်ကားနောက်ခန်းကို သွားရောက်ဖွင့်ပြီး ဒေါက်ဖိနပ်ကို လက်ညိုးဖြင့်ချိတ်ဆွဲ၍ယူလိုက်သည်။


ကိစ္စအဝဝပြီးသွားချိန်တွင် စုယိသည် ဓာတ်လှေကားဝင်ပေါက်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။


မျက်ခုံးထူထူနှင့်တစ်ယောက်က သူ့မျက်ခုံးတွေကို ပင့်တင်ကာ ရယ်မောလျက်ပြောလာ၏။


 "အတူတူသွားရအောင်လား"


ထိုအခါ စုယိက ခေါင်းငုံ့လျက် ပြုံးပြပြီး ဖြေလိုက်သည်။ 


 "ဟုတ်ကဲ့"


ဓာတ်လှေကားထဲတွင် စုယိသည် နံပါတ်ကို နှိပ်ရန်မကြိုးစားဘဲ ငြိမ်သက်စွာ ရပ်နေလိုက်သည်။


" စုယိ ခလုတ်နှိပ်လေ " 


ထိုမျက်ခုံးထူထူနှင့်တစ်ယောက်က ပြောလာသည်။


 


မျှော်လင့်ထားသည့်အတိုင်း ဤလူက သူမကို သိနေသည်။ စုယိက အပေါ်ယံလေးပြုံးပြပြီး လက်ကို မြှောက်လိုက်သည်။ထို့နောက် သူမကိုင်ထားသောကျင်စက်အား ထုတ်ဖော်ပြသလိုက်တော့၏။


  "ဟေ့...အဲ့ဒါ ဘာလုပ်တာလဲ "


 “အိတ်ကပ်ထဲမှာ ဘာပါလာလဲ ထုတ်လိုက်” 


' ဒီစုယိက အနုကြမ်းစီးတဲ့ ဓားပြလားဟ '


ထိုအခါမျက်ခုံးထူထူဖြင့်တစ်ယောက်က သူ၏ဖုန်းနှင့်ပိုက်ဆံအိတ်ကို စုယိထံ ထိုးပေးလေသည်။


 "မ-မင်းက ဘာလိုချင်လို့လဲ"


 "ကျန်သေးလား" စုယိက မေးလိုက်၏။


 "မကျန်တော့ဘူး... ရတယ် ကြိုက်တာသာယူသွား မီဒီယာကိုမပြောဘူး"


ထိုလူ၏မျက်ခုံးထူထူများက လှုပ်ယမ်းနေသည်။


___________________________________________