အပိုင်း ၁၀
Viewers 12k

Chapter 10


ဘာလို့အရမ်းသူရဲဘောကြောင်နေရတာလဲ။


ယနေ့ခေတ်ဓားပြများသည် ထူးထူးခြားခြားလက်နက်များမကိုင်ကြတော့ပေ


ထိုအချိန်တွင် ဓာတ်လှေကားတံခါးကပွင့်သွားခဲ့ပြီး တစ်စုံတစ်ယောက်က သူတို့အား အပြင်မှရပ်ကြည့်နေလေသည်။


 " စုယိလား ... "


 ထိုတစ်စုံတစ်ယောက်မှာ လျန့်ပေါပင်ဖြစ်၏။


 "လျန့်ပေါရေ...မင်းရောက်လာတာ အရမ်းကောင်းတာပဲ"


လျန့်ပေါကိုမြင်လိုက်သည်နှင့် ထိုသူကအသံမြှင့်ပြီး တိုင်တန်းတော့သည်။


 " ဒီမိန်းကလေးက ငါ့ဆီက ပစ္စည်းလုနေတာကွ " 


 "ရှင်တို့က တစ်ယောက်နဲ့တစ်ယောက်သိကြတာလား" 


"ဟင်....ငါလည်းမင်းလိုပဲ ပါတီတက်ဖို့လာတာ လေ" 


မျက်ခုံးထူထူနှင့်တစ်ယောက်က စုယိအားရှင်းပြသည်။


ထိုအခါ စုယိကချက်ချင်း သဘောပေါက်သွားပြီး ကျင်စက်ကို အိတ်ထဲသို့ပြန်ထိုးထည့်လိုက်၏။


" အားနာပါတယ်... နားလည်မှုလွဲသွားတာ...ရှင်တို့နှစ်ယောက်မစီးတော့ရင် ကျွန်မအရင်သွားနှင့်မယ် "


" စီးမှာ စီးမှာ "


လျန့်ပေါက ဓာတ်လှေကားတံခါးကို လက်ဖြင့်အမြန်တားလိုက်၏။


 ဓာတ်လှေကားက အပေါ်တက်လာသည်နှင့်အမျှ


စုယိ၏ဖုန်းကအသံမြည်လာပြီး တစ်စုံတစ်ယောက်က WeChatမှ replyပြန်လာလေသည်။


 [ ချူယင်း : ဖြေရှင်းပြီးသွားပြီ ]


 စုယိ၏မျက်နှာသည် အပြုံးတစ်ခုဖြင့် တောက်ပလာကာ လျန့်ပေါ၏နှလုံးခုန်နှုန်းသည်လည်း အနည်းငယ်ပိုမြန်လာတော့သည်။


 "မင်း တကယ်ပဲ ငါတို့နဲ့ အတူမလိုက်ဘူးလား...


 ဟိုမှာ အရက်ကောင်းတွေ အများကြီးရှိတယ်"


"မလိုက်တော့ဘူး"  


ဓာတ်လှေကားတံခါးက ပွင့်သွားပြီဖြစ်ပြီး စုယိ ခြေတံရှည်များနှင့်တစ်လှမ်းလှမ်းရုံဖြင့် ဓာတ်လှေကားအပြင်သို့ရောက်ရှိနိုင်လေသည်။


 စုယိမှာ အလွန်စိတ်ကောင်းဝင်နေသဖြင့် လျန့်ပေါတို့အား " တာ့တာ" ဟုပင်ပြောလိုက်သေးသည်။


 [ နတ်ဘုရားမ စုယိ : ရှင်ဘယ်လိုဖြေရှင်းလိုက်တာလဲ ...အရောင်းဝန်ထမ်းကို ဘာမှမလုပ်ဘူးမလား... အဲ့ဝန်ထမ်းက ဘာမှမမှားခဲ့ပါဘူး ]


 [ ချူယင်း : မလုပ်ပါဘူး ]


စုယိသည် ယခုအချိန်မှ စိတ်အေးသွားရတော့သည်။


 [ နတ်ဘုရားမ စုယိ : မနက်ဖြန် အချိန်ရလား ..အပြင်သွားရအောင် ]


ထို့နောက်တွင် စုယိက နောက်ထပ်မက်ဆေ့ခ်ျတစ်စောင်ကို အလျင်အမြန်ဆက်ပို့လိုက်သည်။


 [ အဲ့ဒီဖိနပ်ကို အရမ်းကြိုက်တော့လေ...အပြင်မှာပဲ သောင်တင်နေမှာစိုးလို့ ]


[ ချူယင်း: မနက်ဖြန် မအားဘူး]


 [ နတ်ဘုရားမ စုယိ - သဘက်ခါရော... ]


 [ ချူယင်း : ခဏနေလောက်ဆို အဆင်ပြေတယ် ]


စုယိမှာ ချူယင်း၏ပြန်စာကို တစ်ချက်လိုက်ကြည့်ရုံဖြင့်


သဘောပေါက်သွားသည်။တစ်နေ့တည်း နှစ်ကြိမ် တွေ့ဆုံရခြင်းက အလွန်တရာမှစိတ်လှုပ်ရှားစရာကောင်းလှ၏။


စုယိက နှစ်ခါမစဉ်းစားဘဲ စာဆက်ပို့လိုက်တော့သည်။


 [ နတ်ဘုရားမ စုယိ : ကျွန်မကိုလာခေါ်မှာမလား...ရှင့်ကားကို စီးချင်တယ် ]


ချူယင်း၏ကားသည် အလယ်အလတ်တန်းစား အနက်ရောင် ရိုဗာကားဖြစ်ပြီး အမှန်တကယ်စျေးကြီးသည့် ဇိမ်ခံကားမျိုးမဟုတ်ပေ။သို့သော်လည်း ချူးယင်၏ပုံစံနှင့်လိုက်ဖက်၏။


 


[ နတ်ဘုရားမ စုယိ : စတာပါ ဟဲဟဲ ]


 [ ချူယင်း: လိပ်စာပြော ]


လျှိုရှီးတစ်ယောက် ရုံးခန်းသို့ရောက်လာချိန်တွင် ချူယင်းက ဒိုက်ထိုးနေသည်။


 "ဘာလုပ်နေတာလဲ"


ချူယင်းက အကြိမ်ရေတစ်ရာပြည့်အောင်ရေတွက်နေပြီး လျှိုရှီး၏စကားကို ပြန်မဖြေပေ။


သူသည် အကြိမ်တစ်ရာဒိုက်ထိုးပြီးသောအခါမှ မတ်တပ်ထပြီး လျှိုရှီးအား မေးလိုက်သည်။


 


 "တစ်ခုခုဖြစ်လို့လား"


 "တစ်ခုခုဖြစ်မှ လာရှာရမှာလား...လျန့်ပေါက ဒီနေ့ပါတီပွဲလုပ်တာ မင်းကိုဖိတ်ပေးဖို့ပြောလို့ "  


ချူယင်း၏ အမူအရာမှာ နည်းနည်းလေးမှမပြောင်းလဲပေ။


 "သူက ဘယ်သူလဲ"


"လတ်တလော ခေတ်စားနေတဲ့ နာမည်ကြီးလေ...ဘယ်လိုလုပ်ပြီး မသိရတာလဲ...ကောင်မလေးတွေအများကြီးလာမယ်ကြားတယ်... ဒိုးရအောင် "


 


 "မသွားဘူး"


 "ဟေ့ကောင်...ဘာလို့ ဒီလောက်တုံးနေရတာလဲ...ငါဒီကိုကားမယူလာဘူး အတူတူသွားမယ်...မင်းနဲ့လိုက်စီးမယ် "  


ထိုအခါ ချူယင်းက ကြောက်ဖို့ကောင်းစွာ ရယ်မောလိုက်ပြီး ပြောလေသည်။ 


 "ရန်ဖြစ်ချင်နေတာလား... ငါ့ကို မင်းဒရိုင်ဘာလုပ်ခိုင်းနေတာလား "


 "ဟင့်အင်း မဟုတ်ဘူး ... ငါမောင်းမယ် လိုက်ပို့ပေးမယ်"


 "မအားဘူး "  


ပြောပြီးသွားသည်နှင့်ချူယင်းက သူ၏အင်္ကျီကို ဆွဲကိုင်လျက် ထွက်သွားတော့သည်။


 "မင်းရဲ့ အတွင်းရေးမှူးကို ငါမေးထားပြီးပြီ...မင်း ဒီည ဘာအစီအစဉ်မှ မရှိဘူးဆို "


လျှိုရှီးက အနောက်မှလိုက်လာပြီး ပြော၏။


ချူယင်းက တံခါးဝရှိ အတွင်းရေးမှူး၏ကောင်တာရှေ့တွင်ရပ်လိုက်သည်။အတွင်းရေးမှူးက ချူယင်းတို့အား နှုတ်ဆက်ရန်ထရပ်လာသည်။


ချူယင်းက ထိုတစ်ယောက်ကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။


 “နောက်တစ်ခါ ငါ့ရဲ့အချိန်ဇယားအကြောင်း တခြားတစ်ယောက်ကို ပြောပြရင် ပစ္စည်းသိမ်းပြီးထွက်သွားဖို့သာပြင်ထားလိုက်တော့ ”


ထိုအခါ အတွင်းရေးမှူးက မျက်လွှာချပြီးပြန်ဖြေလေသည်။


 " နားလည်ပါပြီ... တောင်းပန်ပါတယ် သူဌေး "


လျှိုရှီးသည်ချူယင်း၏နောက်သို့ဆက်လိုက်လာပြီး


ချူယင်း၏ကားပေါ်သို့တက်လာ၏။


 "ဘယ်သွားမလို့လဲ... တကယ်ကို ကိစ္စ တစ်ခုခုရှိနေတာလား"


" တစ်ခုခုသွားစားမလို့ " ချူယင်းက ပြန်ဖြေသည်။


" ဒီလောက်ချွေးနံ့တွေနံစော်နေတဲ့ ပုံစံကြီးနဲ့လား "


 


ချူယင်းသည်လျှိုရှီးအား ကားပေါ်မှမောင်းထုတ်လိုက်ပြီး အိမ်သို့ရေပြန်ချိုးလေသည်။


စစ်တပ်ထဲ၌ရှိခဲ့ချိန်တွင် အကြိမ်တစ်ရာ ဒိုက်ထိုးပြီးနောက် ရေချိုးနိုင်ခြင်းမှာ တွေးပင်မတွေးရဲသောအရာဖြစ်ခဲ့၏။


ချူယင်းရေချိုးပြီးချိန်တွင် စုယိက တည်နေရာတစ်ခုကိုပေးပို့လာသည်။


 


[ နတ်ဘုရားမ စုယိ - စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်‌နေပါတယ်ရှင့် ... ]


ချူယင်းသည် ဆံပင်အခြောက်ခံနေရင်း စုယိပေးပို့လိုက်သောဆောင့်ကြောင့်ထိုင်နေသည့် ယုန်ရုပ်အီမိုဂျီကလေးကို ငုံ့ကြည့်လိုက်၏။


ချူယင်း၏မိသားစုနောက်ခံက စစ်တပ်နှင့်ဆက်နွှယ်နေသော်လည်း သူသည် အမျိုးသမီးအတော်များများနှင့်တွေ့ဆုံဖူးသည်။


ချူယင်းမှာ အမျိုးသမီးပေါင်းစုံဖြင့်တွေ့ဖူးခဲ့သော်လည်း


စုယိနှင့်တွေ့ချိန်တွင် နက်နဲသောခံစားချက် ကျန်ရှိခဲ့လေသည်။သူသည် အဝတ်အစားလဲလိုက်ပြီး အိမ်ထဲမှ ထွက်လာလိုက်တော့သည်။


ကားပါကင်သို့ရောက်ချိန်တွင် ချူယင်းက လမ်းညွှန်စက်မှ ညွှန်ပြသည့်အတိုင်းလိုက်နာပြီး ကားကို ဘေးတစ်နေရာတွင်ရပ်လိုက်သည်။


 [ ချူယင်း : ရောက်ပြီ ]


 [နတ်ဘုရားမ စုယိ - ခဏပဲစောင့်...ဆင်းလာပြီ ]


သိပ်မကြာခင်၌ပင် ကားမှန်အား တစ်စုံတစ်ယောက်က လာခေါက်တော့သည်။ချူယင်းလှည့်ကြည့်လိုက်သည့်အခါ လျှိုရှီး၏မျက်နှာကြီးကို တွေ့လိုက်ရသည်။


 "လိပ်စာဘယ်လိုသိတာလဲ... ပြောတော့ မသွားဘူးဆို "  


လျှိုရှီးက မေးလေသည်။


လျှိုရှီး၏ ဘေးတွင် မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ဦးသည် အမြင်မတော်သော အဖြူရောင်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ထိုအင်္ကျီက ပါးလှပ်လွန်းသဖြင့် အောက်မှ ခံဝတ်ထားသော ဘရာကိုပင် ထိုးဖောက်မြင်နေရသည်။ထိုတစ်ယောက်သည် ထူကျင့်လန်ပင်ဖြစ်လေသည်။


" ဒါက ... " 


ထူကျင့်လန်က ညင်သာစွာ မေးသည်။


 "ငါ့ညီအစ်ကိုလေ...ချူကော်ပိုရေးရှင်းရဲ့ ပိုင်ရှင် ... နှုတ်ဆက်လိုက်ပါ "


ထူကျင့်လန်က နက်နက်ရှိုင်းရှိုင်းပြုံးပြီး ချူယင်းအားနှုတ်ဆက်လိုက်၏။


 "မင်္ဂလာပါ ဒါရိုက်တာ ချူ"


 လျှိုရှီးသည် ချူယင်းက လမ်းဘေးတစ်နေရာတွင် ကားရပ်ထားသည်ကိုမြင်ပြီး ပါကင်ထိုးရန်နေရာမရှိ၍ဖြစ်မည်ဟု နားလည်မှုလွဲသွားသည်။


သူသည် ညာဘက်တစ်နေရာသို့ညွှန်ပြရင်း ချူယင်းအား ပြောလိုက်သည်။


 "ဟိုမှာနေရာတစ်နေရာရှိတယ်"


လျှိုရှီး၏စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က ချူယင်း၏ကားထဲသို့ဝင်လာသည်။ သုံးယောက်စလုံး လှည့်ကြည့်လိုက်သောအခါ စုယိကိုတွေ့လိုက်ရတော့သည်။


သူမသည် ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး မိတ်ကပ်လိမ်းမထားပေ။အောက်ဘက်တွင်မူ လိုက်ဖက်သည့် အားကစားဖိနပ်ဖြူ ကို တွဲဖက်ဝတ်ဆင်ထားသည်။


စုယိက တက္ကသိုလ်ကျောင်းသူကလေးနှင့်ပင်တူနေသေးသည်။


သူမက ‌ကားထဲတွင်ဝင်ထိုင်ပြီး ခါးပတ်ပတ်လိုက်သည်။


ထို့နောက် ချူယင်းဘက်သို့လှည့်ကြည့်ပြီး အချိုသာဆုံးပြုံးလျက်မေးလိုက်သည်။


 " အကြာကြီးစောင့်ခိုင်းမိသွားလား"


စုယိလှည့်ကြည့်လိုက်ချိန်တွင် တက္ကသိုလ်ကျောင်းသူအသွင်အပြင်က တစ်ဝက်တစ်ပျက် ပျောက်ကွယ်သွားသည်။


စုယိသည် မိတ်ကပ်လိမ်းထားချိန်တွင် ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး မိတ်ကပ်မလိမ်းထားသည့်အခါတွင်လည်း ဆွဲဆောင်မှုရှိပေ၏။ဤအရာက သူမ၏ထူးခြားချက်ပင်ဖြစ်သည်။


ကော့ချိုးနေသောနှုတ်ခမ်းစွန်းများနှင့် လခြမ်းပုံမျက်ဝန်းတစ်စုံရှိနေသော စုယိ၏အသွင်အပြင်က ပရောပရီလုပ်ရန် အဆင်သင့်ဖြစ်နေသည့်ပုံပင်။


 " မစောင့်လိုက်ရပါဘူး အခုလေးတင်ရောက်တာ "


ချူယင်းက ခပ်မြန်မြန်ပင်ပြန်ဖြေလိုက်သည်။


လျှိုရှီးက ကားနောက်တွင်ရှိနေဆဲဖြစ်ပြီး ခဏအကြာတွင် ပြောလာတော့၏။


" တကယ်ကြီး စုယိဟ "


 ထူကျင့်လန်ခမျာ သူမ၏မျက်နှာပေါ်ရှိ အမုန်းတရားများကို ချေမှုန်းနိုင်ရန် အလွန်အားထုတ်လိုက်ရသည်။


" ရှင်က ဒါရိုက်တာချူနဲ့သိတာလား... အထင်ကြီးစရာပဲ "


ထူကျင့်လန်သည် အပေါ်ယံလေးပြုံးကာ ချဲ့ကားပြောလိုက်သည်။


“ ဘာအထင်ကြီးစရာရှိလို့လဲ”  


ထူကျင့်လန်၏မြှောက်ပင့်ရန် ကြိုးစားမှုက သိသိသာသာပင် မှားယွင်းသွားခဲ့သည်။


လျှိုရှီးက မျက်မှောင်ကြုတ်လျက် ထူကျင့်လန်အား ကြည့်လိုက်၏။ထူကျင့်လန်တစ်ယောက် ပါးစပ်ပိတ်သွားတော့သည်။


ခေတ္တကြာပြီးနောက် လျှိုရှီးက ဆက်မေးလိုက်သည်။


" ဒါနဲ့ ကားထဲကတစ်ယောက်ကို သိလား "


 " ဒါပေါ့... ယိကျဲလေ "


ထူကျင့်လန်က ဇွတ်ပြုံး ပြုံးလျက် ပြန်ဖြေလေသည်။


" သိတယ်ပေါ့ "


" သိတာပေါ့ တအားကိုရင်းနှီးတာ "


လျှိုရှီးက ထူကျင့်လန်၏စကားကို မယုံသင်္ကာဖြစ်နေ၏။


 "ဒါဆို စောနက ဘာလို့အချင်းချင်း မနှုတ်ဆက်ကြတာလဲ"


 "ရှင်တို့တွေ စကားပြောနေတာကို ဝင်နှောက်ယှက်ရင် မကောင်းဘူးလေ "  


ထူကျင့်လန်က ချွဲပျစ်နေသောလေသံဖြင့်ပြောလိုက်သည်။


လျှိုရှီးက စိတ်ထဲတွင် တစ်ကိုယ်တည်းတွေးလိုက်လေသည်။


' ဒီတစ်ယောက်ရဲ့ IQ က ဘာဖြစ်နေတာလဲဟ....အင်း...


ညမှောင်မှောင်ဆိုတော့ အမြင်မှားနိုင်တာပါပဲလေ '


လျှိုရှီးက ထူကျင့်လန်ဘက်သို့လှည့်ကြည့်လိုက်ပြီး ထပ်မံစစ်ဆေးမေးမြန်းပြန်သည်။


 "ဒါဆို မင်းမှာ သူ့ဖုန်းနံပါတ်ရှိလား" 


 "ဟမ် "


 "ရှိတာလား မရှိတာလား... စောစောကပြောတော့ အရမ်းခင်တာဆို "  


လျှိုရှီးက စကားဖြတ်ပြောလိုက်သည်။


ထူကျင့်လန်မှာ ဆင်ခြေပေးရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ 


 "ယိကျဲက သူ့ဖုန်းနံပါတ်ပေးတာကို မကြိုက်ဘူး..."


 "မင်းဘာသိလို့လဲ... သူအခုဝင်သွားတဲ့ကားက ငါ့ဘော်ဒါအရင်းခေါက်ခေါက်ကြီးရဲ့ကားပဲ... ငါကသူ့ဖုန်းနံပါတ်တောင်းရင်တောင် ဘာမှပြောမှာမဟုတ်ဘူး... ပေးပါ"


လျှိုရှီးက လက်ဖြန့်ပြီး ပြောလိုက်သည်။


" ခဏလေးပါ "


ထူကျင့်လန်က အံကြိတ်ထားသည်။


သူမသည် စိတ်တိုနေသော်လည်း စုယိ၏ဖုန်းနံပါတ်ကိုတောင်းရန် သူမ၏အေးဂျင့်လင်းကျဲအား WeChat မှဆက်သွယ်နေရဆဲဖြစ်လေသည်။


***


 ကားပါကင်မှ ထွက်ခွာလာပြီးနောက် ချူယင်းက မေးလာသည်။


" ဘယ်သွားကြမလဲ "


"ဘာစားချင်လဲ" 


စုယိက ဖုန်းထဲတွင် စားသောက်ဆိုင်များလိုက်ရှာ‌နေရင်း ချူယင်းအား ပြန်မေးလိုက်သည်။


 "ဘာဖြစ်ဖြစ်ရပါတယ်...ဒါနဲ့ မင်းဖိနပ်က မင်းခြေထောက်နားမှာ"  


စုယိက ခေါင်းငုံ့ပြီး အောက်သို့ကြည့်လိုက်သည်။


 အနီရောင်ဒေါက်ဖိနပ်သည် အနက်ရောင်ကော်ဇောနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အရောင်တောက်တောက်နှင့်စွဲမက်ဖွယ်ကောင်းနေလေ၏။


 "ရှင်စားချင်တာ မရှိဘူးလား "


စုယိက ပြောပြောဆိုဆိုဖြင့် ချူယင်း၏လက်မောင်းသားများအား တစ်ချက်ချောင်းကြည့်လိုက်သည်။ထို့‌နောက် သူမ၏နှလုံးခုန်နှုန်းက ပိုပြီးမြန်လာတော့သည်။


ပုံကြီးချဲ့ပြောခြင်းမဟုတ်ချေ။ချူယင်း၏လက်မောင်းကြွက်သားများက အလွန်သေသပ်သည်။


ချူယင်းဝတ်ထားသောအဖြူရောင်အင်္ကျီသည် လက်မောင်းနေရာတွင် အနည်းငယ်ကြပ်နေပြီး သူ့အား အင်အားကြီးသည့်အသွင်အပြင်ပေါက်စေ၏။


 " မရှိဘူး "


စုယိတွေးထားသောအစီအစဉ်ရှိသည်။သူမသည် အရှေ့သို့ပြန်လှည့်ပြီး လမ်းညွှန်စက်တွင် လိပ်စာတစ်ခုကိုရိုက်ထည့်လိုက်သည်။


စုယိမှာ ချူယင်း၏အနီးနားတွင် ရှိနေပြီး သူမထံမှကိုယ်တိုက်ဆပ်ပြာရနံ့သည် ချူယင်း၏ဆပ်ပြာနံ့အားဖုံးလွှမ်းသွား၏။


စုယိထံမှမွှေးရနံ့က ချူယင်း၏နှာခေါင်းထဲကို တိုးဝင်လာပြီး ချူယင်းသည် အမျိုးသမီးများ၏ထူခြား‌သောနေထိုင်မှုပုံစံအကြောင်းကို ထိမိခေါက်မိသွားသလိုခံစားလိုက်ရသည်။။


စုယိက မာလာဟင်း‌ကောင်းကောာင်းရသည့် ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့သည်။ထိုနေရာသည် ဆိုင်ဖွင့်ရန်အတွက် သတ္တုတံခါးများကို အထက်သို့တွန်းတင်ရန်သာလိုအပ်သည့် ဆိုင်အမျိုးအစားဖြစ်လေ၏။


ဆိုင်နံရံပေါ်ရှိ ပန်ကာအချို့ဆီမှ အသံများထွက်နေပြီး နံရံစက္ကူအနည်းငယ်က ကွာကျနေသည်။


သို့သော်လည်း ဆိုင်၏အနေအထားက သန့်ရှင်းသပ်ရပ်ပေ၏။


ချူယင်းသည် စုယိ၏ရွေးချယ်မှုကြောင့် အနည်းငယ် အံ့သြသွားသည်။


သူသည် စုယိက ပြင်သစ်စားသောက်ဆိုင် သို့မဟုတ် အနည်းဆုံး လေအေးပေးစက်တပ်ဆင်ထားသောဆိုင်မျိုးကိုသာရွေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။


 “ဒီဆိုင်ကို အမှတ်တမဲ့ရှာတွေ့ခဲ့တာ...ဆိုင်သေးပေမဲ့ အရသာက သေလောက်တယ်...ကိစ္စမရှိဘူးမလား "


 စုယိက ချူယင်းအား ပြုံးပြလျက်မေးသည်။


" မရှိပါဘူး "


ချူယင်းက ပြန်ဖြေလိုက်၏။


လုပ်စရာများ တောင်လိုပုံနေသည့်အချိန်၌ ခေါက်ဆွဲပြုတ်တစ်ပွဲကပင် အရသာရှိတတ်သေးသည် မဟုတ်လား။


စုယိသယ်လာသောအိတ်က အလွန်တရာပင်သေးငယ်ပြီး မျက်မှန်ဘူးထည့်လိုက်ရုံဖြင့်ပင် ပြည့်ကြပ်သွားသည်။


စုယိသည် သူမ၏ဖုန်းကို လက်ဖြင့်ကိုင်ထားရ၏။


ချူယင်းသည် အနက်ရောင် မျက်မှန်ကိုင်းကို ဝတ်ဆင်ထားသည့် သူ၏ရှေ့မှအမျိုးသမီးအား နားမလည်နိုင်စွာကြည့်လိုက်သည်။


စုယိက ခြင်းနှစ်လုံးကို ကောက်ယူလိုက်ပြီး တစ်လုံးကို ချူယင်းထံ ကမ်းပေးလိုက်၏။ 


"သွားရအောင် စားချင်တာရွေးထည့်လိုက် "


ဆိုင်၏စည်းကမ်းချက်အရ မသုံးဆောင်မီ အစားအသောက်ဖိုးအတွက် ကျသင့်ငွေပေးချေရမည်ဖြစ်လေသည်။စုယိရွေးထည့်လာသောခြင်းက ဆယ်ဒေါ်လာသာကျသင့်၏။


 "ကုန်တိုက်ကိစ္စကို ရှင်ဘယ်လိုဖြေရှင်းလိုက်တာလဲ"  


စုယိက တူတစ်စုံကို ခွဲထုတ်ပြီး ချူယင်းထံကမ်းပေးလျက် မေးလေသည်။


 "အင်္ကျီပြန်အပ်တာကို လက်ခံပေးလိုက်တယ် 


" ဟမ်...ကျွန်မပဲ လူကြမ်းမကြီးဖြစ်သွားတာပေါ့...နေ့ခင်းက ဝင်ပါမိတာ နောင်တရမိသွားပြီ "


စုယိက မကျေမနပ်ဟန်ဖြင့်ပြောလိုက်သည်။


ချူယင်းသည် ရယ်‌ချင်နေသော်လည်း မနည်းအောင့်ထားပြီး စုယိအား ခေါင်းနှစ်ကြိမ်ဆက်တိုက်ညိတ်ပြလိုက်၏။


 ____________