Chapter 11
ချူယင်းသည် ရယ်ချင်နေသော်လည်း မနည်းအောင့်ထားပြီး စုယိအား ခေါင်းနှစ်ကြိမ်ဆက်တိုက်ညိတ်ပြလိုက်၏။
စုယိ၏တူကိုင်ထားသောလက်များက ရပ်တန့်သွားသည်။သူမက ချူယင်း၏ကော့ချိုးမတတ်ဖြစ်နေသောနှုတ်ခမ်းစွန်းများအား ကြည့်လျက်မေးလိုက်သည်။
" ရယ်နေတာလား "
" ဘာလဲ ရယ်လို့မရဘူးလား "
ချူယင်းက ခေါင်းပြန်မော့ပြီး စုယိအား မေးလေသည်။
“အဲ့လိုမဟုတ်ပါဘူး...ရှင်ပြုံးတာကို ပထမဆုံးအကြိမ်မြင်ဖူးတာမလို့ ”
" ငါတို့တွေ့တဲ့အကြိမ်ရေက အရမ်းမများသေးဘူးလေ "
ချူယင်းက စုယိထံမှ အကြည့်လွှဲလျက် ပြောလိုက်သည်။
စုယိက သူမ၏ပါးစပ်ထဲမှ ဂေါ်ဖီထုပ်ကို မျိုချလိုက်ပြီး ဆက်လက်မေးမြန်းလေသည်။
"ရှင်က ချူကော်ပိုရေးရှင်းကလား...မျိုးရိုးကလည်း ချူဆိုတော့ ဥက္ကဌနဲ့ အမျိုးတော်တာလား "
ထိုအခါ ချူယင်းက ခေါင်းညိတ်ပြသည်။
" အဲ့လိုပဲဆိုပါတော့ "
စကားဝိုင်း၏အရှိန်ကနှေးကွေးလွန်းလှသဖြင့် စုယိမှာ သူမကိုယ်သူမ စိတ်ထဲမှကျိန်ဆဲမိနေလေသည်။
' ဘာလို့အရမ်းသူရဲဘောကြောင်နေရတာလဲ စုယိရေ... သူ့မှာ ရည်းစားရှိမရှိ မေးကြည့်လိုက်စမ်းပါ... ဒီအခွင့်အရေးကိုလွတ်သွားရင် နောက်တစ်ကြိမ်ပြန်ရဖို့မလွယ်ဘူးနော်...
ဖိနပ်တစ်ဖက် ထပ်ဖျောက်ရအောင်လည်း နင်က စင်ဒရဲလားလည်း ဟုတ်မနေဘူး '
ထိုအချိန်တွင် ချူယင်းက စုယိ၏ပန်းကန်ထဲသို့ လှမ်းကြည့်ပြီး မေးသည်။
" အဲ့လောက်ပဲ စားတာပေါ့ "
“မဟုတ်ဘူး....ဗိုက်တင်းအောင်စားပစ်လိုက်ရင် gymမှာ သုံးရက်လောက်သောင်တင်နေမှာမလို့ ”
စုယိက ရိုးရိုးသားသား ရှင်းပြလိုက်သော်လည်း ချူယင်းက သူမအား စိုက်ကြည့်ပြီး ပြောလာသည်။
" မင်းက မဝပါဘူး "
စုယိက တစ်ခုခုပြန်ပြောတော့မည့်အချိန်တွင် သူမ၏ပေါင်ပေါ်တွင်တင်ထားသည့်ဖုန်းမှာ အချိန်ကိုက်ပင် ထမြည်လာတော့သည်။
ထိုအရာက ဖုန်းအဝင်ခေါ်ဆိုမှုတစ်ခုဖြစ်ပြီး စခရင်ပေါ်တွင်" စုန်းမအိုကြီး " ဟူသော နာမည်က ထင်းနေသည်။
စုယိက ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
" ကျွန်မ ဖုန်းပြောလိုက်ဦးမယ် "
စုယိက ဖုန်းပြောရန်ထွက်ခွာသွားသည့်လမ်းတွင် စကားလုံးအချို့ကို ပြောသွားသည်။
" အိမ်မှာပါဟ...လျန့်ပေါက ပါတီလုပ်နေလို့ နည်းနည်းဆူညံနေတာ...ဟာ... မဟုတ်ရပါဘူး....မစားပါဘူး...စိတ်ထိန်းပြီး အေးဆေးနားနေတာ...ဘာဆိုဘာမှမစားရပါဘူး "
အနောက်တွင်ကျန်နေခဲ့သော ချူယင်းတစ်ယောက် စက္ကန့်အနည်းငယ်မျှ ဆွံ့အသွားရသည်။
ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားချိန်တွင် စုယိက သက်ပြင်းအသာချလိုက်သည်။နောက်အပတ်တွင် မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးရေးတစ်ခုရှိပြီး ထို့နောက်တွင် တိုက်ရိုက်ထုတ်လွှင့်မည့် အင်တာဗျူးအစီအစဉ်တစ်ခုကိုလည်း တက်ရောက်ရဦးမည်ဖြစ်သည်။
ထို့ကြောင့်ပင် ဝူရွှယ်က ဤရက်များအတွင်း၌ စုယိ၏အစားအသောက်ကဏ္ဍကို တင်းကြပ်နေခြင်းဖြစ်လေသည်။
စုယိ ဆိုင်ထဲသို့ပြန်ဝင်လာစဉ်တွင် မိန်းကလေးနှစ်ဦး အချင်းချင်း တီးတိုးသဖိုးဖန်းပြောနေကြသည်ကို ကြားလိုက်ရသည်။
ထိုထဲမှတစ်ယောက်က ကျန်တစ်ယောက်ကို မြှောက်ပေးနေသည်။
“တကယ်ချောတာပါဆို...မယုံရင် မီနူးသွားကြည့်သလိုလိုနဲ့ အရှေ့ကဖြတ်လျှောက်ပြီးသွားကြည့်ခဲ့ "
ထိုအခါ ကျန်မိန်းကလေးက ချက်ချင်းပင်မတ်တပ်ထရပ်ပြီး ချူယင်းရှိရာစားပွဲဝိုင်းနားသို့ ဝေ့လည်ကြောင်ပတ်သွားလုပ်တော့သည်။ထို့နောက်သူမသည် ချူယင်းအား တစ်ချက်ခိုးကြည့်ပြီးနောက်ပြန်လှည့်လာသည်။
" အား...တကယ်ချောတာဟ "
" ဟုတ်ပါတယ်ဆို ... နှာတံလေးဆိုထင်းနေတာပဲ... ရှယ်ချောတာ "
" ခဏလေး... ငါနောက်တစ်ခေါက်ထပ်သွားရမယ် ... ဓာတ်ပုံခိုးရိုက်လို့ရအောင်... "
စုယိသည် လျင်မြန်စွာလှုပ်ရှားလိုက်တော့၏။သူမက ချူယင်း၏မျက်နှာချင်းဆိုင်၌ တည်ငြိမ်စွာဝင်ထိုင်လိုက်သည်။
ဤအမျိုးသားသည် ဆွဲဆောင်မှုရှိလွန်းလှ၏။လက်ဦးထားနိုင်မှ တော်ကာကျပေမည်။
" ချူယင်း ရှင့်မှာ... "
" ကောင်မ "
အေးစက်ခက်ထန်ပြီး အကြင်နာတရားမဲ့သောလေသံတစ်သံက ဆိုင်ထဲတွင် ထွက်ပေါ်လာသောကြောင့် တစ်ဆိုင်လုံးတိတ်ဆိတ်သွားသည်။
"ဘုရင်ကြီးရဲ့ မျက်နှာသာရဖို့ နေ့တိုင်း နူးညံ့ပြီး အားနွဲ့ချင်ဆောင်နေတယ်ပေါ့လေ...ငါ့ကိုတကယ်သေစေချင်နေတာလား "
စုယိသည် ထိုဇာတ်ဝင်ခန်းမှဒိုင်ယာလော့အား အံကြိတ်လျက်ပြောခဲ့ခြင်းဖြစ်၏။ချူယင်းသည် အသံထွက်လာရာ ဘယ်ဘက်ထောင့်သို့လှမ်းကြည့်လိုက်သည်။
စင်ပေါ်တွင်တင်ထားသော TVငယ်ထဲတွင် အဆိပ်ပြင်းသောအမူအရာရှိသည့်အမျိုးသမီးတစ်ဦး၏ပုံရိပ်ရှိ၏။ထိုအမျိုးသမီးဇာတ်ဆောင်က မိတ်ကပ်ထူထူလိမ်းထားသည်။
ထိုအချိန်တွင် စုယိမှာ ဂေါ်ဖီထုပ်ကိုသာ တမြုံ့မြုံ့ဝါးနေလိုက်၏။
သူမ ပါဝင်သောဇာတ်ဝင်ခန်းပြီးပြီးချင်းတွင် ချူယင်းက အရှေ့သို့ပြန်လှည့်ကြည့်ပြီး ပြောလာသည်။
" မင်းက သရုပ်ဆောင်ကောင်းတာပဲ "
"ဘုရားရေ...ညစာထွက်စားတာကို စုယိကိုမှတွေ့ဖြစ်အောင်တွေ့သေးတယ်...စိတ်ပျက်စရာကောင်းလိုက်တာ...သူ့မြင်ပြီး စိတ်မကြည်တော့ဘူး "
အနီးအနားရှိစားပွဲဝိုင်း၌ စုံတွဲတစ်တွဲ ထိုင်နေကြပြီး ကောင်မလေးက သူမ၏လက်ထဲမှ တူကိုချပစ်လိုက်သည်။
"ဘာဖြစ်လို့လဲ...အဲ့လောက်ကြီးလည်း ကြည့်ရမဆိုးပါဘူး" ကောင်လေးက ဝင်ပြော၏။
" ကြည့်ရမဆိုးရင် သူနဲ့ပဲ သွားတွဲလိုက်လေ "
စုယိက ဘာမှဝင်မပြောဘဲ စိတ်ထဲ၌တွေးနေလိုက်သည်။
' မလိုဘူး ကျေးဇူးပါရှင့် '
ထိုအချိန်တွင် ကောင်လေးက ကောင်မလေးအား စိတ်တည်ငြိမ်အောင်ဖြောင်းဖြရတော့သည်။
" ဒေါသမထွက်ပါနဲ့ သဲရယ်...သူက ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းဆုံးရင် ပုံပျက်ပန်းပျက်သေရမှာပဲ ဥစ္စာ..."
" သေသွားရင်တောင် မပျော်နိုင်ဘူး... တော်ပြီ မစားတော့ဘူး "
ထိုစုံတွဲက ငြင်းခုံလျက် ဆိုင်ထဲမှထွက်ခွာသွား၏။
စုယိတစ်ယောက် ချူယင်းထံမှ မှေးမှိန်သောအပြုံးကို လျှပ်တပြတ်တွေ့လိုက်ရသည်။
" မင်းစောစောက ဘာပြောမလို့လဲ "
ထိုအခါစုယိက ပါးစပ်ထဲမှ စားစရာကိုမျိုချလိုက်ပြီး ပြန်ဖြေလိုက်သည်။
" ဘာမှမဟုတ်တော့ဘူး...မေ့သွားပြီ "
ဤကဲ့သို့သောကိုယ်ရေးကိုယ်တာတိုက်ခိုက်သည့်စကားများကို နားထောင်ပြီးသည့်အချိန်၌ တစ်ဖက်လူအားရည်းစားရှိမရှိမေးလိုက်ပါက အတော်လေးကို ကိုးရို့ကားယားနိုင်သွားမည်ဖြစ်သည်။လုံးဝမေး၍မဖြစ်ပေ။
မာလာဟင်းစားပြီးသည့်နောက် အပြန်လမ်းတွင် စုယိတစ်ယောက် စိတ်ပူပန်နေမိ၏။
စုယိက ချူယင်းအား နောက်တစ်ကြိမ်ထပ်ချိန်းချင်သော်လည်း ဤတစ်ကြိမ်၌ ပို၍ခက်ခဲလာသည်။
စုယိသည် ကားမှန်ကိုမှီ၍ ချူယင်းအား ပြောင်ပြောင်တင်းတင်းစိုက်ကြည့်နေလိုက်သည်။
" ဘာလို့လဲ "
" နောက်ဆုံးတစ်ခေါက်က ကြက်ဥကို ဘယ်လိုဖမ်းလိုက်တာလဲ "
စုယိက ခေါင်းထဲပေါ်လာသည့် ရောက်တတ်ရာရာမေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။
" ဖမ်းလိုက်တာ မဟုတ်ပါဘူး... ငါ့လက်ကောက်ဝတ်နဲ့တိုက်မိပြီး သူ့ဟာသူကွဲသွားတာလေ "
ချူယင်း၏အဖြေကြောင့် စုယိက မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူမ၏ရယ်သံသည် သိပ်မကျယ်လောင်ဘဲ ဆွဲဆောင်မှုရှိ၏။
ချူယင်းသည် ထိုရယ်သံကို နားဝင်ချိုနေပြီး ဘာမှပြန်မပြောပေ။သို့သော်လည်း သူ၏မျက်ဝန်းများထဲတွင် ပျော်ရွှင်နေသောအငွေ့အသက်ရှိနေသည်။
ခဏအကြာတွင် ကွန်ဒိုသို့ ရောက်ရှိသွားတော့သည်။
စုယိက ဘေးနားမှလူကိုတစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ်ထပ်တွေ့နိုင်ရန် ဗျူဟာထုတ်နေလေသည်။
ချူယင်း၏ကားသည် မြေအောက်ကားပါကင်ထဲသို့ ရောက်လာ၏။
ထိုအချိန်တွင် စုယိက သူမ၏အားကစားဖိနပ်အဖြူရောင်ကို လှုပ်ယမ်းနေရင်း အကြံရသွားသည်။စုယိ၏ မျက်လုံးများက ရုတ်ချည်းတောက်ပသွားတော့သည်။
ချူယင်းကားရပ်လိုက်သည်နှင့် စုယိက ခါးပတ်ကို ကမန်းကတမ်းဖြုတ်ရင်းပြောလိုက်သည်။
"ဒါဆို သွားတော့မယ်နော်"
"ကောင်းပြီ"
-ဘန်း-
စုယိက အလွန်အလျင်လိုနေပြီး ကားတံခါးကို ဆောင့်ပိတ်သွားသည်။သူမသည် အနောက်သို့တစ်ခေါက်ပင်လှည့်မကြည့်ဘဲ ဓာတ်လှေကားထဲသို့ တစ်ချိုးတည်းပြေးတော့၏။
ချူယင်းက စုယိထံမှ အကြည့်လွှဲလိုက်သည်။
ထို့နောက်တွင် သူသည် ကားထိုင်ခုံအောက်မှ တစ်စုံတစ်ရာကို မထင်မှတ်ဘဲ မြင်လိုက်ရလေသည်။
အနက်ရောင်ကော်ဇောပေါ်တွင်ရှ်ိသောအနီရောင်ဒေါက်ဖိနပ်က အတော်လေးထင်ရှားနေသည်။
ချူယင်း၏မျက်ခုံးများက အပေါ်တက်သွားပြီး ခဏအကြာတွင် သူက နှုတ်ခမ်းစွန်းများကို ကော့ချိုး၍ပြုံးလိုက်မိသည်။
ထို့နောက် ချူယင်းသည် ကားမောင်း၍ ပြန်ထွက်လာခဲ့တော့သည်။
He's Mine Chapter-10 [ Edit ]
Zack Z.U.March 01, 2023
He's Mine Chapter-10
Gyu JinFebruary 07, 2023
အခန်း-၁၀။ လူလိမ်
စုယိတစ်ယောက်အိမ်ပြန်ရောက်ချိန်တွင် ဝူရွှယ်ထံမှ အခြားသောဇာတ်ညွှန်းတစ်ခုကို လက်ခံရရှိခဲ့၏။
" စိတ်ထဲထားမနေနဲ့... ငါတို့ဘက်က အရှုံးမရှိဘူး ...ဇာတ်ညွှန်းတွေများ ပေါသောလို့ "
စုယိမှာ ဝူရွှယ်ပေးပို့လိုက်သည့်ဇာတ်ညွှန်း၏ပထမဆုံး စာကြောင်းအချို့ကိုကြည့်ကာ စိတ်အားထက်သန်မှု နည်းပါးလာသည်။
'လျို့ဝှက်နက်ရှိုင်းသော' အတွက် ပြင်းထန်သည့် ပြိုင်ဆိုင်များမှုရှိခဲ့ပြီး ထိုဇာတ်ညွှန်းမျိုးသည် ဇာတ်အိမ်ခိုင်ပြီး ရှားပါးသောကြောင့် ထူကျင့်လန်ဘက်မှ ပြောင်ပြောင်တင်းတင်းဝင်လုရဲခြင်းအား အံ့ဩစရာမရှိပါပေ။
" ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့ "
စုယိသည် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် ဆံပင်ကိုစည်းကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
သူမက အပြင်မထွက်မီရေချိုးခဲ့သော်လည်း မာလာဟင်း စားပြီးနောက်တွင် နုံးချိချိဖြစ်နေတာကြောင့် မျက်နှာသစ်လိုက်သည်။ထို့နောက်တွင် စုယိသည်မျက်နှာသုတ်ပုဝါကို ပုခုံးပေါ်တင်ကာ လက်တော့ပ်အား အိပ်ရာပေါ်တွင်နေရာချလိုက်ပြီး ဇာတ်ညွှန်းဖတ်ရန် ပြင်ဆင်တော့၏။
သူမ၏ဖုန်းမှ alarm မြည်လာချိန်တွင် စုယိသည် ဇာတ်ညွှန်းကို အများကြီးမဖတ်ရသေးပေ။
စုယိမှာ ဇာတ်ညွှန်းဆက်ဖတ်ရန်စိတ်မပါတော့ဘဲ ဖုန်းကိုသာပျော်ပျော်ကြီး ဆက်ကိုင်နေလိုက်တော့သည်။
[ နတ်ဘုရားမ စုယိ - ကျွန်မဖိနပ် ပြန်ယူဖို့ မေ့သွားတယ်....စိတ်ရှုပ်လိုက်တာ jpg ]
တစ်ဖက်မှတုံ့ပြန်မှုမရှိဘဲ မိနစ်အနည်းငယ်ခန့်ကြာသွားခဲ့သည်။
စောင့်ဆိုင်းရခြင်းက စိတ်ပူပန်စေပြီး ဇာတ်ညွှန်းကလည်း ဆက်မဖတ်ချင်လောက်အောင် ခြောက်ကပ်နေသောကြောင့် စုယိက ဇာတ်ညွှန်းစာဖိုင်ကိုပိတ်လိုက်ကာ တွေ့ကရာဇာတ်ကားတစ်ကားကိုသာ ထိုင်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် တံခါးဘဲလ်သံမြည်လာသည်။
စုယိ၏အိမ်လိပ်စာကို မီဒီယာကုမ္ပဏီအချို့သာသိရှိပြီး နှစ်ဝက်ကြာအောင်နောက်ယောင်ခံလိုက်ခဲ့သော ပါပါရာဇီများသည်လည်း မူးလို့ပင်ရှူစရာမရှိသည့်အချက်အလက်များကြောင့် ထပ်မလာကြတော့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
သူမ၏မိသားစုသည်လည်း မြို့တော် A တွင်မရှိသောကြောင့် ဤအချိန်၌ ဝူရွှယ်မှလွဲ၍ မည်သူမှ သူမထံ လာမည်မဟုတ်ပေ။
စုယိက တံခါးပေါ်ရှိ လုံခြုံရေးသတိပြုအပေါက်သေးသေးလေးမှတစ်ဆင့် အပြင်သို့ချောင်းကြည့်လိုက်သည့်အခါ ဝိုင်ခွက်နှစ်ခွက်ကိုင်ထားပြီး ပါးပြင်များနီရဲနေသောလျန့်ပေါအား တွေ့လိုက်ရ၏။
အထဲမှတုံ့ပြန်မှုတစ်စုံတစ်ရာမရရှိသဖြင့် လျန့်ပေါက လူခေါ်ဘဲလ်ကို နှစ်ကြိမ်ဆက်တိုက် ဆက်နှိပ်သည်။
စုယိက ချာခနဲလှည့်ထွက်သွားပြီးအိပ်ခန်းဆီပြန်လေသည်။သူမထံတွင် တံခါးဖွင့်ရန်စိတ်ကူးလုံးဝမရှိပေ။
အရက်မူး၍လား အခြားတစ်စုံတစ်ရာကြောင့်လားမသိ ၊ လျန့်ပေါက ယနေ့၌ ထူးထူးခြားခြား စိတ်ရှည်နေပြီး ငါးမိနစ်နီးပါးကြာသည်အထိ အခန်းရှေ့တွင်တောင့်တောင့်ကြီးရပ်နေခဲ့၏။လူခေါ်ဘဲလ်တီးခြင်းက မထိရောက်သောကြောင့် လျန့်ပေါက အိမ်တံခါးကို တဘန်းဘန်းထုတော့သည်။
စုယိသည် ကုတင်ပေါ်မှဆင်းကာ ကုတ်အင်္ကျီကြီးက်ို ဝတ်လိုက်ပြီး တစ်ကိုယ်လုံး လုံမလုံ သေချာစစ်လိုက်၏။
ထို့နောက် စုယိမှာ တံခါးကိုအပြည့်မဖွင့်ဘဲ အထဲမှ ခိုးမှုတားဆီးရေးသံကြိုးကိုချိတ်ကာ အပြင်သို့လှမ်းပြောသည်။
" ဘာကိစ္စရှိလို့လဲ "
လျန့်ပေါက ပြုံးလိုက်၏။
"မင်းဒီမှာရှိမှန်းသိသားပဲ...လာသောက်လေ...ဒီနယ်ပယ်ကလူတွေ အကုန်လုံးနီးပါးရှိတယ် ”
လျန့်ပေါသည် ဤလိုအချိန်၌သာမဟုတ်လျှင် စုယိအား အောက်ကျနောက်ကျခံပြီးလာရှာမည်မဟုတ်ချေ။
သူသည် အုပ်စုလိုက်ဝိုင်းဖွဲ့ကာ Truth or Dare ကစားရာတွင် ရှုံးနိမ့်ခဲ့သောကြောင့် လျှိုရှီးက စုယိအားသွားခေါ်လာရန် စေခိုင်းခဲ့ခြင်းဖြစ်လေသည်။
လျန့်ပေါသည် အစအနောက်မခံချင်စိတ်ဖြင့် ဝိုင်ခွက်ကိုင်ကာ အောက်သို့ဆင်းလာခဲ့၏။
"မသောက်ဘူး"
စုယိက တံခါးကိုပိတ်ရန်ပြင်သည်။
"ဟေး..အိုး"
လျန့်ပေါသည် နှစ်ခါပင်မစဥ်းစားဘဲ တံခါးကြားထဲသို့ လက်ထိုးထည့်၍ ဟန့်တားလိုက်သည်။ ဤလိုပုံစံနှင့်ပြန်သွားရလျှင် မည်မျှပင်ကြည့်ရဆိုးလိမ့်မည်နည်း။
"မပိတ်ပါနဲ့...မျက်နှာလေးပဲလိုက်ပြပေးပါ"
" ရှင်ဒီနေ့ ဓာတ်လှေကားထဲမှာ တွေ့လိုက်တယ်မလား "
" အင်း တွေ့တယ်လေ "
" အိမ်ထဲမှာ အဲ့လိုကျင်စက်မျိုး နောက်ထပ်သုံးလုံး ရှိသေးတယ် "
****
ချူယင်းသည် စုယိထံမှမက်ဆေ့ခ်ျကို နောက်ရက်မှ တွေ့လေ၏။ယမန်နေ့၌ တပ်စုထဲမှ တစ်ယောက်က ဆွေမျိုးများထံသို့ အလည်ပြန်လာခဲ့ပြီး ချူယင်းက လေဆိပ်တွင် သွားကြိုပေးခဲ့သည်။
ထို့နောက် ဘီယာအတူတူသောက်ပြီး BBQအတူတူစားခဲ့ကြ၏။ချူယင်းမှာ အိမ်ပြန်ရောက်သည့်အခါ တစ်ချိုးတည်းအိပ်ပျော်သွားခဲ့သည်။
သူသည် အသံမက်ဆေ့ခ်ျတစ်ခုအား စုယိထံသို့ ပေးပို့လိုက်သည်
[ တွေ့တယ် ]
ချူယင်းမှာ စာရိုက်ခြင်းအား သိပ်၍အသားမကျသေးချေ။ ဤအကြောင်းပြချက်ကြောင့်ပင် စုယိ၏မက်ဆေ့ခ်ျများ အား တိုတိုတုတ်တုတ် တုံ့ပြန်ခဲ့ခြင်းသာဖြစ်သည်။
အသံမက်ဆေ့ချ်ပို့ပြီးချိန်၌ တစ်ဖက်မှ replyမှာ ဒုံးကျည်ထက်ပင် မြန်ဆန်သည့်နူန်းဖြင့်ရောက်ချလာသည်။
[ အင်း... အချိန်ဖယ်ထားပြီး အဆင်ပြေရင်ပြောလေ... ကျွန်မရှင့်ကိုလာရှာမယ် ]
စုယိသည် အပြည့်အဝမနိုးသေးဘဲ သူမ၏အသံလေးမှာ အိပ်မှုန်စုံမွှားဖြစ်နေလေသည်။
ချူယင်းမှာ " ဟုတ်ပြီ " ဟူသောမက်ဆေ့ခ်ျ့အား ပြန်မပို့မီတွင် ထိုအသံဖိုင်အား နားမလည်နိုင်စွာဖြင့် နှစ်ကြိမ်ကျော့၍ ပြန်နားထောင်မိသွားသည်။
****
ကုမ္ပဏီသို့ရောက်ချိန်တွင် ချူယင်း၏လက်ထောက်က ဖိုင်တွဲတစ်ခုအား ယူဆောင်လာပေးသည်။
“ သူဌေး ဒါက ' လျို့ဝှက်နက်ရှိုင်းသော ' မှာပါမဲ့ သရုပ်ဆောင်စာရင်းပါ "
ယခုအချိန်၌ ချူယင်းသည် လုပ်ငန်းအား လက်လွှဲယူကာစဖြစ်ပြီး ဤသို့သောအလုပ်ကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးသည့်အတွက် လက်ထောက်ဖြစ်သူက အလိုက်သိစွာဖြင့် စကားပုလ္လင်ခံပေးခြင်းဖြစ်၏။
****
___________________________________________