အပိုင်း ၁၂
Viewers 12k

Chapter 12


ဇာတ်ညွှန်းကောင်းများမှာ ရှာရခက်ခဲပြီး ဤရင်းနှီးမြှုပ်နှံမှုကို အဘိုးကြီးချူမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ရင်းနှီးမြုပ်နှံသောငွေပမာဏက သူတို့အတွက်မပြောပလောက်သော်လည်း အခြားရိုက်ကူးရေးအဖွဲ့များနှင့်ယှဉ်လျှင် ဘတ်ဂျက်မှာ ပေါ့သေးသေးမဟုတ်ပေ။


ထိုရန်ပုံငွေပမာဏနှင့် ရိုက်ကူးရေးကိုကြီးကြီးကျယ်ကျယ်ပြုလုပ်မည်ဖြစ်ပြီး ဇာတ်ပို့များသည်ပင်လျှင် ဝါရင့်သရုပ်ဆောင်များဖြစ်ကြလေသည်။


ဒုတိယခေါင်းဆောင်မင်းသမီးနေရာသို့ ရောက်သောအခါ ချူယင်း၏ လှုပ်ရှားမှုများက နှေးကွေးသွား၏။ထိုတစ်ယောက်မှာ မနေ့က လျှိုရှီးနှင့်အတူတွဲတွေ့ခဲ့သည့် ထူကျင့်လန်ဆိုသူဖြစ်သည်။


ချူယင်းသည် စုယိ၏ဖုန်းထဲတွင်မှတ်ထားသော" စုန်းမအိုကြီး"ဟူသည့်တစ်ယောက်ထံမှ ထူကျင့်လန်၏အကြောင်းကို ကြားဖူးခဲ့၏။


“ဒီတစ်ယောက်ကို လူရွေးပွဲကနေ ဆုံးဖြတ်ခဲ့တာလား "


ချူယင်းက ဖိုင်တွဲအား စားပွဲပေါ်တွင်ချလိုက်ပြီး ထူကျင့်လန်၏အမည်ကိုညွှန်ပြလိုက်သည့်အခါ လက်ထောက်ကချက်ချင်းပင် သဘောပေါက်သွားသည်။


"မဟုတ်ပါဘူး... လက်ထောက်ဒါရိုက်တာချီရဲ့တောင်းဆိုမှုပါ "


" ဒီဇာတ်ကားကို ရင်းနှီးမြှုပ်နှံတာက ဘယ်သူလဲ "


ချူယင်း၏မေးခွန်းကြောင့် လက်ထောက်က အတွေးများသွားပြီး ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလာလေသည်။


 “ကျွန်တော်တို့ ကုမ္ပဏီပါ” 


 "မဟုတ်ဘူး... ငါပဲ" 


 ချူယင်း၏လေသံက တည်ငြိမ်ပြီး ခံစားချက်မရှိပေ။ 


သူသည် ဖိုင်ကို အရှေ့သို့ တွန်းလိုက်ပြီး "သူ့မှာ ဒါမျိုးတောင်းဆိုခွင့်မရှိဘူး "


 “ဘာကိုဆိုလိုတာလဲဗျ”


" ဒီပရောဂျက်မှာ အကပ်နဲ့ဝင်လာတာမျိုးကို လက်မခံနိုင်ဘူး "


ထိုတစ်ခါ လက်ထောက်က ဆိုလိုရင်းကိုသဘောပေါက်သွားပြီး ဖိုင်တွဲကိုကောက်ယူလိုက်သည်။


" နားလည်ပါပြီ အခုဖြေရှင်းလိုက်ပါ့မယ် "


ရတောင့်ရခဲအားလပ်ရက်တွင် စုယိသည် နေ့လယ်ခင်းအထိ အိပ်မောကျနေခဲ့သည်။


တစ်ရေးနိုးလာချိန်တွင် သူမသည် အိပ်ယာဘေးမှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချူယင်းနှင့် စကားပြောခန်းကို ဖွင့်လိုက်၏။ ယနေ့မနက်မှ chat log က သူမ၏မျက်လုံးထဲ ဝင်လာပြီး ထိုအရာက အိပ်မက်မဟုတ်ခဲ့ပေ။စုယိက မျက်လုံးများပိတ်သွားသည်အထိ ပြုံးလိုက်ပြီး နှစ်စက္ကန့်စာ အသံမက်ဆေ့ချ်ကို ထပ်ခါတလဲလဲနားထောင်နေတော့သည်။


ထိုအချိန်တွင် တံခါးဝမှ စကားဝှက်ရိုက်နှိပ်သံကြားရပြီး ဝူရွှယ်က အိမ်ထဲသို့ အလျင်စလိုဝင်လာ၏။


" ဟဲ့ ဘာလို့မထသေးတာလဲ "


"နားရက်လေဟယ် နည်းနည်းလောက်ထပ်အိပ်ပါရစေဦး...ဘာလို့ရောက်လာတာလဲ ကိစ္စတစ်ခုခုရှိလို့လား "


 "ဟုတ်တယ် သတင်းကောင်းပဲ "  


ဝူရွှယ်က ရယ်မောလျက် အောင်ပွဲခံကာစစ်ရေးပြနေသောဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ ဆိုဖာအားလှည့်ပတ်နေရင်း ပြောလေသည်။


ထိုအခါ စုယိသည် ရုတ်တရက်ထထိုင်လိုက်သဖြင့် သူမ၏ညအိပ်ဝတ်စုံက အနည်းငယ်အောက်သို့လျှောကျသွား၏။


 " ဒါဆိုနားထောင်ကြည့်ရ‌တာပေါ့ "


" 'လျို့ဝှက်နက်ရှိုင်းသော' အဖွဲ့ကဆက်သွယ်လာတယ်...နင့်မှာ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့အချိန်ရှိရဲ့လားတဲ့ "


" ဘာကိုဆိုလိုတာလဲ...တခြား roleမယူနိုင်ဘူးနော် "


 စုယိက ငြင်းပယ်သည်။


 "မဟုတ်ဘူး ...ချိုးကျီကာရိုက်တာက နင့်ဟာပဲ "


ဝူရွှယ်က ပြုံး၏။


 စုယိ၏ပထမဆုံး တုံ့ပြန်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။


 "ထူကျင့်လန်ရဲ့ အပုပ်သတင်းထွက်လာလို့လား"


" နှမျောစရာကောင်းပေမဲ့ ထွက်မလာဘူး....


အရင်က ချူကော်ပိုရေးရှင်းကတစ်ယောက်ယောက်က သူ့ကို အဲ့နေရာမှာ ထည့်ထားပေးတာတဲ့... ဘာတွေဖြစ်သွားတာလဲတော့မသိဘူး... အခုသူ့ကိုပြန်ထုတ်လိုက်တယ် "


စုယိက အတော်လေး အံ့သြသွားသည်။ 


“ အဲ့ဒါကဇာတ်ညွှန်းရေးဆရာအပေါ်ပဲ မူတည်တာ မဟုတ်ဘူးလား...သူတို့စိတ်ကြိုက် သွင်းလိုက်ထုတ်လိုက်လုပ်လို့ရတာလား "


" ပိုက်ဆံသာရှိရင် ဘာမဆိုဖြစ်နိုင်တာပဲ "


ဝူရွှယ်က ရေတစ်ခွက်ငှဲ့နေရင်း သွေးအေးစွာပြောလေသည်။


 "ထူကျင့်လန်က ' လျို့ဝှက်နက်ရှ်ိုင်းသော' မှာ ပါပါတယ်ဆိုပြီးတော့ သူ့အဖွဲ့က မီဒီယာတွေကို ပြောပြထားတာ...ဒီအရှုပ်ကို ဘယ်လိုပြန်ရှင်းမလဲဆိုတာကို ကြည့်ချင်ပါသေးတယ် "


 "အဲ့ဒီကုမ္ပဏီ အထက်လူကြီးက နှလုံးသားမရှိတဲ့ကောင်ပဲ "


 ခေါင်းအုံးပျံတစ်ခုက စုယိ၏မျက်နှာသို့ထိမှန်လာသည်။


 "ငါနင့်ကိုဘယ်နှခါပြောရမလဲ...စကားကိုသေချာထိန်းပြီးပြောပါလို့ ... ထစမ်း မျက်နှာသွားသစ်တော့... ဒီနေ့နေ့လည် ကုမ္ပဏီမှာ ဇာတ်ကားရိုက်မဲ့လူတွေနဲ့ အစည်းအဝေးရှိတယ် "


စုယိ၏အေဂျင်စီသည် အလွန်မကြီးသော်လည်း အနုပညာရှင်တစ်ဦးစီ၏ဦးတည်ရာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရေးအား ဦးစားပေးသည်။


သူတို့သည် အောင်မြင်သောအနုပညာရှင်အချို့ကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး ဤနယ်ပယ်၌ နာမည်အသင့်အတင့်ရှိပေ၏။


ဥပမာအားဖြင့် စုယိသည် ပထမဆုံးဇာတ်ကားအပြီးတွင် 'ဗီလိန်မ' ဟူသော နာမည်တစ်လုံးတွင်ကျန်ခဲ့သည်။


ကုမ္ပဏီသို့ ရောက်သွားချိန်တွင် ရိုက်ကူးရေးတာဝန်ခံက စာချုပ်အကြောင်းကို ဆွေးနွေးနေပြီဖြစ်၏။


 "တောင်းပန်ပါတယ် ကားပိတ်နေလို့ပါ "


နောက်ကျရသည့်အကြောင်းပြချက်ကို ရှင်းပြပြီးနောက် စုယိက ဝင်မနှောက်ယှက်တော့ဘဲ အနီးနားရှိခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ထို့နောက်သူမသည် လက်ကိုစားပွဲခုံအောက်တွင်ဖွက်ကာ ဖုန်းခိုးသုံးပြီး ချူယင်းထံသို့ မက်ဆေ့ခ်ျပို့လိုက်လေ၏။


 [ နတ်ဘုရားမ စုယိ : အလုပ်များနေလား ]


 ဤတစ်ခါ၌ တစ်ဖက်လူက ခပ်မြန်မြန်ပင် စာပြန်သည်။


 [ ချူယင်း : ဟင့်အင်း ]


[ နတ်ဘုရားမ စုယိ : ကျွန်မအစည်းအဝေးတက်နေရတယ်...ပျင်းစရာကောင်းလိုက်တာ gif ]


 [ ချူယင်း : ဒါဆို ဖုန်းမသုံးနဲ့လေ ]


' ဒီ ဒိတ်အောက်နေတဲ့လူကြီးကတော့ ... '


 [ နတ်ဘုရားမ စုယိ - အခုလေးတင်ပြီးတာ :) ]


ပြန်စာကို စောင့်နေစဉ်တွင် အစည်းအဝေးခန်းတံခါးကနောက်တစ်ကြိမ်ပွင့်လာခဲ့သည်။


 "ဒါရိုက်တာ ချူ...ဘာလို့လူကိုယ်တိုင်လာရတာလဲဗျ "


တာဝန်ခံဖြစ်သူက ချူယင်းအားတွေ့လိုက်ရချိန်တွင် ကမန်းကတန်း ထရပ်ပြီးပြောလေ၏။


စုယိသည်လည်း တံခါးအား ကျောပေးလျက်အနေအထားဖြင့် မတ်တပ်ရပ်လိုက်ပြီး ဖုန်းစခရင်ကိုကြည့်ကာ ပြန်စာကိုမျှော်နေသည်။


စုယိ လှည့်ကြည့်လိုက်သည့်အခါ ထိုလူနှင့်အကြည့်ချင်းဆုံသွားတော့၏။ ချူယင်းက သူမအားစိုက်ကြည့်နေပြီး သူ့ထံတွင် အငိုက်ဖမ်းမိသွားသောမျက်ဝန်းများရှ်ိနေသည်။


ဤရက်အနည်းငယ်တွင် ချူယင်းသည်ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများနှင့် ရင်းနှီးစေရန် အခြေခံအကျဆုံး အပတ်စဉ်အစည်းအဝေးများမှစ၍ အစည်းအဝေးများစွာကိုတက်ရောက်ခဲ့၏။


ယနေ့သူလာရသည့်အကြောင်းမှာလည်း လုပ်ငန်းသဘောသဘာဝကိုနားလည်နိုင်ရန်သာဖြစ်ပြီး ဤနေရာ၌လူလိမ်တစ်ယောက်ကို ဖမ်းမိသွားဖို့ မမျှော်လင့်ခဲ့ချေ။


စုယိထံတွင် ချူယင်းပေါ်လာရသည့်အကြောင်းရင်းကို အကျယ်ချဲ့နေချိန်မရှိ‌ဘဲ သူမမှာ စောစောကပို့မိထားသည့် မက်ဆေ့ချ်ကိုဖျက်ရန် သည်းကြီးမည်းကြီးကြိုးစားနေရှာသည်။


သို့သော်လည်း နှစ်မိနစ်ကျော်သွားသည့်အတွက် ဖျက်၍မရကြောင်း အသိပေးသည့်စာတန်းကိုသာ မြင်လိုက်ရ၏။


ချူယင်းက ပင်မထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး အေးအေးလူလူပြောလာလေသည်။


" ဆက်ပြောပါ "


He's Mine Chapter-11 [ Edit ]


Zack Z.U.March 02, 2023


He's Mine Chapter-11


 Gyu JinFebruary 09, 2023


အခန်း-၁၁။ ခွန်အားအပြည့်ဖြင့် ပြန်လည်ရှင်သန်ထမြောက်ခြင်း


အစည်းအဝေးတစ်လျောက်လုံး စုယိထံ၌ ရှိနေခဲ့သော ဝူရွှယ်၏အကြည့်များတွင် အဓိပ္ပါယ်များစွာပါဝင်နေလေသည်။


" တော်လိုက်တာ ငါတို့စုယိက အတော်ဆုံး ထူကျင့်လန်က ဘာကောင်မ မလို့လဲ "


အစရှိသော စကားများအား ထုတ်ပြောစရာမလိုဘဲ အလိုလိုသိနေရ၏။


ပျော်ရွှင်အူမြူးနေမှုအား ရင်ထဲတွင်မျိုသိပ်မထားနိုင်ရှာသောဝူရွှယ်မှာ သနားစရာကောင်းလွန်းနေသည်။


"ဒါက ဇာတ်ကားရိုက်မဲ့အချိန်ပါ...ဇာတ်ညွှန်းကို နည်းနည်းလေးပြောင်းထားတာမလို့ တချို့လိုအပ်ချက်လေးတွေရှိသွားတယ်...အဲ့ဒါကြောင့် ရိုက်ကူးရေးရက်ကို အရှေ့တိုးလိုက်ရတာပါ "


 ရိုက်ကူးရေးတာဝန်ခံက စာချုပ်ဖိုင်အား ဝူရွှယ်၏ရှေ့သို့တွန်းပို့ပေးရင်း ပြောလေသည်။


ထိုအခါ ဝူရွှယ်က စာချုပ်အား တစ်ချက်က်ိုင်ကြည့်ရင်း အသာပြုံး၍ပြောလိုက်သည်။


 "ကျွန်မတို့က ဒါမျိုးတွေနဲ့အသားကျပြီးသားပါ"


" အဆင်ပြေရင် စာချုပ်ချုပ်လိုက်ရအောင်လားဗျာ "


ထိုလူကလည်း ပြုံးရယ်လျက် ပြန်ပြောသည်။


ထို့နောက် စာချုပ်မှာ စုယိ၏‌အရှေ့သို့ရောက်သွားပြီး သူမက ဘောပင်ကိုင်ပြီး လက်မှတ်မထိုးခင်၌ ‌တာဝန်ခံအား မေးမြန်းလိုက်၏။


"ဇာတ်ညွှန်းမှာ ဘာတွေအပြောင်းအလဲရှိမယ် ဆိုတာကို မေးလို့ရမလား"


တစ်ခါလူမိပြီးချိန်တွင် အလုပ်ကို အာရုံမစိုက်၍မဖြစ်တော့ချေ။စုယိသည် အစည်းအဝေးတွင်ပြောသည်များအား ‌ဂရုတစိုက်နားထောင်ခဲ့ပြီး သေချာအာရုံစူးစိုက်ထားသည်။


"ဇာတ်ညွှန်းအသစ်ကို ဇာတ်ညွှန်းရေးဆရာက ဆုံးဖြတ်ထားပေမဲ့ အပြောင်းအလဲတွေ လုပ်နေတုန်းဆိုတော့ ဇာတ်ညွှန်းတစ်ခုလုံးကိုတော့ မရသေးဘူး... အပြောင်းအလဲတော်တော်များများက စုယိရဲ့ဇာတ်ရုပ်မှာ သက်ရောက်လာမဲ့ပုံပါပဲ "


တာဝန်ခံက ပြုံးလျက် ရှင်းပြသည်။


စုယိသည် ထိုစကားကို နားထောင်ပြီးနောက် အနည်းငယ် စိတ်အားထက်သန်လာခဲ့၏။သူမသည်ဇာတ်ညွှန်းရေးဆရာ၏ အရည်အချင်းကို အလွန်အမင်းရည်မှန်းထားပြီး ထပ်မံထည့်သွင်းမည့်ဇာတ်ကွက်များမှာလည်း ကိတ်မုန့်ပေါ်မှချယ်ရီသီးကဲ့သို့ပင်ဖြစ်လိမ့်မည်ဟု တထစ်ချယုံကြည်ထားပေသည်။


စုယိမှာ နှစ်ခါပင်မစဉ်းစားဘဲ ‌စာချုပ်၏အောက်ဘက်၌ သူမ၏နာမည်ကိုချရေးလိုက်တော့သည်။


သက်ဆိုင်ရာပရိုမိုးရှင်းပွဲများအကြောင်း ဆွေးနွေးပြီးနောက်တွင် ကိစ္စအရပ်ရပ်မှာ ရှင်းလင်းသွားပြီဖြစ်သည်။


အစည်းအဝေး ပြီးဆုံးသွားချိန်တွင် ရိုက်ကူးရေးတာဝန်ခံက ချက်ချင်းထရပ်ပြီး ပြောလိုက်သည်။


"ဒါရိုက်တာ ချူ...လမ်းမှာ စာချုပ်စာတမ်းတွေအကြောင်း တင်ပြရင်းနဲ့ ကျွန်‌တော်ပြန်လိုက်ပို့ပေးပါ့မယ်..."


“ကောင်းပါပြီ ” 


တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သူထံမှ နောက်ဆုံး၌ အသံထွက်လာပေသည်။


ချူယင်းက နေရာမှထကာ ခန္ဓာကိုယ်တွင် ကပ်နေသော အင်္ကျီစကိုအပြင်သို့ဆွဲလိုက်ပြီး သူသည်ဤကဲ့သို့သော ဝတ်စားဆင်ယင်မှုကို အသားမကျသေးသည်မှာ သိသာလွန်းလှ၏။


စုယိက နားထင်နှစ်ဖက်ကို လက်ညိုးများဖြင့်ထောက်ထားကာ ချူယင်းအား လှမ်းကြည့်နေသည်။


ချူယင်းတစ်ယောက် အင်္ကျီပြင်ပြီး ခေါင်းပြန်မော့လိုက်ချိန်တွင် စုယိထံမှထိုအကြည့်နှင့် ရင်ဆိုင်လိုက်ရတော့သည်။


စုယိက သူ့အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး -" ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရအောင် " ဟူသည့် အမူအရာမျိုးလုပ်ပြနေ၏။


ထိုအခါချူယင်းက မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်ပြီး ပြန်လည်အချက်ပြသည်။ချူယင်း၏မျက်ခုံးများက နက်မှောင်ထူထဲပြီး ထိုအပြုအမူ၏ ဆွဲဆောင်နိုင်မှုကြီးက စုယိအား သွားရည်တမျှားမျှားကျစေလုနီးပါးပင်။


' ဆွဲ...ဆွဲဆောင်မှုရှိလိုက်တာ '


ချူယင်းသည် စုယိထံမှအကြည့်လွှဲလိုက်ချိန်တွင် သူ၏နှုတ်ခမ်းထက်၌ နားမလည်နိုင်သောအပြုံးတစ်ခုက ပေါ်ပေါက်လာ၏။ထို့နောက် ချူယင်းမှာ အစည်းအဝေးခန်းထဲမှ လှည့်ထွက်သွားတော့သည်။


" မြန်မြန် အထုပ်ပြင်တော့ မျက်နှာဖုံးဓာတ်ပုံရိုက်ဖို့ သွားရမယ် "


ဖုန်းစခရင်ကိုသာကြည့်နေသောဝူရွှယ်က စုယိနှင့်ချူယင်း အကြည့်ချင်းဆုံလျက် ပရောပရီလုပ်နေကြသည်ကို သတိမထားမိခဲ့ပေ။


" ဒီနေ့ဘာမှလုပ်စရာမရှိဘူးမလား "


စုယိမှာ ထွေပြားသွားသည်။


" သူတို့ခေါ်ထားတဲ့ နံပါတ်တစ် စူပါမော်ဒယ်က နောက်ဆုံးမိနစ်ကျမှ ထဖောက်ပြီးပေါ်မလာတော့လို့တဲ့လေ...အဲ့ဒီကုမ္ပဏီက ငါတို့ကုမ္ပဏီနဲ့ အဆက်အသွယ်ရှိတော့ တစ်ရက်လောက် အကူအညီတောင်းလာလို့ "


စုယိမှာ သရုပ်ဆောင်မလုပ်မီက မဂ္ဂဇင်းမော်ဒယ်တစ်ပိုင်းဖြစ်ခဲ့သည်။သူမသည် အတွေ့အကြုံရှိပြီး ချောမောသောမျက်နှာလှလှလေးဖြင့် ကျော်ကြားလာပြီးနောက် မဂ္ဂဇင်းများစွာက သူမအား နှစ်သက်သဘောကျခဲ့ကြ၏။


စုယိက ပေါ့ပေါ့တန်တန်ညဉ်းညူလိုက်ပြီး ချူယင်းထံသို့ ငိုနေသည့် အီမိုဂျီလေးတစ်ခုပို့လိုက်သည်။


"ဒီအရှိန်က မိုင် ၄၀မပြည့်ဘူးမလား ငါတို့ ဟိုရောက်ရင် ညစာစားလို့ရသေးတယ်"


" ငါမောင်းရင်ရော ဘယ်လိုလဲ "


စုယိက သူမ၏ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး ဝူရွှယ်အား မေးလိုက်သည်။


" ရတယ် မလိုဘူး ကြောက်တယ်ရှင့်...ဒါနဲ့ အဲ့ဒီချူယင်းဆိုတဲ့တစ်ယောက်က ဘာလဲ ပြောစမ်းပါဦး "


" ဘာကိုလဲ "


"သူက ချူကော်ပိုရေးရှင်းရဲ့ အထက်လူကြီးဆိုတာ နင်သိထားပြီးသားမဟုတ်ဘူးလား"


"မဟုတ်ဘူး...ငါလည်းအခုမှသိတာ" 


စုယိက သူမ၏ဖုန်းကို တစ်ချက်ဖွင့်ကြည့်လိုက်သည်။ သို့ပေမယ့် ချူယင်းက စာမပြန်သေးပေ။


ဝူရွှယ်ကသူမအား မျက်စောင်းထိုးပြီး မထိတထိပြောလာ၏။


"နင်စောစောကပြောခဲ့တဲ့ နှလုံးသားမရှိတဲ့ကောင်က သူပဲနေမှာပေါ့ "


" မဖြစ်နိုင်တာ "


ကွန်ဒိုကားပါကင်တွင် သူတို့နှစ်ဦးသည်ထူကျင့်လန်နှင့် တွေ့ဆုံခဲ့ဖူးကြပြီး ချူယင်းသည် ထိုတစ်ယောက်နှင့် လုံး၀သိကျွမ်းပုံမရချေ။


ကားပေါ်မှ ဆင်းပြီး ရိုက်ကူးရေးနေရာသို့ရောက်လာသည့်တိုင် ချူယင်းက reply ပြန်မလာခဲ့ပေ။မိတ်ကပ်မလိမ်းမီအချိန်တွင် စုယိတစ်ယောက် အတွေးပေါက်သွားပြီးသူမ၏လက်ချောင်းများက ကီးဘုတ်ပေါ်တွင်ရွေ့လျားသွားသည်။


[ နတ်ဘုရားမ စုယိ : လေးစားအပ်ပါသော ဖောက်သည်ကြီးရှင့်...ဇာတ်ကားကို ကြိုးကြိုးစားစားရိုက်ပြီး ကျိန်းသေပေါက်ပိုက်ဆံတွေအများကြီးရှာပေးပါ့မယ်...လောလောဆယ်တော့ နှလုံးသားလေးကို ဒီမှာထည့်ပေးလိုက်မယ် jpg]


မဂ္ဂဇင်းရိုက်ကူးရေး၏ theme မှာ " ပုံသေကျနသော ဝတ်စားဆင်ယင်မှု " ဖြစ်သည်။စုယိသည် ပုခုံးကျအင်္ကျီနှင့် စကပ်ကိုဝတ်ဆင်ထားပြီး သူမ၏လှပသောညှပ်ရိုးများက ထင်ရှားနေ၏။ဝန်ထမ်းများက သူမထံသို့ ဖိနပ်တစ်ရံ ယူလာပေးခဲ့ပြီး ထိုဖိနပ်မှာ ပတ္တမြားသဏ္ဌာန်ကျောက်များဖြင့်စီခြယ်ထားသော ဒေါက်ဖိနပ်ဖြစ်သည်။


ဓာတ်ပုံဆရာက စုယိကို နှုတ်ဆက်ပြီးနောက် ကင်မရာကို ကောက်ယူလိုက်ပြီး အလုပ်စတော့၏။


"စားပွဲပေါ်လက်ထောက်မယ်...ကင်မရာကိုကြည့်"


ဓာတ်ပုံဆရာသည် သစ်သားကုလားထိုင်ပေါ်တွင် ခြေတစ်ဖက်တင်ထားပြီး လှည့်ပတ်နေကာ မှန်ကန်သောရှုထောင့်ကိုရှာဖွေနေသည်။


" အဲ့အတိုင်းနေ မလှုပ်နဲ့ "


စုယိသည် ဓာတ်ပုံဆရာ၏ကုန်းကုန်းကွကွပုံစံကိုကြည့်ကာ မရယ်မိအောင် ထိန်းချုပ်နေရ၏။


"မေးငေါ့လိုက်... နှုတ်ခမ်းကိုနည်းနည်းခွဲလိုက်...ကောင်းတယ်... အဲ့ပေါ်ကို ခြေထောက်တင်လိုက် "


စုယိမှာ ဝူရွှယ်၏လက်ထဲတွင်ရှိသောသူမ၏ဖုန်းမှ ထွက်လာသောအသံအား ကြားလိုက်ရသည်။စုယိသည် မက်ဆေ့ခ်ျကိုအမြန်ဖတ်ချင်နေပြီး‌ ခြေထောက်အား အောက်ခံခုံပေါ်သို့ ပေါ့ပေါ့တန်တန်တင်လိုက်၏။


မမျှော်လင့်ထားခဲ့သော စုတ်ပြဲသွားသည့်အသံနှင့်အတူ စုယိသည် လေဟာနယ်ထဲသို့ လှမ်းတက်မိသလို ခံစားလိုက်ရကာ သူမ၏ခန္ဓာကိုယ်သည်လည်း ထိန်းချုပ်မှုမှ လွတ်ကင်းသွားသည်။အောက်ခံခုံမှာ သူမ၏အလေးချိန်ကို မခံနိုင်ဘဲ ဒေါက်ဖိနပ်နှင့်ဖိနင်းရုံဖြင့်ပျက်စီးသွား၏။


ခြေကျင်းဝတ်ခေါက်သွားသည့်နာကျင်မှုက ခြေဖျားမှ ငယ်ထိပ်အထိ ထုံကျင်သွားလောက်အောင် ပြင်းထန်သည်။ဝန်ထမ်းများက စုယိထံသို့အမြန်ပြေးလာကြပြီး ဝူရွှယ်က ရောက်ရောက်ချင်း ခြေကျင်းဝတ်ကို အနေအထားမှန်အောင် သေချာပြုပြင်ပေးလိုက်သည်။


___________________________________________