အပိုင်း ၁၄
Viewers 12k

Chapter 14


စုယိပြောပြီးပြီးချင်းတွင် အရပ်မြင့်မြင့်အမျိုးသားက ဆိုင်ထဲသို့ပြန်ဝင်လာသည်။သူက ဂျက်ကတ်ကိုချွတ်ထားပြီး ရှပ်အင်္ကျီအဖြူဖြင့်သန့်ပြန့်နေကာ လက်ထဲတွင်အမျိုးအမည်မသိရသောပုလင်းတစ်လုံးအား ကိုင်ဆောင်ထား၏။


" ဘာဖြစ်တယ်...ကျင်စက်နဲ့တို့တယ်...ဟုတ်လား " 


" အေးလို့....သိပ်လည်းစိတ်ပူမနေပါနဲ့ အနိမ့်ဆုံးအဆင့်နဲ့ပဲလုပ်လိုက်တာ "


ဖုန်းတစ်ဖက်မှ စုယိ၏လေသံမှာ ရုတ်တရက်ကြီး စိုပြေဖော်ရွေသွားပြီး ထိုအရာကိုဝူရွှယ်ကလည်း သတိထားမိသည်။


 "ဘာတွေအဲ့လောက်အူမြူးနေတာလဲ ... ထားလိုက်ပါတော့...သူကနင့်အိမ်ရှေ့ကိုလာတဲ့သူပဲ ဒီအကြောင်းထုတ်ပြောရဲမှာမဟုတ်ဘူး...နောက်တစ်ခါ ဒီလိုကိစ္စရှိရင် ငါ့ကိုပြောဖို့မမေ့နဲ့နော်... မနက်ဖြန်ကျရင် ... "


" ရွှယ်ရွှယ်လေး ကိစ္စပေါ်လာလို့ ဖုန်းချပြီနော် "


စုယိဘက်မှ စကားအမြန်ဖြတ်ပြီးဖုန်းချသွားသောကြောင့် ဝူရွှယ်မှာတစ်ယောက်တည်းကျန်ရစ်ခဲ့လေသည်။


သူမသည် ဖုန်းအား စိတ်ရှုပ်စွာကြည့်နေခဲ့ပြီး ခြေထောက်ဒဏ်ရာကြောင့် အိမ်ထဲတွင်ခွေနေရသူထံတွင် မည်သည့်ကိစ္စမျိုးများပေါ်လာစရာရှိသနည်းဟု အတွေးနယ်ချဲ့နေခဲ့၏။


ချူယင်းက သူ၏လက်ထဲမှပုလင်းအား စားပွဲပေါ်တင်ကာ စုယိနှင့်မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။ထိုပုလင်းထဲတွင် နီညိုရောင်အရည်များရှိပြီး အစိုင်အခဲတစ်ချို့လည်းပါရှိ၏။


" ဘာကြီးလဲ "


 "ဆေးဖက်ဝင်လိမ်းဆေးရည်လေ...ရောင်ရမ်းတာတွေသက်သာတယ် " 


စုယိက တစ်ဖက်လူ၏အဖြေအားပြန်လည်မတုံ့ပြန်မီတွင် ရူးကြောင်ကြောင်နိုင်သောမေးခွန်းတစ်ခုကို မေးတော့သည်။


" ဘယ်ကယူလာတာလဲ "


" ကားထဲက "


" ဪ ကျေးဇူးပဲ "


စုယိသည် ယာဂုအား ခံတွင်းသိပ်မတွေ့သော်လည်း ပျော်ရွှင်စွာဖြင့်စားသုံးခဲ့ပြီး ပန်းကန်တစ်ဝက်ပင်ကျိုးသွားခဲ့ပြီဖြစ်လေသည်။


" ရှင်ရော တပ်ထဲကပဲလား "


" အင်း "


စုယိသည် ဤအခြေအနေဖြင့် အတော်လေးကိုသက်တောင့်သက်သာဖြစ်နေပြီး ကျန်မေးခွန်းများကို ဖြည်းဖြည်းချင်းစီမေးတော့သည်။


" တာဝန်ချိန်တွေမှာ အပြင်ထွက်လား "


" တစ်ခါတစ်လေပေါ့ ဒါနဲ့ မင်းအေးဂျင့်က မင်းအပြင်ရောက်နေတာကို မသိဘူးလား "


ချူယင်းမှာ ထိုအကြောင်းအား များများစားစားပြောချင်စိတ်မရှိသဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။


" ဟင့်အင်း...ရှင်က လျို့ဝှက်ချက်အနေနဲ့ထားပေး "


အခြေအနေမှာရယ်စရာကောင်းနေကြောင်း ချူယင်းတစ်‌ယောက်သိရှိလိုက်ရ၏။သူ့ထံတွင် အခြားအရေးကိစ္စများအား ဝင်ပါရလောက်အောင် အချိန်မရှိသော်လည်း ဤအချိန်တွင် ချူယင်းမှာ စုယိအား စနောက်ချင်နေသည်။


 "ငါက ဘာလို့ ကူညီရမှာလဲ"


" ကျွန်မကရှင့်ကိုတွေ့ဖို့ထွက်လာတာလေ ဆက်စပ်ကြည့်ရင် ရှင်လည်း ကြံရာပါပဲ " စုယိက လေးနက်စွာပြောလိုက်၏။ထိုအခါချူယင်းက ဘာမှဆက်မပြောဘဲ သူ၏ဖုန်းကိုထုတ်လိုက်သည်။


" ရှင် ဘာလုပ်မလို့လဲ "


" လုပ်သင့်တာကိုလုပ်မလို့လေ "


" မလုပ်နဲ့ မလုပ်နဲ့ ... မလုပ်နဲ့လို့ "


စုယိက စက်သေနတ်ပစ်နေသည့်သဖွယ် ဆက်တိုက်ပြောလာပြီး ချူယင်း၏လက်ကိုလှမ်းဆွဲထားလိုက်သည်။


" ဒီအကြောင်းသာရွှယ်ရွှယ်လေးသိသွားရင် နောက်တစ်လလုံး အသားတစ်တုံးတောင်စားလို့ရမှာမဟုတ်တော့ဘူး "


ချူယင်းသည် ‌ကြောင်တောင်တောင်ဖြစ်နေသည်။စုယိ၏ဖြူဖျော့သောလက်က သူ၏လက်ပေါ်ရောက်နေပြီး သူမ၏ကျန်းမာသောလက်သည်းများသည် ပန်းနုရောင်သမ်းနေလေ၏။


" စတာ "


ချူယင်းမှာ အသိစိတ်ဝင်လာပြီး သူ၏လက်အားပြန်ရုတ်လိုက်သည်။


ခဏတာတိတ်ဆိတ်သွားသောလေထုကို ချူယင်းဘက်မှပင် ထပ်မံဖြိုခွင်းလိုက်ရ၏။


" စားလေ "


" ဗိုက်ပြည့်သွားပြီ...လုပ်သင့်တာကိုအခုလုပ်ရတော့မှာပေါ့...ဘာလို့ကျွန်မကို အိမ်ပြန်လိုက်မပို့သေးတာလဲ " စုယိက ပြုံးလျက်မေးလိုက်သည်။


***


ချူယင်း၏ကားထိုင်ခုံမှာ စုယိနှင့်ရင်းနှီးနေပြီဖြစ်သောကြောင့် သူမသည် သက်တောင့်သက်သာရှိသောအနေအထားဖြင့် အားမနာတမ်းထိုင်နေလိုက်သည်။


ထိုအချိန်တွင် ဖုန်းအဝင်ခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပြီး စုယိမှာ ဖုန်းစခရင်ကိုကြည့်ပြီး‌နောက် ဖြေဆိုရန်တွန့်ဆုတ်နေလျက် မျက်နှာပျက်သွားတော့၏။စုယိက ဖုန်းချလိုက်ပြီး ဖုန်းကိုအိတ်ထဲထိုးထည့်လိုက်သည်။သို့သော်ဖုန်းမှာအဆက်မပြတ်ဆက်မြည်နေဆဲဖြစ်ပြီး တတိယအကြိမ်မြောက်တွင် စုယိက ဖုန်းကိုင်လိုက်သည်။


" ဘာဖြစ်လို့လဲ "


 ချူယင်းက ဘေးမှစုယိအားလှည့်ကြည့်ပြီး အခြေအနေကိုအကဲခတ်နေ၏။စုယိနှင့်စတွေ့ကတည်းက သူမထံမှဤမျှအေးစက်သောလေသံကို မကြားဖူးခဲ့ချေ။


" မနက်ဖြန်ငွေလွှဲလိုက်မယ် "


ဖုန်းခေါ်ဆိုသူဘက်မှလေသံသည် မတိုးလှသဖြင့် စပီကာဖွင့်မထားသော်လည်း နည်းနည်းပါးပါးကြားနေရသေးသည်။ချူယင်းသည် စကားလုံးများကိုသိပ်မသဲကွဲသော်လည်း လူလတ်ပိုင်းအမျိုးသမီးတစ်ဦး၏လေသံဖြစ်သည်မှာတော့ သေချာ၏။ထိုအမျိုးသမီး၏လေသံမှာ တစ်စတစ်စ ပိုကျယ်လာသောကြောင့် နောက်ဆုံးတွင် စုယိက ဖုန်းချလိုက်ပြီး ထိုဖုန်းနံပါတ်ကိုပါ တစ်ခါတည်းဘလော့ပစ်လိုက်တော့သည်။


ချူယင်းသည်လည်း ဘာမှဝင်မပြောဘဲ ကားကိုသာ ဆက်မောင်းနေလိုက်သည်။


***


ကားပါကင်သို့ရောက်သည့်အခါ ချူယင်းကအရင်ဆင်းပြီး စုယိဘက်မှကားတံခါးကိုလာဖွင့်ပေးသည်။သူသည်လက်တစ်ဖက်ကိုလည်းဆန့်တန်းပေးထားသောကြောင့် စုယိထံတွင် အားပြုစရာတစ်ခုရလာ၏။ယ‌ခုအချိန်တွင်စုယိမှာ စိတ်အခြေအနေသိပ်မကောင်းဘဲ အားလျော့နေသည်။စုယိ၏ခြေထောက်အောက်တွင် ရွှံ့အနည်းငယ်ရှိနေခဲ့ပြီး ထိုအရာကို သူမ သိသွားချိန်တွင် ချော်လဲတော့မည့်ပုံစံအား မျက်လုံးထဲတွင် ကြိုတင်မြင်ယောင်မိသွားသည်။


' တစ်နေ့တည်း နှစ်ကြိမ်ချော်လဲတာ‌ကတော့ တကယ်ကို ဘူလွန်းတာပဲ '


စုယိက ဝမ်းနည်းပက်လက်ဖြင့် နာကျင်စွာတွေးလိုက်ပြီး ဒဏ်ရာရထားပြီးဖြစ်သောညာဘက်ခြေထောက်ကိုမြှောက်ထားရင်း အကာအကွယ်ယူလိုက်သည်။ထိုတဒင်္ဂတွင် အနောက်မှလက်တစ်ဖက်က သူမ၏ခါးတစ်ဝိုက်အားဖမ်းဆွဲလာခဲ့ပြီး လက်ပိုင်ရှင်က လဲကျတော့မည့်သူမအားလေထဲ၌ပင်ရပ်တန့်သွားစေသည်။‌


စုယိက ချူယင်းအား ထိတ်လန့်စွာဖြင့်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်အထိ ထိုအနေအထားအတိုင်းပင်ရှိနေခဲ့သည်။


 " ဘာလို့ဒီလောက်ထိ နမော်နမဲ့နိုင်နေတာလဲ " ချူယင်းက မျက်မှောင်ကြုတ်လျက် မေးလေ၏။


" ကျွန်မ ... "


စုယိသည် သူမ၏ကျောပြင်မှတစ်ဆင့် ချူယင်းထံမှ အနွေးဓာတ်ကိုခံစားနေရသည့်အပြင် ခန္ဓာကိုယ်ချင်းအထိအတွေ့ကြောင့်ရှက်သွေးဖြာပြီး နားရွက်များနီရဲလာတော့သည်။


" ကျွန်မ အပြစ်မှမဟုတ်တာ... ဒီမှာရွှံ့တွေရှိနေတာလေ "


ချူယင်းက စုယိအားမတ်မတ်ရပ်စေပြီး ပုခုံးအားထိန်းကိုင်ထားပေးလိုက်သည်။ထို့နောက်သူသည် ကားတံခါးကိုပိတ်လိုက်ပြီး စုယိအား ဓာတ်လှေကားနားအထိလိုက်ပို့ပေးသည်။


" ဆေးရည်လိမ်းဖို့မမေ့နဲ့ " ဓာတ်လှေကားအပြင်တွင်ရှိသော ချူယင်းက အတွင်းမှစုယိအား လှမ်းပြောလိုက်၏။


" ဟမ်...ဪ... အင်းပါ " 


စုယိကအထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလိုက်ပြီး ဓါတ်လှေကားတံခါးသည်လည်း ဖြည်းညင်းစွာပိတ်သွားတော့သည်။


ချူယင်းက သူ၏လက်များအား တစ်ချက်ကြည့်လိုက်သည့်အခါ အပူဓာတ်များကျန်ရှိနေသေးဆဲဖြစ်ပြီး ကနဦးမှအထိအတွေ့အား ခံစားမိနေဆဲပင်။


သူသည် ထိုနေရာမှလှည့်ထွက်ရန်ပြင်လိုက်သော်လည်း အနောက်မှဓာတ်လှေကားတံခါးက တစ်ဖန်ပြန်ပွင့်လာခဲ့သည်။


 "ချူယင်း...ရှင့်မှာ ရည်းစားရှိလား"စုယိ၏လေသံက ရှင်းလင်းနေပြီး သူမသည်တတ်နိုင်သမျှ မြန်မြန်ပြောနေ၏။


ချူယင်းမှာ ကြောင်တောင်တောင်ဖြစ်သွားသော်လည်း " ဟင့်အင်း " ဟုပြန်ဖြေလိုက်သည်။ 


စုယိက စိတ်သက်သာရာရသွားဟန်ဖြင့်သက်ပြင်းချလိုက်သော်လည်း သူမ၏ပါးပြင်များမှာ နီရဲနေဆဲပင်။


သူမက ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပြီး ချူယင်းအား ဒဲ့တိုးဆန်စွာပြောလာတော့သည်။ 


" ဒါဆို ကျွန်မရှင့်ကို လိုက်မယ် "


သုံးစက္ကန့်မျှကြာပြီးနောက် ချူယင်း၏နှုတ်ခမ်းများက ပြန်လည်လှုပ်ရှားလာခဲ့သည်။


 “ကောင်းပြီလေ”


ချူယင်း၏ကားက အမြင်အာရုံမှပျောက်ကွယ်သွားသည့်တိုင် စုယိသည်ထိုနေရာတွင်သာ စိတ်မနှံ့သူတစ်ဦးသဖွယ်ငူငူငိုင်ငိုင် ကျန်ရစ်နေခဲ့သည်။


" စီးဦးမှာလား "


အမျိုးသမီးတစ်ဦးက ဓာတ်လှေကားထဲဝင်လာခဲ့ပြီး တံခါးအားလက်ဖြင့်ဖိလျက် တောင့်တောင့်ကြီးရပ်နေသောစုယိအား ထူးဆန်းစွာကြည့်ပြီး မေးလိုက်သည်


နောက်‌ဆုံး၌စုယိမှာ အသိစိတ်ဝင်လာခဲ့ပြီး ဓာတ်လှေကားထဲပြန်ဝင်ကာ အထပ်နံပါတ်ကိုလှမ်းနှိပ်လိုက်သည်။


စုယိသည် ခံစားချက်များတည်ငြိမ်အောင်မနည်းလုံးပန်းနေရပြီး ခေါင်းငုံ့လျက် မျက်နှာကိုဝှက်ထားလေ၏။


ထို့နောက် သူမကိုယ်တိုင်ပင်သတိမထားမိလိုက်ဘဲ ပါးစပ်မှအသံထွက်လာခဲ့သဖြင့် စုယိခမျာ ကိုယ့်ပါးစပ်ကိုယ် လက်ဖြင့်ပြန်ပိတ်ထားရသည်။


သူမဘာတတ်နိုင်မည်နည်း။အမျိုးအမည်မသိရသည့်ဤခံစားချက်များက စုယိအားဝါးမျိုမတတ်ဖြစ်နေလေ၏။


**


အိမ်ပြန်ရောက်သည်နှင့်စုယိမှာ ရေအမြန်ပြေးချိုးလိုက်သည်။


သူမသည် ရေချိုးကန်၏အစွန်၌ခြေထောက်များကိုတင်ထားပြီး ဝူရွှယ့်ထံသို့ ဗွီဒီယိုကောလ်ခေါ်လိုက်၏။


တစ်ဖက်မှ ချက်ချင်းဆိုသလိုဖုန်းကိုင်လာပြီး ဝူရွှယ်မှာ မျက်နှာပေါင်းတင်နေခဲ့သည်။ဖုန်းမျက်နှာပြင်မှတစ်ဆင့် စုယိ၏ပုခုံးသားများကို လှမ်းမြင်လိုက်ရသောဝူရွှယ်က ရုတ်ချည်းပင် " ဟဲ့ " ဟု မြည်တွန်တောက်တီးလာတော့၏။


" ရွှယ်ရွှယ်လေး နင်ပြောစမ်း... လျှိုမင်ဟောင်ကို ဘယ်လိုပိုးပန်းခဲ့တာလဲ "


စုယိက ရေချိုးကန်ဘောင်ပေါ်သို့ခေါင်းတင်လိုက်ပြီး ဝူရွှယ်အားမေးလေသည်။သူမ၏မျက်ဝန်းများက ယခုရှုထောင့်တွင်ပို၍ပြတ်သားထင်ရှားနေပြီး ဒဏ္ဍာရီများထဲမှ ဆွဲဆောင်မှုရှိသော လူအယောင်ဆောင်မြေခွေးမများနှင့်ပင်တူနေ‌သေး၏။


သို့သော်လည်း စုယိမှာ သမာရိုးကျမြေခွေးမများနှင့်မတူစွာ မည်သူ့ကိုမှ ထိခိုက်အောင်လုပ်မည့်သူမဟုတ်ချေ။တစ်ဖက်လူမှာ အားနည်းသည်မက၍ စစ်သူကြီးပင်ဖြစ်လင့်ကစား စုယိမှာ သူမကိုယ်သူမနေမည့်လူစားမျိုးသာဖြစ်လေသည်။


" ခြေကျင်းဝတ်က ဒီလိုဖြစ်နေတာကို ‌နင်ကရေချိုးနိုင်သေးတယ်ပေါ့ ဟမ် ... ငါ့ဘက်က အရင်စပိုးပါတယ်လို့ ဘယ်သူကနင့်ကိုပြောလိုက်တာလဲ... သူက အရင်လာပိုးတာ "


ဝူရွှယ်က စုယိအားကြိမ်းမောင်းပြီး တစ်ချိန်တည်း၌ပင် စကားဆက်လိုက်သည်။


" ဒါဆို သူက နင့်ကိုဘယ်လို လိုက်ခဲ့တာလဲ " ထိုအခါစုယိက မေးခွန်းအကြောင်းအရာကို ပြောင်းလိုက်သည်။


 "ဘယ်လိုဖြစ်ဝာလဲ...နင် ဒီလိုအကြောင်းတွေစိတ်ဝင်စားမှန်း ငါမသိခဲ့ရပါလား "


ဝူရွှယ်က ခဏတာစဉ်းစားလိုက်ပြီးနောက် စကားပြန်ဆက်လေ၏။


" အင်း ..... သူလည်းအရမ်းကြီးတော့ အားမစိုက်လိုက်ရပါဘူး... ငါ့အိတ်အလုခံရတော့ သူက ပြန်ရအောင်ယူပေးတယ်လေ... နောက်ပိုင်းတွေကျတော့ အပြင်မှာတွေ့ပြီး အတူတူထမင်းစားဖြစ်ကြတယ် ... ငါလည်းသူ့ကို လုံးဝကြီး သဘောမကျတာတော့ မဟုတ်ပါဘူး... အဲ့လိုနဲ့ သူက ငါ့ကိုဖွင့်ပြောတော့ လက်ခံလိုက်တယ်... ဒီလောက်ပဲ... ပွဲသိမ်း "


" ဘာကိစ္စ အဲ့လောက်အညှာလွယ်နေရတာလဲ "


" ကိုယ့်ဟာကိုယ်အရင်ပြန်ကြည့်ပြီးမှ ပြောစမ်း " ဝူရွှယ်က ဟက်ဟက်ပတ်ပတ် လှောင်ရယ်လိုက်ပြီး ပြန်ပက်သည်။


" တောင်းပန်ပါတယ်ရှင့် "


" အေး...ငါလည်းနင့်ကိုပြောစရာရှိတယ် "


ဝူရွှယ်က ပြောပြောဆိုဆိုဖြင့် စာအုပ်တစ်အုပ်ကိုထုတ်လိုက်သည်။


"မဂ္ဂဇင်းကာဗာရိုက်ပြီးတာ တစ်ပါတ်လောက်ကြာပြီ‌ဆိုတော့ အင်တာဗျူးရှိမယ်...နင်ဖြေရမဲ့အဖြေတွေကို ငါချရေးပေးထားတယ်... အိမ်စာလုပ်ဖို့မမေ့နဲ့ "


" သိပြီ ' လျို့ဝှက်နက်ရှိုင်းသော' ရဲ့ဇာတ်ညွှန်းအသစ်ကရော ဘယ်တော့ရမှာလဲ" 


" ဘာမှမကြားသေးဘူး ‌နောက်မှ လီမင်ကိုသွားမေးကြည့် "


" အင်း အင်း "


ဖုန်းချပြီးနောက်တွင် ဝူရွှယ်က စုယိထံသို့ အင်တာဗျုးအ‌ဖြေစာဖိုင်ကို ပေးပို့လာခဲ့သည်။စုယိသည် လက်ထဲတွင်ဘောပင်ကိုကိုင်လှည့်နေပြီး မင်းသမီးလုပ်ရခြင်းက မလွယ်ကူကြောင်း တရားပေါက်နေလေ၏။ဇာတ်ညွှန်းများကို အလွတ်ကျက်ရရုံသာမက ပြောရမည့်စကားကိုပါ ထပ်ကျက်ရပေဦးမည်။


စုယိမှာ စာကြောင်းများကိုခပ်မြန်မြန်ဖတ်နေခဲ့ပြီး မေးခွန်းတစ်ခုက သူမ၏အာရုံများအား အမှန်အကန်ပင်ဖမ်းစားသွားလိုက်နိုင်သည်။


*အောင်မြင်သင့်သလောက်အောင်မြင်ပြီး လမ်းကြောင်းတစ်ခုလည်းရနေပြီ‌ဆိုတော့ မင်းရဲ့အချစ်ရေးကဏ္ဍမှာရော ဘယ်လိုအခြေ‌အနေရှိလဲ *


ဝူရွှယ်ရေးပေးထားသော ထိုမေးခွန်း၏အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။


 *ဟင့်အင်း... (ခေါင်းနှစ်ချက်လောက်ခါ) ကျွန်မက လူတွေနဲ့ရင်းနှီးဖို့အချိန်ယူရတဲ့သူမျိုးဆိုတော့ လောလောဆယ် ကျွန်မကိုယ်ကျွန်မပဲ အာရုံစိုက်ဖြစ်နေပါတယ်...သင့်တော်တဲ့သူကိုတော့ ခုထိရှာမ‌တွေ့သေးပါဘူး (ပြုံးလိုက် )*


 စာဖတ်ပြီးပြီးချင်းတွင် စုယိ၏မျက်နှာပေါ်၌ အဓိပ္ပာယ်မဲ့သောအပြုံးတစ်ချို့ဖြတ်ပြေးသွားပြီး သူမကထိုအဖြေကို အပြောင်အစင်ဖျက်ပစ်လိုက်သည်။


***


တိုက်ရိုက်ထုတ်လွှင့်မှုအား တနင်္ဂနွေနေ့တွင် စတူဒီယိုတစ်ခု၌ပြုလုပ်မည်ဖြစ်ပြီး အကြိုတိုက်ရိုက်ထုတ်လွှင့်မှု ဓာတ်ပုံရိုက်ကူးရေးမှာ ချောမွေ့စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပေသည်။


ဤရက်အနည်းငယ်အတွင်း၌ စုယိ၏ခြေထောက်သည် အလွန်သက်သာလာခဲ့ပြီး သူမသည် အကောင်းပတိအတိုင်းလမ်းမလျှောက်နိုင်သေးသော်လည်း poseပေးရာတွင် အခက်အခဲသိပ်မရှိလှပေ။


streaming appများတွင်ဤမဂ္ဂဇင်း၏ကိုယ်ပိုင်ဆိုက် အသီးသီးရှိကြပြီး ၎င်းတို့မှတစ်ဆင့် မဂ္ဂဇင်းမျက်နှာဖုံးရှင်များနှင့်အင်တာဗျူးအား တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသည်။


အင်တာဗျူးမဖြေမီ မိတ်ကပ်လိမ်းခြယ်နေစဉ်တွင် စုယိသည် သူမ၏WeChat အားအဆက်မပြတ် စစ်ဆေးနေခဲ့၏။မနက်ခင်းက သူမ ပို့ထားခဲ့သောစာတိုတစ်ချို့မှာ ပြန်စာမရသေးပေ။


ထို့နေ့ညနောက်ပိုင်းတွင် သူမတို့၏စကားပြောခန်းက အလွန်ပင်တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပြီး တစ်ခါပြန်စာရရန် နေ့တစ်ဝက်ကျော်အောင်စောင့်ရပေသည်။


ထိုအကြောင်းကိုတွေးမိပြီးတိုင်း စုယိမှာ သက်ပြင်းအရှည်ကြီးသာချနေခဲ့ရသည်။ယခုလည်း ထိုအတိုင်းပင်။


" အခုတလော ဘာလို့ဖုန်းပဲ ဆက်တိုက်ကြည့်နေတာလဲ " အနောက်တွင်ရပ်နေသော ဝူရွှယ်က မေးလာသည်။


" လျှိုမင်ဟောင်က နင့်ကို reply ပြန်ဖို့ ဘယ်လောက်ကြာလဲ " စုယိက မေးခွန်းအားမဖြေဘဲ ပြန်မေးလိုက်၏။


 "နေ့တိုင်း သေအောင်အလုပ်များနေတာကို ဘယ်အချိန်မှာ မက်ဆေ့ခ်ျသွားပို့ရမှာလဲ ... သူဟာသူ​ခွင့်မိန့်ကျမှ ငါ့လာတွေ့ပေါ့..."


Xxxxxxx