အပိုင်း ၁၇
Viewers 12k

Chapter 17


ပူလောင်မှုနှင့် အေးစက်မှု။


စုယိမှာ ဤလမ်းသို့တစ်ခါမှမရောက်ဖူးဘဲ မြင်မြင်သမျှက သူမအတွက် အထူးအဆန်းဖြစ်နေလေသည်။သူမသည် ကားပြတင်းပေါက်မှန်အား ခေါင်းစိုက်မိတော့မတတ် အပြင်သို့ ငေးမောကြည့်နေမိသည်။အချိန်အတော်ကြာပြီးနောက် စုယိသည် ချူယင်းအား မေးလိုက်တော့သည်။


" ဈေးဝယ်ထွက်မလို့လား "


 "မဟုတ်ဘူး"


ထို့နောက်တွင် စုယိသည် အပြင်သို့ဆက်မကြည့်တော့ဘဲ ဖုန်းမှတစ်ဆင့်လက်ရှိတည်နေရာကိုရှာကာ screenshot ရိုက်ယူထားလိုက်၏။ဤ‌အရပ်၌ လူအများအပြားရှိပြီး လမ်းထဲ၌ ကားကအနည်းငယ် နေရာယူနေလေသည်။ချူယင်းသည် ကားအား တရွေ့ရွေ့မောင်းနှင်လာခဲ့ပြီး ယခုအချိန်ထိ ဘရိတ်မအုပ်သေးပေ။


အချိန်အတော်ကြာသည့်အခါမှ ချူယင်းက ဘေးတစ်နေရာသို့ ကွေ့ပြီးကားရပ်လိုက်တော့သည်။


ချူယင်းကားရပ်လိုက်သောနေရာသည် သီးသန့်ပါကင်ထိုးရန်ပြုလုပ်ပေးထားသောနေရာဖြစ်ဟန်တူ၏။


" ဒါက သီးသန့်ကားပါကင်လား "


ချူယင်းဘက်မှ ပြန်မဖြေမီတွင် စုယိမှာ မလှမ်းမကမ်း၌ပြုံးလျက်လက်ဝှေ့ယမ်းပြနေသည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။စုယိ၏ စိတ်ရှုပ်ထွေးမှုကို သတိထားမိသောချူယင်းက ခပ်မြန်မြန်ပင် ရှင်းပြလာ၏။


 "သူက အနှိပ်ဆရာလေ"


ဆေးခန်းမှာ ကြီးကြီးမားမားမဟုတ်ဘဲ ကုတင်နှစ်လုံးနှင့် ခုံရှည်တစ်ခုသာရှိသည်။အတန်းလိုက်ထောင်ထားသောလိမ်းဆေးဘူးများ၏အရှေ့တွင်ထိုင်နေသူက မတ်တပ်ထလာပြီး စုယိအားမေးမြန်းလေသည်။


" ဘာဖြစ်တာလဲ "


 "ဒေါက်ဖိနပ်စီးရင်း ခြေထောက်ခေါက်လဲတာပါ "


သူမ၏ခြေကျင်းဝတ်မှာ အတော်ပင်သက်သာနေပြီဖြစ်သော်လည်း ချူယင်း၏ရှေ့တွင် သနားစဖွယ်ပုံပေါက်အောင် မူရာမာယာများနေခဲ့ခြင်းသာဖြစ်လေသည်။


သို့သော်လည်း တစ်ဖက်လူက အသေအချာမှတ်ထားပြီး အနှိပ်ခန်းဆီသို့ ဆွဲခေါ်လာမည်ဟု စုယိခမျာ လုံး၀မမျှော်လင့်ထားခဲ့မိပေ။ချူယင်းက သူမ၏ဘေး၌ဝင်ထိုင်ရင်း အနှိပ်ဆရာအားပြောလိုက်သည်။


" သူ့ကို နည်းနည်းနှိပ်ပေးလိုက်ပါ...နာနေတာက နည်းနည်းကြာနေပြီ.... "


စုယိမှာ နှုတ်ဆိတ်ပြီး ငြိမ်နေလိုက်ရသည်။


အနှိပ်ဆရာက အလွန်ဝါရင့်ပုံရပြီး နှစ်ခါပင်မစဉ်းစားဘဲ လိမ်းဆေးဘူးတစ်ဘူးအား ကောက်ယူလျက်ပြောသည်။


 " အခုခေတ် မိန်းကလေးတွေက ပုံပန်းသဏ္ဍာန်ကို အရမ်းအလေးပေးကြတယ် .... ကြည့်ကောင်းချင်တာမှန်ပေမဲ့ အဲ့လောက်ထိမြင့်တဲ့ဒေါက်ဖိနပ်တွေမဝတ်သင့်ဘူး.... ဒေါက်ဖိနပ်ကြောင့် ကုပေးလိုက်ရတဲ့ ကောင်မလေးတွေ များလွန်းလို့ ရေကိုမရေနိုင်တော့ဘူး "


အနှိပ်ဆရာက ခုံဝိုင်းတစ်ခုကိုယူလာပြီး စုယိ၏အရှေ့၌ချလိုက်သည်။


" ဒီပေါ်ခြေထောက်တင်လိုက် "


စုယိ၏ခြေထောက်အား မြင်လိုက်ရသော ချူယင်းမှာ မင်သေသွားတော့၏။သူမ၏ခြေထောက်က ဖွေးဥနေပြီး သွေးကြောစိမ်းများပင် ပေါ်နေသည်။


ချူယင်းက စုယိ၏ခြေထောက်ကို တစ်ချက်သာကြည့်ပြီး အခြားတစ်နေရာသို့ အကြည့်လွှဲလိုက်သည်။


အနှိပ်ဆရာက စုယိ၏ခြေထောက်ပေါ်၌ဆေးလိမ်းပေးနေလျက် ပြောလေသည်။


 "မိန်းကလေး...ဒေါက်မြင့်ဖိနပ်တွေ မကြာခဏ ၀တ်ရင် ခြေထောက်တွေ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်လိမ့်မယ်"


ထိုအခါစုယိသည် နှဖူးပေါ်လက်တင်ကာ စိုးရိမ်တကြီးပြန် မေးလိုက်သည်။


" တကယ်လား... ဒါပေမဲ့ အလုပ်အတွက် ဝတ်မှရမှာမလို့ မတတ်နိုင်ဘူးရယ်...တကယ်ကြီး ပုံဆိုးပန်းဆိုးဖြစ်သွားမှာလား "


" ဒါပေါ့... ခြေချောင်းတွေ ကွေးကုန်မှာ "


အနှိပ်ဆရာ၏လုပ်ဆောင်ချက်များက သူ့ဟာနှင့်သူ ချောမွေ့နေသည်။


" အဲ့လောက်ထိကြောက်စရာကောင်းတာလား...မဖြစ်အောင်လုပ်လို့ရမဲ့ နည်းလေးဘာလေးရော မရှိဘူးလား "


စုယိမှာ အလွန်တရာပင် ထိတ်လန့်နေရှာသည်။


" ရှိတာပေါ့... ပြီးရင်သင်ပေးမယ်... ဒေါက်ဖိနပ်ချွတ်ပြီးတဲ့အချိန်တိုင်းလုပ်ပေး "


 " သေချာပေါက်လုပ်ပါ့မယ် " 


စုယိက ခေါင်းတဇတ်ဇတ်ညိတ်ရင်း အားကြိုးမာန်တက်ပြန်ဖြေလိုက်၏။


ချူယင်းမှာမူ စကားဝိုင်းကို နားထောင်နေရင်း မရယ်မိအောင်မနည်းထိန်းထားရရှာသည်။


ခဏကြာသောအခါ အနှိပ်ဆရာက ‌ဆက်ပြောလာပြန်၏။


 “ထူးဆန်းတယ်...နှိပ်တာကြာနေပြီ...မိန်းကလေးဆီက အသံထွက်မလာသေးဘူး... များသောအားဖြင့် ဒီကိုလာတဲ့မိန်းကလေးတွေက နာလို့အရမ်းအော်ကြတာ...ကျုပ်ပဲ အားလျှော့သုံးမိနေတာလား "


ထို့နောက်တွင် ရုတ်ချည်းဆိုသလိုပင် စုယိထံမှ ညဉ်းညူသံများ ထွက်ပေါ်လာခဲ့တော့သည်။


ကုသပြီးနောက်တွင် အနှိပ်ဆရာက စုယိတို့အား တံခါးဝအထိလိုက်ပို့ပေး၏။


 “ သတိထားဗျာ...နောက်တစ်ခါ ထပ်မလဲစေနဲ့”


 “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်” 


စုယိက ယဉ်ယဉ်ကျေးကျေးလေးပြုံးကာ ငိုမဲ့မဲ့ဖြစ်နေသောမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ သူမရဲ့ အနာသက်သာပြီးဖြစ်သောခြေထောက်မှာ ယခု၌ပို၍နာကျင်လာသလိုပင်။


အနှိပ်ဆရာအထဲသို့ပြန်ဝင်သွားချိန်တွင် ချူယင်းက စုယိအား မေးလာသည်။


" ဘာလို့လိမ်ပြောတာလဲ "


 " ဟမ် " 


စုယိ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ထိတ်လန့်နေရှာသော ခွေးပေါက်ကလေးတစ်ကောင်နှင့်ပင် တူနေသေးသည်။


 " ခြေထောက်က ပြန်ကောင်းနေပြီမဟုတ်လား"


 " ရှင်ဘယ်လိုသိတာလဲ "


စုယိသည် မေးပြီးမှ နောင်တရသွားသော်လည်း စကားကိုပြန်ရုတ်၍မရတော့သဖြင့် အောက်နှုတ်ခမ်းကိုသာ ခပ်ဖွဖွကိုက်လိုက်၏။


ချူယင်းမှာ မစ်ရှင်များစွာကို ထမ်းဆောင်ဖူးသောကြောင့် အကြိမ်များစွာ အနာတရဖြစ်ခဲ့ပြီး အနှိပ်ခန်းသို့ မကြာခဏရောက်ခဲ့ဖူးပေသည်။ထို့ကြောင့် တစ်ချက်ကြည့်ရုံနှင့်ပင် အသေအချာသိနေခြင်းဖြစ်၏။


" သက်သာတာတော့ သက်သာနေပြီ... ဒါပေမဲ့ အနှိပ်ခံပြီး ပိုနာလာသလိုပဲ "


ချူယင်းမှာ စုယိ၏စကားကြောင့် မရယ်မိအောင်ထိန်းနေရသည်။


 “တကယ်ပြောတာ..မယုံရင်ကြည့်ကြည့် ဆရာက အားအများကြီးသုံးပြီးနှိပ်တာ... နီတောင်နီနေပြီ "


စုယိက သူမ၏ခြေထောက်အား အရှေ့သို့ဆန့်ထုတ်ပြီး သနားချင်စဖွယ်ပြောလိုက်သည်။


" ဪ အဲ့လိုလား... ဈေးဝယ်ထွက်မလို့ကို ဒီတိုင်းပြန်လိုက်ကြတာပေါ့ " 


ချူယင်းမှာ ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားလိုက်သော်လည်း ခြေလှမ်းအနည်းငယ်အကွာ၌ အနောက်တွင် ကျန်နေခဲ့သောတစ်ယောက်က သူ့အားဖမ်းဆွဲလာခဲ့သည်။


စုယိ၏မျက်ဝန်းများက အလွန်အပြစ်ကင်းပုံရပြီး သူမက ချူယင်းအား နူးနူးညံ့ညံ့ကလေးပြောလာ၏။


" တကယ်တော့ အဲ့လောက်ကြီး နာတာလည်းမဟုတ်ပါဘူး "


ကုန်တိုက်များ၌ဈေးဝယ်ရခြင်းအားလူအများစုက နှစ်သက်ကြပြီး ကုန်တိုက်များတွင်် အမှတ်တံဆိပ်အမျိုးစုံလျက် အရည်အသွေးကောင်းသော ပစ္စည်းများရှိသည်။


သို့သော်လည်း စုယိသည် ထိုလူများစုထဲတွင် မပါဝင်ဘဲ လမ်းဘေးဈေးဆိုင်ကလေးများကိုသာ နှစ်သက်လေ၏။


ချူယင်းမှာမူ ဈေးဝယ်နေသည်ဆိုသော စိတ်ကူးနှင့်ပါ လုံးဝ အဆက်အသွယ် ပြတ်သွားပြီဖြစ်သည်။


ချူယင်းသည် အချိန်အားလျှင် အလုပ်ကိုသာလုပ်နိုင်သမျှဆက်လုပ်မည့်သူဖြစ်သော်လည်း စုယိ၏မျက်ဝန်းထဲမှ တောက်ပမှုကလေးအား မြင်လိုက်ရသည့်အခါ သူ၏စိတ်ကူးမှာ ပြောင်းလဲသွားတော့သည်။


' ဈေးဝယ်ရုံလေးပါပဲလေ... '


စုယိသည် ဆိုင်ထဲမှ ထွက်လာစဉ်တစ်လျောက်လုံးတွင် ဘေးဘီကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး အနှိပ်ခန်းနှင့် ဆန့်ကျင်ဘက်ရှိ ဆိုင်ငယ်ထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့လိုက်၏။ထို့နောက် စုယိမှာ Cornettos ရေခဲမုန့် နှစ်ခုကို ကိုင်ဆောင်ပြီး ဆိုင်ထဲမှပြန်ထွက်လာသည်။


 "ချောကလက်ကြိုက်လား ‌စတော်ဘယ်ရီကြိုက်လား " စုယိက ချူယင်းအား မေးလာ၏။


ချူယင်းက မျက်မှောင်ကြုတ်ရင်းအလေးအနက် စဉ်းစားနေလေသည်။ချူယင်းတစ်ယောက် အဖြေအား ပြောထွက်လုဆဲဆဲတွင် စုယိမှာသူမ၏ညာဘက်လက်ထဲရှိ ချောကလက်အရသာရေခဲမုန့်ကို စူးစိုက်ကြည့်နေလျက် ရွေးချယ်ခံရမည်ကို စိုးထိတ်နေသည့်အမူအရာရှိနေသည်အား တွေ့လိုက်ရတော့၏။


မျက်စိတစ်မှိတ်အတွင်းမှာ၌ပင် စုယိ၏ညာဘက်လက်က လစ်ဟာသွားတော့သည်။


ချူယင်းက ချောကလက်ရေခဲမုန့်ကိုဆွဲယူလိုက်ပြီး “သွားကြစို့” ဟုဆိုလေ၏။စုယိတစ်ယောက် ဆွံ့အသွားရသည်။


ရေခဲမုန့်သည် ငယ်စဉ်ဘဝ၏အမှတ်တရဖြစ်ပြီး နောက်တစ်ကြိမ်ထပ်စားချိန်တွင် အရသာက အလွန်ပိုကောင်းနေ၏။ချူယင်းက ရေခဲမုန့်အား တစ်ကိုက်ကိုက်လိုက်ပြီး အေးမြမှုက ပါးစပ်ထဲတွင်ပျော်ဝင်သွားသည်။


ချူယင်းသည် အပြင်စာထွက်စားခဲ့ချိန်က အသီးအရွက်များဖြင့်ပြည့်နှက်နေခဲ့သော စုယိ၏ခြင်းတောင်းကို ရုတ်တရက် သတိရသွားမိ၏။


 “ရေခဲမုန့်က ကယ်လိုရီများတယ်နော်”


" သိတယ် "စုယိက နှုတ်ခမ်းများကိုသပ်လိုက်ရင်း ပြန်ဖြေလေသည်။


သူမသည် ရေခဲမုန့်ကိုဖောက်လိုက်သော်လည်း မစားသေးဘဲ ဖုန်းဖြင့် ဓာတ်ပုံအရင်ရိုက်သည်။အခြားသူများမြင်အောင် တင်ရန် ရည်ရွယ်ထားမထားကတော့ မသေချာပေ။ဓါတ်ပုံရိုက်ပြီးနောက် စုယိသည်ရေခဲမုန့်အား ဇွန်းသေးသေးကလေးဖြင့် ရနိုင်သလောက်ကော်ထုတ်ပြီး ကျန်ရှိသည့်ရေခဲမုန့်ကို လမ်းဘေးရှိ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်၏။ ထို့နောက် စုယိမှာ maskကိုဆွဲချလိုက်ပြီး ဇွန်းပေါ်ရှိရေခဲမုန့်ကို နှမြောတသဖြင့် လျက်နေရှာသည်။


ချူယင်းမှာ ထိုမြင်ကွင်းကိုကြည့်နေရင်း ရယ်ချင်လာတော့၏။ယခုအချိန်၌ သူ၏ရေခဲမုန့်က ပိုစားလို့ကောင်းလာသလိုလိုပင်။


" အဲ့ဒီအနှိပ်ဆရာက ရှင့်အသိလား "


" အင်း "


 "သူလည်း တပ်ထွက်ပဲလား"


 "မဟုတ်ဘူး စခန်းအပြင်မှာ တွေ့ခဲ့တာ" 


 " မစ်ရှင်လုပ်ရင်းနဲ့လား "


စုယိသည် အမှန်တကယ်ပင် ခန့်မှန်းတတ်ပေ၏။


ထိုဆရာ၏ယခင်ဆေးခန်းသည် သူတို့၏မြို့ငယ်ကလေး၌အကြီးဆုံးဆိုင်ဖြစ်ခဲ့ပြီး ကျောင်းသားများစွာလည်းရှိကာ ဂုဏ်သတင်းကျော်ဇောလေ၏။


မြို့ထဲမှ လူတော်တော်များများက အနှိပ်ခန်းသို့ တကူးတကလာကြပြီး မြေပြိုမှုဖြစ်စဉ်တွင် ဆေးခန်းပါသွားရုံသာမက လူအများစုသည်လည်း အထဲတွင် ပိတ်မိခဲ့ကြသည်။ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ချူယင်းက လာရောက်ကယ်မထုတ်နိုင်မီတွင် ထိုနေရာ၌အချိန်အတော်ကြာ မပိတ်မိခဲ့ကြသည်မှာ ကံကောင်းလွန်းပေ၏။


သို့သော် ချူယင်းက ရှည်ရှည်ဝေးဝေးပြန်​မဖြေနေသဖြင့် စုယိကလည်း ဆက်မမေးတော့ပေ။


ရေခဲမုန့်စားပြီးသွားသောစုယိက သူမ၏maskကို ပြန်ဆွဲတင်လိုက်သည်။


နှစ်ယောက်စလုံးက အရပ်မြင့်ကြသောကြောင့် လူအုပ်ထဲ၌ ပေါ်လွင်နေကြ၏။ချူးယင်တို့နှစ်ယောက်မှာ accessories များရောင်းသည့် ဆိုင်တစ်ဆိုင်ရှေ့သို့ရောက်လာကြသည်။


စုယိက ထိုဆိုင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အထဲသို့ဝင်သွားတော့၏။ ချူယင်းသည်လည်း ခဏရပ်သွားပြီး စုယိ၏အနောက်သို့ လိုက်သွားတော့သည်။


ဆိုင်အရွယ်အစားက သေးငယ်ပြီး လူတစ်ယောက်မတ်တပ်ရပ်လိုက်ရုံနှင့် မျက်နှာစာတစ်ဝက်က ပြည့်ကြပ်သွား၏။ ထို့နောက်ဆိုင်အတွင်းထဲသို့တစ်ယောက်ချင်းစီ အရှေ့နောက် ဝင်လာလိုက်ကြသည်။


ကျဉ်းမြောင်းပြီး လေဝင်လေထွက်မကောင်းသည့် ဆိုင်အတွင်း၌ နှစ်ယောက်သားအလွန်နီးကပ်စွာ ရပ်နေကြပြီး ချူယင်းသည် စုယိထံမှမွှေးရနံ့ကို သိသိသာသာရနေခဲ့၏။ချူယင်းမှာ အလွန်မွှေးသောအနံ့များကို သဘောမတွေ့သော်လည်း ဤရနံ့မှာမူ အဆင်ပြေနေပေသည်။


စုယိက ယုန်နားရွက်နှစ်ခုပါဝင်‌သောဘီးကုပ်တစ်ခုအား ကောက်ကိုင်လိုက်ကာ မှန်ရှေ့၌တပ်ကြည့်လိုက်ပြီး ချူယင်းအား မေးလာ၏။


" ကြည့်ကောင်းလား "


ချူယင်းသည် မနေ့ကတိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကို တစ်ကြိမ်ပြန်တွေးမိပြီးနေခြင်းဖြစ်ပြီး သူမအသံကိုကြားမှ ပြန်သတိ၀င်လာသည်။


" အင်း " ချူယင်းက ခေါင်းညိတ်၏။


စုယိက နောက်ထပ်ဘီးကုပ်တစ်ခုကို ပြောင်းလဲဝတ်ဆင်ပြီး ဆက်မေးလာသည့်အခါ ချူယင်း ခဏတာ တိတ်ဆိတ်သွားတော့၏။  


"မသိဘူး"


ချူယင်းမှာ စောစောက စုယိဝတ်ပြီးပြန်ချထားသောယုန်နားရွက်ဘီးကုပ်အား ခြင်းထဲကောက်ထည့်လိုက်သည်။


 "နှစ်ခုလုံးယူလိုက်"


ထုံးစံအတိုင်း ချူယင်းက ငွေရှင်းပေး၏။


စုယိက ယုန်နားရွက်ဘီးကုပ်အား ဝတ်ဆင်လိုက်သည်။


တစ်ခုလျှင် ၁၂ဒေါ်လာကျသင့်သောဘီးကုပ်နှစ်ခုက စုယိအား ပထမဆုံးရသောလစာထက်ပို၍ ပျော်ရွှင်စေ၏။


ဆိုင်မှထွက်လာပြီး မကြာမီမှာပင် ချူယင်း၏ဖုန်းက မြည်လာခဲ့သည်။


 "ဖုန်းပြောလိုက်ဦးမယ်"


" အင်း " စုယိက ခေါင်းညိတ်၏။


ချူယင်းက တိတ်ဆိတ်သည့်နေရာတစ်ခုသို့ ဖုန်းသွားပြောနေခဲ့ပြီး စုယိက စောင့်ဆိုင်းနေခဲ့သည်။


စုယိသည် သူမ၏ဖုန်းကိုတစ်ချက်ထုတ်ကြည့်လိုက်သောအခါ မှန်းထားသည့်အတိုင်းပင် ဝူရွှယ်ထံမှ missed callများ မက်ဆေ့ခ်ျများဖြင့် ပွထနေလေ၏။


[ ဝူရွှယ် : အိမ်မှာမဟုတ်ဘူးလား ]


[ ဝူရွှယ် : ‌တတ်လည်းတတ်နိုင်လွန်းတယ် ကောင်မရယ်...လျန့်ပေါနဲ့တောင် စာရင်းမရှင်းရသေးဘူး...နောက်ထပ်စိတ်ဝင်စားစရာတစ်ယောက်က ပေါ်လာပြန်ပြီ ]


 [ ဝူရွှယ် : ဖုန်းကိုင်စမ်းး... ]


စုယိမှာ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ရန်စဉ်းစားနေရင်း သူမ၏အရှေ့၌ လူအချို့လာရပ်သည်ကို သတိထားမိသွား၏။သူမအရှေ့သို့ကြည့်လိုက်သည့်အခါ ယောကျာ်းလေးသုံးယောက်ရှိနေသည်။သူတို့မှာ ဆူးချွန်များအတန်းလိုက်ပါဝင်သော ဘောင်းဘီအကြပ်များနှင့် အင်္ကျီအကွက်များကိုတွဲဖက်ဝတ်ဆင်ထားကြပြီး ဆံပင်အနက် တစ်ယောက်မှမပါပေ။သုံးယောက်စလုံးက စုယိထက် အရပ်ပုကြသည်။


 "ယုန်ပိစိ....ဒီနေ့ တစ်ယောက်တည်းလား" ဆံပင်အဝါနှင့်တစ်ယောက်က စပ်ဖြီးဖြီးမျက်နှာထားဖြင့် စုယိအား စကားစလာ၏။


ယနေ့ခေတ်တွင် လင်းထိန်နေသောနေ့ခင်းကြောင်တောင်ကြီး၌ပင် ရမ်းကားပြီး ဇိုးလုပ်ချင်သူများရှိနေဆဲပင်။


စုယိ၏မျက်နှာထားမှာ တည်ငြိမ်နေပြီး သူမက အေးစက်စွာ‌ပြန်ဖြေလိုက်သည်။


" မဟုတ်ဘူး "


"တစ်ယောက်တည်း ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပါဘူးကွာ"


ဆံပင်အဝါနှင့်တစ်ယောက်က သူ၏ဘေးရှိ ဆံပင်အစိမ်းနှင့်တစ်ယောက်အား လက်တို့လိုက်ပြီး ထိုသူက ရုတ်တရက် အိတ်ထဲမှတစ်စုံတစ်ခုအား အသည်းအသန်ရှာနေတော့သည်။


ချူယင်းသည် ဖုန်းပြောနေရာမှ ပြန်ရောက်လာသောအခါ စုယိ၏ဘေး၌ဝိုင်းနေသောလူများကိုတွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ပြီး ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်၏။သူ အနီးနားသို့ရောက်လာသည်နှင့်အမျှ ဆံပင်အဝါဖြင့်တစ်ယောက်၏အသံက လွင့်ပျံ့လာသည်။


Xxxxxxx