Chapter 18
ချူယင်းသည် ဖုန်းပြောနေရာမှ ပြန်ရောက်လာသောအခါ စုယိ၏ဘေး၌ဝိုင်းနေသောလူများကိုတွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ပြီး ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်၏။သူ အနီးနားသို့ရောက်လာသည်နှင့်အမျှ ဆံပင်အဝါဖြင့်တစ်ယောက်၏အသံက လွင့်ပျံ့လာသည်။
" အစ်မက ဆိုင်ကြီးတွေကို အဲ့လိုမျိုးဝင်ခဲ့တာပေါ့ "
" ယုံချင်ယုံ မယုံချင်နေ "
Maskတပ်ထားသော စုယိ၏လေသံကတစ်မျိုးဖြစ်နေပြီး သူမသည် ပြောပြီးပြီးချင်း လှည့်ထွက်သွားရန်ပြင်လိုက်သော်လည်း အနောက်မှသုံးယောက်က သူမအား လှမ်းဖမ်းဆွဲထား၏။
"အဲ့လိုမလုပ်ပါနဲ့ အစ်မကြီး...ကျွန်တော်တို့ နားထောင်နေပါတယ် ဆက်ပြောပြပါဦး "
ထိုအခါစုယိက နှာခေါင်းသံဖြင့်ရယ်မောလိုက်ပြီး အနောက်သို့ပြန်လှည့်ကာ ထိုသုံးယောက်အားလက်ချာပေးတော့သည်။
"ဆံပင်ညှပ်သင်တန်းကျောင်းဆင်းပြီးသွားတာနဲ့ ဆံပင်ညှပ်ဆရာ ချက်ချင်းဖြစ်လာမှာ မဟုတ်သေးဘူး...ပထမဆုံး ဆိုင်တစ်ခုခုမှာ အလုပ်သင်ဝင်လုပ် ...ဖောက်သည်တွေကို စိတ်ရှည်လက်ရှည် ခေါင်းလျှော်ပေးပြီး ဘောက်ဆူးလေးဘာလေးယူပေါ့...နှစ်ဝက်ကနေတစ်နှစ်အထိကြာသွားရင် ဆံပင်ညှပ်ဆရာဆီကနေ ပညာယူဖို့အခွင့်အရေးရလာလိမ့်မယ် "
စုယိမှာ ယုံကြည်မှုရှိရှိ၊ သွက်သွက်လက်လက်နှင့် သဘာဝကျကျ ပြောဆိုတတ်သူဖြစ်သည်။ထိုသုံးယောက်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်ဂရုတစိုက်နားထောင်နေကြ၏။
" အဲ့လိုလား... အစ်မကြီးက အရမ်းအံ့ဩဖို့ကောင်းတာပဲ "
" ဘယ်သူ့ကိုအစ်မကြီးလာခေါ်နေဝာာလဲ ...ရပြီ သွားတော့... နေဦး လက်ကမ်းစာစောင်လေးပြန်ယူသွား"
ထိုသုံးယောက်က စုယိထံမှလက်ကမ်းစာစောင်ကိုပြန်ယူပြီး ကျေးဇူးတင်ကြောင်းတဖွဖွပြောလျက် အခင်းနေရာမှ ထွက်ခွာသွားတော့သည်။
ကိစ္စအရပ်ရပ်ပြီးဆုံးသွားပြီးနောက် ချူယင်းမှာ စုယိ၏အနားသို့တိုးကပ်သွားခဲ့ပြီး ထိုအချိန်တွင် စုယိထံမှ ဆရာမကြီးအသွင်အပြင်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်လေ၏။စုယိက ချူယင်းအား ပြုံးပြနေပြီး လောလောလတ်လတ်ဖြစ်ပျက်သွားသည့်ကိစ္စနှင့်ပတ်သတ်၍ စကားတစ်ခွန်းမှမဟခဲ့ပေ။
နှစ်ဦးသားခြေလှမ်းအနည်းငယ်အတူလျှောက်လှမ်းလာပြီးနောက် ချူယင်းက မေးလာခဲ့သည်။
" မင်းသရုပ်ဆောင်စလုပ်တုန်းက ဘယ်နှနှစ်လဲ "
" ၂၀...ရှင်ကရော အသက်ဘယ်လောက်လဲ "
" ၂၈ "
စုယိက ဘာမှဆက်မပြောဘဲ လက်ချောင်းများကိုချိုးရေနေပြီး ချူယင်းမှာမူ အခြေအနေအား နားမလည်နိုင်ဖြစ်နေသည်။
" ဘာဖြစ်လို့လဲ "
"ဘာမှမဟုတ်ပါဘူး"
အဖြေရှာတွေ့သွားဟန်တူသောစုယိက ခေါင်းကိုခပ်သာသာယမ်းပြီး ပြုံးဖြီးနေသောမျက်နှာထားဖြင့် ပြန်ဖြေ၏။
နှစ်ဦးသားဈေးဝယ်ထွက်ကြသည့် တစ်နာရီမပြည့်သောအချိန်တွင် ချူယင်း၏ဖုန်းမှာအကြိမ်ပေါင်းများစွာမြည်နေခဲ့ပြီး မုန့်ဆိုင်မှ လက်ဗလာဖြင့်ထွက်လာချိန်၌လည်း ထပ်၍မြည်လာပြန်သည်။ဤတစ်ကြိမ်၌ ချူယင်းမှာ ဆိတ်ကွယ်ရာသို့သွားရောက်ခြင်းမရှိဘဲ စုယိ၏အရှေ့၌ပင်ဖုန်းကိုင်လိုက်သည်။
“ပရောဂျက်တစ်ခုအတွက်နဲ့ ငါ့ဆီ ဒီလောက်ထိဖုန်းတွေခေါ်နေရရင် မင်းရဲ့အရည်အချင်းကို မေးခွန်းထုတ်ဖို့လိုလာပြီ "
ချူယင်းသည်အမိန့်ပေးကြပ်မတ်ရသည်ကို နေသားကျနေသူဖြစ်ပြီး ဤလိုအချိန်မျိုး၌သူ၏လေသံသည် သာမန်ထက် ပိုမာသည်။တစ်ဖက်ရှိဝန်ထမ်းမှာ မျက်ရည်ကျလုမတတ် ကြောက်ဒူးတုန်သွားနိုင်သော်လည်း စုယိမှာမူ ချူယင်း၏လေသံတိုင်း၌ ဝမ်းသာအားရဖြစ်ပြီးအူမြူးနေတတ်သူဖြစ်လေသည်။
သူ၏လေသံသည် ထိုအချိန်ကနှင့် တစ်ထပ်တည်းပင်။
စုယိ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားခဲ့ပြီး သူမသည် ပတ်ဝန်းကျင်ရှိဆိုင်များအား လှည့်ပတ်ကြည့်ရှုနေလိုက်၏။
ဤအရပ်၌ ဆိုင်အများအပြားရှိသော်လည်း အများစုမှာ ကုန်စုံဆိုင်များသာဖြစ်ကြသည်။သို့သော်လည်း ယခုအခါတွင် လုံခြုံရေးတင်းကြပ်လာသောကြောင့် ထိုလမ်းဘေးဆိုင်များသည်ပင်လျှင် ဆိတ်သုဉ်းလုနီးပါး ဖြစ်နေပြီး သန်းခေါင်းယံမှ ဆိုင်ထခင်းရသည့်သူများပင်ရှိနေသေးသည်။
မဝေးလှသောတစ်နေရာမှ လမ်းဘေးဆိုင်တစ်ဆိုင်က စုယိ၏မြင်လွှာထဲ တိုးဝင်လာသည်။လမ်းဘေးဆိုင်ဟုဆိုရမည်ထက် တွန်းလှည်းကလေးပေါ်တွင် ပစ္စည်းပစ္စယများတင်ပြီး " ကြိုက်တာယူ ၃ဒေါ်လာ "ဟု ဆိုင်းဘုတ်တပ်ထားသော ရွေ့လျားဈေးဆိုင်ငယ်ကလေးသာဖြစ်၏။
ထိုတွန်းလှည်းကလေး၏ဘေးတွင် အဘွားအိုတစ်ဦးရှိပြီး ရဲနှစ်ဦးက နံဘေး၌ ဝန်းရံထားကြသည်။
စုယိသည် နှုတ်ခမ်းများကိုတင်းတင်းစေ့ကာ ခပ်ကြဲကြဲခြေလှမ်းများဖြင့် ထိုနေရာသို့ မတုံ့မဆိုင်းဦးတည်သွား၏။
ခြေတစ်လှမ်း လှမ်းချိန်တိုင်းတွင် သူမ၏ယုန်နားရွက်လေးများကလှုပ်ခါသွားပြီး ထိုပုံစံကအလွန်ပင်ချစ်စရာကောင်းနေသည်။
" Boss ... Boss နားထောင်နေလားဗျ "
ချူယင်းကလည်း ဖုန်းချလိုက်ပြီး စုယိ၏အနောက်သို့လိုက်သွားသည်။
အခင်းနေရာရှိအဘွားအိုသည် လက်အုပ်ချီထားပြီး တစ်စုံတစ်ရာကို ဆက်တိုက်ပြောနေလေ၏။
"ရွေးချယ်စရာ မရှိဘူး...အဘွားမှာ ရွေးချယ်စရာ မရှိတော့ဘူး...မြေးလေးကိုလည်းကျောင်းထားရဦးမယ်...အိမ်မှာအဘွားတစ်ယောက်ပဲရှိတာကွဲ့...အဘွားရဲ့ဝင်ငွေနဲ့ စားစရိတ်တောင်အနိုင်နိုင်ရယ်...မြေးလေးရဲ့အနာဂါတ်အတွက် ရင်လေးလိုက်တာကွယ် "အဘွားအိုမှာ မျက်ရည်များတွင်တွင်စီးကျနေပြီး သူမ၏ဆံပင်များက ရှုပ်ပွနေသည်။
ရဲများသည် သနားစိတ်ဝင်သွားကြသော်လည်း သူတို့ထဲမှတစ်ယောက်က ဆက်ပြောလာ၏။
"အဘွား ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး...ဒါက စည်းကမ်းအရပါ "
" မသွားဘူးကွယ်... သွားလို့မဖြစ်ဘူး လူလေးရဲ့ "
ထို့နောက်တွင် ရဲနှစ်ယောက်က တီးတိုးတီးတိုးဆွေးနွေးနေခဲ့ပြီး နောက်ဆုံး၌ ဒေါ်လာငါးရာအား အဘွားအိုထံကမ်းပေးပြီး ဆက်လက်ဖြောင်းဖြကြသည်။
" အဘွား..ဒီပိုက်ဆံကို ယူပြီး ဆိုင်သိမ်းပေးပါ "
"အဘွားရဲ့မြေးက အသက်ဘယ်လောက်ရှိပြီလဲ"
မလှမ်းမကမ်းမှ မိန်းကလေးသံတစ်သံထွက်ပေါ်လာပြီး အဘွားအိုအပါအဝင် ရဲနှစ်ဦးစလုံးက လှည့်ကြည့်လိုက်ကြ၏။မေးမြန်းသူမိန်းကလေးမှာ အရပ်ရှည်ပြီး maskတပ်ထားလျက် ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်။
"မြေးလေးက ၂တန်းရောက်နေပြီ"
စုယိသည် မည်သည့်ရည်ရွယ်ချက်ဖြင့်ဆောင်ထားမှန်းမသိရသည့် စာအုပ်ကို ရဲတစ်ဦးထံမှ လှမ်းယူလိုက်ပြီး စာရွတ်အလွတ်တစ်ရွက်အား ဆွဲဖြဲလိုက်သည်။ထို့နောက် သူမသည် ကျန်ရဲတစ်ဦးဆီမှ ဘောပင်ကိုလှမ်းယူကာ ထိုစာရွက်ပေါ်၌ တစ်စုံတစ်ရာအား ရေးခြစ်နေ၏။
"အဘွား... ဒါက လိပ်စာ...ပြီးတော့ ဒီဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ပါ... ဒါက ကျွန်မနာမည် "
စုယိမှာ ထိုစာရွက်အား အဘွားကြီး၏လက်ထဲသို့ထည့်ပေးလိုက်ပြီး တစ်ခုချင်းစီအား လက်ညိုးဖြင့်ထောက်လျက် စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည်။
" ကျွန်မက ဖုန်းဆက်ခိုင်းလိုက်တာလို့ပြောလိုက်ပါ...အဲ့တစ်ယောက်က အဘွားရဲ့မြေးကို ကျောင်းထားပေးလိမ့်မယ်... အလကားနော်...ပိုက်ဆံမလိုဘူး”
ထိုအခါအဘွားအိုက စုယိအား မှိန်းခနဲ စိုက်ကြည့်ရင်း မေးလာသည်။
"အလကားလား"
“ဟုတ်ကဲ့...မြန်မြန်အိမ်ပြန်ပြီး မြေးလေးကျောင်းတက်ဖို့ ပြင်ဆင်တော့နော်အဘွား ”
အဘွားအိုမှာ အံ့အားသင့်ပြီး တစ်ချိန်တည်း၌ပင် သံသယဝင်နေလေသည်။
" အဘွားမြန်မြန်ပြန်အောင် ညာပြောတာတော့မဟုတ်ဘူးမလား "
ထိုအချိန်တွင် ရဲတစ်ဦးက စုယိအားမှတ်မိသွား၏။
"မဟုတ်ဘူး အဘွား...သူက နာမည်ကြီးပါ... လူသိများတဲ့သူကပြောတာဆိုတော့ ညာတာမဖြစ်နိုင်ပါဘူး "
အဘွားကြီးမှာ မျက်ရည်များပို၍ပင်စီးကျလာတော့သည်။
"တကယ်လား ...ကျေးဇူးတင်ပါတယ် မိန်းကလေးရယ် တကယ်ကိုကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ မိန်းကလေးကို အဘွားမသိဘူး... "
စုယိမှာ ထိုနေရာတွင်ပင် အေးခဲသွားခဲ့သော်လည်း ဘေးနားသို့ နောက်ထပ်ကယ်တင်ရှင်တစ်ယောက် ထပ်ရောက်လာခဲ့သည်။ချူယင်းက လမ်းပေါ်၌ခင်းကျင်းထားသော ပစ္စည်းပစ္စယများအား လှည်းပေါ်သို့ပြန်တင်ပေးနေရင်း ညင်ညင်သာသာပြောလိုက်၏။
" အဘွား ဘယ်မှာနေတာလဲဗျ ...ကျွန်တော်တို့ ပြန်လိုက်ပို့ပေးပါ့မယ် "
လမ်းတစ်လျောက်လုံး၌ပင် အဘွားအိုမှာ ကျေးဇူးတင်မဆုံးဖြစ်နေသေးသည်။ချူယင်းကလှည်းတွန်း၍ အရှေ့မှဦးစွာသွားနှင့်နေပြီး စုယိသည် အဘွားအိုနှင့်ဘေးချင်းယှဉ်လျက် လျှောက်လှမ်းလာသည့် အနေအထားဖြစ်၏။
“ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး...အခုခေတ်မှာ ကလေးတွေ ပညာမသင်မနေရလေ... ကျောင်းလခ ပေးစရာ မလိုပါဘူး”
"အဘွားသိပါတယ်... ဒါပေမဲ့ မှတ်ပုံတင်မရှိလို့ ဘာလို့ဆိုလားကွယ်... အဘွားလည်း နားမလည်ဘူး... အဲ့ဒါကြောင့် အဘွားမြေးကို ကျောင်းတက်ခွင့်မပေးဘူးတဲ့ " အဘွားအိုက သက်ပြင်းချလျက် ဖြစ်သမျှအကြောင်းကို ရှင်းပြလေ၏။
ထိုအဘွားအို၏မြေးမှာ အခြားရွယ်တူကလေးများထက် ပိုသေးညှက်ပြီး အားနည်းပုံရသည်။
စုယိတို့အားမြင်သည့်အခါတွင် ထိုကလေးလေးက အိမ်ထဲမှပြေးထွက်လာကာ" အစ်ကိုကြီး ၊ အစ်မကြီး " ဟု မဝံ့မရဲခေါ်ပြီးနောက်တွင် သူ၏အဘွားဖြစ်သူထံသို့ ဦးတည်သွားတော့သည်။
“အဘွား...မနက်ဖြန်ဆို သား လှည်းတွန်းပြီး ဈေးထွက်ရောင်းနိုင်လောက်ပြီ... သား သတ္တိရှိနေပြီ "
အဘွားအိုနှင့် မြေးသည် အချင်းချင်း၏ဘဝတွင် အရေးကြီးဆုံးအစိတ်အပိုင်းများဖြစ်ကြကြောင်း သတိပြုမိသွားသောစုယိမှာ မည်သည်ကိုမှဆက်မပြောဘဲ နှုတ်ဆက်ထွက်ခွာရန်ပြင်လိုက်၏။
စုယိက မထွက်ခွာမီတွင် လိပ်စာကို မှတ်သားနေခဲ့ပြီး ထိုအချိန်တွင် ချူယင်းကလည်း တွန်းလှည်းအားအိမ်ထဲသို့သွင်းပေးရာမှ ပြန်ထွက်လာရင်း ပြောလေသည်။
" ပြန်ကြရအောင် "
*****
ကားထဲသို့ ရောက်သောအခါ စုယိက ရေဒီယိုကိုဖွင့်လိုက်၏။
ချူယင်းသည် ကားမောင်းနေစဉ် သီချင်းနားထောင်ရခြင်းကို မနှစ်သက်ကြောင်း စုယိသတိထားမိခဲ့ပြီး သူသည် ဟွန်းလည်းတီးလေ့မရှိပေ။ချူယင်းထံတွင် ဤကဲ့သို့ အံ့အားသင့်စရာကောင်းသည့် ကားမောင်းခြင်းအလေ့အထ ရှိပေသည်။
စုယိသည် အဘွားအို၏အကြောင်းကို ဝူရွှယ်အား ပြောပြခဲ့ပြီး လိပ်စာကို မက်ဆေ့ခ်ျပေးပို့လိုက်၏။
[ နတ်ဘုရားမ စုယ်ိ : ရာသီဥတုအေးတဲ့အချိန်မျိုးတွေမှာ စောင်နဲ့ စားစရာတွေပို့ပေး... ]
[ ဝူရွှယ် : သူတို့ကို ပိုက်ဆံပေးရုံနဲ့ မလုံလောက်ဘူးလား... ဘာလို့ ကိုယ့်ဒုက္ခကိုယ်ရှာနေတာလဲ ]
[ နတ်ဘုရားမ စုယိ : ဟင့်အင်း...ပစ္စည်းတွေပဲပို့ပေး...]
[ ဝူရွှယ် : အေးပါ... နင်ပြန်လာတဲ့အချိန်ကျရင်ရော ဘယ်လိုရှင်းပြဖို့ စိတ်ကူးထားတုန်း... ]
စုယိက reply ဆက်မပြန်တော့ဘဲ ကားမှန်ကိုခေါင်းမှီကာ သီချင်းလေးညဉ်းနေလိုက်သည်။ ဖြစ်ပျက်သမျှအရာအားလုံးသည် သူမအားမထိခိုက်စေဘဲ လောကကြီးထဲတွင် ဤသို့သနားစရာကောင်းသူ အများအပြားရှိ၏။ သို့သော်လည်း တစ်ယောက်ချင်းစီအား ဂရုဏာမသက်ရမနေနိုင်သော ဤစိတ်ထားမျိုးဖြင့် ကျန်ရှိသောသက်တမ်း၌ မည်ကဲ့သို့ ဆက်လက်ရှင်သန်လေရမည်နည်း။
" အိမ်ပြန်ပို့ရမှာလား "
မီးပွိုင့်စောင့်နေချိန်တွင် ချူယင်းက ခပ်တိုးတိုးမေးလာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲပစ်သည်။
“ဖုန်းနံပါတ်လဲရအောင်...WeChatမှာပဲ ပြောရတာ အဆင်မပြေဘူး...” စုယိမှာ အတွေးကမ္ဘာထဲမှထွက်လာပြီး ချူယင်း၏မျက်ဝန်းများထဲသို့ စိုက်ကြည့်လျက် ပြောလိုက်သည်။
ယခုအခြေအနေမှာ အွန်လိုင်းပေါ်မှတွဲခုတ်နေကြသလိုမျိုးပင်။
စုယိသည် သူမနှင့် ချူယင်းတို့ကြားတွင် အတည်တကျဖြစ်သောဆက်ဆံရေးကို စိုက်ထူထားလိုပြီး ရှင်းရှင်းပြောရလျှင် သူမသည် တွေ့ချင်သလိုတွေ့ ၊ စိတ်ရှိတိုင်းဖက်နမ်းနိုင်သော ဆက်ဆံရေးမျိုးကို ပိုမိုလိုလားပေ၏။
ယခုအချိန်တွင် ချူယင်းမှာတစ်ဖက်လူ၏အမူအကျင့်အား နေသားကျနေပြီဖြစ်ပြီး မည်သည်ကိုမှ ကပ်သတ်၍ ပြောမနေတော့ပေ။သူသည် lockဖြည်ထားသော ဖုန်းအား စုယိထံ ကမ်းပေးလိုက်၏။
စုယိ၏မျက်လုံးများက ရုတ်ချည်းတောက်ပသွားပြီး သူမက ဖုန်းကို ဝမ်းသာအားရလှမ်းယူလိုက်သည်။
သူတို့နှစ်ဦး၌ အမှတ်တံဆိပ်တူညီသော ဆဲလ်ဖုန်းများရှိကြပြီး စုယိသည် သူမ၏ဖုန်းမှာ သစ်သီးနာမည်ရှိသည့် brandမှဖြစ်သည်ဟူသော အမှန်တရားကို လျစ်လျူကာ အလွန်ပင် စိတ်ကျေနပ်အားရဝမ်းသာနေမိသည်။
ဖုန်းနံပါတ်ရိုက်ထည့်ပြီးသည်နှင့် စုယိ၏လက်များက တုံ့ဆိုင်းသွားကာ တစ်ခုခုအား အတွေးများနေပုံပေါ်ပြီး နောက်ဆုံးတွင် သူမသည် contact name၌ စကားလုံးအချို့ကိုရိုက်ထည့်ပြီးနောက် ဖုန်းကိုပြန်ပိတ်လိုက်သည်။
သို့သော်လည်း စုယိက ချူယင်း၏ဖုန်းကိုပြန်မပေးသေးဘဲ သူမ၏လက်ထဲ၌ပင် တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ပြီး ကားပါကင်သို့ရောက်သွားသောအချိန်မှသာ ထိုင်ခုံနှစ်ခုကြား၌ ချလိုက်၏။
အင်ဂျင်အား ရပ်တန့်လိုက်ခြင်းကြောင့် ကားထဲ၌တုန်ခါမှုမရှိတော့ဘဲ စုယိ အပြင်ထွက်ရန်အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
စုယိကားပေါ်မှဆင်းသွားချိန်တွင် ချူယင်းကလည်း ထိုင်ခုံခါးပတ်ကိုဖြုတ်၍ ကားပေါ်မှထပ်ဆင်းလာပြန်၏။
" လိုက်ပို့ပေးမယ် "
စုယိသည် သူမ ဖြတ်ကျော်ရမည့် ခြေတစ်လှမ်းစာအကွာအဝေးတိုင်းကို ခြေလှမ်း သုံးလှမ်း လှမ်းနိုင်စေရန် ဆန္ဒရှိခဲ့သည်။
သူမ ဓာတ်လှေကားစောင့်နေစဉ်တွင် နံရံကို မှီကာ ချူယင်းအား ဘေးတိုက်ငေးနေလိုက်သည်။
" ရှင် အခုတလော အလုပ်များလား "
စုယိက ယုန်နားရွက်ဘီးကုပ်အား ဝတ်ဆင်ထားဆဲဖြစ်ပြီး သူမ လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ စုယိသည်အဖြူနှင့်အပြာစပ်ထားသည့် ဘလောက်စ်အင်္ကျီ၏ အပေါ်မှကြယ်သီးများကို ဖြုတ်ထားပြီး ထိုမှတစ်ဆင့် သူမ၏ဖွေးဥနေသောအသားအရည်နှင့် ညှပ်ရိုးများအား အတိုင်းသားမြင်နေရ၏။
" မများပါဘူး "
" ကျွန်မလည်းမများဘူးရယ် "
မကြာမီတွင်ဇာတ်ကားရိုက်ကူးရေးလုပ်ရမည်ဖြစ်သော စုယိက သွား ၃၂ချောင်းလုံးပေါ်အောင် ပြုံးဖြီးလျက် ပြန်ဖြေသည်။ဤစကားကို ဝူရွှယ်သာကြားသွားလျှင် စုယိ၏ဘဝမှာ မတွေးရဲစရာပင်။
ဓါတ်လှေကားစီးနေချိန်တွင် စုယိမှာ နောက်တစ်ကြိမ်ထပ်တွေ့ရန်မည်ကဲ့သို့မေးမြန်းရမည်ကို စဉ်းစားနေခဲ့သော်လည်း အဖြေမရခဲ့ဘဲ ဓာတ်လှေကားမှ " ဒင် " ဟူသော အသံကိုသာ ကြားလိုက်ရသည်။
အဆုံးမရှိသော ဓာတ်လှေကားကို စီးနိုင်သည့် ဇာတ်လမ်းထဲမှ အကွက်များသည် လိမ်ဆင်များသာဖြစ်၏။
ထို့နောက်တွင် ချူယင်းက ဓာတ်လှေကားထဲမှ ထွက်လာပြီး စုယိအိမ်ထဲသို့ဝင်သွားသည့်မြင်ကွင်းအားကြည့်ရန် ရပ်စောင့်နေခဲ့သည်။
စုယိက စကားဝှက်ရိုက်ထည့်ပြီး တံခါးဖွင့်လိုက်ကာ ချူယင်းအား လှည့်ကြည့်လျက် မေးလာ၏။
" အိမ်ထဲဝင်ပြီး ပျားရည်လေး ဘာလေး သောက်သွားဦးမလား "
" မလိုပါဘူး ကျေးဇူးပါရှင့် "
သို့သော်လည်း အိမ်အတွင်းထဲမှ တစ်စုံတစ်ယောက်က စုယိ၏အမေးအား ပြန်ဖြေလာသည်။
ဝူရွှယ်သည် လက်ပိုက်လျက် တံခါးဝတွင်ရပ်နေပြီးချူယင်းထံသို့ လက်ဝှေ့ယမ်းပြလိုက်၏။
"ဒါရိုက်တာ ချူ...သူ့ကို စောင့်ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်နော်"
ချူယင်းက မျက်ခုံးပင့်ကာ ဘာမှဆက်မပြောဘဲ ဓာတ်လှေကားထဲသို့ ပြန်ဝင်သွားသည်။စုယိက အိမ်တံခါးအားမှီရင်း ဓါတ်လှေကားတံခါးများ ဖြည်းညင်းစွာပိတ်သွားသည်အထိ စိုက်ကြည့်နေခဲ့၏။
Xxxxxxxxx