Chapter 20
Cornettoကိုစွဲလမ်းမိနေပြီ။
စုယိ၏သတင်းက ဓါတ်ပုံကိုးပုံနှင့်အတူ ဟိုးလေးတကျော်ဖြစ်နေပြီး ရှာဖွေမှု ထိပ်ဆုံး၌ရှိနေသည်။
ပထမတစ်ပုံမှာ 'သူက ဒီနယ်ပယ်ကမဟုတ်တော့လေ ' ဟူသော စကားလုံးပါဝင်သည့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှဓာတ်ပုံဖြစ်ပြီး giftပေးသူများစာရင်း၏ ထိပ်ဆုံးတွင် လျန့်ပေါ၏နာမည်ကြီးက ပြူးပြဲနေသည်။
ကျန်ရှိသည့် ရှစ်ပုံမှာ စုယိတစ်ယောက် ကားပါကင်၌ရှိနေသောဓာတ်ပုံများဖြစ်၏။ဓာတ်ပုံထဲရှိ စုယိမှာ အပြာနှင့်အဖြူစပ်ထားသောအင်္ကျီကို ၀တ်ဆင်ထားပြီး သူမသည် ဘေးနားမှအရပ်ရှည်ရှည်ပုခုံးကျယ်ကျယ်နှင့် သန်စွမ်းသောအမျိုးသားအား မှီလုမတတ်အနေအထားဖြစ်နေသည်။ချူယင်း၏မျက်နှာနေရာကိုမူ မှုန်ဝါးထားပြီး " အကောင်ကြီးကြီး စီးပွားရေးလုပ်ငန်းရှင် " ဟူ၍မြားထိုးလျက် ဖော်ပြထား၏။
"အကောင်ကြီးတဲ့လား ... တစ်ခုခုတော့တစ်ခုခုပဲ... မျက်ခွက်ကိုဝါးထားပေမဲ့ အရေးအကြောင်းတွေရှိတာသေချာတယ်...ခေါင်းစဉ်ကရောဘာကြီးလဲ...မီဒီယာတွေက အခုချိန်ကို ၈၀ပြည့်နှစ်များထင်နေလားမသိဘူး...ချမ်းသာတဲ့မိသားစုထဲဝင်လုံးဖို့ အကောင်ကြီးကြီးကိုယူတာက အခုထိ ခေတ်စားနေတုန်းလား "ချူရှီးကလှောင်ပြောင်သည်။
"မင်းအရင်က ဘားတစ်ခုဖွင့်ချင်တယ်လို့ ပြောဖူးတယ်မလား" ချူယင်းက ရုတ်တရက် ကြားဖြတ်မေး၏။
ထိုအခါချူရှီး၏ မျက်လုံးများက ရုတ်ချည်းပင် တောက်ပလာကာ သူမသည် အနူးညံ့ဆုံးလေသံအားချိန်ညှိပြီး အစ်ကိုဖြစ်သူအား မိန်းကလေးဆန်စွာ ပြောလိုက်တော့သည်။
"ဟုတ်တယ်လေ...ကိုကိုရဲ့...ဘာလဲ...အရင်းအနှီးထုတ်ပေးမလို့လား "
" မဟုတ်ဘူး...စိတ်ကူးတောင်မယဉ်နဲ့တော့လို့ပြောမလို့ "
ချူရှီးမှာစိတ်ရှုပ်သွားပြီး ထိုအချိန်တွင် ချူယင်းက အပြင်သို့ထထွက်သွားခဲ့၏။ချူယင်းမှာ သူ၏လက်ထောက်ထံသို့ ဖုန်းခေါ်လိုက်ပြီး တစ်ဖက်လူကလည်း ခေါ်ဆိုမှုအားချက်ချင်းပင် ပြန်လည်ဖြေကြားသည်။
" ဟုတ်ကဲ့ပါ ဒါရိုက်တာချူ "
"Weibo အကောင့် အဆင်သင့်ဖြစ်ပြီလား"
"ဖြစ်ပါပြီ...အခုပဲ အကောင့်နံပါတ်နဲ့ စကားဝှက်ကိုပို့ပေးလိုက်ပါ့မယ် "
" ပြီးရင် weiboပေါ်မှာပြန့်နေတဲ့ ဓာတ်ပုံတွေအကုန်လုံးဖျက်ချလိုက် "
***
စုယိသည် အခါးဓာတ်ပြည့်ဝနေသော ဟင်းသီးဟင်းရွက်ဖျော်ရည်ကိုမျိုချလိုက်သည်။အနံ့အသက်မှာ အော်ဂလီဆန်စရာကောင်းပြီး ရူးလောက်၏။
"ရွှယ်ရွှယ်...ငါ မူးလဲတော့မယ်ထင်တယ် "
"မလဲနဲ့ဦး...၂နာရီ gymဆော့ပြီးတော့မှ နင့်ဘာနင် မူးလဲလို့မကလို့ ထိုးအိပ်အိပ် "
ဝူရွှယ်က အားကစားဝတ်စုံကို လဲလှယ်ပြီးသွားပြီဖြစ်သည်။စုယိမှာမူ ကိုယ့်ထိုက်နှင့်ကိုယ်ဖြစ်၍ အထွန့်မတက်ရဲရှာပေ။
ယမန်နေ့၌ စုယိသည် လက်ကျန်ဘဝနှင့် တန်ဖိုးထားရသောအရာမှန်သမျှကိုရင်း၍ကျိန်ဆိုကာ weiboတွင် မည်သည့်တုံ့ပြန်မှုမျိုးကိုမှ ပြုလုပ်မည်မဟုတ်ပါကြောင်းကတိအထပ်ထပ်ပေး၍ Weibo accအား ဝူရွယ့်ထံမှ ခခယယ ပြန်လည်တောင်းခံထားရ၏။
"ဘာမှ မတင်တာကြာတော့လည်း ကောင်းပါတယ်... အခု တစ်ခုခုတင်လိုက်ရင်ရော ဘယ်လိုလဲ"
ဝူရွှယ်၏စကားကြောင့် စုယိက gallery ကိုဖွင့်ပြီး ပုံအချို့ကိုရှာဖွေနေတော့သည်။နောက်ဆုံးတွင် စုယိမှာCornettoရေခဲမုန့်ကိုင်ဆောင်ထားသော ဆယ်လ်ဖီပုံကိုရွေးလိုက်ပြီး "Cornettoကိုစွဲလမ်းမိနေပြီ * ပန်ဒါအီမိုဂျီ* "ဟူသော ကပ်ပရှင်တပ်၍ Weibo တွင် တင်လိုက်သည်။
ထိုအခြင်းအရာကိုမြင်သွားသောဝူရွှယ်က လေ့ကျင့်ခန်းသွားမလုပ်မီတွင် စုယိအား နာရီဝက်နီးပါးကြာအောင် ပွစိပွစိပြောလျက် အစားအသောက်အကြောင်းသင်တန်းပို့ချနေခဲ့၏။
အသေအချာ စဉ်းစားကြည့်ပါက စုယိသည် ရိုက်ကူးရေးစလုပ်ရတော့မည့်သူတစ်ယောက်အနေဖြင့် ပေါ့လျော့လွန်းခဲ့သည်။ ရေခဲမုန့် နှင့်မာလာဟင်းကဲ့သို့သောအရာများက အမျိုးသမီးသရုပ်ဆောင်တစ်ဦး လက်လွှတ်စပယ်စားသုံး၍ရသည့်အရာများဟုတ်မနေပေ။
ထို့ကြောင့်ပင် ယခု၌ စုယိမှာ အသီးအရွက်များကို အမုန်းကြိတ်နေခဲ့ရပြီး အစာကြေလောက်သောအချိန်တွင်မှ ဝူရွှယ် နှင့်အတူ အားကစားခန်းမသို့ သွားရောက်ခဲ့သည်။
အားကစားခန်းမသည် ကွန်ဒိုမီနီယံ၏ အဆောက်အဦးများထဲမှ တစ်ခုဖြစ်ပြီး ဤရပ်ကွက်၌ နာမည်ကြီးများအနေများသဖြင့် လုံခြုံရေးတင်းကြပ်လှသည်။ဤကွန်ဒို၌ နေထိုင်ကြသူများမှလွဲ၍ အပြင်လူများ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်မရှိပေ။စုယိတို့ရောက်လာသောအချိန်တွင်လည်း လူအနည်းငယ်သာရှိနေသည်။
ပြေးစက်ပေါ်တွင် နာရီဝက်ခန့် ပြေးပြီးသည့်တိုင် စုယိမှာချွေးအလွန်အကျွံမထွက်သေးပေ။ ဝူရွှယ်က စုယိ၏လည်ဂုတ်ပေါ်၌ပုဝါကိုတင်ပေးရင်း မေးလာသည်။
"ပင်ပန်းလို့လား...ဘာလို့ဒီလောက်ထိ လေးပင်နေတာလဲ "
ထိုအခါ စုယိက ခေါင်းခါသည်။သူမသည် အလွန်အကျွံပင်ပန်းနေခြင်းမျိုးမဟုတ်သော်လည်း ယနေ့၌ထူးထူးခြားခြားစိတ်အခြေအနေကောင်းမနေချေ။စုယိမှာ comment များကို လိုက်ဖတ်ခဲ့ပြီး သူမသည်တိုက်ခိုက်ခံရခြင်းအားအရေထူနေပြီဖြစ်သော်လည်း ချူယင်းအား ဝိုင်းဝန်းပြောဆိုနေကြသည်ကိုမူ မခံစားနိုင်ဖြစ်နေ၏။ချူယင်း၏အကြောင်းကိုကောင်းကောင်းမသိသူများက
" မျက်စိမွဲနေတဲ့အဖိုးကြီး ၊ စပွန်ဆာကောင် ၊ ရှုးဂါးဒယ်ဒီ "အစရှိသော စကားလုံးများဖြင့် မှိုချိုးမျှစ်ချိုးပြောဆိုနေကြသည်။
စုယိမှာ ထိုစကားများကြောင့် အလွန်မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ပြန်လည်မတုံ့ပြန်မိစေရန်အတွက် ဂန္ထဝင်အက္ခရာသုံးဖွယ်အား မည်မျှပင်အထပ်ထပ်ရွတ်ဆိုနေခဲ့ရကြောင်းကို ကောင်းကင်ဘုံသာ သိလေ၏။
(T/N :: ဂန္ထဝင်အက္ခရာသုံးဖွယ် ဆိုသည်မှာ ကလေးများအား ပညာပေးရန်အတွက် အသုံးပြုခဲ့သည့် ရှေးခေတ်တရုတ်အက္ခရာတစ်ခုဖြစ်ပြီး နာမည်တွင်ဖော်ပြထားသည့်အတိုင်း ၎င်းတွင် စကားလုံးသုံးလုံးပါဝင်ကာ လူတို့အား ကိုယ်ကျင့်တရားသာမက အမှားအမှန်ခွဲခြားတတ်စေရန်ကိုပါ လမ်းညွှန်သင်ကြားပြသပေးသည်။ )
ဝူရွှယ်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်နေခဲ့ပြီး ဖုန်းမျက်နှာပြင် ပေါ်ရှိတစ်စုံတစ်ခုက သူမ၏အာရုံငါးပါးအား ဖမ်းစားသွားခဲ့သည်။ဝူရွှယ်က ချက်ချင်း ဝုန်းခနဲထရပ်လိုက်ပြီး စုယိ၏လက်မောင်းအား တဖတ်ဖတ်ပုတ်လျက်ပြောတော့၏။
" ဟဲ့...ဟဲ့... ပြေးတာရပ်...ရပ်ဦး "
စုယိသည် အပြေးစက်ရှိ ခေတ္တရပ်သည့်ခလုတ်ကိုနှိပ်လိုက်ပြီး ချွေးများကိုသုတ်ကာ အခြေအနေအားစူးစမ်းလိုက်၏။
" ဘာဖြစ်လို့လဲ "
" Weiboဖွင့်ပြီး.. ချူယင်းကို followလိုက် "
" သူ့မှာ Weibo acc ရှိတာလား "
စုယိက မေးလိုက်သည်။ယခင်အချိန်၌ ချူယင်း၏weibo အား မည်သို့ရှာရှာ မတွေ့ခဲ့ချေ။
" အေး...အသစ်ဖွင့်ထားတဲ့ပုံပဲ "
စုယိမှာ လေ့ကျင့်ခန်းဆက်လုပ်ရန် စိတ်ဝင်စားမှုပျောက်ရှသွားခဲ့ပြီ သူမသည် Weibo ကို အမြန်ဖွင့်ကာ search bar တွင် " ချူယင်း " ဟုရိုက်နှိပ်ရှာဖွေလိုက်တော့၏။
ရှာဖွေပြီးနောက် ပေါ်လာသည့် ပထမဆုံးအကောင့်၏ပရိုဖိုင် အောက်ခြေညာဘက်ထောင့်တွင် အဝါရောင် v သင်္ကေတလေးတစ်ခုရှိသည်။
(T/N :: Weiboရှိ v သင်္ကေတမှာ Instagram နှင့် Twitter တို့ရှိ blue markနှင့်ဆင်တူသည်။ )
စုယိသည် ထိုအကောင့်ထဲသို့ဝင်ကြည့်လိုက်သောအခါ ရိုးရှင်းသော နိဒါန်းဖြစ်သည့် " ချူကော်ပိုရေးရှင်း၏ CEO " ဟူသောစာတန်းအား ဦးစွာမြင်လိုက်ရ၏။
Following _ 1
ချူယင်း followလုပ်ထားသည့် တစ်ဦးတည်းသောသူမှာ စုယိပင်ဖြစ်သည်။သူ၏wallထဲတွင် v သင်္ကေတရရှိကြောင်း အသိအမှတ်ပြုပိုစ့်နှင့် Likeလုပ်ထားခဲ့သော အသိပေးချက်တစ်ခုရှိသည်။
_လွန်ခဲ့တဲ့ ၂၇ မိနစ်က ပို့စ်တစ်ခုကို Likeနှိပ်ခဲ့ပါတယ် [စုယိ v: cornettoကိုစွဲလမ်းမိနေပြီ *ပန်ဒါအီမိုဂျီ* ]_
စုယိမှာ ချူယင်းအား ဝမ်းသာအားရပြန်လည် followလိုက်ပြီး chatbox ထဲဝင်ကာ ချူယင်းထံသို့ ပန်ဒါအီမိုဂျီများကို ရှယ်ပလန်ဖြင့် တရစပ်ပို့တော့သည်။
သို့သော်လည်း တစ်ဖက်မှ replyက ဒုံးကျည်ထက်ပင် ပိုမြန်နေသေး၏။
[ ချူယင်း v : ဟမ်... ]
စုယိမှာ ချူယင်း၏လေသံကို ပုံဖော်ကြည့်နိုင်ပြီး ထိုအရာက သူမအားနှလုံးရပ်သွားစေနိုင်သည်။
"ရွှယ်ရွှယ်လေး" စုယိသည် ချိနဲ့နဲ့လက်များဖြင့် ဝူရွှယ်အားလှမ်းထိလိုက်၏။
" ဘာလဲ "
“ငါ့ကိုထူပေးပါဦး... နောက်ထပ် ဆယ်နာရီလောက် ပြေးနိုင်မယ်ထင်တယ် ”
“…....”
စုယိမှာ gymတွင် တစ်နေ့ခင်းလုံး သောင်တင်နေခဲ့သည်။
အိမ်ပြန်သွားသောလမ်းတွင် ဝူရွှယ်က စုယိ၏ချွေးများကိုသုတ်ပေးနေရင်း သူမ၏သုံးသပ်ချက်ကို ထုတ်ဖော်ပြောကြား၏။
" အဲ့ဒီ ချူမျိုးနွယ်က တစ်ခုခုတော့ တစ်ခုခုပဲ "
စုယိသည် စကားမပြောနိုင်လောက်အောင်ပင်ပန်းနေခဲ့သော်လည်း လက်ကျန်အင်အားကို တတ်နိုင်သမျှညှစ်ထုတ်ကာ " ဘာလို့လဲ " ဟု ခပ်တိုးတိုးမေးလိုက်၏။
" ကုမ္ပဏီက PRအဖွဲ့တောင် ပွထနေတဲ့သတင်းတွေနဲ့ပတ်သတ်ပြီးတော့ နေ့ဝက်လောက် ဘာမှတတ်နိုင်တာမဟုတ်ဘူး...သူ့ကျတော့ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ သတင်းတွေ ဓာတ်ပုံတွေ အကုန်လုံး ဖြုတ်ချပြီးသားဖြစ်သွားတယ်လေ "
အိမ်ပြန်ရောက်ပြီးနောက်တွင် စုယိမှာရေချိုးကန်ထဲတွင်စိမ်ရင်း အေးအေးဆေးဆေး အနားယူနေလေသည်။
သူမသည် ဖုန်းကို ကန်ဘောင်ပေါ်တွင်တင်ထားပြီး ရရှိလာသောဇာတ်ညွှန်းအသစ်ကိုဖတ်ရှုနေ၏။
လီမင်က သူမအား လိမ်ညာပြောခဲ့ခြင်းမဟုတ်ပေ။ချိုးကျီဇာတ်ကောင်မှာ များများစားစားပြောင်းလဲသွားခြင်းမျိုးမရှိသော်လည်း ဇာတ်ကောင်အသစ်အတွက်မူ ဇာတ်ဝင်ခန်းအသစ်များစွာပါရှိလာသည်။
ချိုးကျီဇာတ်ကောင်၏ဇာတ်ဝင်ခန်းတစ်ဝက်ခန့်တွင် ထိုဇာတ်ကောင်အသစ်က ပူးကပ်၍ပါနေပြီး များသောအားဖြင့် အရေးမပါသည့် အရံဇာတ်ကောင်ဖြစ်လင့်ကစား သူ့အတွက် ဒိုင်ယာလော့ တစ်ကြောင်းနှစ်ကြောင်းမှာတော့ အမြဲလိုလို ပါဝင်နေဆဲဖြစ်သည်။
စိတ်ရှုပ်စရာကောင်းလှ၏။
လီမင်ဘက်မှ ဇာတ်ညွှန်းပေးပို့လာချိန်တွင် သူမတို့နှစ်ဦးသည် စကားပြောဖြစ်ခဲ့ကြပြီး ဖြစ်သမျှအကြောင်းမှာ လီမင်နှင့်မသက်ဆိုင်ကြောင်းသိခဲ့ရသည်။ဇာတ်ကောင်အသစ်ထည့်သွင်းခြင်းမှာ စာရေးဆရာနှင့် ရင်းနှီးမြှုပ်နှံသူနှစ်ဦးထဲမှ တစ်ဦးဦး၏အကြံဖြစ်နိုင်ပြီး မည်သည့်ရှုထောင့်မှကြည့်ကြည့် လီမင့်ထံတွင် တာဝန်မရှိပေ။
ထိုအချိန်တွင် ဘေးနားရှိဖုန်းမှ Noti သံထွက်လာခဲ့ပြီး စုယိက ဇာတ်ညွှန်းကိုဘေးဖယ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
[ ချူယင်း : အပြင်မှာ ]
စုယိမှာ အချိန်ကိုတစ်ချက်စစ်ကြည့်လိုက်ပြီး ယခုအချိန်၌ ညဆယ်နာရီခွဲနေပြီဖြစ်လေ၏။သူမ reply ပြန်ရန်ပြင်လိုက်ချိန်တွင် ရေချိုးခန်းတံခါးက ပွင့်လာခဲ့သည်။
တံခါးလက်ကိုင်ဘုကိုကိုင်ထားပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသောဝူရွှယ်၏ပုံစံက အပြင်သွားရန်အဆင်သင့်ဖြစ်နေပုံပင်။
" ငါအပြင်သွားဦးမယ် "
" အရမ်းနောက်ကျနေပြီကို ဘယ်သွားမလို့လဲ"
"လျှိုမင်ဟောင် မူးပြီး မှောက်နေပြီ...သူက ဘားရောက်နေတာ...ငါသွားကြည့်ပေးဖို့ လိုတယ်"
"ငါ လိုက်ခဲ့မယ်" စုယိက တုန့်ဆိုင်းမနေဘဲပြောလိုက်သည်။
ထိုအခါ ဝူရွှယ်က လက်ကို ဝှေ့ယမ်းလျက် ငြင်းဆန်၏။
“အဲ့လောက်ထိ မလိုပါဘူး... ကြီးကြီးမားမားလည်းမဟုတ်ဘူး... နင်တစ်နေကုန်ပြေးထားရတာကို မပင်ပန်းဘူးလား "
"မဟုတ်ဘူး...အရမ်းနောက်ကျနေပြီ...စိတ်ပူမိလိမ့်မယ်"
စုယိက ပြောပြောဆိုဆိုဖြင့် ရေချိုးကန်ထဲမှကုန်းရုန်းထပြီး ရေခြောက်အောင်သုတ်ကာ အဝတ်အစားဝတ်လိုက်သည်။သူမသည် အပြင်မထွက်မီတွင် mask ၊ နေကာမျက်မှန်နှင့် ဦးထုပ်တို့ကို လုံခြုံအောင်၀တ်ဆင်ပြီးနောက် ဝူရွှယ်အား ပြောလိုက်သည်။
"သွားရအောင်"
ဝူရွှယ်က ကားမောင်းရန် တာဝန်ယူခဲ့ပြီး ဖက်ထုပ်ကဲ့သို့ လုံလုံးလျားလျားဖြစ်နေသော စုယိက ကားထဲသို့ဝင်လာခဲ့သည်။
" မကြာခင်ကမှ နင့်ကို ပါပါရာဇီတွေအများကြီးက လိုက်ချောင်းနေကြတာလေ...မလိုက်ခဲ့ပါနဲ့လား... ငါအဆင်ပြေပါတယ် "
ဝူရွှယ်မှာ ယခုအချိန်ထိ စိတ်ပူပန်နေဆဲဖြစ်သော်လည်း စုယိက ခပ်မြန်မြန်ပင် ငြင်းဆိုလိုက်၏။
“စကားအများကြီးမပြောနဲ့... မြန်မြန်မောင်းတော့...အဲ့ဒါမှ အိမ်ပြန်ပြီး စောစောအိပ်လို့ရမှာ”
***
ကားပေါ်မှဆင်းပြီးနောက် ဘားသို့ရောက်သည့်အခါ စုယိက မှတ်ချက်ပြုလေသည်။
"နင့်ရည်းစားက ပိုက်ဆံအရမ်းပေါသောနေတဲ့ပုံပဲ"
စုယိသည် ယခင်ကမရောက်ဖူးခဲ့သော်လည်း ဤဘား၌ ဈေးအပေါဆုံးနေရာကိုပင် နှစ်ပတ်ခန့်ကြိုတင်စာရင်းပေးသွင်းရကြောင်း ကြားဖူးနားဝရှိခဲ့သည်။
လျှိုမင်ဟောင်၏ရဲဝန်ထမ်းလစာ နှစ်ပဲခြောက်ပြားဖြင့်မဆိုထားနှင့် ဝူရွှယ်သည်ပင်လျှင် ဤဘားသို့လာရန် မသက်မသာခံစားရပေမည်။ဝူရွှယ်က စုယိ၏စကားကိုမတုံ့ပြန်ခဲ့ဘဲ နှစ်ယောက်သားအတူ ဘားထဲသို့ဝင်သွားခဲ့ကြ၏။
ည၁၁နာရီဖြစ်၍ အထဲ၌ လူအတော်စည်နေသည်။
မှိန်ပျပျနှင့် မထင်မရှား ရောင်စုံမီးလုံးရ်ိပ်များက မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားပြီး လေထုသည် မှုန်မှိုင်းလျက် သရုပ်ပျက်သောခံစားမှုကို ပေးစွမ်းသည်။
DJ တီးခတ်နေသေသီချင်းများသည် စုယိအားရင်တုန်စေပြီး သူမသည် ခေါင်းကိုက်ချင်သလိုလိုဖြစ်လာ၏။
ဖုန်းဆက်နေသောဝူရွှယ်၏ မျက်နှာက သိပ်မကောင်းပေ။
" ဖုန်းလည်းမကိုင်ဘူး "
" နင် ဟိုဘက်သွားရှာ...ငါက ဒီဘက်သွားမယ် "
စုယိက လူခွဲရှာရန်အကြံပြုသည်။
" ဟင့်အင်း... လူတွေအများကြီးပဲ ငါတို့အတူတူသွားဝာာ ပိုကောင်းမယ်"
စုယိသည် သူမအားဖမ်းဆွဲထားသောဝူရွှယ့်လက်အားကျန်လက်တစ်ဖက်ဖြင့် ထပ်မံအုပ်မိုးလိုက်၏။
" ငါလည်းလူကြီးပါ. ..လမ်းမပျောက်ပါဘူး "
စုယိဦးတည်ခဲ့သည့် ပထမဆုံးနေရာမှာ သန့်စင်ခန်းဖြစ်သည်။သန့်စင်ခန်းထဲ၌ အရက်မူးပြီး မူးလဲသည့် ဖြစ်ရပ်များစွာရှိတတ်သောကြောင့် စုယိသည် ထိုနေရာသို့ဦးတည်ခဲ့ခြင်းဖြစ်သော်လည်း လမ်းတစ်ဝက်တွင် တစ်စုံတစ်ယောက်နှင့်ဝင်တိုက်မိ၏။
တစ်ဖက်လူမှာ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦးဖြစ်ပြီး သူမက အောက်သို့လဲကျသွားသည်။
" ရရဲ့လား... တောင်းပန်ပါတယ် အလျင်လိုနေလို့ပါ "
စုယိက ထိုတစ်ယောက်အား ဆွဲထူပေးရင်းတောင်းပန်လိုက်၏။ထိုမိန်းကလေး၏ပါးပြင်များက နီရဲနေကာ သူမသည် စုယိ၏လက်အားတွန်းဖယ်ပြီး သူမဘာသာသူမ ကုန်းရုန်းထလျက် ပြန်ပြောလေသည်။
"ရပါတယ်...သွားလို့ရပါပြီ...နောက်တစ်ခါသတိထားပေါ့... "
စုယိမှာ ဤနေရာတွင် အချိန်မဖြုန်းချင်တော့သည့်အတွက် တောင်းပန်ပြီးသည်နှင့် ဆက်သွားရန်ပြင်ဆင်လိုက်သော်လည်း ထိုမိန်းကလေးက သူမ၏လက်မောင်းအား လှမ်းဖမ်းဆွဲထားသည်။
"ခဏနေပါဦး ...ဒီလိုပဲထွက်သွားတော့မလို့လား"
စုယိမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
"အခုလေးတင် သွားလို့ရတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား "
"ဘာလို့ ဒီလောက်အရပ်ရှည်နေတာလဲ ... ပြောပြပေးမလား "
Xxxxxxxxxx