Chapter 21
ငါကပဲသည်းခံပေးလိုက်ပါ့မယ်...နင်တို့ကိုက အမြင်မရှိတာ...။
စုယိမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
"အခုလေးတင် သွားလို့ရတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား "
"ဘာလို့ ဒီလောက်အရပ်ရှည်နေတာလဲ ... ပြောပြပေးမလား "
ဘားတစ်ခုလုံး၌ အရက်နံ့များမွှန်ထူနေပြီး စုယိရနေသောအရက်နံ့သည် မျက်စိရှေ့ရှိထိုတစ်ယောက်ထံမှလော ၊ သို့မဟုတ် ဘေးနားရှိဝိုင်းမှလော ၊ ကောင်းကောင်းဝေခွဲ၍မရနိုင်ချေ။
စုယိက ထိုလက်ကိုရုန်းလိုက်ပြီး မျက်မှောင်ကြုတ်လျက် အခင်းနေရာမှ ထွက်သွားလိုက်သည်။
ခြေလှမ်းအနည်းငယ်အကွာ၌ စုယိက ပြန်လှည့်ကြည့်လိုက်၏။သို့သော်လည်း အနောက်တွင်ကျန်ရစ်ခဲ့သောထိုမိန်းကလေးအား ယောက်ျားလေးအုပ်စုတစ်စုက အမျိုးသားသန့်စင်ခန်းထဲသို့ ဆွဲခေါ်နေကြသောမြင်ကွင်းကိုသာ တွေ့လိုက်ရသည်။
မိန်းကလေးက အတော်ဒေါသထွက်နေပုံရပြီး ရုန်းဖယ်လျက် အရှေ့မှလူကို ပါးချလိုက်၏။ပါးရိုက်ခံရသောတစ်ယောက်က ခဏတာငြိမ်သက်သွားသော်လည်း ထို့နောက်တွင် ပို၍ပင် အကြမ်းပတမ်းဆန်လာတော့သည်။
ဈေးကြီးပေးရသလောက် လုံခြုံရေးမှာ ကုန်းကောက်စရာပင်မရှိသော အမိုက်စား ဘားကြီးပါပင်။
စုယိက သူမလွယ်ထားသောအိတ်ကိုချွတ်လိုက်ပြီး အခင်းနေရာသို့ ဦးတည်သွားကာ ဟီးရိုးဝင်လုပ်ရန် ကြံလိုက်သည်။
" ဘာလုပ်နေကြတာလဲ "
ပြင်းထန်သောလေသံကြောင့် ထိုအုပ်စုက စုယိအား လှည့်ကြည့်သည်။ထို့နောက်တွင် အုပ်စုထဲမှ တစ်ယောက်က ပမာမခန့်ဆန်သောလေသံဖြင့် စုယိအား မထိလေးစားပြောလာတော့၏။
“ကျွန်တော်တို့သူငယ်ချင်း အချင်းချင်း စနေကြတာ...ဘာဆိုင်လို့ဝင်ပါနေတာလဲ အဒေါ်ကြီး ”
' အဒေါ်ကြီးတဲ့လာ...'
စုယိသည် ယခုလေးတင်ကြားလိုက်ရသောစကားလုံးအား မယုံကြည်နိုင်သောကြောင့် သူမဝတ်စားထားသည့်ပုံပန်းသဏ္ဌာန်အား ပြန်လည်စစ်ဆေးကြည့်လိုက်သည်။
သူမသည်အလျင်စလိုထွက်လာရသဖြင့် နွေခေါင်ခေါင်ကြီးတွင် တွေ့ကရာအနက်ရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ကောက်စွပ်လာခဲ့ပြီး လုံခြုံလွန်းနေသောအနေအထားဖြစ်၏။
' ဟုတ်ပြီလေ...နင်တို့ကိုက အမြင်မရှိတာလို့ပဲမှတ်လိုက်ပါ့မယ် '
"ငါက သူ့အစ်မပဲ...ဘာလို့နင်တို့တွေအကြောင်း ပြောတာမကြားဖူးတာပါလိမ့် "
စုယိက သူမ၏သရုပ်ဆောင်စကေးများကိုထုတ်သုံးလိုက်ပြီး ထိုလူများက အချင်းချင်းပြန်ကြည့်နေကြသည်။သူတို့သည် အစောပိုင်းက ထိုမိန်းကလေးနှင့်စကားပြောခဲ့ကြပြီး သူမသည် အသည်းကွဲနေသဖြင့် တစ်ယောက်တည်းလာသောက်ခြင်းဖြစ်ကြောင်း သိခဲ့ရ၏။
" အဒေါ်ကြီး...ဝေးဝေးဒိုးတော့ ကန့်လန့်လာမတိုက်နဲ့ "
အုပ်စုထဲမှလူအချို့က ထိုမိန်းကလေးအား ပွတ်သီးပွတ်သပ်လုပ်နေကြပြီး ထိုတစ်ယောက်သည်ရုန်းကန်နေသော်လည်း သိပ်အရာမရောက်ပေ။
" ဘယ်ကိုလာထိနေတာလဲ...ထွက်သွားစမ်း "
ဤတစ်ကြိမ်၌စုယိမှာ အပြောထက် အလုပ်နှင့်သာ သက်သေပြတော့မည်ဖြစ်သည်။သူမသည် လက်ထဲမှအိတ်ဖြင့် အုပ်စုခေါင်းဆောင်၏မျက်ခွက်အား ပိတ်ရိုက်လိုက်၏။
" ချီးပဲ...ရူးနေတာလား "
အရိုက်ခံရသောတစ်ယောက်မှာ ကြယ်နှင့်လများကိုမြင်သွားပြီးနောက် ဆဲဆိုတော့သည်။ထို့နောက် လူအချို့က
စုယိအားလက်တုံ့ပြန်ရန်ပြင်လာကြပြီး ထိုလူများသည်လည်း အနောက်ရှိတစ်စုံတစ်ယောက်ထံမှ နားရင်းအုပ်ခြင်းကို ခံလိုက်ရပြန်၏။
စုယိ လှမ်းကြည့်လိုက်သောအခါ ထိုတစ်ယောက်က ဝူရွှယ်ဖြစ်နေသည်။ဝူရွှယ်၏အနောက်တွင်ရပ်နေသော လျှိုမင်ဟောင်သည် အလွန်မူးနေပုံရပြီး နုံးချိနေ၏။
စုယိသည်ပါးစပ်ဖွင့်လိုက်သော်လည်း ရင်းနှီးသောအသွင်အပြင်တစ်ခုက မြင်ကွင်းထဲရောက်လာသောကြောင့် မည်သည့်စကားလုံးမှထွက်မလာနိုင်တော့ပေ။
လူအုပ်ကြီးကိုဖြတ်လာသောထိုလူ၏ အမြင့်ကိုးမီတာရှိသောအရပ်အမောင်းက ရောက်လေရာအရပ်၌ထင်ပေါ်စေပြီး သူ၏မျက်နှာပေါ်တွင်ဖြာကျနေသောအလင်းရောင်က ထက်မြက်လှသောအသွင်အပြင်အား ပေါ်လွင်စေကာ တစ်ချိန်တည်း၌ပင် အလွန်တရာချောမောနေသည်။
ထိုလူက အခင်းနေရာသို့ ခပ်မြန်မြန်ရောက်လာပြီး ဆဲဆိုခဲ့သောတစ်ယောက်၏ကော်လံစကိုဆွဲကာ စတင်ထိုးနှက်တော့သည်။
မြန်ဆန်လွန်းသောအဖြစ်အပျက်များကြောင့် စုယိသည် အခြေအနေအား ကြောင်ကြည့်နေမိ၏။
ဤတစ်ကြိမ်၌ သူမသည် " ငါရိုက်ရင် မင်းသေသွားနိုင်တယ် " ဟူသောစကားအား တကယ်ယုံသွားပြီဖြစ်သည်။
အထိုးခံလိုက်ရသောတစ်ယောက်မှာ အနက်ရောင်ကြမ်းပြင်ပေါ်တွင် ပစ်လဲသွားပြီး သွားတစ်ချောင်းကျိုးသွား၏။နောက်တစ်ကြိမ်ဆွဲထိုးရန်ပြင်နေသော ချူယင်းအား စုယိက အလျှင်အမြန်ဝင်တားလိုက်ရသည်။
" မလုပ်နဲ့...မလုပ်နဲ့တော့ "
ချူယင်း၏မျက်မှောင်ကြုတ်မှုမှာ ပြင်းထန်လွန်းသော်လည်း သူ့လက်အားဖမ်းကိုင်ထားသော သေးငယ်ပြီးအေးစက်နေသည့် စုယိ၏လက်အစုံက ဒေါသကိုအနည်းငယ်ပြေလျော့သွားစေသည်။
ချူယင်းသည် ဆွဲလားရမ်းလားအလုပ်ခံခဲ့ရသော ထိုမိန်းကလေးထံသို့ ဦးတည်သွားကာ ငုံ့ကြည့်လျက် လေသံခပ်တင်းတင်းဖြင့်ပြောလိုက်၏။
" မတ်တပ်ထ "
ကြမ်းပြင်ပေါ်၌ခွေလျက်သားလဲကျနေသော မိန်းကလေးမှာ ကြောက်စိတ်ကြောင့်လား ကြမ်းပြင်နှင့်တိုက်မိထားခြင်းကြောင့်ရယ်လားမသိ တဆတ်ဆတ်တုန်နေခဲ့သည်။ထို့နောက်သူမသည် တစ်ရေးနိုးလာသူသကဲ့သို့ အသိစိတ်ပြန်ဝင်လာပြီး ချူယင်းအား မော့ကြည့်လာခဲ့၏။
ချူယင်း၏အနောက်တွင်ပါလာသောသူက အရှေ့ထွက်လာပြီး ထိုအုပ်စုအား ဆက်လက်ကိုင်တွယ်သည်။မာဖီးယားတစ်ဦးကဲ့သို့ဖြစ်သောထိုလူထံတွင် ရမ်းကားသည့်ယောက်ျားလေးများအား ကြောက်လန့်အောင်ခြောက်ပြီး အပိုးကျိုးသွားအောင်လုပ်ဆောင်နိုင်စွမ်းရှိ၏။
" ဘာငိုနတောလဲ... ထ "
ထိုမိန်းကလေး၏ခြေထောက်များက ပျော့ခွေနေကာ သူမသည် ချူယင်း၏ဘောင်းဘီစကိုဆွဲလျက် မတ်တပ်ထရပ်လိုက်ရင်း ညည်းညူလေသည်။
“အစ်ကို… ”
*****
ဘား အဝင်ဝတွင်ဖြစ်၏။
ချူယင်း၏အမူအရာမှာ ခက်ထန်နေဆဲဖြစ်ပြီး ထိုအုပ်စုအားရဲစခန်းသို့ပို့ခဲ့သည်။၄င်းတို့၏အိပ်ကပ်များထဲ၌ မူးယစ်ဆေးများ ရှိနေသောကြောင့် ချူရှီးမှထွက်ဆိုပေးစရာမလိုဘဲနှင့်ပင် သံတိုင်အနောက်၌ထောင်နန်းစံကြရတော့မည်ဖြစ်၏။
စုယိက maskကို ထပ်မံဆွဲတင်လိုက်ပြီး သူမ၏အရှေ့မှ ကောင်မလေးအား သေချာစူးစမ်းနေသည်။ထိုတစ်ယောက်က ချူယင်း၏ညီမဖြစ်နေမည်ဟု စုယိ မမျှော်လင့်ထားခဲ့ပေ။
ချူယင်း၏အမူအရာမှာ အေးစက်ပြီး ရေခဲတုံးနီးပါးဖြစ်သည်။စုယိမှာ ချူယင်းဒေါသထွက်နေသည့်ပုံစံအား ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး သူ၏တစ်ကိုယ်လုံး၌ ပြင်းထန်သောအရောင်အဝါများဖုံးလွှမ်းနေလျက် ခါတိုင်းထက် ပိုကြောက်စရာကောင်းနေ၏။
" အဖေနဲ့အမေကို ဘယ်လိုရှင်းပြမယ်ကြံထားလဲ "
" အစ်ကို...လျို့ဝှက်ထားပေးပါနော် "
ချူရှီး၏စကားအဆုံးတွင် ချူယင်းက ခနဲ့လိုက်ပြန်သည်။
" စိတ်ပူစရာကိစ္စဆိုတာကိုတော့ သိသေးတာပဲ "
ချူရှီးက ငိုယိုကာ ကားထဲသို့ဝင်သွား၏။သူမ ကားမောင်း၍ထွက်သွားပြီးပြီးချင်း၌ ချူယင်းက စုယိအား လှည့်ကြည့်လာသည်။
တစ်ဖက်လူ ဘာမှမပြောရသေးခင်မှာပင် စုယိကဦးအောင် ရှင်းပြ၏။
"ရွှယ်ရွှယ့်ရဲ့ရည်းစားက မူးနေတာ...ရွှယ်ရွှယ့်ကိုစိတ်မချတာနဲ့ လိုက်လာတာ "
လျှိုမင်ဟောင်အား တွဲထားရသောဝူရွှယ်က ခေါင်းညိတ်လျက် ထောက်ခံသည်။
“မကောင်းတော့ဘူး ...သူဝိတ်တက်လာတာပဲ...ငါမနိုင်တော့ဘူး...ယိလေး ကားယူပြီး ပြန်တော့ ... ငါတက္ကစီခေါ်ပြီး သူ့ကို ပြန်လိုက်ပို့လိုက်ဦးမယ်"
"ရပါတယ်..နင်သူ့ကိုခေါ်ပြီး အိမ်ပြန်ပို့လိုက် ငါတက္ကစီခေါ်လိုက်မယ် "
နောက်ဆုံးတွင် စုယိမှာ သူမဆန္ဒရှိသည့်အတိုင်း ချူယင်း၏ကားပေါ်ရောက်သွားတော့သည်။
သူမသည် ကားထဲတွင်ထိုင်နေရင်း ဤလူအား နှစ်ရက်ဆက်တိုက်တွေ့နိုင်ခြင်းက မည်မျှပင်ကံကောင်းကြောင်းကို တွေးတောနေခဲ့၏။
"လက်နာနေလား"
" ဘာကိုလဲ "
ချူယင်း၏အရင်းအဖျားမရှိသောမေးခွန်းကြောင့် စုယိတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားသည်။
" လူရိုက်ထားရင် လက်နာမှာပဲလေ "
စုယိမှာဆွံ့အသွားတော့၏။ဤစကားမှာ ဖြစ်ပျက်သမျှအား သူလည်း မြင်ခဲ့သည်ဟူသော အဓိပ္ပာယ်ပင်မဟုတ်ပါလော။
' အရမ်းမှောင်နေတာကို...မြင်လိုက်သေးတာလား '
စုယိကချောင်းဟန့်လိုက်သည်။
" မနာပါဘူး...ကျွန်မလုပ်တာဆိုလို့ ညင်ညင်သာသာလေး လက်ယမ်းလိုက်တာပဲရှိတာ...ဘယ်သူ့မှမရိုက်ဘူးရယ် "
သူမသည် နောက်ဆုံးအချက်အား အသေအချာ အလေးပေး၍ ပြောဆ်ိုလိုက်၏။
စုယိထံ၌ထူးခြားမှုတစ်ခုခုရှိသည်ဟု ချူယင်းခံစားရသည်။မည်မျှပင်စိတ်မကြည်ဖြစ်နေပါစေ သူမနှင့်စကားပြောလိုက်လျှင် အနည်းငယ်စိတ်သက်သာရာရဆဲပင်။
ကွန်ဒိုသို့ပြန်ရောက်သောအခါ ချူယင်းက စုယိအား ယမန်နေ့ကအတိုင်း အိမ်ရှေ့အထိလိုက်ပို့ပေးသည်။
စုယိက အားမလိုအားမရလက်ပြနှုတ်ဆက်လိုက်သော်လည်း တစ်ဖက်လူက ထွက်သွားရန်စိတ်ကူးရှိသေးပုံမရပေ။ချူယင်းက သူ၏လက်တစ်ဖက်အား ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ရင်း တည်ငြိမ်စွာမေးလာခဲ့သည်။
“ဗုဒ္ဓဟူးနေ့ အားလား...တစ်ခုခုသွားစားရအောင် ”
စုယိထံမှစိတ်လှုပ်ရှားမှုသည် တစ်ခဏသာ တည်တံ့ခဲ့၏။
“ ဗုဒ္ဓဟူးနေ့ကျ 'လျို့ဝှက်နက်ရှိုင်းသော' အတွက် ရိုက်ကူးရေးစမှာ...."
စုယိမှာ နှမျောတသဖြစ်မှုအား သူမ၏မျက်နှာပေါ်တွင် အတတ်နိုင်ဆုံးပေါ်လွင်အောင်ပြုမူထားပြီး တစ်ဖက်လူနားမလည်မည်ကိုစိုးရိမ်နေရှာသည်။
" ဝင်တော့... " ချူယင်းက စကားလွှဲလိုက်၏။
ချူယင်းဘက်မှ သူမအား ပထမဆုံးအကြိမ် စတင်ချိန်းဆိုခြင်းသည် ဤကဲ့သို့အဆုံးသတ်သွားရပေသည်။
***
ရှန်ဟိုင်းသို့ရောက်ပြီးနောက်တွင်ပင်လျှင် စုယိသည် လေးလံသောဝမ်းနည်းမှု၌ နစ်မြုပ်နေသေး၏။
ရိုက်ကူးရေးပြီးစီးရန် သုံးလနီးပါး အချိန်ယူရမည်ဖြစ်ပြီးသူမသည် ချူယင်းနှင့် သုံးလပတ်လုံး မတွေ့နိုင်တော့ပေ။
" ယိကျဲ...အဆင်ပြေရဲ့လား...သိပ်မလန်းသလိုပဲ "
ဘေးနားရှိ အန်းရွှမ်က မေးလာသောအခါ စုယိမှာ မတ်တပ်ထရပ်ပြီး ခေါင်းယမ်းလျက် ပြန်ဖြေ၏။
" ပြေပါတယ် "
"သွားကြစို့ ... ကားရောက်လာပြီ" ဝူရွှယ်က ဝင်ပြောသည်။
ကားထဲ၌တရေးတမောအိပ်ရန်ပြင်ဆင်နေသောစုယိမှာ ဝူရွှယ့်ထံမှ သက်ပြင်းချသံအား ကြားလိုက်ရသဖြင့် မျက်လုံးများကိုဖွင့်ကာ ဘေးဘက်သို့လှည့်ကြည့်လိုက်၏။
"နင်ဘာဖြစ်နေတာလဲ...အဲ့ဒီည နောက်ပိုင်းကတည်းက ထူးဆန်းနေသလိုပဲ "
ထိုညပြီးနောက်ရက်များတွင် စုယိမှာ ဝူရွှယ်အား လျှိုမင်ဟောင့်အကြောင်းမေးခဲ့သော်လည်း အပေါ်ယံဆန်သောမရှင်းလင်းသည့်အဖြေများကိုသာရရှိခဲ့သည်။
"ဘာမှမဟုတ်ပါဘူး"ဝူရွှယ်က ပြတင်းပေါက်အပြင်သို့ လှမ်းငေးနေရင်း ပြန်ဖြေ၏။
"မင်္ဂလာဆောင်ရက်သတ်မှတ်ပြီးပြီလား...ငါတို့ဒီမှာ လနည်းနည်းလောက်နေရမှာနော်...နေ့ထူးနေ့မြတ်လေးကို မထိခိုက်ဘူးလား " စုယိက ပြုံးလျက်ပြောလိုက်သည်။
"ဟင့်အင်း...နင်တစ်ရေးလောက်အိပ်လိုက်...ညနေကျ ကျန်တဲ့အဖွဲ့သားတွေနဲ့ ညစာအတူတူစားရမှာ "
သူမတို့တည်းခိုသောဟိုတယ်သည် စတူဒီယိုဘေးတွင်တည်ရှိပြီး ကြယ်လေးပွင့်အဆင့်ရှိသည်။နေရာထိုင်ခင်းက သက်တောင့်သက်သာရှိလှပြီး စုယိမှာ ဟိုတယ်သို့ရောက်ရောက်ချင်း အိပ်မောကျသွားခဲ့၏။
တစ်ရေးနိုးလာချိန်တွင်စုယိက သူမ၏ဖုန်းကို ကောက်ယူကြည့်လိုက်ပြီး Weibo မှ နိုတီတစ်ခုတက်နေသည်။
[ ချူယင်း forward @စုယိ _ နေ့တိုင်း လမ်းပေါ်ထွက်... ဒီတစ်ခါတော့ ယုန်မလေးပဲ... ဟားဟားဟားဟား!!! ]
စုယိသည် Weibo ကိုချက်ချင်းဖွင့်လိုက်၏။မူရင်းဘလော့ပို့စ်တွင် ဓာတ်ပုံနှစ်ပုံပါရှိပြီး ဓာတ်ပုံထဲတွင် စုယိသည်ယုန်နားရွက်ဘီးကုတ်အားဝတ်ဆင်လျက် maskတပ်ထားပြီး သူမ၏ဘေးရှိချူယင်းမှာ ဈေးဝယ်အိတ်တစ်လုံးကို ကိုင်ဆောင်ထားသည်။
ထိုအိတ်ထဲ၌ ဝက်ဝံခေါင်းပတ်တစ်ခုပါသေးကြောင်းကို စုယိတစ်ဦးတည်းသာသိ၏။ယခုအချိန်၌ ထိုခေါင်းပတ်သည် သူမ၏ခရီးဆောင်အိတ်ထဲတွင် ရှိနေသည်။
ချူယင်း၏ Weibo တွင် မှတ်ချက်ပေါင်း နှစ်ထောင်ကျော်နေပြီဖြစ်သည်။
[ ဒီအရပ်အမောင်းနဲ့ ဒီခြေတံတွေ...စုယိသာမဟုတ်ရင် ချီးစားလိုက်မယ် ]
[ ဘာလို့အရမ်းဆွိနေတာလဲ ]
[ ဖောက်ပြန်ခံရတာက လျန့်ပေါလား ဒါရိုက်တာချူလား ]
စုယိမှာ လျန့်ပေါ၏နာမည်အား မြင်လိုက်ချိန်တိုင်းတွင် နေထိုင်မကောင်းဖြစ်ရသည်။
ထိုနေ့က လျန့်ပေါအားအိမ်ရှေ့မှ မောင်းထုတ်လိုက်ပြီးကတည်းက သူသည် တစ်ကိုယ်တည်းဒရမ်မာခင်းကာ စုယိ၏blogကို unfollow ခဲ့ပြီးသူ၏ကိုယ်ပိုင်သတင်းများကိုသာ တင်နေခဲ့၏။ ထိုတစ်ယောက်၏မျက်နှာချောချောကလေးမှာ အလဟဿဖြစ်သွားသည်ဟု စုယိခံစားရပြီး အကယ်ဒမီပင်ရလောက်ပေသည်။
စုယိတစ်ယောက် မည်ကဲ့သို့ Reply ပြန်ရမှန်းမသိသေးခင်မှာပင် တံခါးခေါက်သံက အဆက်မပြတ် မြည်လာခဲ့၏။
"ချူယင်းနဲ့ နင့်ရဲ့ဆက်ဆံရေးက အတည်ပြုပြီးသွားတာလား" ဝူရွှယ်က အခန်းထဲသို့ ဝင်လာလာချင်း မေး၏။
" ဟင့်အင်း "
"ဒါဆို သူက Weibo မှာ ဘာလုပ်နေတာလဲ...အိပ်နေလိုက်သိလား...ညစာစားချိန်နီးနေပြီဟဲ့ "
ဝူရွှယ်က ပြောပြောဆိုဆိုနှင့် စုယိခြုံထားသော စောင်များကို ဆွဲဖယ်ပစ်သည်။
စုယိသည် ညစာစားရန်သွားသည့်လမ်း၌ဆက်စဉ်းစားမည်ဟုတွေးလိုက်ပြီး ခရီးဆောင်အိတ်ထဲမှကြုံရာကျပန်းအဝတ်တစ်စုံအားဆွဲထုတ်၍ လဲလှယ်လိုက်၏။ထို့နောက်သူမသည် ဝူရွှယ်ခေါ်ဆောင်ရာနောက်သို့ လိုက်လာခဲ့သည်။
ဓာတ်လှေကား စောင့်နေစဉ်တွင်ဖြစ်၏။
"ယိကျဲ... တိုက်ဆိုင်လိုက်တာနော်....ကျဲလည်းစားသောက်ဆိုင်သွားမလို့လား "
အကဲပိုလွန်းသောလေသံတစ်သံက နံဘေးမှထွက်ပေါ်လာခဲ့ပြီး စုယိလှည့်ကြည့်လိုက်သောအခါ ထိုသူက ထူကျင့်လန်ဖြစ်နေသည်။
အလွန်အကြူးဝတ်ဆင်ထားသောထူကျင့်လန်က သူမ၏အေးဂျင့်ဖြစ်သူ လင်းကျဲနှင့် အတူရပ်နေ၏။
Xxxxxxxx