အပိုင်း ၂၂
Viewers 12k

Chapter 22


 ဟေ့လူ...။


စိတ်အခြေအနေကောင်းနေသောစုယိက ထူကျင့်လန်တို့အား တစ်ချက်ပြုံးပြလိုက်ပြီး ဘာမှဆက်မပြောပေ။


ဤသည်မှာ ရိုက်ကူးရေးမစမီတွင် ဇာတ်လမ်းအသွားအလာအား ကြိုတင်ဆွေးနွေးမည့်ပုံမှန်တွေ့ဆုံပွဲတစ်ခုသာဖြစ်ပြီး ဝူရွှယ်ကလည်း အလျင်လိုနေခဲ့သောကြောင့် စုယိသည် ထသွားထလာအဝတ်ကိုသာ ပေါ့ပေါ့ပါးပါးဝတ်ဆင်လာခဲ့၏။


စုယိမှာ ရိုးရိုးအဖြူရောင်တီရှပ်နှင့် မီးခိုးရောင်ဂျင်းဘောင်းဘီအားတွဲဖက်ဝတ်ဆင်ထားပြီး အင်္ကျီအောက်ခြေစအား ဘောင်းဘီထဲထိုးထည့်ထားသောကြောင့် ခြေတံရှည်သောအသွင်အပြင်က ပေါ်လွင်နေသည်။


တစ်ဖက်တွင်လည်း ထူကျင့်လန်မှာ အနီရောင်တောက်တောက်ကြိုးတစ်လုံးဂါဝန်ကိုဝတ်ဆင်ထားပြီး မိတ်ကပ်များ အပီအပြင်ဖို့လာ၏။သူမ၏ လက်ထဲ၌တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံးရှိပြီး ထူကျင့်လန်မှာ စုဝေးပွဲတက်မည့်သူထက် ကော်ဇောနီလျှောက်တော့မည့်သူနှင့် ပိုတူနေသည်။


ထိုအချိန်တွင် ထူကျင့်လန်၏အနောက်တွင်ပါလာသော လင်းကျဲက စုယိအား ပြုံးပြ‌ပြီး နှုတ်ဆက်သည်။


" ယိလေး မတွေ့တာကြာပြီ "


စုယိက လင်းကျဲအား အပေါ်ယံလေး ပြန်ပြုံးပြလိုက်၏။


ထို့နောက် လေးယောက်သား ဓာတ်လှေကား အတူစီးခဲ့ကြသည်။


ဓာတ်လှေကားအတွင်းတွင် ထူကျင့်လန်ထံမှ ခပ်စူးစူးရေမွှေးနံ့က မွှန်ထူနေသောကြောင့် စုယိသည်တစ်လျောက်လုံး အသက်ရှူအောင့်ထားခဲ့ရ၏။ဓာတ်လှေကား တံခါးပွင့်သွားသည့်အချိန်ရောက်မှသာ စုယိတစ်ယောက် အပြင်သို့ချက်ချင်း ပြေးထွက်ပြီး အသက်ဝဝရှူ‌နိုင်တော့သည်။


သရုပ်ဆောင်အားလုံးမှာ ဤဟိုတယ်၌တည်းခိုနေကြပြီး ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးထားသည့် ကားများက အပြင်ဘက်တွင်ရှိနေသည်။နေရာထိုင်ခင်းမှာ ဦးသူစနစ်ဖြစ်ပြီး လူပြည့်သွားသောကားက ချက်ချင်းထွက်ခွာမည်ဖြစ်၏။


ပထမကား‌ပေါ်တွင် ခုံနှစ်ခုံကျန်ရှိပြီး စုယိမှ ကားပေါ်တက်ရန်ပြင်လိုက်ချိန်တွင် သူမ၏အနီးတစ်ဝိုက်၌ အနီရောင်အရိပ်တစ်ခုက လွှမ်းမိုးလာခဲ့သည်။


ထူကျင့်လန်က ကားပေါ်သို့ခြေတစ်လှမ်းလှမ်းထားသောအနေအထားဖြင့် တစ်စုံတစ်ရာကို သတိရသွားဟန်ပြု၏။


 "ယိကျဲ...ညီမနဲ့အတူတူသွားမယ်...သူ့ကို လင်းကျဲနဲ့အတူတူနောက်ကားတစ်စင်းထဲ လွှတ်လိုက် "


ထူကျင့်လန်က ဝူရွှယ်ရှိရာဘက်သို့ မေးငေါ့ပြလိုက်ရင်းပြောလေသည်။ ဤကားထဲတွင် လီမင် ၊ ခေါင်းဆောင်မင်းသား ၊ ဒုတိယခေါင်းဆောင်မင်းသား နှင့် ၎င်းတို့၏ အေးဂျင့်များ ပါ၀င်ပြီး အားလုံးက အခြေအနေအား တိတ်ဆိတ်စွာကြည့်နေကြ၏။


 " ကိစ္စမရှိပါဘူး...နင့်အေးဂျင့်နဲ့ အရင်သွားလိုက် "


စုယိနှင့် ဝူရွှယ်တို့မှာ ကားထွက်ခွာသွားပြီးနောက် ထကြွလာသော ဖုန်မှုန့်များကြားထဲတွင် ကျန်ရစ်နေခဲ့ကြသည်။


" ကားဆရာကြီး... မင်္ဂလာညနေခင်းပါ...ညနေစာစားပြီးပြီလားရှင့် "


ထို့‌နောက်စုယိက ကားဆရာအား နှုတ်ဆက်ရင်းနောက်ထပ်ကားတစ်စင်းပေါ်တက်သွားတော့၏။


ယာဉ်မောင်းသည် နာမည်ကြီးတစ်ယောက်ထံမှ ဤကဲ့သို့သောဖော်ရွေပျူငှာမှုအား မျှော်လင့်မထားခဲ့သောကြောင့် အံ့အားသင့်ပြီး ချက်ချင်းပြန်မဖြေနိုင်ဘဲ ခေါင်းညိတ်ရုံသာညိတ်ပြနိုင်သည်။


" မစားရသေးဘူးဗျ...လိုက်ပို့ပြီးမှ စားရမှာ "


စုယိက နောက်ဆုံးခုံတန်း၌ဝင်ထိုင်လိုက်ပြီး‌နောက် မေးထောက်ကာ ပြုံးဖြီးလျက် ချူယင်းတင်ထားသော Weibo postအား ပြန် shareလိုက်တော့၏။


 [ စုယိv: *ပန်ဒါပုံ*နှလုံးသားအီမိုဂျီ* ချူယင်း : @စုယိ ]


သူတို့နှစ်ဦးသည် အသံတိတ်ပြဇာတ်ကနေသူများသဖွယ် စကားလုံးများများစားစား အသုံးမပြုကြပေ။ 


ဝူရွှယ်တစ်ယောက် ဖင်ပူအောင်မထိုင်ရသေးမီမှာပင် သူမ၏ဖုန်းမှ Noti သံဝင်လာခဲ့သည်။ဝူရွှယ်က ထိုနိုတီအားစစ်ဆေးပြီးနောက်တွင်နံဘေးရှိစုယိအား ခါးကြောလိမ်ဆွဲလိုက်တော့၏။


 "ကောင်မ...ဟမ်...ငါ့ကိုသေပြီထင်နေတာလား ...Weibo မှာ မတင်ခင် ငါ့ကိုကြိုပြောလို့မရဘူးလား"  


" ငါပြောရင် နင်က တင်ခိုင်းမှာမလို့လား " စုယိက ပြန်ပက်သည်။


"နင်အရမ်းဉာဏ်ကောင်းလွန်းခဲ့တယ်...ချူယင်းနဲ့မတွဲနိုင်ရင် ဝိုင်းဟားခံထိမှာကို မမေ့နဲ့နော်..." ဝူရွှယ်က စုယိအား ဟားတိုက်၍လှောင်ပြောင်လိုက်၏။


စုယိက နှုတ်ဆိတ်နေခဲ့ပြီး သူမသည် ဝူရွှယ်အား ဂရုမစိုက်ပေ။ချူယင်းဘက်မှသာခြေတစ်လှမ်း လှမ်းလာပါက စုယိသည် ကျန်ရှိသည့် ၉၉၉လှမ်းအတွက် မမောမပန်းတာဝန်ယူပေးနိုင်ပေ၏။


ငါးမိနစ်ခန့်အကြာတွင် ကျစ်ဆံမြီးနှစ်ခွစည်းထားသော အဖြူရောင်၀တ်စုံနှင့်မိန်းကလေးတစ်ယောက်က ကားထဲသို့ဝင်လာခဲ့သည်။မင်းသမီးချန်းအန်းနန်မှာ အနုပညာကျောင်းဆင်း တက်သစ်တစ်ဦးဖြစ်၏။


ချန်းအန်းနန်၏မိဘနှစ်ပါးစလုံးမှာ ဝါရင့်သရုပ်ဆောင်များဖြစ်သောကြောင့် သူမထံတွင် နောက်ခံအချို့ရှိပြီး အပြစ်ကင်းဖြူစင်သောရုပ်ရည်က 'လျို့ဝှက်နက်ရှိုင်းသော' ဇာတ်ကားမှအမျိုးသမီးဇာတ်ဆောင်နေရာနှင့် အလွန်ကိုက်ညီပေသည်။ကောလဟာလများအရ ဤတစ်ကြိမ်သည် ချန်းအန်းနန်အတွက် ပထမဆုံးသော အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခြင်းဖြစ်၏။သူမ၏လေသံသည် အလွန်နူးညံ့သိမ်မွေ့သည်။ 


 "မင်္ဂလာပါ ယိကျဲ "


 "မင်္ဂလာပါ " စုယိက ချန်းအန်းနန်အား ပြန်လည်ပြုံးပြလိုက်၏။


ချန်းအန်းနန်က နေရာယူပြီးသည်နှင့် စုယိအားလှည့်ကြည့်လာခဲ့ပြီး အနည်းငယ်ရှက်သွေးဖြာနေသောလေသံဖြင့် ခပ်တိုးတိုးမေးသည်။


 "ယိကျဲရဲ့ WeChat လေးပေးလို့ရလား...ကျဲကို အရင်ကတည်းက အရမ်းအရမ်းကြိုက်တာ "


 "ရတာပေါ့ " 


စုယိသည် သူမ၏ WeChat QR ကုဒ်ကို ချန်းအန်းနန်အား စကင်န်ဖတ်ခွင့်ပေးလိုက်၏။


များမကြာမီ၌ပင် အမျိုးသားသရုပ်ဆောင်နှစ်ယောက်နှင့်လက်ထောက်ဒါရိုက်တာတစ်ယောက်တို့က ကားပေါ်တက်လာခဲ့ပြီး နေရာပြည့်သွားသဖြင့် စတင်ထွက်ခွာလာခဲ့ကြသည်။


ညစာစားပွဲမှာ နာမည်ကြီးစားသောက်ဆိုင်တစ်ခု၌ဖြစ်ပြီး စုယိနှင့်အဖွဲ့က သတ်မှတ်ထားသည့်ခုံများတွင်ထိုင်ပြီးသော်လည်း နေရာလွတ်လေးနေရာ ကျန်ရှိနေသေး၏။


 'လျို့ဝှက်နက်ရှိုင်းသော' ၏ အဓိကဇာတ်ကောင်မှာ သူလျှိုတစ်ဦးဖြစ်သည်။ ၎င်းနေရာအား တစ်ချိန်က ရုပ်ရှင်ဧကရာဇ်ဂုဏ်ပုဒ်အား ရရှိခဲ့ဖူးသည့် အသက်လေးဆယ်နီးပါးရှ်ိသော" ၀ူခဲ့ " က သရုပ်ဆောင်မည်ဖြစ်၏။


 “ဘာလို့ ထိုင်ခုံနည်းနည်းကျန်နေသေးတာလဲ” 


၀ူခဲ့က သက်ဆိုင်ရာနေရာ၌ဝင်ထိုင်ရင်း ပြုံးလျက်မေးသည်။


 “ရင်းနှီးမြှုပ်နှံသူတွေကစိတ်ဝင်စားလို့တဲ့ဗျ...ခဏနေရောက်တော့မယ်တဲ့ လမ်းရောက်နေပြီလို့ဖုန်းဆက်တယ် " လက်ထောက်ဒါရိုက်တာက ပြန်ဖြေလိုက်၏။


ထိုအချိန်တွင် စုယိမှာ တစ်စုံတစ်ယောက်ပျောက်နေကြောင်းကို သတိထားမိသွားပြီး သူမက ဝူရွှယ်ရှိရာဘက်သို့လှည့်ကာ " အန်းရွှမ် ဘယ်မှာလဲ " ဟုခပ်တိုးတိုးမေးလိုက်သည်။


" အစာအိမ်အောင့်နေတယ်ဆိုလို့...ဟိုတယ်မှာ နားခိုင်းခဲ့တာ "


"ဘာတွေ ပြောနေကြတာလဲ"  


ဘေးတွင်ထိုင်နေသော ထူကျင့်လန်က ပြုံးလျက်မေးလာပြီး လူတိုင်း၏အာရုံမှာ သူမထံသို့ ရောက်သွားခဲ့ကြသည်။


" ယိလေးက ဒီနေ့ ရိုးရိုးရှင်းရှင်းဝတ်လာတာပဲ " ၀ူခဲ့က မှတ်ချက်ပြု၏။


 "တကယ်ပါပဲ....ယိကျဲက အရမ်းကြည့်ကောင်းတော့ ဘာဝတ်ဝတ်လိုက်ဖက်နေရော " ထူကျင့်လန်က သူမ၏ဂါဝန်ကြိုးများကို လက်ဖြင့်ဆွဲပြင်လိုက်ပြီး ပလီပလာပြောသည်။


 “ အန်းနန်လောက်တော့မလှပါဘူး...သူက ပွင့်ခါစပန်းလေးလိုပဲ...တကယ်ကို ငယ်ရွယ်တာက အကောင်းဆုံးပဲ”


စုယိမှာ အဓိက သရုပ်ဆောင်မဟုတ်ပေ။ထို့‌ကြောင့် သူမသည် အခြားသူများ၏အာရုံကိုဖမ်းစားရန်စိတ်မပါဘဲ ဝတ်စားဆင်ယင်မှုအပေါ် မှတ်ချက်ပြုနေကြသည်ကိုလည်း သဘောမတွေ့ချေ။


ထိုအခါ ချန်းအန်းနန်က ရယ်သည်။


" ကျွန်မက ' ဟောင်းနွမ်း သာလွန် သစ်လွင် ' ဇာတ်ကားထဲက ယိကျဲရဲ့ပုံစံအတိုင်းဝတ်လာတာလေ...ကြည့်ကောင်းတယ်ထင်လို့ "


စုယိက ဘာမှပြန်မပြောနိုင်ဘဲ ပြုံးလျက်ခေါင်းသာ ညိတ်ပြလိုက်၏။


ချန်းအန်းနန်ဝတ်လာသည့် ပုံစံအား စုယိ တရင်းတနှီးဖြစ်နေခြင်းကသိပ်မထူးဆန်းလှပေ။ထိုဇာတ်လမ်းတွဲ၌ စုယိတစ်ယောက် မယားငယ်ဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ခဲ့စဥ်က လူထုအား လှုပ်ခတ်သွားစေခဲ့သည့်ဝတ်စားဆင်ယင်မှုပင်ဖြစ်သည်။ဤချန်းအန်းနန်မှာ အမှန်တကယ်ပင် သူမ၏ဖန်အစစ်ကြီးဖြစ်ပါသလော။


ထိုအချိန်တွင် တံခါးပွင့်လာ၏။လက်အောက်ငယ်သားတစ်ဦးက ဦးဆောင်၍ တံခါးကိုဖွင့်လိုက်ခြင်းဖြစ်ပြီး ထိုတစ်ယောက်၏အနောက်တွင် ဝတ်စုံပြည့်နှင့်အမျိုးသားတစ်ဦးက အနီးကပ်လိုက်လာသည်။


ထိုအမျိုးသားသည် သူ၏ဆံပင်များအား သပ်သပ်ရပ်ရပ် သိမ်းတင်ထားပြီး အင်္ကျီလက်အစွန်းရှိကြယ်သီးများကို တစ်ဖက်ချင်းကိုင်လျက် လျှောက်လှမ်းလာ၏။


စုယိသည် ငေးကြည့်နေရာမှအသိစိတ်ပြန်ဝင်လာခဲ့ပြီး ဝူရွှယ်ရှိရာဘက်သို့ ကမန်းကတန်း လှည့်ကာ အလေးအနက်ပြောလိုက်၏။


 "ရွှယ်ရွှယ်....ငါပုန်းဖို့လိုတယ်...သန့်စင်ခန်းထဲသွားပြီး အဝတ်အစားလဲလိုက်ဦးမယ် "


ဝူရွှယ်ဖြစ်သွား‌သောအမူအရာမှာ စကားလုံးများဖြင့်ဖော်ပြ၍မရနိုင်ပေ။ထိုအချိန်တွင် ချူယင်းကလည်း အခြားသူများထက် တစ်ဆင့်နိမ့်နေသော ခေါင်းတစ်လုံးကို သတိထားမိသွားတော့သည်။


လီမင်က နေရာမှထ၍ ချူယင်းအား နှုတ်ခွန်းဆက်သလိုက်၏။


" မင်္ဂလာပါ ဒါရိုက်ဝာာချူ "


ထိုအခါ ကျန်လူများကလည်း ထ၍ နှုတ်ဆက်ကြသည်။


 "ဒါရိုက်တာ ချူ...ဒီမှာလာထိုင်လို့ရတယ်ဗျ" လက်ထောက်ဒါရိုက်တာက ပြုံးလျက်ဆိုလာ၏။


စုယိမှာ မတ်တပ်ရပ်နေသော်လည်း သူမ၏အကြည့်များက ကြမ်းပြင်တွင်သာ ရှိနေဆဲပင်။


 " မော့တောင်မကြည့်တော့ဘူးလား"


ချူယင်းက စားပွဲကိုဖြတ်လျှောက်လာရင်း ရယ်သံတစ်ဝက်ဖြင့်ပြောလိုက်၏။


 “….. ”


စုယိမှာ ကနဦးက ခြေချိတ်လျက် အေးအေးဆေးအေးထိုင်နေခဲ့သူမ မဟုတ်သည့်အတိုင်း ချူယင်းအား ရူးနှမ်းနှမ်းပုံစံဖြင့် ပြုံးပြလိုက်သည်။


 "ယိလေးနဲ့ သိတာလား"


 “သိပါတယ်...ကျွန်‌တော်တို့က ရင်းနှီးတယ်လေ”  


ချူယင်းက စုယိအားပြုံးလျက်စိုက်ကြည့်နေရင်း လီမင်ထံမှ မေးခွန်းအား ပြန်ဖြေလေ၏။


လီမင်မှာ Weibo ပုံမှန်သုံးလေ့မရှိသူဖြစ်ပြီး သူမ မှလွဲ၍ ကျန်လူများအားလုံး၏တုံ့ပြန်မှုက သာမန်အတိုင်းပင်ဖြစ်သည်။


စုယိတို့နှစ်ဦးကြားမှဆက်ဆံရေးကို အားလုံးသိကြပြီးဖြစ်သော်လည်း ယခု၌ ချူယင်း၏နှုတ်မှကိုယ်တိုင်ထုတ်ပြောလာခြင်းဖြစ်သဖြင့် ထိုဆက်ဆံရေးက ပို၍ခိုင်မြဲလာသလိုပင်။


သို့သော်လည်း စုယိမှာ မကျေနပ်နိုင်သေးပေ။


ချူယင်းနှင့်ရင်းနှီးသူများမှာပေါများလှပြီး သူမ တွေ့ခဲ့ဖူးသော တပ်ထဲမှ အပေါင်းအသင်းများသည်ပင်လျှင် ကုန်တင်ကားကြီး တစ်စင်းစာလောက်ရှိပေသည်။


စုယိ၏နောက်ဆုံးပန်းတိုင်မှာရှင်းလင်းသည်။


သူမသည် ချူယင်းနှင့်အရင်းနှီးဆုံးသောသူဖြစ်လာရမည်ဖြစ်၏။


ချူယင်းမှာ တစ်ယောက်တည်းလာခဲ့ခြင်းမဟုတ်ဘဲ သူ၏‌နံဘေး၌ လက်ထောက်နှစ်ယောက်အပြင် ဝတ်စုံပြည့်ဝတ်ထားသော နောက်ထပ်လူတစ်ဦးလည်း ရှိနေသည်။


လက်ထောက်ဒါရိုက်တာက ချူယင်းအားနှုတ်ဆက်လိုက်ပြီးနောက် ပခုံးတွန့်လျက် နောက်ထပ်လူတစ်ဦးအား လက်ဟန်ပြပြီး မိတ်ဆက်ပေးလာပြန်၏။


 " ဒါက ဒါရိုက်တာချီပါ "


ဒါရိုက်တာချီက စားပွဲဝိုင်းရှိလူအားလုံးကို ပြုံးပြသော်လည်း ထူကျင့်လန်အား သူကြည့်သောပုံစံက ပိုမိုထူးခြားနေသည်ကို စုယိ သတိထားမိလိုက်၏။


စုယိက နှုတ်ဆိတ်လျက် ဟင်းပွဲများလာချမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ပြီး စာသင်ခန်းထဲတွင်ဖုန်းခိုးသုံးနေသည့် ကျောင်းသူတစ်ဦးသဖွယ် သူမ၏လက်များအား စားပွဲခုံအောက်၌ ဝှက်ထားခဲ့သည်။ချက်ချင်းဆ်ိုသလိုပင် အခန်းတွင်း၌ ကြည်လင်သော notiသံတစ်သံ ထွက်ပေါ်လာတော့၏။


ထိုအခါ ချူယင်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး စုယိအား လှမ်းကြည့်သည်။


[ နတ်ဘုရားမ စုယိ : ရှင်က ဘာလို့ဒီရောက်နေတာလဲ ]


ချူယင်းမှာ စကားပြောလက်စ လက်ထောက်ဒါရိုက်တာအား လျစ်လျူရှုကာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး သူ့ပုံစံက မည်သူနှင့်မှ စကားပြောတော့မည်မဟုတ်ကြောင်း သေချာနေသည်။


အလိုက်သိ‌သောလက်ထောက်ဒါရိုက်တာသည်လည်း ချူယင်းအား အနှောက်အယှက်မပေးတော့ဘဲ ဒါရိုက်တာချီဘက်သို့ လှည့်သွား၏။


 [ ချူယင်း : မပြောခဲ့ဘူးလား...မင်းကိုအပြင်ခေါ်သွားမယ်လို့.... ]


 [ နတ်ဘုရားမ စုယိ : ကျွန်မကို အပြင်ခေါ်ဖို့အတွက်နဲ့ ပေကျင်းကနေ ရှန်ဟိုင်းအထိလာခဲ့တာလား ]


 [ ချူယင်း : ဘာလဲ လာလို့မရဘူးလား ]


 [ နတ်ဘုရားမ စုယိ : မရဘူးလေ ]


 [ နတ်ဘုရားမ စုယိ : ဘယ်လောက်ကျကျ ဂရုမစိုက်ဘူးနော်...ဂုန်းဆင်းတော့မှာ...လိုက်ကျွေးဖို့သာပြင်ထား * ဝက်အီမိုဂျီ * ]


 [ ချူယင်း : ရတာပေါ့ ]


စားပွဲဝိုင်းတွင်ထိုင်နေသော ထူကျင့်လန်က ခေါင်းကို ဘေးသို့ စောင်းလိုက်သောကြောင့် သူမ၏ရင်ဘတ်နေရာက အနည်းငယ်လစ်ဟာသွားသည်။


ထူကျင့်လန်က နူးညံ့သိမ်မွေ့လွန်းသော လေသံဖြင့်


 "ဒါရိုက်တာချီ...ဒီအချိန်ကြီးရောက်လာတာလား... ”


" ဒီမှာကုမ္ပဏီခွဲတစ်ခုရှိတယ်လေ...အစည်းအဝေးပြီးသွားတာနဲ့ အခြေအနေကြည့်ဖို့လာခဲ့တာ "


တစ်ချိန်တည်း၌ပင် စုယိ၏ကြည်နူးမှုမှာ အဆုံးအစွန်ထိထိုးကျသွားတော့သည်။


ချူယင်းထံ၌ ကုမ္ပဏီကြီးတစ်ခုရှိပြီး သူမအားအပြင်ခေါ်ထုတ်ရန်တစ်ခုတည်းအတွက်နှင့် ရှန်ဟိုင်းအထိလာခြင်းသည် မဖြစ်‌န်ိုင်ကြောင်းအား နားလည်ရန်လွယ်ကူပေ၏။သို့သော်လည်း အမှန်တရားအားသိရှိပြီးနောက်ပိုင်းတွင်လည်း စုယိမှာ အားမလိုအားမရဖြစ်နေသေးသည်။


' ဒီလူက မိန်းကလေးတွေကို ဆွဲဆောင်နေကျလား...အဲ့လိုဖြစ်လို့မရဘူးလေ...ကြည့်ကောင်းရတဲ့အထဲ ပရောပရီပါလုပ်တတ်နေသေးတယ် ... မဖြစ်တော့ဘူး '


 [ နတ်ဘုရားမ စုယိ : ဟေ့ လူ... jpg ]


___________________________________________


[ Note ]


" လောင်ပေါင်း" ဆိုသည်မှာ " ပေါင်မူ "ဟုခေါ်သောငှက်မျိုးစိတ်တစ်မျိုးကို ရည်ညွှန်းခြင်းဖြစ်ပြီး ပြည့်တန်ဆာများက ၎င်းတို့၏ ပြည့်တန်ဆာခေါင်းကိုခေါ်လေ့ရှိကြသော အသုံးအနှုန်းဖြစ်သည်။


ရှေးကာလများ၌ လူတို့သည် "လောင်ပေါင်း" အား မ သီးသန့်ရှိသောမျိုးစိတ်တစ်ခုဟု ယူဆခဲ့ကြပြီး ၎င်းတို့သည်မျိုးပွားရန်အတွက် အခြားငှက်မျိုးနွယ်အစုံနှင့် မိတ်လိုက်ကြသည်ဟုဆိုကာ 'ငှက်တစ်သောင်း၏မယား' ဟု သတ်မှတ်ခဲ့ကြသည်။


၎င်းအသုံးအနှုန်းအား မည်သူ့ကိုမဆို ခင်ပွန်းသည်သကဲ့သို့ ပြုမူပေးနိုင်သောပြည့်တန်ဆာတစ်ဦးကို ရည်ညွှန်းရန် အသုံးပြုကြ၏။


Xxxxxxxxx