အပိုင်း ၂၃
Viewers 13k

Chapter 23


စုယိပို့လိုက်သောစတစ်ကာ၏ဇာတ်ကောင်အမူအရာကို မြင်သွားသည့်ချူယင်းမှာ တစ်ဖက်လူထံမှဖုန်းကိုလုပြီး ထိုကဲ့သို့သောစတစ်ကာမျိုး မည်မျှရှိသည်ကို စစ်ဆေးကြည့်ချင်စိတ်ပင်ပေါက်သွားမိသည်။


ဟင်းလျာများအားလုံး လာချပြီးနောက်တွင် စကားဝိုင်းသည် အဓိကအကြောင်းအရာသို့ ပြောင်းလဲသွားခဲ့၏။


 " ယိလေး "


စားပွဲဝ်ိုင်းရှိတစ်စုံတစ်‌ယောက်က သူမ၏နာမည်အားခေါ်လာခဲ့သဖြင့် စုယိသည် အကြည့်လွှဲကာ ဖုန်းပိတ်ပြီး စကားဝိုင်းအပေါ်အာရုံစိုက်ရန်ပြင်လိုက်၏။စုယိအားခေါ်သူမှာ လီမင်ဖြစ်လေသည်။


 "ဒါရိုက်တာကြီး...ဘာဖြစ်လို့လဲ"


 "စားနေတုန်း ဘာလို့ဖုန်းကြည့်နေတာလဲ...ဇာတ်ညွှန်းကို နားလည်ပြီလား" လီမင်က စုယိအား မေး၏။


 “ ညီမက စုယိပါ...ဆရာမကြီး လီမင်ရဲ့...ကြိုက်တဲ့အပိုင်းပြောလိုက်.. အခုချက်ချင်းထရွတ်နိုင်တယ်....စမ်းချင်သလိုသာစမ်း.."


 စားပွဲဝိုင်းမှ ရယ်မောသံများ ထွက်ပေါ်လာသည်။


 "ယိလေးက ဟာသဉာဏ်ရှိတာပဲ" ၀ူခဲ့က မှတ်ချက်ပြု၏။


 "ငါသာ နင့်ရဲ့ဆရာမကြီးဆိုရင် အရင်ဆုံးဖုန်းသိမ်းရမှာပဲ " လီမင်က ရယ်ချင်စိတ်ကို အောင့်အီးထားရသော လေသံဖြင့်ပြောလိုက်သည်။


 “ကောင်းပြီ ...ကောင်းပြီ...အဓိကအချက်ကိုပဲ သွားကြတာပေါ့... အရင်ပြောထားသလိုပဲ... ဒီဇာတ်လမ်းတွဲရိုက်‌နေတဲ့ကာလမှာ ဘယ်သရုပ်ဆောင်ကိုမှ တခြားဇာတ်လမ်းရိုက်ခွင့်မပြုပါဘူး "


 " ညီမ‌ကတော့ ဒါမျိုး ဘယ်တော့မှ မလုပ်ပါဘူး...အာရုံပျံ့လွယ်ပြီး ရိုက်ကူးရေးအပေါ်ထိခိုက်စေတယ်လေ "


ထူကျင့်လန်ကထိုစကားပြောပြီးနောက်တွင် စုယိရှိရာဘက်သို့လှည့်ကြည့်လာ၏။


" ယိကျဲကတော့...ဒါမျိုးတွေအများကြီးလုပ်တယ်လို့ ကြားဖူးတယ်...အာရုံမပျံ့ဘဲ အလုပ်တွေအများကြီး ခွလုပ်နိုင်တာက အံ့သြစရာကောင်းတာပဲ "


ထိုအခါ စုယိက ထူကျင့်လန်အား အလှပဆုံးပြုံးပြလိုက်သည်။


" ငါက အဲ့လိုလုပ်နိုင်တဲ့အထိကို တော်တာမလို့လေ "


 “…....”


ထူကျင့်လန်ကြိုတင်ပြင်ဆင်ထားသော စကားလုံးများက လည်ချောင်းထဲတွင် ပြန်လည်နစ်မြုပ်သွားပြီး သူမသည် ပါးစပ်ပိတ်သွားကာ ဘာမှဆက်မပြောတော့ပေ။


ညစာစားနေချိန်တစ်ဝက်တစ်ပျက်တွင် စုယိမှာ သန့်စင်ခန်းဆီသို့ ဦးတည်လာခဲ့သည်။သို့သော်လည်း သူမသည် အသိအကျွမ်းဟောင်းတစ်ဦးနှင့် တည့်တည့်တိုးရန် မျှော်လင့်မထားခဲ့ပေ။ထိုတစ်ယောက်က စုယိအား အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ဆီးကြိုနေသည်။


 " သိပ်မကြာသေးခင်ကပဲ ဇာတ်ညွှန်းတွေအများကြီးရခဲ့တယ်ဆို ... ဂုဏ်ယူပါတယ်"


ဤအသိအကျွမ်းဟောင်းမှာ ထူကျင့်လန်၏အေးဂျင့် လင်းကျဲဖြစ်ပြီး တစ်နည်းဆိုရသော် စုယိ၏ပထမဆုံးအေးဂျင့်ဟောင်းလည်းဖြစ်သည်။


 " ငါနဲ့အလုပ်အတူတူတွဲလုပ်နေတဲ့အချိန်တုန်းကကျတော့ ဒါမျိုးကိုလက်မခံနိုင်ဘူးဆို...အခုတော့လည်း အဲ့တုန်းကအတိုင်းပဲ ဆက်လုပ်နေရတာမဟုတ်လား...နင်သာ အစောကတည်းက လက်ခံခဲ့မယ်ဆိုရင် အခုထက်ပိုပြီး အောင်မြင်နေမှာပဲ...ဝူရွှယ်က အရမ်းပျော့တယ်...သူက နင့်ကို အမြင့်ကြီးတွန်းတင်ပေးနိုင်မှာမဟုတ်ဘူး "


စုယိက ခြေလှမ်းများကိုရပ်တန့်ကာ လင်းကျဲအားလှည့်ကြည့်လိုက်၏။သူမသည် အထင်အမြင်သေးမှုအား ဖုံးကွယ်ရန်စိတ်မဝင်စားဘဲ လှောင်ရယ်လျက် လင်းကျဲအား ပြန်ပက်တော့သည်။


 “ ကျဲလိုအရည်အချင်းရှိတဲ့လူအတွက် ဒီဘက်ခေတ်ကြီးမှာ မွေးဖွားလာရတာကိုက နှမျောစရာကောင်းတာပဲ...ကျဲလိုလူမျိုးကို ဒီဘက်ခေတ်လူတွေကတော့ မြွေဟောက်မလို့ခေါ်မလားပဲ ...အရင်ခေတ်ကခေါ်တဲ့ လောင်ပေါင်းလိုမျိုးလေ "


စုယိ စားပွဲသို့ပြန်ရောက်သောအခါ ဝူရွှယ်က ပါးစပ်သုတ်ရင်း ဘေးသို့ကိုင်းလာလျက် ခပ်တိုးတိုးပြောသည်။


" နင်လင်းရှကို နှင်ထုတ်ဖို့လုပ်ခဲ့တာမလား "


လင်းရှဆိုသည်မှာ လင်းကျဲ၏နာမည်အရင်းဖြစ်သည်။


" နင့်ရဲ့ ဆဠမအာရုံမျက်လုံးကိုဖွင့်လိုက်ပြီလား "


စုယိက ရေအနည်းငယ်မော့ရင်း မသိမသာပြန်ဖြေလိုက်၏။


 "တစ်လောက သူ နင့်ကို ဆက်သွယ်ဖို့ ကြိုးစားသေးတယ်လေ"


" ငါဘယ်လိုလုပ်မသိရတာလဲ "


" ဘယ်သိမလဲ ငါက ဘလော့ထားလိုက်တာကိုး "


ဝူရွှယ်က စုယိ၏ပန်းကန်ထဲရှိ နံရိုးများကို ကောက်ယူပြီး သူမပန်းကန်ထဲသို့ထည့်‌နေရင်း ဆက်ပြောလာပြန်သည်။


 "နင်ငါ့ကို သစ္စာ‌ဖောက်သွားမှာ ကြောက်လို့လေ...ဒါတွေက ဂျုံပါတယ် မစားနဲ့... "


စုယိမှာ သူမ၏ပန်းကန်ထဲမှထွက်ခွာသွားရှာသည့် အသားပါသောနံရိုးတုံးများအား နှမျောတသ လှမ်းကြည့်နေ၏။ထို့နောက် အရှေ့သို့ပြန်လှည့်ကြည့်လိုက်သောအခါ ဟင်းလျာများတင်ထားသော ဆုံလည်ဝိုင်းကရွေ့လျားလာပြီး နံရိုးချိုချဉ်ဟင်းက သူမ၏အရှေ့တည့်တည့်၌ ရပ်တန့်သွားသည်။ချူယင်းက သူ၏လက်ကိုဆုံလည်ဝိုင်းပေါ်မှဖယ်လျက် စုယိအား တည်ငြိမ်စွာလှမ်းပြောသည်။


" ယူလေ "


ပြုံးဖြီးနေသောစုယိက နံရိုးပိုင်းတစ်ပိုင်းကိုယူပြီး တစ်ကိုက် ကိုက်လိုက်ချိန်တွင် စားပွဲဝိုင်းရှိကျန်လူများမှာ ခွေးစာအကျွေးခံလိုက်ရသလို ခံစားလိုက်ကြရ၏။


ထို့နောက်တွင် လင်းရှက ပုံမှန်ဖြစ်သောမျက်နှာထားဖြင့် ပြန်ရောက်လာကာ စားပွဲဝိုင်းတွင် ထိုင်ချလိုက်ပြီး‌နောက် အရက်ခွက် တစ်ခွက်အား ကိုင်လျက် ပြန်ထလာပြန်သည်။


" လန်လန်က အသစ်လေးပဲရှိသေးတာပါ ... သူက ဒီလိုမျိုး ကြီးကျယ်တဲ့ထုတ်လုပ်ရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်တာက အဖွဲ့ရဲ့ စေတနာကြောင့်ပါပဲ...."


ထူကျင့်လန်ကလည်း လင်းရှ၏ဦးဆောင်မှုနောက်သို့လိုက်ကာ သဘာဝမကျစွာဖြင့် ပြုံးရယ်နေသည်။ 


 "ဟုတ်ပါတယ်...ဒါက ဒါရိုက်တာလီအတွက်ပါ "


လီမင်သည် ဤကဲ့သို့သောအပေါ်ယံနှမ်းဖြူးသည့်ဆက်ဆံရေးများတည်ဆောက်ရခြင်းကို စိတ်မဝင်စားသော်လည်း ရိုက်ကူးရေးမစမီတွင် သရုပ်ဆောင်များနှင့်ဆက်ဆံရေးအား ပိုဆိုးမသွားစေချင်သောကြောင့် ထူကျင့်လန်နှင့် ဝတ်ကျေတန်းကျေ ခွက်ချင်းတိုက်ကာ အရက်အနည်းငယ်ကိုမျိုချလိုက်သည်။


 “ပြီး‌တော့ဇာတ်ညွှန်းရေးဆရာကြီး… ”


ထူကျင့်လန်သည် ဒါရိုက်တာနှင့် ခေါင်းဆောင်မင်းသား မင်းသမီးများမှအစ ၊ ရင်းနှီးမြုပ်နှံသူအဆုံးပါဝင်သူတိုင်းကို ဆက်လက်၍ တောင်းဆိုခဲ့ပြီး နောက်ဆုံးတွင် သူမသည် ချူယင်းထံသို့ရောက်သွားခဲ့၏။


" မလိုပါဘူး...ကျုပ် မသောက်တော့ဘူး "


ချူယင်းက ထူကျင့်လန်အား မော့ပင်မကြည့်ပေ။ထိုမျှသာမက သူ၏လေသံတွင်လည်း ဖော်ရွေမှုတစ်စိုးတစ်စိမျှ မရှိဖြစ်နေသည်။မထင်မှတ်ထားသောအခြေအနေအား ကြုံတွေ့လိုက်ရသောထူကျင့်လန်သည် ထိုနေရာ၌ပင် ဖန်ခွက်ကိုင်လျက် တောင့်တောင့်ကြီးရပ်ကာ ကူရာကယ်ရာမဲ့စွာဖြင့် လီမင်အား လှမ်းကြည့်နေခဲ့၏။


ထိုအချိန်တွင် ဒါရိုက်တာချီက မျက်လုံးများပိတ်သည်အထိ ဟက်ဟက်ပက်ပက်ရယ်မောလာရင်း အခြေအနေကို ဖြေလျှော့ပေးသည်။


 “သူက ဘယ်တော့မှ မသောက်ဘူးလေ... စိတ်ရင်းက အဓိကပါပဲ... ”


ထူကျင့်လန်၏ပါးပြင်များမှာ နီမြန်းနေပြီဖြစ်ပြီး သူမက ထိုင်ခုံဆီသို့ ပြန်သွားကာ ခြောက်သွေ့စွာ ရယ်မောလိုက်၏။အခြေအနေမှာ စိတ်ဝင်စားစရာလုံးဝမကောင်းကြောင်း ခံစားလိုက်ရသောစုယိက ကျိတ်ရယ်လိုက်မိသည်။


ကောင်းမွန်သော ညစာစားပွဲအဖြစ် စတင်ခဲ့ရာမှ ယခုအခါ တွင် အသောက်အစားလိုင်းသို့ ပြောင်းလဲသွားခဲ့ပြီး နှစ်အနည်းငယ်ကြာပြီဖြစ်သော်လည်း လင်းရှ၏အကျင့်မှာ မပြောင်းလဲနိုင်သေးပေ။


စုယိ၏ဖုန်းက တုန်ခါလာခဲ့သည်။


 [ ချူယင်း : မသောက်နဲ့ ]


 [ ချူယင်း : မင်းရဲ့‌သောက်နိုင်စွမ်းက အရမ်းဆိုးဝါးတယ]


စုယိက နှုတ်ခမ်းပေါ်တွင် လက်ညိုးတင်လျက် မသိမသာရယ်မောနေသည်။


 [ နတ်ဘုရားမ စုယိ : ကျွန်မ မူးရင် ရှင်က ဟိုတယ်ပြန်လိုက်ပို့ပေးလို့ရတာပဲ... ]


[ ချူယင်း : မမူးရင်တောင် လိုက်ပို့ပေးမှာပဲ ]


 "ယိ‌ လေး...ဘာတွေပြုံးနေတာလဲ" ၀ူခဲ့က မေးလာ၏။


ထိုအခါ စုယိက ကွေးညွှတ်လုမတတ်ဖြစ်နေသောနှုတ်ခမ်းပါးများကို ထိန်းချုပ်ရင်း ခေါင်းကိုငြင်သာစွာခါယမ်းလိုက်သည်။


" ဘာမှမဟုတ်ပါဘူး "


 "ဇာတ်ညွှန်းတစ်ခုလုံးဖတ်ပြီးတော့ မင်းရဲ့ဇာတ်ကောင်ကိုအမျှော်လင့်မိဆုံးပဲ ...အရမ်းခက်မဲ့ပုံစံပေါက်လို့ "


ဝူခဲ့က ပြုံးရယ်လျက် ပြောလာ၏။


 “ဟုတ်တယ်...ကျွန်မလည်း ကျွန်မရဲ့ ဇာတ်ကောင်ကို အရမ်းသဘောကျတယ် "


 "မင်းငါ့ကိုမြူဆွယ်ရမဲ့ ဇာတ်ဝင်ခန်းတချို့ပါတယ်နော်...သရုပ်ဆောင်စကေးကိုမျှော်လင့်နေမယ် "ဝူခဲ့က အရွှန်းဖောက်သည်။


ဝူခဲ့မှာ အလိုက်သိပြီးလူဝင်ဆံ့သူဖြစ်သော်လည်း ချူယင်းနှင့်စုယိတို့၏သိသာထင်ရှားလှသောဆက်ဆံရေးအား အတိုင်းသားမြင်နိုင်သည့်ကြားကပင် ထိုသို့သောစကားအား ပြောထွက်နိုင်သေးသည်။


အမှန်တကယ်တွင် ဝူခဲ့သည် မရေမတွက်နိုင်သော အမျိုးသမီးအနုပညာရှင်များနှင့်အတူအိပ်ဖူးပြီး စာနယ်ဇင်းများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသောကြောင့် ၎င်းကိစ္စများအား လူထုသို့မပေါက်ကြားအောင် ထိန်းချုပ်ထားနိုင်ခြင်းဖြစ်၏။


အရာရာသိသောအေးဂျင့်မ၏ကျေးဇူးဖြင့် စုယိမှာ လူတကာအကြောင်းနော‌ကျေလာရသည်။


" စီနီယာလိုဝါရင့်သဘာရင့်တဲ့သူနဲ့ တွဲသရုပ်ဆောင်ရမှာက ကျွန်မအတွက်တော့ဂုဏ်ယူစရာပါပဲ "


ထိုအချိန်တွင် တစ်စုံတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ကြမ်းပြင်နှင့် ကုလားထိုင်ခြေထောက်ပွတ်မိသောအသံတစ်ခုထွက်ပေါ်လာ၏။စားပွဲဝိုင်းရှိလူများက အသံလာရာဘက်သို့ကြည့်လိုက်သောအခါ အေးအေးဆေးဆေးပါးစပ်သုတ်နေသောချူယင်းအား တွေ့လိုက်ရသည်။ 


 " ကျွန်တော်မှတ်မိသလောက်ကတော့...ထူ... ” 


ချူယင်းမှာ စကားပြောနေရင်းခေတ္တရပ်တန့်သွားပြီး သူသည် ထူကျင့်လန်၏နာမည်အား မမှတ်မိကြောင်း ထင်ရှားစေသည်။


" သူက လူလဲပြီးသားမဟုတ်ဘူးလား "


ချူယင်းက နာမည်ကိုကျော်ကာ လိုရင်းကိုသာ ဆက်မေးလိုက်၏။ထိုအခါဘေးတွင်ထိုင်နေသော ဒါရိုက်တာချီက ပြုံးဖြီးလျက်ပြန်ဖြေသည်။


"ကျွန်တော် ပြန်ထည့်ဖို့ စီစဉ်လိုက်တာပါ...လန်လေးက အရမ်းတော်တယ်....မင်းသမီးကောင်းတစ်လက်ကို အလဟဿအဖြစ်မခံနိုင်လို့လေ” 


ချူယင်းက ဒါရိုက်တာချီအား တစ်ချက်ကြည့်လိုက်ပြီးခံစားချက်မဲ့သောအငွေ့အသက်မှာ လေထုအား တင်းမာလာစေသည်။


" နောက်တစ်ခါဆိုရင်တော့ ကျွန်တော့်ကိုအရင်တင်ပြမှ ရမယ် "


လူအများရှေ့တွင် မျက်နှာသာဆုံးရှုံးသွားသောဒါရိုက်တာချီတစ်ယောက် သိသိသာသာပင် မျက်နှာပျက်ယွင်းသွားတော့၏။


ညစာစားပွဲ ပြီးဆုံးသွားသောအချိန်တွင် ချူယင်း၏ပတ်ပတ်လည်၌လူများဝိုင်းနေကြပြီး စုယိမှာမူ ထိုလူအုပ်ကြီး၏အဆုံး၌ရှိနေခဲ့သည်။


စုယိသည် ချူယင်းနှင့် မတွေ့လိုက်ရဘဲ ဤအတိုင်းထွက်သွားရမည်ကိုစိုးရိမ်မိသဖြင့် တစ်ဖက်လူထံသို့မက်ဆေ့ချ်ပို့ရန် ရည်ရွယ်ပြီး ဖုန်းထုတ်လိုက်၏။ သို့သော်လည်း ထိုစိတ်ကူးအား အပြည့်အဝအကောင်အထည်မဖော်ရသေးမီမှာပင် ထိုအမျိုးသားက သူမ၏အရှေ့သို့ရောက်လာခဲ့သည်။


" သွားမယ် " ချူယင်းက စုယိအားစိုက်ကြည့်လျက် ခပ်တိုးတိုးပြော၏။


ထို့နောက်တွင် နှစ်ယောက်သားက ဘေးချင်းယှဥ်လျက် လူတကာ၏မယုံနိုင်ကြည်နိုင်သောအကြည့်များကြားမှ အတူထွက်ခွာလာခဲ့ကြသည်။


 "ယိလေးနဲ့ ဒါရိုက်တာချူ က အရမ်းရင်းနှီးတဲ့ပုံပဲ‌နော်"


 " အဲ့လိုပြောလို့ရပါတယ် " ဝူရွှယ်က လက်ထောက်ဒါရိုက်တာ၏မှတ်ချက်ပြုမှုအား ဖြည့်စွက်ပေးလိုက်သည်။


****


လင်းရှသည် မိုးကြိုးအလျင်ဖြင့် ကားပေါ်တက်သွားခဲ့ပြီး အနောက်မှပါလာသောထူကျင့်လန်ကလည်း ထိုင်ခုံတွင် နေရာယူပြီးပြီးချင်း၌ လင်းရှအား မေးခွန်းထုတ်လာပြန်သည်။


" စုယိနဲ့ ဒါရိုက်တာချူနဲ့က တကယ်ကြီးလား "


" မသိဘူး " လင်းရှ၏လေသံမှာဖော်ရွေမှုကင်းမဲ့ပြီး စိတ်ကြည်နေပုံမရပေ။


 "သူတို့က ဘယ်လို ရင်းနှီးသွားတာလဲ....ကျဲပြောတော့ သူနဲ့ဆက်သွယ်လို့မရဘူးဆို " ထူကျင့်လန်၏လေသံမှာလည်း သိပ်မကောင်းချေ။


ဒါရိုက်တာချီအား မဆက်သွယ်မီတွင် ချူကော်ပိုရေးရှင်း၏ အကြီးဆုံးသားဖြစ်သူသည် စစ်တပ်မှ ထွက်ခွာလာပြီး လအနည်းငယ်အတွင်း ကုမ္ပဏီရာထူးတစ်ခုအား တာဝန်ယူထားကြောင်း ကြားသိခဲ့ရပြီး လင်းရှသည် မူလက ချူယင်းအား ပစ်မှတ်ထားခဲ့၏။‌သို့သော်လည်း ကြိုးစားသမျှကအရာမထင်ဘဲ ချူယင်း၏ဖုန်းနံပါတ်ကိုပင် လက်ဝယ်ရရှိအောင် မစုံစမ်းနိုင်ခဲ့သောကြောင့် နောက်ဆုံးတွင် ဒါရိုက်တာချီဘက်သို့ မြားဦးလှည့်လိုက်ရခြင်းဖြစ်သည်။


 “ငါ သူ့ကို မဆက်သွယ်နိုင်ခဲ့တာတော့ တကယ်ပဲ...စုယိကတတ်နိုင်သမျှအကုန်လုပ်နေတာလေ....အဲ့ဒါငါ့အမှားမလို့လား....မဖြစ်တော့ဘူး...နင်မျက်နှာပြင်မှရတော့မယ်....စုယိရဲ့နှုတ်ခမ်းလိုမျိုးပြင်လိုက်...အခုနင့်နှုတ်ခမ်းကပါးလွန်းတယ်...နှုတ်ခမ်းနီဆိုးလိုက်ရင် ပေါပေါပဲပဲပုံစံနဲ့ " လင်းရှက ထူကျင့်လန်ဘက်သို့လှည့်ကြည့်ပြီး အားမလိုအားမရဖြစ်စွာပြောလိုက်၏။


ထူကျင့်လန်က အောက်နှုတ်ခမ်းကို ကိုက်လျက် ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံး၌ပြန်ဖြေလာသည်။


“နားလည်ပြီ...."


****


ချူယင်းသည် ကုမ္ပဏီမှ သူ့အတွက် ပြင်ဆင်ပေးထားသည့် Benz G65 အမျိုးအစားဖြစ်သော ယာယီကားအား ယူဆောင်လာခဲ့၏။ကားအတွင်းရှိနောက်ကြည့်မှန်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ငယ်အား ချိတ်ဆွဲထားလျက်ရှိပြီး စုယိက ထိုအရာကို တစ်ချက်ကိုင်လှုပ်ပြီးနောက် ရေဒီယိုဖွင့်လိုက်သည်။ကားပေါ်သို့ရောက်ပြီးကတည်းက သူမ၏နှုတ်ခမ်းစွန်းများက သိသိသာသာ ကွေးညွတ်နေခဲ့သည်။


 " ဘာတွေအဲ့လောက်ပြုံးနေတာလဲ " ချူယင်းက မေးလာ၏။


" Bossကြီးက သူ့ဝန်ထမ်းတွေစီးတဲ့ကားထက် ပိုဈေးပေါတဲ့ကားကိုမောင်းနေတာမြင်ရတော့ ရယ်ချင်လာလို့ပါ "


စုယိက ချူယင်းအား လှောင်ပြောင်လိုက်သည်။  


 "ကားတွေနဲ့ ရင်းနှီးတာလား" ချူယင်းက ပြုံးလျက်မေးလိုက်သည်။


 “ဒါပေါ့....SUV တွေ အကုန်လုံးကို အမျိုးအစားခွဲတတ်တယ် "


ကားပါကင်မှ မောင်းထွက်လာပြီးနောက် သိပ်မဝေးသော လမ်းဆုံတစ်ခုတွင် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် ဖြစ်ပွားခဲ့သည်။ ချူယင်းက ပြတင်းပေါက်ဘောင်ပေါ်တွင်လက်တင်ထားရင်း စုယိအား ဆက်မေးလာပြန်၏။


 "SUV ကားတွေ ကြိုက်တာလား"


ပြတင်းပေါက်မှန်က အောက်သို့လျှောကျသွားပြီး အေးမြလန်းဆန်းသောညလေညင်းက စုယိ၏ဆံသားများကြားထဲမှ ဖြတ်ပြေးသွားသည်။ကားပိုင်ရှင်သည် ဗုဒ္ဓရုပ်ပွားတော်အားချိတ်ဆွဲထားသော်လည်း အားပြင်းသောဂီတအမျိုးအစားက ကားထဲတွင်ဆူညံလျက်ရှိပြီး စုယိ၏ခေါင်းမှာ ဒရမ်တီးခတ်သံတစ်ချက်ချင်းနဲ့အညီ တဆတ်ဆတ်လှုပ်ယမ်းနေသည်။


" ဒါပေါ့....SUVကားတွေက အားပြင်းတယ်လေ ရှင့်လိုပဲ "


စုယိ ရယ်မောလျက်ပြောနေသောစကားသံက လေထုမှတစ်ဆင့် ချူယင်း၏နားထဲသို့ တိုက်ခတ်စီးဝင်သွားတော့သည်။အချိန်အတန်ကြာသည့်တိုင်‌အောင် တုံ့ပြန်မှု မရရှိလာသောကြောင့် သူမက ချူယင်းရှိရာဘက်သို့လှည့်ကြည့်လိုက်၏။


 "တစ်ခုခုတော့ပြန်ပြောရောပေါ့...လူက်ိုနေရခက်အောင်လို့... "


စုယိ၏လေသံကပျော့ပျောင်းနေပြီး ချူယင်းက သူမအား ကျီစားသန်သောမျက်ဝန်းများဖြင့် ပြန်ကြည့်လာသည်။


" စိတ်လှုပ်ရှားနေတာလား...စမ်းကြည့်ချင်လို့လား "


ဤအချိန်၌ စုယိမှာ နှာခေါင်းသွေးလျှံတော့မလို ခံစားနေရသော်လည်းအသက်ပြင်းပြင်းရှူလျက် ချူယင်း၏မေးခွန်းအား ပြန်ဖြေလိုက်သည်။


" အ-အင်း...စမ်းကြည့်ချင်တယ် "


***


 ___________________________________________