အပိုင်း ၂၄
Viewers 12k

Chapter 24


 ကိုးဆယ့်က်ိုးခုသောပေါက်ကွဲသံ။


ဆယ်မိနစ်ခန့်အကြာတွင် စုယိမှာ ယာဉ်မောင်းထိုင်ခုံ၌ ရှိနေခဲ့၏။ယခုအချိန်၌ သူမထံတွင် ပြောစရာစကားပင် မရှိတော့ပါချေ။


" ဘာလဲ...ကားမမောင်းတတ်ဘူးလား " ချူယင်းက မျက်ခုံးပင့်လျက်မေးလိုက်သည်။


 “‌ မောင်းတတ်ပါတယ်...ရှင်စမ်းခိုင်းတာက ဒါကိုလား ” စုယိက အားပျက်နေသောလေသံဖြင့် ခပ်တိုးတိုး မေး၏။


 " မင်းက တခြားဘာစမ်းချင်သေးလို့လဲ...ငါ့ကားလား ..." 


' ရှင့်ကားမဟုတ်ဘူး...


ရှင့်ကို!!!


ရှင့်ကိုစမ်းချင်နေတာ '


စုယိက မချိပြုံးလေးပြုံးလိုက်ပြီး ထိုင်ခုံကို ချိန်ညှိကာ လီဗာနင်းပြီး အရှိန်ပြင်းပြင်းဖြင့် ထွက်ခွာတော့သည်။


 "အရှိန်လျော့ဦးးး...မင်းဟာက မြန်နှုန်းကန့်သတ်ချက်ကျော်နေပြီ " ချူယင်းက မျက်မှောင်ကြုတ်လျက်ပြောသော်လည်း စုယိမှာ ဂရုမစိုက်‌ပေ။


သူမက ကားစတီယာတိုင်ကိုချိန်ညှိလိုက်ပြီး ရှေ့ကားကို ကျော်တက်ရန်ပြင်လေသည်။


" မကျော်သေးပါဘူး...ကန့်သတ်ချက်က တစ်နာရီမိုင်၅၀နှုန်းမလား....အခုမှ ၄၉ပြည့်ခါနီးလေးပဲရှိသေးတာကို "


 “တခြားကားတွေရှေ့က မဖြတ်နဲ့လေ... အန္တရာယ်များတယ် ”


စုယိထံမှ ရယ်မောသံများက ကားထဲတွင် ပဲ့တင်ထပ်နေသည်။ 


 “ဟုတ်ကဲ့ပါ ဆရာကြီး”


***


ကြောက်မက်ဖွယ်ရာလမ်းခရီးက ပြီးဆုံးသွားခဲ့ပြီး နှစ်ဦးသား ဟိုတယ်သို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့၏။


စုယိမှာ ဟိုတယ်ရှေ့၌ရပ်ပြီး ဆင်းတော့မည့်ဆဲဆဲတွင် ချူယင်းက ပြောလာသည်။


" ကားပါကင်အထိမောင်းသွားလိုက် "


စုယိသည်လည်း ကားအားဦးတည်ရာပြောင်းခဲ့လိုက်ပြီး ကားပါကင်သို့ရောက်ချိန်တွင် ချူယင်းက ထိုင်ခုံခါးပတ်အား ဆွဲဖြုတ်ရင်း ပြောလေသည်။


" အင်ဂျင်ရပ်လိုက် "


" ဒါဆိုကျွန်မ အပေါ်တက်တော့မယ် "


စုယိက စက်သတ်ပြီးနောက် ကားပေါ်မှဆင်းသွား၏။


ချူယင်းကမူ တစ်စုံတစ်ရာမတုံ့ပြန်ဘဲ ကားနောက်ခန်းဆီသို့သွားလျက် တစ်စုံတစ်ရာအား ရှာဖွေနေခဲ့သည်။


အားမလိုအားမရဖြစ်နေရှာသောစုယိက ခြေလှမ်းအနည်းငယ်အကွာ၌ အနောက်သို့ပြန်လှည့်ကြည့်လိုက်သော်လည်း ကားနောက်ခန်းကိုဖွင့်ကာ တစ်စုံတစ်ရာအားအသည်းအသန်ရှာနေသော ချူယင်းကိုသာတွေ့လိုက်ရ၏။နောက်ခန်းအဖုံးအားထိန်းကိုင်ထားသော ချူယင်း၏လက်တစ်ဖက်မှ သေသပ်ကျနသောကြွက်သားလိုင်းများက အထင်းသားပေါ်နေသည်။


စုယိသည် တံတွေးမျိုချလျက် သုံးစက္ကန့်ထက်မနည်းကိုယ့်စိတ်ကိုယ်နိုင်အောင် ထိန်းနေခဲ့ရ၏။သို့သော်လည်းနောက်ဆုံး၌ သူမသည် အိတ်ထဲမှခေါင်းစည်းကြိုးကိုထုတ်ကာ ဆံပင်ကို အပီအပြင်စည်းနှောင်လိုက်ပြီး ချူယင်းရှိရာသို့ဦးတည်သွားတော့သည်။ချူယင်း၏အနားသို့ရောက်သွားသောအခါ စုယိမှာ ဖိနပ်ကြိုးကို ထပ်မံ၍ချည်နေပြန်သည်။


ကားနောက်ခန်းထဲမှတစ်စုံတစ်ခုအား ထုတ်လာသောချူယင်းက စုယိအား နောက်တစ်ကြိမ်ထပ်တွေ့လိုက်ရသဖြင့်အံ့ဩသွားတော့၏။


" မင်း... "


တဒင်္ဂအတွင်း၌ပင် နူးညံ့နွေးထွေးသောအထိအတွေ့တစ်ခုက ချူယင်း၏ညာဘက်ပါးပြင်ပေါ်၌ ဝပ်တွားလာခဲ့သည်။


စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က သေနတ်ဒဏ်ရာရနေသော်လည်း အမူအရာမပျက် မျက်နှာကြောထိန်းထားနိုင်ခဲ့သောဗိုလ်ကြီးလင်းယုန်သည်-ဤနှစ်စက္ကန့်အတွင်း၌မူ ဆက်လက်၍တည်ငြိမ်နိုင်စွမ်းမရှိရှာတော့ပေ။နူးညံ့သော နှုတ်ခမ်းသားများနှင့် နီးကပ်လာချိန်တွင် မွှေးပျံ့သောရနံ့တစ်ခုက သူ၏နှာဖျားတွင် ဝေ့ဝိုက်နေခဲ့ပြီး အနမ်းပိုင်ရှင်မိန်းကလေးက ထင်ရာစိုင်းပြီးနောက် ချက်ချင်းဆိုသလိုထွက်ပြေးသွားတော့၏။


ထိုမိန်းကလေး စည်းထားသည့် ဘယ်ညာယိမ်းထိုးနေသောဆံနွယ်များက ဗိုလ်ကြီးလင်းယုန်၏မြင်လွှာတွင် ကြည်လင်စွာထင်ဟပ်နေခဲ့လေသည်။


စုယိက ဓာတ်လှေကားထဲသို့ ဇွတ်ပြေးသွားပြီး ခလုတ်ကို အမြန်နှိပ်လိုက်၏။


' နမ်းတယ် ... နမ်းတယ် ... နမ်းလိုက်​တယ်​ '


စုယိ၏ပါးပြင်များမှာ ရဲတွတ်နေကာ သူမသည်ဆံပင်များကိုဖြည်ချလိုက်ပြီး အကြိမ်အနည်းငယ်ခန့် ထိုးဖွပစ်လိုက်သည်။ထို့နောက်အူမမြူးနိုင်သေးမီမှာပင် ဖုန်းNotiသံကြောင့် ရင်ထိတ်သွားရ၏။စုယိက ဖုန်းကိုထုတ်ပြီး တစ်ချက်ကြည့်လိုက်သည်။


 [ ချူယင်းထံမှ မက်ဆေ့ခ်ျအသစ်တစ်စောင် ရထားပါတယ် ]


စုယိမှာ သူမ၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုကာကွယ်ရန် စခရင်လော့ခ်အား မဖွင့်မချင်း လက်ခံရရှိသည့်မက်ဆေ့ချ်များကိုမပြသရန် ဆက်တင်တွင် ချိန်ညှိထားခဲ့၏။


စုယိ၏ လက်ချောင်းထိပ်များက Home keyပေါ်သို့ အော်တိုရောက်သွားသည်။


 ' ဟင့်အင်း...မဟုတ်ဘူး...မဟုတ်ဘူး '


စုယိသည် ဖုန်းကိုဆက်မကြည့်ရဲဖြစ်နေပြီး နောက်ထပ်နိုတီသံတစ်ခုထွက်ပေါ်လာပြန်သောကြောင့် နောက်ဆုံးတွင်စိတ်ဆုံးဖြတ်ကာ ဖုန်းအား အိတ်ထဲထိုးထည့်လိုက်တော့၏။


' ဘာမှမသိသလို ဟန်ဆောင်ပြီး မနက်ဖြန်မှ ပြန်တောင်းပန်လိုက်ရမလား '


တည်းခိုရာ နေရာသို့ ပြန်ရောက်သည်နှင့် စုယိမှာအိပ်ခန်းထဲသို့ ခုန်ပျံကျော်လွှားသွားပြီး ကျောပိုးအိတ်ထဲမှ IPAD အား ဆွဲထုတ်လိုက်သည်။သူမသည် ယနေ့ည၌ဖုန်းမကြည့်ရန် သံဓိဌာန်ချထား၏။


စုယိမှာ သူမ၏ IPADမှတစ်ဆင့် Weibo ကိုဖွင့်ပြီး တစ်စုံတစ်ခုအား အောင်ပွဲခံသောပို့စ်တင်ရန်ဆုံးဖြတ်လိုက်သည်။ IPAD ထဲတွင် log inဝင်ထားသော စုယိ၏အခြားအကောင့်တွင် တွေ့ကရာလူများအား followထားပြီးပင်မစာမျက်နှာသို့ ဝင်ရောက်လာလာချင်းပင် ပို့စ်တစ်ခုက သူမအားဆီးကြိုနေခဲ့လေ၏။


 [ နာမည်မ‌တွေးတတ်တဲ့ Blog ပိုင်ရှင် v : ၁၅၈စင်တီမီတာနဲ့ ၁၉၂စင်တီမီတာဆိုတာက အလိုက်ဖက်ဆုံး အတွဲအစပ်ပဲ... အဲ့ဒါက အသင့်တော်ဆုံး အရပ်ကွာခြားချက်လို့တောင် ပြောလို့ရတယ်...ရည်းစားရင်ခွင်ထဲပစ်ဝင်ပြီး ‌‌နမ်းခိုင်းလို့လည်းရ... ချီခိုင်းလို့လည်းရ ... အိုကေမှာစိုပြေနေရောပဲ ... ~ (ဓာတ်ပုံ) ]


အရပ်ပု‌သောမိန်းကလေးများက အလွန်ချစ်စရာကောင်းပြီး ဝူရွှယ်၏အရပ်အမြင့်မှာ၁၅၉ စင်တီမီတာဖြစ်သည်။စုယိသည်ပင်လျှင် ဝူရွှယ်၏ခေါင်းအားပွတ်သပ်ပြီး ပွေ့ဖက်ထားရသည်ကို သဘောတွေ့လှ၏။သို့သော်လည်း ဤပို့စ်အောက်ရှိကွန်မန့်များက သိပ်၍အချိုးပြေမနေပေ။


 [ အဖက်ခံချင်တယ် : အမှန်ပဲ စစ်ရေ...


အရပ်ရှည်တဲ့ ကောင်မတွေကို သနားလိုက်တာ.... ရည်းစားရှာရတာ ခက်ရှာမှာပေါ့...ဟားဟားဟား ]


စုယိ၏လက်များက ကီးဘုတ်ပေါ်တွင်ပြေးလွှားနေပြီး သူမသည် တစ်စုံတစ်ရာအား အကောင်အထည်ဖော်လိုက်ပြီးနောက် စိတ်ကျေနပ်စွာ ပြုံးလိုက်တော့သည်။


 [ သစ်အယ်သီးလေး : အရပ်ရှည်တော့ဘာဖြစ်လဲ...ငါနမ်းချင်လာရင်တော့ ခြေဖျားလေး‌တစ်ချက် ထောက်လိုက်တာပဲ ဟား ဟား ဟား ]


ထိုအချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာပြီး သူမသည် လက်ထဲမှ ipadကိုချ၍ မဆိုင်းမတွပင် တံခါးသွားဖွင့်ပေးလိုက်၏။ကနဦးက စုယိမှာ ဝူရွှယ်မှ facial maskများလာပေးခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက်က တက်တက်စင်အောင် လွဲသွားသည်။


အပြင်တွင်ရပ်နေသော အမျိုးသားက မျက်ခုံးပင့်ပြလာခဲ့ချိန်တွင် အလွန်ထိတ်လန့်သွားသောစုယိက တံခါးကိုဆွဲပိတ်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။


ထိုလူက စုယိ၏လည်ဂုတ်အား ကျယ်‌ပြန့်သောလက်ဖဝါးဖြင့် အုပ်မိုးလျက်ဆုပ်ကိုင်လာပြီး တစ်စုံတစ်ရာက သူမ၏နှုတ်ခမ်းများအား အပြည့်အဝဖုံးလွှမ်းသွားတော့သည်။ထိုအမျိုးသားက နမ်းခြင်းအရာတွင် အတွေ့အကြုံမရှိသေးပုံရပြီး စုယိ၏နှုတ်ခမ်းသားများကို တတ်သလောက်မှတ်သလောက် နမ်းရှုံ့‌နေ၏။


စုယိ၏စိတ်ထဲ၌မူ ပေါက်ကွဲသံကိုးဆယ့်ကိုးခုက ထိန်ထိန်ညီးသွားတော့သည်။


နှုတ်ခမ်းများခွာသွားပြီးသည့်တိုင် စုယိမှာအဆုံးမသတ်နိုင်သေးပေ။ချူယင်းက ခပ်ပါးပါးလေး ပြုံးလျက်မေးလာသည်။


" သွားရတော့မလား "


" အခုက အကောင်းဆုံး မဟုတ်သေးဘူး...ထပ်လုပ်လို့ရလား ” 


စုယိက မျက်လုံးလေးကလည်ကလည်ဖြင့် ပြောလိုက်သော်လည်း သူမ၏လက်ထဲသို့ တစ်စုံတစ်ခု ရောက်လာခဲ့ပြီး အနည်းငယ် ဟန်ချက်ပျက်သွားတော့သည်။ငုံ့ကြည့်လိုက်သောအခါ ထိုအရာက လုံးလုံးဝိုင်းဝိုင်းဖရဲသီးတစ်လုံးဖြစ်နေ၏။


 ' နမ်းနေရင်းနဲ့ ဒီဟာကြီးကို ဖက်ထားမိတာလား '


ဤသည်မှာ အလွန်ဆိုးရွားသောအနမ်းအတွေ့အကြုံဟု စုယိ ခံစားလိုက်ရသည်။


 “ရှင် စောနတုန်းက ဒါကြီးကိုင်ထားတာလား” 


 "ဟုတ်တယ်လေ...ဘာလို့ဇွတ်တွေ ပြေးသွားတာလဲ" 


စုယိ၏ပါးပြင်များက နီရဲလာပြီး သူမသည် မရမက စကားလမ်းကြောင်းလွှဲတော့၏။


 “ရှင်-ရှင်… ကျွန်မအခန်းနံပါတ်ကို ဘယ်လိုသိတာလဲ"


 "ငါပြောလိုက်တာ"


ထိုအချိန်၌ အသံတစ်ခုက ဘယ်ဘက်အခန်းမှပျံ့လွင့်လာခဲ့ပြီး စုယိလှည့်ကြည့်လိုက်ချိန်တွင် ဝူရွှယ်မှာ အပြုံးမမည်သောအပြုံးတစ်ခုဖြင့် ဘေးအခန်းမှထွက်လာကာ သူမတို့နှစ်ယောက်အား ရပ်ကြည့်နေလေသည်။


 "ဒါရိုက်တာချူကို ကားပါကင်မှာ တစ်ယောက်တည်းထားခဲ့တယ်ပေါ့လေ ဟမ်... ဘယ်လိုတောင် နှလုံးသားမရှိတာလဲ "


ဤစကားအား ဘာသာပြန်ဆိုသည့်အခါတွင် " ကားပါကင်မှာပြောစရာရှိတာကိုဘာလို့ဆုံးအောင်မပြောခဲ့တာလဲ " ဟူသော အဓိပ္ပါယ်ထွက်လာ၏။


သို့သော်လည်းစုယိသည် အချိန်အတော်ကြာသည်အထိ တစ်စုံတစ်ရာ မတုံ့ပြန်ခဲ့ပေ။ ဝူရွှယ်မှာမူ မိတ်ကပ်မလိမ်းထားဘဲနဲ့ပင် ပါးပြင်များရဲရဲတွတ်နေရှာသောသူမ၏အနုပညာရှင်အားတွေ့လိုက်ရတော့သည်။


" အထဲဝင်သွားဦးမလား "


" မဝင်တော့ဘူး ...သူငယ်ချင်းတစ်ယောက်နဲ့တွေ့စရာရှိသေးလို့ "ချူယင်းက နာရီကိုတစ်ချက်ကြည့်လျက် စုယိ၏အမေးကို ပြန်ဖြေလေသည်။


လေစိုင်သဖွယ် ပလစ်ခံလိုက်ရသော ဝူရွှယ်မှာတော့ နှုတ်ဆိတ်နေရှာ၏။


' ဒီလူကတော့...ဘာလို့ နေရာတကာမှာ သူငယ်ချင်းတွေရှိနေတာလဲ '


 “ကောင်းပြီလေ” 


စုယိက တံခါးကို မှီလိုက်ပြီး သူမသည်တစ်ခုခုထပ်ပြောချင်နေပုံရသော်လည်း ပါးစပ်အားအကြိမ်အနည်းငယ် အဖွင့်အပိတ်လုပ်ပြီးသည့်တိုင် " ဂရုစိုက်မောင်းပါ " ဟူသောစကားတစ်ခွန်းသာ ထွက်လာလေသည်။


" အဲ့စကားကို မင်းကိုယ်မင်း ပြန်သတိပေးဖို့ မှတ်ထားလိုက် "


"ဟမ်.... "


ချူယင်းက လှည့်ထွက်သွားသော်လည်း ခြေလှမ်းအနည်းငယ်ခန့်အကွာတွင် စုယိဘက်မှ ထပ်အော်‌လာပြန်၏။


" ရှင်...ရှင်...တာဝန်ယူမှာမလား "


ယုံကြည်ချက်မရှိသည့်အပြင် တစ်ချက်တစ်ချက်တိမ်ဝင်သွားသေးသောစုယိ၏လေသံကြောင့် ချူယင်းမှာ ခြေလှမ်းများကိုရပ်တန့်ပြီး ခပ်ဖွဖွရယ်မောမိသည်။


" ယူမှာ.... "


အရင်းမရှိ အဖျားမရှိသောစကားဝိုင်းကြောင့် ဝူရွှယ်ခမျာ အူလည်လည်လေးဖြစ်နေရှာပြီး ဓာတ်လှေကားတံခါးပိတ်သွားသည့်တိုင် စုယိကကျောက်ရုပ်သဖွယ်ရပ်တန့်နေခဲ့သောကြောင့် ဝူရွှယ်မှာ သူငယ်ချင်းဖြစ်သူအား လှုပ်နှိုးရတော့ပေ၏။


" ဟဲ့ ...ဟဲ့ အသိစိတ်လေးကပ်ပါဦး "


ဝူရွှယ်က စုယိ၏မျက်စိရှေ့၌ လက်များကိုခါယမ်းရင်း တဖွဖွပြောနေသော်လည်း တစ်ဖက်လူထံမှ မျက်ဝန်းရွဲရွဲကြီးများမှာ မပျောက်ကွယ်နိုင်သေးပေ။စုယိက ဓာတ်လှေကားတံခါးအား ဆက်လက်စိုက်ကြည့်နေရင်း မျက်စိကျိန်းလောက်အောင် ပြုံးဖြီးနေခဲ့သည်။


" ရွှယ်ရွှယ်လေး...ငါတော့ချစ်မိသွားပြီထင်တယ် "


ထိုအခါဝူရွှယ်က စုယိ၏ပါးစပ်ကိုလက်ဖြင့်လှမ်းပိတ်လိုက်ပြီး ဟိုတယ်ခန်းထဲသို့ ဆွဲခေါ်လာခဲ့၏။


" အထဲမှာ ဆက်ပြောမယ် "


အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် စုယိမှာ ကနဦးကလွယ်အိတ်အောက်သို့ ထိုးထည့်ထားခဲ့သောဖုန်းအား ထုတ်ပြီး အလျင်အမြန်ပင် ဖွင့်ကြည့်နေသည်။


 [ ချူယင်း : ဘာလို့ ပြေးသွားတာလဲ ]


 [ ချူယင်း : မင်းအခန်းနံပါတ်ကဘယ်လောက်လဲ ]


(လွတ်သွားသောခေါ်ဆိုမှု)


" အဲ့ဒီရူးနှမ်းနှမ်းမျက်နှာထားကို ပြန်ရုတ်စမ်း "


ဝူရွှယ်က ကုတင်ပေါ်တွင်ထိုင်ချလိုက်ပြီး အချစ်နွံထဲပက်လက်မျောနေရှာသူကို သတိပေးလေသည်။


ထိုအခါ ချူယင်းထံသို့စတစ်ကာများပို့နေသောစုယိက သူမ၏နှုတ်ခမ်းစွန်းများအား ရုတ်ချည်းပင်ဆွဲဆန့်လိုက်ကာ မျက်နှာသေဖြင့် လုပ်လက်စများကို ဆက်လုပ်နေခဲ့ပြီး ဝူရွှယ်မှာလည်း facial maskကို စားပွဲပေါ်လှမ်းတင်လိုက်ပြီးနောက် ရိုးရာမပျက် တရားစဟောတော့သည်။


“ဒီတစ်ခါသရုပ်ဆောင်တာက အရမ်းကြီးကျယ်တယ်...မနက်ဖြန် ဖွင့်ပွဲမှာ မီဒီယာတွေ အများကြီးရှိမှာ...သူတို့က နင့်ဓာတ်ပုံတွေကို photoshop လုပ်ပေးနေမှာ မဟုတ်ဘူး ...ဒီညတော့ငါ့အတွက်ပဲဖြစ်ဖြစ် အာရုံစိုက်ပေးထားပါဟယ်...အချစ်တွေ ဘာဘာညာညာတွေ ခဏဖယ်ထားဦး" 


" ဒီလတွေအတွင်း နင်ကငါ့ကိုအဖော်လုပ်ပေးမှာမလို့လား " 


 "အေး‌လေ...ရှင်းစရာရှိတာတွေရှင်းပြီး ပြန်လာခဲ့မယ်"


ဝူရွှယ်၏အဖြေက စုယိအား မေးခွန်းများ ဆက်တိုက်ထုတ်လာစေသည်။


"မင်္ဂလာဆောင်ပြီးရင်နေမဲ့အိမ်ကရော ... ပြီးတော့လည်းရက်က ရွေးရဦးမယ်... သူ့မိဘတွေနဲ့ရော တွေ့ဦးမှာမလား "


စုယိသည် ဝူရွှယ့်အတွက် အမှန်တကယ်ပင် ဝမ်းမြောက်ခဲ့၏။ဝူရွှယ်သည် လွန်ခဲ့သောနှစ်နှစ်ခန့်ကတည်းက အိမ်ထောင်ပြုမည့်အရေးကို စဉ်းစားနေခဲ့သော်လည်း အကြောင်းပြချက်တစ်ခုရှိနေသောလျှိုမင်ဟောင်ကြောင့် ၎င်းကိုအကောင်အထည်မဖော်နိုင်ခဲ့ဘဲ လျှိုမင်ဟောင်၏မိဘများနှင့်ပင် မတွေ့ခဲ့ရပေ။


"ငါ့ဘက်လှည့်မလာနဲ့ ....တွဲနေကြတာမလား နင်နဲ့ချူယင်းက...."  


ဝူရွှယ်က စကားလမ်းကြောင်းလွှဲသောအခါ စုယိမှာ ဆိုဖာပေါ်ခေါင်းထိုးလိုက်ပြီး အူယားစွာပြောလာဝောာ့သည်။


" မပြောတတ်ဘူး...အဲ့လိုဖြစ်ရင်ဖြစ်မှာပေါ့ "


" ဖြစ်ရင်ဖြစ်မှာပေါ့တဲ့လား...မရေမရာနဲ့...ဒီညအဲ့ဒါမစားရဘူးနော်...ဝိတ်တက်လိမ့်မယ်" ဝူရွှယ်က စုယိပိုက်ထားသောဖရဲသီးကိုကြည့်လျက်။


 “မစားပါဘူးဟဲ့...ဒီည အိပ်ရာပေါ်တင်သိပ်ထားမှာ ဟဲဟဲ ” 


 “…...... ”


စုယိသည် ပျော်မြူးနေသော်လည်း အနည်းငယ်အားမလိုအားမရဖြစ်နေမိသေး၏။ဝူရွှယ်သာရောက်မလာခဲ့လျှင် သူမတို့နောက်တစ်ကြိမ်ဆက်၍နမ်းနိုင်ပါမည်လော။


အချိန်အတော်ကြာသည်အထိ ချူယင်းက စာပြန်မလာသောကြောင့် ကားမောင်းနေ၍ဖြစ်မည်ဟု စုယိက ဖြည့်တွေးပေးလိုက်သည်။


စုယိမှာ ဆိုဖာပေါ်တွင် ပစ်လှဲလျက် အားရဝမ်းသာစွာဖြင့် weiboအား ဖွင့်လိုက်သော်လည်း လျန့်ပေါက သူမအား ထပ်မံ၍ followလုပ်လိုက်သည့်သတင်းက ဆီးကြိုနေသည်။လျန့်ပေါသည် တစ်ယောက်တည်း followလုပ်လိုက် ၊ unfollow လုပ်လိုက်ဖြင့်ထင်ရာစိုင်းနေပြီး သူမအား hot topicအတွက် ကျော်ကြားမှုကိုအသွင်းထုတ်လုပ်၍ရသော ATMစက်ကြီးဟု ထင်နေသည့်ပုံပင်။


ဤအရာက သူမ လုပ်ခဲ့သမျှအား ပေါ့ပေါ့တန်တန်ဖြစ်စေသောကြောင့် စုယိမှာ စိတ်ရှုပ်ထွေးနေ၏။


လျန့်ပေါသည် အဘယ်ကြောင့် သူမနှင့်မကြာခဏ လာလာပတ်သတ်နေရပါသနည်း။ တုံး၍လော သို့မဟုတ် အကန်းဟုဆိုရလောက်အောင် ဉာဏ်အလင်းပိတ်နေ၍လော။


****


___________________________________________