အပိုင်း ၂၅
Viewers 12k

Chapter 25


တာဝန်ယူမှာမလား...။


"အဲ့ဒီ လျန့်ပေါက တစ်ခုခုလွတ်နေတာလား...သူသွားရှာနိုင်တဲ့ တကယ့်နာမည်ကြီးမိန်းကလေးတွေ အများကြီးရှိတာကို ဘာလို့ငါ့ပဲလာလာဆွဲထည့်နေတာလဲဟ " စုယိက ဝူရွှယ်အားမေးလိုက်၏။


 "နင်က ကိုယ့်ဟာကိုယ်အထင်သေးနေတာလား ဒါမှမဟုတ် ငါ့ကို သိက္ခာချနေတာလား...နင်က အဲဒီမိန်းကလေးတွေထက် ကျိန်းသေပေါက် ပိုသတင်းကြီးတာပေါ့...ဖောက်ပြန်လို့မကလို့ ကြက်ဥနဲ့ပဲပေါက်ခံထိထိ နောက်ဆုံးတော့ အရောင်းဝန်ထမ်းတောင် နင့်ကို ထိန်းမနိုင်ဘူးလေ...မနက်ဖြန်ဖွင့်ပွဲမှာလည် နင့်ကို အင်တာဗျူးဖို့ မီဒီယာတွေက တန်းစီနေဦးမှာ....”


 “ နင်က ငါ့ကို ချီးကျူးနေတာလား ... ဖဲ့နေတာလား... နားမလည်နိုင်တော့ဘူး "


Weibo ၌ဂယက်ထနေသည်မှာ အောက်ပါအတိုင်းဖြစ်၏။


 [ ဖျော်ဖြေရေးနယ်ပယ်မှ သတင်းစုံ v : လျန့်ပေါက စုယိကို followပြန်လုပ်လိုက် ၊ နာကျင်စေပေမဲ့ ‌ခွင့်လွှတ်ပေးနေတာများလား ၊ ဒီကနေ့မှာ လျန့်ပေါရဲ့ပရိသတ်တွေကခွင့်လွှတ်ခြင်းအရောင်ကို ဝတ်ဆင်ထားကြ... ]


စုယိက လက်ချောင်းများကိုရွှေ့လျားကာ သူမ၏ပင်မအကောင့်ဆီသို့ log in ဝင်လိုက်ပြီးနောက် Weibo တွင် တစ်စုံတစ်ရာကို တင်ခဲ့သည်။


 [ စုယိ v : ဆောရီးပဲ...ငါနဲ့ လျန့်ပေါက သူငယ်ချင်းတွေ...နင်တို့ခေါင်းတွေက မည်းနက်နေတုန်းပဲ စိတ်အေးအေးထားကြ ]


စုယိ၏ပို့စ်တွင် ဂယက်ထနေသောအကြောင်းအရာနှင့် ဆက်စပ်သည့်အချက်အလက်များပါဝင်နေသဖြင့် အချိန်တိုအတွင်း၌ပင် ကွန်မန့်များက ဆက်တိုက်တက်လာတော့၏။


 [ စုယိကို အားပေးနေမဲ့အမာခံဖန် - အဲ့ဘက်ရပ်ကွက်နဲ့ မပတ်သတ်ချင်ဘူး...ငါတို့က ပန်ဒါကောင်တွေနဲ့ မဒိတ်ဘူးဟေ့ ]


 [ ငါ့ဖိနပ်ကိုလာမလုနဲ့ - ငါ့နာမည်ကို လာလာ တိုက်ခိုက်ကြတဲ့ လျန့်ပေါရဲ့ဖန်တွေ အများကြီးပဲ ...ငါ့ idolကို ကြိုက်သလိုသာပြော ကိစ္စမရှိဘူး...ဒါပေမဲ့ ဘာလို့ ငါ့လာဆဲနေကြတာတုန်း ]


စုယိက ထိုကွန်မန့်အား အောက်မှ replyပြန်လိုက်သည်။


 [ စုယိv- နင်ကတော့တစ်ခုခုပဲ...ငါ့fanမလုပ်နဲ့ *fake smile* ]


စုယိထံမှ WeChat မက်ဆေ့ခ်ျကိုမြင်ချိန်တွင် ချူယင်းမှာ ဘားတစ်ခုထဲသို့ရောက်နေခဲ့၏။


 [ နတ်ဘုရားမ စုယိ - ကျွန်မစားနေတဲ့ ဖရဲသီးကတောင် ရှင့်ကို ချစ်နေတဲ့ပုံစံလေး *jpg ]


ချူယင်းက replyပြန်ရန် စတစ်ကာများကို ဆွဲကြည့်လိုက်သော်လည်း သူသိမ်းထားသမျှမှာ စုယိထံမှ ရရှိခဲ့သော စတစ်ကာများပင်ဖြစ်သည်။ချူယင်းမှာ စတစ်ကာများအား သိမ်းရုံသာသိမ်းပြီး တစ်ကြိမ်မှ ပြန်မပို့ခဲ့ဖူးချေ။


ထောင့်တစ်နေရာတွင်ထိုင်နေသောလျှိုရှီးက ချူယင်းအား အားရဝမ်းသာ လက်ဝှေ့ယမ်းပြသည်။လျှိုရှီးထိုင်နေသောစားပွဲဝိုင်းက အလွန်ကျယ်ပြီး လူနှစ်ယောက်ဝင်ထိုင်သည့်ကြားကပင် ဗလာဖြစ်သောခံစားချက်က ရနေသေး၏။


"ရော့ မြည်းကြည့်...ဒီအရက်က ရှယ်ပဲ...." 


 လျှိုရှီးက ဖန်ခွက်အား အပြည့်ဖြည့်ကာ တစ်ဖက်လူ၏အရှေ့သို့ ခွက်ကို တိုးပေးလိုက်သော်လည်း ချူယင်းက တစ်ချက်လေးမှပင်မကြည့်ပေ။


" မင်းက ဘာလို့ဒီရောက်နေတာလဲ "


 "ငါလား... ငါက စော်လေးတစ်ပွေလောက် အပီဖမ်းမလို့လာတာ "


ချူယင်းသည် လျှိုရှီး၏အချစ်ဂိမ်းအကြောင်းကို လားလားမှစိတ်မဝင်စားဘဲ စားပွဲမျက်နှာပြင်အားလက်ချောင်းထိပ်ဖြင့်ပုတ်ရင်း ခပ်တိုးတိုးမေးလာ၏။


 “မင်းမှာ စတစ်ကာတွေ ရှိလား”


အရက်တစ်ကျိုက်မော့နေသော လျှိုရှီးမှာ ကိုယ့်နားကိုယ်ပင် မယုံနိုင်လောက်အောင်ဖြစ်သွားတော့သည်။


" ဘာဖြစ်တယ်... "


 " စတစ်ကာ "


လျှိုရှီးသည် အခြေအနေအား လိုက်မီနိုင်စေရန် မနည်းတွေးတောခဲ့ရပြီး သူငယ်ချင်းဖြစ်သူမှာ အတွေ့အကြုံနုလွန်းသေးသည်ဟု အတွေးပေါက်သွား၏။


 "ဟုတ်ပြီ ဘယ်နိုင်ငံကဟာ ယူမလဲ "


 “…... “


' နိုင်ငံအလိုက် ခွဲခြားထားသေးတာလား '


ချူယင်းက မျက်မှောင်ကြုတ်ကာ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလာသည်။


 "တရုတ်...."


လျှိုရှီးက ဖုန်းထုတ်ကာ တစ်စုံတစ်ရာအား လှန်လှောရှာနေခဲ့ပြီး ချူယင်း၏ဖုန်းမှ အဝင်မက်ဆေ့ခ်ျအသိပေးချက်များ ဆက်တိုက်မြည်လာတော့၏။


ချူယင်းက အိတ်ကပ်ထဲမှဖုန်းကို ပြန်ထုတ်ပြီး လျှိုရှီးပေးပို့လာသည်များအား စစ်ဆေးနေသည်။


ဆယ်ခုခန့်ရှိသော gifs များထဲတွင် ဆံပင်အနက်ရောင်နှင့် အဝါရောင်အသားအရည်ရှိသော ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးက မဖွယ်မရာလုပ်လျက် ပျော်မွေ့နေကြသည်။


 " ယင်းဇီ ဘယ်လိုလဲ...ငါ့မှာ မိနစ်နည်းနည်းကြာတဲ့ဗီဒီယိုလေးတွေလည်း ရှိတယ်.... driveကနေပို့ပေးရမလား


( Google drive နှင့်ဆင်တူသော Baidu Wangpan ကို ရည်ညွှန်းသည် ) 24GBလောက်ရှိမယ်ထင်တယ် "


လျှိုရှီးက‌ ပြောပြောဆိုဆိုဖြင့် ဗီဒီယိုများဆက်ပို့သော်လည်း ဤတစ်ကြိမ်၌ " ! " အမှတ်အသားများ တန်းစီနေသည်ကိုသာ မြင်လိုက်ရတော့၏။


 [ တစ်ဖက်လူက သူငယ်ချင်းအတည်ပြုခြင်းကို ဖွင့်ထားပါတယ် ; သင်သည် ထိုလူနှင့် friendမဖြစ်သေးပါ ]


လျှိုရှီးမှာ အူလည်လည်ဖြစ်သွားပြီး ခေါင်းကိုမော့လိုက်သည်။သို့သော်လည်း ချူယင်းက ထိုကိစ္စနှင့်ပတ်သတ်၍ မည်သို့သောဖြေရှင်းချက်မျိုးကိုမှ မပေးခဲ့ပေ။


 “လူချင်း‌တွေ့ပြီး ဆွေးနွေးချင်တာရှိတယ်လို့ ပြောခဲ့တယ်မလား”


 "ဟုတ်သားပဲ...မေ့တော့မလို့ကွာ" 


အရက်မူးသူများသည် လူတကာထက် အနည်းဆုံး ခြေလှမ်းတစ်ဝက်ခန့်နောက်ကျတတ်လေ့ရှိပြီး လျှိုရှီးသည်လည်း blockခံရခြင်းအကြောင်းနှင့်ပတ်သတ်၍ စကားမဟတော့ချေ။


" အခုရှန်ဟိုင်းမှာ စုယိ ဇာတ်ကားလာရိုက်နေတယ်လို့ကြားတယ်...ငါ့ကိုတစ်ခါလောက် သူနဲ့ညစာအတူတူစားဖို့ကူညီပေးပါဦး...ငါကသူနဲ့သိပ်မရင်းနှီးသေးတော့ မပြောရဲလို့ကွာ... "


လျှိုရှီးပြောပြီးပြီးချင်းတွင် ချူယင်း၏မျက်လုံးများက ရုတ်ချည်းဆိုသလိုပင် မှေးစင်းသွားတော့သည်။


" မင်းအပီဖမ်းမယ်ဆိုတဲ့တစ်ယောက်က သူလား "


 “မဟုတ်တာ.....ဆွေးနွေးစရာလေးရှိလို့ပါကွ ” 


လျှိုရှီးက သေရေးရှင်ရေးကိစ္စနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်သူတစ်ဦးသဖွယ် အကြောက်အကန်ငြင်းဆန်လေသည်။


" မင်းငါ့ကိုခေါ်တာ ဒီကိစ္စလား "


" ဟုတ်တယ်...ဒီကိစ္စက ငါ့ဘဝနဲ့သက်ဆိုင်နေတယ်ကွ... မဟုတ်ရင် ရှန်ဟိုင်းအထိလာပါ့မလား...ဟေ့ကောင်...ဟေ့...မသွားနဲ့ဦး .... "


ချူယင်းက စားပွဲဝိုင်းမှ ဝုန်းခနဲထထွက်သွားပြီး ကျန်ရစ်သူလျှိုရှီးအား တစ်ချက်လေးမှလှည့်မကြည့်ခဲ့ပေ။


*** 


နောက်တစ်နေ့မနက်တွင် ဝူရွှယ်မှာ စုယိ၏အခန်းတံခါးအား လာခေါက်ခဲ့ပြီး တံခါးပွင့်သွားချိန်၌ အနောက်သို့ပစ်လဲမိတော့မတတ်ဖြစ်သွားသည်။


 "မျက်တွင်းတွေကိုကြည့်ပါဦး...မနေ့ညက ပစ္စည်းပတ်ခိုးနေတာလား "


တံခါးအတွင်း၌ရှိ‌သောစုယိက သမ်းဝေနေ၏။


သူမသည် မနေ့ညက အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ဖရဲသီးအားမျက်နှာချင်းဆိုင်၌ထားလျက် အိပ်ခဲ့ရုံသာမက မကြာခဏထ၍ စစ်ကြည့်နေသောကြောင့် နောက်ဆုံးတွင်မူ အိပ်ရေးပျက်သောည ဖြစ်ခဲ့ရသည်။


ထို့ကြောင့် ပွဲမတက်မီတွင် မိတ်ကပ်ဆရာက ထိုမျက်တွင်းများထဲ၌ ကွန်ဆီလာများအထပ်ထပ်ဖို့ပေးလိုက်ရတော့၏။ဝူရွှယ်ပြောခဲ့သောစကားက သွေးထွက်အောင်မှန်ပြီး ပွဲကျင်းပရာနေရာ၌ မီဒီယာများ ကြိတ်ကြိတ်တိုးနေခဲ့သည်။


စုယိရောက်သွားချိန်၌ လူစုံနေပြီ ဖြစ်ပြီး သူမသည် ကားပေါ်မှဆင်းဆင်းချင်း " ယိကျဲ " ဟူသော တက်တက်ကြွကြွ အော်ခေါ်သံတစ်သံကိုကြားလိုက်ရကာ အသံလာရာဘက်၌ ချန်းအန်းနန်က ရှိနေခဲ့သည်။


ချန်းအန်းနန်က ပွဲတက်ဝတ်စုံအား ဝတ်ဆင်ထားပြီးကျစ်ဆံမြီးနှစ်ချောင်း ခွဲစည်းထား၏။


လက်ထဲတွင်စာအုပ်များကိုင်ထားသော သူမ၏ပုံစံက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစောပိုင်းကာလများက ကျောင်းသူတစ်ဦးနှင့် ဆင်တူနေသည်။


" မင်္ဂလာနံနက်ခင်းပါ အန်းနန် " စုယိက ပြုံးပြလျက် နှုတ်ဆက်လိုက်၏။


 "ယ်ိလေး မြန်မြန်လာ...အင်တာဗျူး စတော့မယ်" လီမင် က လှမ်းခေါ်သည်။


စုယိ လူစုသောနေရာသို့ရောက်သွားချိန်တွင် ဘေးဘက်တစ်နေရာ၌ ရပ်နေသည့်ထူကျင့်လန်က ပြုံးရယ်လျက် အချိုးမပြေစွာ ပြောလာလေ၏။


 "နောက်ဆုံးတော့ ရောက်လာပြီပဲ...ကျဲတစ်ယောက်တည်းပဲ ကျန်တာ "


စုယိက ထူကျင့်လန်အား လျစ်လျူကာ အချိန်ကိုတစ်ချက်စစ်ပြီး လီမင်အားလှမ်းမေးလိုက်သည်။


" နောက်မကျဘူးမလား ကျဲ "


 " မကျပါဘူး...နင်ကဘယ်တော့မှ နောက်မကျဘူး " 


လီမင်က ချန်းအန်းနန်၏ဘေးတွင် ဝင်ထိုင်လျက် စုယိ‌အားပြန်ဖြေသည်။


ပွဲစရန် အချိန်မကျသေးသော်လည်း သရုပ်ဆောင်များအားလုံးစုံလင်နေပြီဖြစ်ပြီး တာဝန်ရှိသူများနှင့် မီဒီယာများက အင်တာဗျူးချိန်အား အကောင်အထည်ဖော်လိုက်ကြတော့၏။၀ူခဲ့နှင့် ချန်းအန်းနန်တို့ရှေ့တွင် သတင်းသမားများစည်ကားနေသော်လည်း မိုက်ခရိုဖုန်းအများဆုံးထိုးပေးခံရသူမှာ စုယ်ိဖြစ်‌နေသည်။


စုယိမှာ ဝံပုလွေသဖွယ်ဉာဏ်များလှသော သတင်းသမားများကိုကြည့်ကာ ဝူရွှယ်၏စကားများမှာ မှန်ကန်ကြောင်း အတွေးပေါက်နေမိသည်။


 "စုယိအတွက် ဒါရိုက်တာလီမင်နဲ့တွဲလုပ်ရတာ ဒုတိယအကြိမ်မြောက်ဆိုတော့ တစ်ခုခုပြောချင်တာများရှိလား"


 " မရှိပါဘူး... ဒီလိုပါပဲ စကားလုံးတွေမလိုအပ်ပါဘူး "


ထိုအခါ စုယိ၏နံဘေး၌ သီးခြားအင်တာဗျူးဖြေနေသော လီမင်က လှည့်ကြည့်လာပြီး တစ်ချက်ပြုံးပြသည်။


 "ဒီတစ်ခါ မင်းရဲ့ဇာတ်ကောင်က အရမ်းထူးခြားတယ်လို့ကြားတယ်...မျှဝေပေးချင်တာမျိုးများရှိသလား "


စုယိသည် ချက်ချင်းပင် ဇာတ်ကားမှနှုတ်ထွက်ရတော့မလိုဟန်ဆောင်ကာ ကူရာကယ်ရာမဲ့သောလေသံဖြင့် ပြန်ဖြေလိုက်တော့သည်။


"ကျွန်မတစ်ခုခုပြောလိုက်ရင် ဒါရိုက်တာလီက စိတ်တိုလိမ့်မယ် "


လူတိုင်းက နားလည်သမှုဖြင့် ထိုအကြောင်းအရာအားဆက်မမေးတော့သော်လည်း လူအုပ်ထဲမှ သတင်းသမားတစ်ဦး၏အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။


 "မနေ့က Weibo မှာတင်လိုက်တာက စုယိနဲ့ လျန့်ပေါ ရန်ဖြစ်ထားလို့များလား "


 "ကျွန်မတို့က ရိုးရိုးသားသားသူငယ်ချင်းတွေပါ...ဘာဖြစ်လို့ ရန်ဖြစ်ရမှာလဲ "


 "မင်းနဲ့ လျန့်ပေါက ချစ်သူတွေမဟုတ်ဘူးလား...ပြီးတော့ livestream မှာ ကြိုက်တဲ့သူရှိတယ်လို့ပြောခဲ့တာက လျန့်ပေါကို ကြိုးကိုင်ချင်လို့ပြောတာမဟုတ်ဘူးလား...အဲ့ကိစ္စနောက်ပိုင်း နှစ်ယောက်သားရဲ့ဆက်ဆံရေးကို လူထုက အရမ်းစိတ်ဝင်စားနေကြတယ် ”


' ဒီသတင်းထောက်ကောင်ကတော့ '


စုယိမှာ ဒေါသထောင်းခနဲထွက်သွားသော်လည်း မင်းသမီးပီပီ အပေါ်ယံလေးပြုံးပြီး အခြေအနေအား အနုနည်းဖြင့်ကိုင်တွယ်ရန်ပြင်လိုက်သည်။


“နောက်တစ်ကြိမ်ကျရင် မေးခွန်းကို သေသေချာချာလေး ပြင်ဆင်ခဲ့မလားရှင့်...ကျွန်မ အရင်ကတည်းကရှင်းအောင်ပြောပြီးသားပါ...ကျွန်မ ကြိုက်တဲ့လူက ဒီနယ်ပယ်က မဟုတ်ဘူးဆိုတာကို....ကဲကဲ...ဒီအကြောင်းကို ဆက်မပြောဘဲနေကြတာပေါ့...အခုကစပြီး ရုပ်ရှင်နဲ့ပတ်သတ်တဲ့မေးခွန်းတွေကိုပဲ ဖြေပေးပါတော့မယ် "


သို့သော်လည်း သတင်းထောက်က ထိုနေရာ၌ပင်ရပ်တန့်မသွားဘဲ ဆက်လက်အထွန့်တက်လာပြန်၏။


" ဘယ်သူလဲဆိုတာကိုပြောမပြရင် အတန်းရှင်းရဖို့သပ်သပ်လုပ်တာမဟုတ်ဘူးဆိုတာကို ယုံပေးဖို့ ခက်ခဲမယ်ထင်တယ် "


ဤတစ်ကြိမ်၌ စုယိ၏အပြုံးတွင်ဖော်ရွေမှုမရှိတော့ပေ။


ဘေးနားမှဝူရွှယ်က သူမ၏အင်္ကျီစအားဆွဲလျက် အချက်ပြနေသော်လည်း စုယိက ဂရုမစိုက်ဘဲ အဆုံးထိသွားရန် ဆုံးဖြတ်လိုက်သည်။


" ရှင့်ကို ယုံ‌ပေးပါလို့ ပြောမိလား "


စုယိထံမှ ဒဲ့တိုးဆန်သောစကားကြောင့် တစ်ဖက် သတင်းထောက်က အနည်းငယ် နေရခက်သွားသော်လည်း လက်မလျော့သေးဘဲ ထပ်မေးလာပြန်၏။


 "ကျွန်တော်ပြောချင်တာက မင်းရဲ့ပရိသတ်တွေပါ"


" ရှင်က ဘယ်တုန်းကစပြီး ကျွန်မပရိတ်သတ်တွေရဲ့ ကိုယ်စားလှယ်ဖြစ်သွားတာလဲ ကျွန်မပရိသတ်တွေက ကျွန်မကိုယုံပြီးသား...ရှင်စိတ်ပူပေးစရာမလိုဘူး "


အခြားသတင်းထောက်အားလုံးမှာ စုယိ၏ဩဇာရှိသောလေသံအောက်တွင် ကြက်သီးမွေးညင်းများထသွားသည်အထိဟက်ထိကုန်ကြပြီး ၎င်းတို့၏အသံဖမ်းစက်များက မိုးထိုးနေတော့သည်။


အင်တာဗျူးကဏ္ဍပြီးနောက်တွင် ဝူရွှယ်သည် ပြဿနာများကိုဖြေရှင်းနေခဲ့ရပြီး သူမ၏မင်းသမီးက မျက်လုံးမှိတ်လျက် မိတ်ကပ်အပြင်ခံနေကာ ခပ်တိုးတိုးပြောလာသည်။


“အားအားယားယား ခေါင်းထဲထည့်‌မနေနဲ့... အချိန်အားနေရင် ငါတို့ညစာ ဘာစားရမလဲဆိုတာကိုပဲ စဉ်းစား ” 


ဝူရွှယ်သည် ပုံမှန်အားဖြင့် စုယိ၏ အစားအသောက်ပုံစံအား အတော်လေးတင်းကြပ်လေ့ရှိသော်လည်း ဇာတ်ကားရိုက်ကူးရေးလုပ်ချိန်၌မူ အခြေအနေမှာ မတူညီတော့ပေ။


စုယိထံတွင် အလွန်ထူးခြားသောဇီဝကမ္မဗေဒစနစ်ရှိပြီး သူမသည် ရုပ်ရှင်ရိုက်ကူးချိန်တွင် မည်မျှပင်စားစား ဝိတ်မတက်သည့်အပြင် ရိုက်ကူးရေးပြီးဆုံးချိန်၌ ကီလိုအနည်းငယ်ပင် ကျသွားတတ်လေ့ရှိ၏။


"နင်က တကယ်ကို ရဲတင်းလာတာပဲ..သတင်းထောက်တွေကို ပြန်ပွဲကြမ်းပြနေတယ်ပေါ့လေ ဟမ် "


 "နင် သူ့ကို မမှတ်မိဘူးလား...အဲ့အကောင်ပေါ့ ငါ့ပုံကိုဝါးပြီး ဖော်ချွတ်ပြနေတယ်လို့ပြောတာ " စုယိက မကျေမနပ်ပြောလေ၏။


 " အဲ့တုန်းက မီဒီယာတွေ အများကြီးလေ...ငါက သူ့တစ်ယောက်တည်းပဲကွက်ပြီး ဘယ်လိုလုပ်မှတ်မိမှာတုန်း...စကားမစပ် နင်ကရော ဘယ်လိုသိလဲ "


" ဒီလိုပဲ သိအောင်လုပ်ထားရတာပေါ့ " စုယိက မချိပြုံးပြုံးလျက်။


သူမသည် လက်စားချေသည့် ကဏ္ဍတွင် အငြိုးကြီးလှ၏။


မိတ်ကပ်ပညာရှင်မှ eyeliner ဆွဲပေးနေချိန်တွင် စုယိ၏ဖုန်းမှ အသံမြည်လာခဲ့သည်။စုယိမှာ မျက်ခွံကိုဖွင့်ရန် ရုန်းကန်လျက် ဖုန်းပင်မစခရင်ကို တစ်ချက်လှမ်းကြည့်ကာ မိတ်ကပ်ပညာရှင်၏လက်ကို အမြန်ဖမ်းဆွဲလိုက်တော့၏။  


"မမလှလှ...မိတ်ကပ်ဆက်မလိမ်းခင် reply လေး အရင်ပြန်လို့ရလား "


ခရီးဝေးဖြစ်သည်ကတစ်ကြောင်း ၊ နေထိုင်စရိတ်နှင့် တည်းခိုခအပိုကုန်မည်ကတစ်ကြောင်းဖြစ်၍ စုယိမှာသူမ၏ make up artist အား ရှန်ဟိုင်းသို့ခေါ်မလာခဲ့ပေ။


ထုတ်လုပ်ရေးကုမ္ပဏီသည် စုယိအတွက် ရှေးခေတ်မိတ်ကပ်ပညာရှင်တစ်ဦး စီစဉ်ပေးခဲ့ပြီး ယခင်အချိန် စုယိ ရှန်ဟိုင်းသို့ရောက်ခဲ့စဉ်ကလည်း ဤတစ်ယောက်က မိတ်ကပ်ပြင်ပေးခဲ့ဖူးသည်။


" သဘောအတိုင်းပါရှင် " မိတ်ကပ်လိမ်းပေးနေသည့်တစ်ယောက်က ပုခုံးတွန့်လျက်ပြောလိုက်၏။


စုယိမှာ ဖုန်းလှမ်းယူရန်ပြင်လိုက်သော်လည်း အန်းရွှမ်က ပို၍ပင်လက်သွက်နေခဲ့ပြီး စုယိ၏လက်ထဲသို့ ဖုန်းအား အဆင်သင့်ထိုးထည့်ပေးလာခဲ့သည်။


Xxxxxxxxx