အပိုင်း ၂၆
Viewers 12k

Chapter 26


 သည်းခံဖို့ခက်ခဲတယ်။


မနေ့ည၌ စုယိမှာ ချူယင်းနှင့် သန်းခေါင်ယံအထိစကားပြောဖြစ်ခဲ့ကြ၏။ပြန်တွေးကြည့်လိုက်ပါက နှစ်ဦးသားစကားပြောသည့်အချိန်မှာ ခပ်နည်းနည်းဖြစ်ပြီး သူမမေးသမျှစစ်တပ်ထဲမှအကြောင်းအရာမျိုးစုံအား ချူယင်းဒိုင်ခံ၍ရှင်းပြနေရချိန်က ပိုများလေသည်။


အသံမက်ဆေ့ချ်များပို့ရခြင်းက အလုပ်ရှုပ်လှသဖြင့် စုယိသည် ချူယင်းထံသို့ တိုက်ရိုက်ပင်‌ ဖုန်းခေါ်ဆိုခဲ့၏။


ဤသည်မှာ မနေ့ညက စုယိ ကောင်းကောင်းမအိပ်ခဲ့ရသည့်အကြောင်းအရင်းများထဲမှတစ်ခုဖြစ်လေသည်။


တစ်ဖက်လူထံမှ လေသံမှာ တိုးညင်းပြီး သူ၏ဇာတ်လမ်းများက ရိုးရှင်းတိကျကာ ခြုံငုံပြောရလျှင် သူပြောပြသည်များကို နားထောင်ရသည်က ကောင်းမွန်ပေ၏။


စုယိမှာ ချူယင်းပြောသောအကြောင်းအရာများ၌ နစ်ဝင်သွားခဲ့ပြီး သတိပြန်ဝင်လာချိန်တွင် သန်းခေါင်ယံအချိန်သို့ရောက်နေခဲ့သည်။


သူမက ချူယင်းအား " ‌အိပ်ချင်နေပြီလား " ဟုမေးမြန်းခဲ့ပြီး ထို့နောက်တွင်ချူယင်းက စကားနှစ်ခွန်းခန့်ပြောကာဖုန်းချသွားခဲ့သောကြောင့် စုယိမှာ ကောင်းသောညပါဟု ပြောရန်ပင်အခွင့်အရေးမရခဲ့ချေ။


chat ထဲ၌ ဤမနက်က စုယိပို့ထားခဲ့သော မက်ဆေ့ချ်က နေရာယူထားသည်။


 [ နတ်ဘုရားမ စုယိ : နိုးပြီ...အလုပ်သွားတော့မယ် (ဒီနေ့လည်း စွမ်းအားအပြည့်နဲ့ )jpg ]


 [ ချူယင်း : Ngh ]


' Ngh... 'Ngh' တစ်လုံးပဲလား '


စုယိက အချိန်အနည်းငယ်ခန့်တွေဝေသွားပြီးနောက် mirror selfie ဆွဲလိုက်၏။


 [ နတ်ဘုရားမ စုယိ : အလုပ်မှာ (ဓာတ်ပုံ) ]


 [ ချူယင်း : ကောင်းတာပေါ့ ]


 စကားဝိုင်း...ပြီးဆုံး။


စုယိက ဖုန်းကိုပိတ်လိုက်ပြီးပေါင်ပေါ်တွင်တင်ကာ မိတ်ကပ်ပညာရှင်အား လှမ်းပြောလိုက်သည်။


" ဆက်လိမ်းလို့ရပါပြီ "


ဤတစ်ကြိမ် Make up lookမှာ ဆွဲဆောင်မှုရှိသောမျက်ဝန်းတစ်စုံအား အသားပေးထားပြီး ရိုးရှင်းပေါ့ပါး၏။


နှုတ်ခမ်းနီ ဆိုးပြီးနောက်တွင် စုယိသည်ဖုန်းကို တစ်ဖန်ပြန်လည်ကောက်ကိုင်ကာ Filter ရွေးပြီး နောက်ထပ် ဓာတ်ပုံတစ်ပုံ ထပ်ရိုက်ခဲ့သည်။ထိုပုံအား ပို့တော့မည့်ဆဲဆဲတွင် တစ်ဖက်လူထံမှဓာတ်ပုံတစ်ပုံ ဝင်လာတော့၏။


ထိုဓာတ်ပုံထဲရှ်ိချူယင်းက တီရှပ်အဖြူနှင့် ဘောင်းဘီတိုအား ၀တ်ဆင်ထားပြီး အင်္ကျီအရှေ့တွင်စိုစွတ်နေသောပုံစံအရ အခုလေးတင် လောလောလတ်လတ်ပြေးပြီးသွားခြင်းဖြစ်မည်။


 [ချူယင်း : လေ့ကျင့်ခန်းလုပ်ပြီး.....]


 [ နတ်ဘုရားမ စုယိ : အတူတူလုပ်မယ် ]


 [ ချူယင်း : ရတယ်လေ ...ဘယ်ချိန် ရိုက်ကူးရေးပြီးမှာလဲ ]


ယခုအချိန်၌ စုယိသည် သူမ ရည်ညွှန်းသောလေ့ကျင့်ခန်းမှာ သူထင်နေသောလေ့ကျင့်ခန်းနှင့်ကွဲပြားကြောင်းမဟားတရားပြောပစ်ချင်နေလေ၏။


စုယိက ဓာတ်ပုံကို save ထားလိုက်ပြီး ဖုန်းအား တစ်စုံတစ်ဦးကလုယူတော့မည့်သဖွယ် လက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတော့၏။


သို့‌သော်လည်း ရိုက်ကူးရေးက အချိန်ရွှေ့၍မရသောကြောင့် စုယိမှာ တစ်ဖက်လူအား နှမြောတသဖြစ်စွာဖြင့် " နောက်မှဆက်ပြောရအောင် " ဟု စာပြန်ပို့လိုက်ပြီး မိတ်ကပ်လိမ်းခြင်းကိစ္စအား အပြီးသတ်ရန် ရည်ရွယ်လိုက်သည်။


 "ဒီနေ့မိတ်ကပ်ကို အရမ်းကြိုက်တယ်...တို့က မထော်မနန်းတွေလုပ်မိရင်တောင် စုယိကလှနေဦးမှာ " မိတ်ကပ်ပြင်ပေးသူက မှတ်ချက်ပြုလိုက်၏။


 " မလုပ်ပါနဲ့...လီမင်က မိတ်ကပ်ပြန်ပြင်ဖို့ ဒီကိုပြန်ခေါ်လာ‌နေပါဦးမယ် "


ထိုအခါ မိတ်ကပ်ပညာရှင်က ရယ်လေသည်။


"သိပါတယ် .... ဇာတ်ညွှန်းရေးဆရာရယ်ဒါရိုက်တာရယ်နဲ့အတူတူ ဒီမိတ်ကပ်ရဲ့အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးထားပြီးသား... ပါဖက်ဖြစ်စေရမယ် စိတ်ချ "


မိတ်ကပ်ပြင်ဆင်ခြင်း၏နောက်ဆုံးအဆင့်အား အဆုံးမသတ်မီတွင် စုယိမှာ ဝတ်စုံအား လဲဝတ်ပြီးသွားခဲ့ပြီဖြစ်လေ၏။


 'လျို့ဝှက်နက်ရှိုင်းသော' မှ ဇာတ်ကောင်ချိုးကျီသည် ဂုဏ်သတင်းမွေးပျံ့သည့်ယဉ်ကျေးသိမ်မွေ့သူဖြစ်ကာ ချမ်းသာပြီး သြဇာကြီးမားသူများကိုသာ ခစားသည်။


သူမသည် သတင်းအချက်အလက်များအားရောင်းဝယ်ဖောက်ကား၍အသက်မွေးဝမ်းကြောင်းပြုပြီး အမျိုးသားဇာတ်ဆောင်နှင့် တွေ့ဆုံချိန်တွင် အတော်လေး ကောင်းမွန်သော အစပြုမှုတစ်ခု ရှိခဲ့၏။


သို့သော်လည်း ချိုးကျီမှာ အထက်တန်းလွှာမဟုတ်သည့်အပြင် အချိန်အတော်ကြာ ကျန်းမာရေးချို့တဲ့နေခဲ့သည်။


နောက်ဆုံးတွင်မူ ဇာတ်ဆောင်မင်းသားမှာ အပြစ်ကင်းစင်သော အမျိုးသမီးဇာတ်ဆောင်နှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး သူမမှာမူ မင်းသားထံသို့ အချက်အလက်အချို့ကိုပေါက်ကြားစေခဲ့သည့်အတွက် ပစ်သတ်ခံခဲ့ရလေသည်။


ချိုးကျီဇာတ်ကောင်၏ပထမဆုံး၀တ်စုံမှာ အပြာနှင့် အဖြူစပ်ထာသော ချီဖောင် ဖြစ်ပြီး အပေါ်ပိုင်းတွင် လှပသော မှင်စက်ရာများနှင့် အောက်ခြေတွင်မူ သစ်ခွပန်းခတ်များဖြင့် အစုလိုက် အပြုံလိုက် အလှဆင်ထားသည်။


စုယိ အဝတ်လဲခန်းထဲမှ ထွက်လာချိန်တွင် ဝူရွှယ်သည်ပင်လျှင် မင်သက်သွားခဲ့၏။


ထူကျင့်လန်သည် သူမ၏ဇာတ်ကောင်နှင့်လိုက်ဖက်စေရန်အတွက် ပေါင်အထက်အထိ ခွဲကြောင်းပါသော ချီဖောင် အား ဝတ်ဆင်ထားသော်လည်း စုယိမှာတော့ ထိုသို့မဟုတ်ချေ။ 


ချီဖောင်ဝတ်စုံသည် သူမ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ရစ်ပတ်ထားပြီး ခြေသလုံးသားဖြူဖြူများက ဘေးတိုက်ကြည့်ရုံဖြင့်ပင်ထင်ရှားနေ၏။


ခါးအထက်နားတွင်ပါရှိသော ကြာခွက်ပုံစံများကလည်း အလွန်ပင်တင့်တယ်ပြီး စုယိ၏ရုပ်ရည်နှင့်ပေါင်းစပ်လိုက်သောအခါတွင်မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစောပိုင်းကာလများ၌ လမ်းပေါ်ထွက်နေသော အထက်တန်းစား အမျိုးသမီးတစ်ဦးနှင့်ဆင်တူသွားသည်။


 " အံ့ဩစရာပဲ....ပြီးပြည့်စုံတယ်" ဇာတ်ညွှန်းရေးဆရာက တံခါးနားတွင် ရပ်နေပြီး စုယိအား မြင်သောအခါသူ၏မျက်လုံးများက တောက်ပလာသည်။  


သူသည် ဤဇာတ်ညွှန်းအပေါ် စိတ်လုံးလုံးနှစ်ထားပြီး ယနေ့အစောပိုင်းကတည်းက ရိုက်ကွင်းသို့ရောက်နေခဲ့ခြင်းဖြစ်၏။


ထိုအချိန်တွင် ထူကျင့်လန်သည်လည်း သာမန်မိတ်ကပ်ခန်းမှ ထွက်လာခဲ့ပြီး ဇာတ်ညွှန်းရေးဆရာက သူမအား တစ်ချက်လှမ်းကြည့်သည်။


ဇာတ်ညွှန်းရေးဆရာသည် မလိုအပ်သော ဤဇာတ်ကောင်ကို ဆန့်ကျင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများက မရမကပြောဆိုကြပြီး ၎င်းသည် အရံဇာတ်ကောင်သပ်သပ်ဖြစ်နေသောကြောင့် နောက်ဆုံးတွင်မူ စိတ်လျှော့ကာ လိုက်လျောပေးခဲ့ရသည်။


ထူကျင့်လန်၏မျက်နှာမှာ အနည်းငယ် ဖောင်းကားနေကာစုယိရှိရာနံဘေးသို့ သူမ လာရပ်လိုက်ချိန်၌ စိန်နှင့်ကျောက်တုံးအား နှိုင်းယှဉ်နေသကဲ့သို့ဖြစ်သွားပြီး ကွာဟချက်မှာ ထင်ရှားလွန်း၏။


ဇာတ်ညွှန်းရေးဆရာက ထူကျင့်လန်ထံမှ အကြည့်လွှဲလိုက်ပြီး စုယိအားပြောသည်။


"သွားကြစို့ ဒါရိုက်တာလီနဲ့ ဇာတ်ညွှန်းအကြောင်း ပြောကြတာပေါ့ "


*** 


လီမင်သည် နောက်ခံမြင်ကွင်းကို စီစဉ်ကွပ်ကဲနေခဲ့ပြီးစုယိတို့အား လှည့်ကြည့်လာ၏။


" အချိန်ဇယားကိုမြင်တယ်မလား...ပထမဆုံး scene က နင့် scene ပဲ "


" မြင်ပါ့...ဘယ်သူက အရံဇာတ်ကောင်ကို ပထမဆုံးရိုက်ဖို့စီစဉ်ပေးလိုက်တာပါလိမ့် "


 "ဒါဆိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်လိုက်လေ...ဒီသရုပ်ဆောင်ချက်က ချက်ချင်းဆိုသလိုပဲ ငါ့moodကို တစ်နေကုန်လွှမ်းမိုးသွားအောင်လို့ " လီမင်က စုယိအား ပြောလိုက်သည်။


ဦးစွာရိုက်ကူးသည့် scene သည် ထုတ်လွှင့်ပြ‌သသောအပိုင်းတွင်လာမည့်ပထမဆုံးဇာတ်ဝင်ခန်းမဟုတ်ချေ။ဤဇာတ်ဝင်ခန်းတွင်ချိုးကျီမှာ သူမ၏အခန်းထဲမှနေ၍ ဝရံတာဘက်သို့ လမ်းလျှောက်သွားလျက် ရိုးရှင်းသောအကြည့်ဖြင့် မရေတွက်နိုင်သောပုရိသများ၏ နှလုံးသားကို ခိုးယူရမည်ဖြစ်သည်။ရိုက်ကူးရန် အရာအားလုံးပြင်ဆင်ပြီးသွားပြီး စုယိက အခန်းထဲတွင် မတ်တပ်ရပ်ကာ အသက်ပြင်းပြင်းရှူနေ၏။


" စိတ်မပူပါနဲ့ စုယိက လှပြီးသား...မျက်လုံးလေးတစ်ချက်မှိတ်ပြလိုက်ရုံနဲ့ အမျိုးသားထုကြီးက ကောက်ကောက်ပါလာမှာ "


ရွေ့လျားထိုင်ခုံပေါ်ရှိ ကင်မရာသမားက ပြောလာသောအခါ စုယိမှာ ပြုံးရယ်လျက် ကင်မရာအားကြည့်ပြီး အကြိမ်အနည်းငယ်ခန့် မျက်စိတစ်ဖက်မှိတ်ပြနေတော့၏။


ထို့ကြောင့်ပင် လီမင့ခမျာ အသံချဲ့စက်လော်ကြီးအား ကောက်ကိုင်ပြီး လှမ်းအော်ရတော့သည်။


" အားကုန်အောင် မဖြုန်းတီးနဲ့ ...ငြိမ်ငြိမ်နေ"


ငါးမိနစ်ခန့်အကြာတွင် တရားဝင်ရိုက်ကူးရေးက စတင်ခဲ့၏။


 " Action " ဟုအော်လိုက်သည်နှင့် စုယိမှာ စားပွဲပေါ်မှ ယပ်တောင်အား ညင်သာစွာ ကောက်ယူလိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင်လည်း စိတ်ခံစားချက်များ စုစည်းလာခဲ့သည်။ သူမက နူးညံ့သိမ်မွေ့သောအမူအရာဖြင့် ထိုင်နေရာမှထကာ ဆံပင်များအား နားရွက်နောက်သို့ ညင်သာစွာ ညှပ်သိမ်းလိုက်ပြီး အခန်းပြင်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့တော့၏။


လက်ရန်းအပြင်ဘက်၌ ချီဖောင်များဝတ်ဆင်ထားကြသော ဖြတ်လျှောက်များရှိပြီး အားလုံးမှာ ရုပ်ရည်ချောမောကြသည်။‌ယေဘုလျအားဖြင့် အလှတရားအား အလေးပေးရမည့် ဤပြကွက်မျိုးတွင် သာမာန်ရုပ်ရည်ရှိသော ဖြတ်လျှောက်များကိုသာ ရွေးချယ်ရမည်ဖြစ်၏။သို့သော်လည်း ချိုးကျီမှာ ပန်းတကာ့ပန်းထဲမှ အလှဆုံးပန်းတစ်ပွင့်ဖြစ်သည့်အလျောက် လီမင်နှင့် လက်ထောက်ဒါရိုက်တာတို့ကဆွေးနွေးခဲ့ကြပြီး စုယိ၏အသွင်အပြင်အားယုံကြည်ကာ ရုပ်ရည်ချောမောသည့် ဖြတ်လျှောက်များအား ရွေးချယ်ခဲ့ကြသည်။


ထုံးစံအတိုင်း စုယိကတော့ စိတ်မပျက်စေရပေ။


ချိုးကျီဇာတ်ကောင်သည် လျှောက်လှမ်းလာရာမှခဏရပ်ကာ လက်ရန်းပေါ်တွင် ဖြည်းညင်းစွာထိုင်လိုက်၏။ Qipao ဝတ်စုံက သူမ၏ကောက်ကြောင်းကို ပေါ်လွင်စေပြီး လူအုပ်ကြီးက သူမအား မော့ကြည့်လာကြသည်။


အားလုံး၏အထက်၌ရှိနေသောသူမသည် နှုတ်ခမ်းများကို ကွေးလိုက်ပြီးနောက် ခေါက်ယပ်တောင်အားဖွင့်ကာ မျက်နှာတစ်ဝက်ကိုဖုံးအုပ်လျက် မခို့တရို့လေး ရယ်မောနေ၏။အနည်းငယ်ကွေးညွတ်နေဟန်ရသော သူမ၏မျက်ဝန်းများ၌ စိတ်အားထက်သန်မှုများ ပြည့်လျှံနေပြီး ယပ်တောင်နောက်ကွယ်ရှိမျက်နှာကလေးမှာ မည်မျှပင်ချောမောလှပကြောင်း ပုံဖော်ကြည့်၍ရသည်။


မော်နီတာအနား၌ရပ်ကြည့်နေသော ဝူရွှယ်သည် စုယိ၏သရုပ်ဆောင်ချက်ကိုကြည့်ကာ ဝှက်ဖဲတစ်ချပ်သဖွယ်ဖြစ်သော သူမ၏မင်းသမီးအတွက် ဂုဏ်ယူဝင့်ကြွားနေလေ၏။


အခြားသူပင်မဆိုထားဦးနှင့် ချန်းအန်းနန်သည်ပင်လျှင် မျက်နှာများ နီရဲနေပြီဖြစ်သည်။


 "Cut ..."လီမင်က အော်လိုက်၏။


ထိုအသံကိုကြားကြားချင်းတွင် စုယိက အမြန်မတ်တပ်ထရပ်သည်။ဒုတိယထပ်အမြင့်၌သာဖြစ်သော်လည်း လက်ရန်းများက အလွန်ကျဉ်းပြီး ထိုင်ချလိုက်ချိန်တွင် ပြုတ်ကျတော့မည့်သဖွယ် ကြောက်စရာကောင်းလွန်း၏။


စုယိက လက်ရန်းကိုကိုင်လျက် အောက်သို့ဆင်းလာရင်း လှမ်းအော်ပြောသည်။


 "ခဏစောင့်ပါဦး...ပြန်ကြည့်ဖို့ ဆင်းလာမယ်"


စုယိသည် လှေကားမှ ဖြည်းညင်းစွာ ဆင်းလာကာ ဒေါက်မပါသောအနက်ရောင်ဖိနပ်ဖြင့် မော်နီတာရှိရာဆီသို့ ပြေးသွားခဲ့၏။ရိုက်ကူးထားသည်အား ကြိမ်ဖန်များစွာကြည့်ပြီးနောက်တွင် စုယိက မျက်မှောင်ကြုတ်သည်။


 "အဲ့လောက်ကို ရှုပ်ယှက်ခတ်နေတာလား " စုယိက သူမ၏အပြုအမူအချို့အား လက်ညိုးဖြင့်ထိုးပြလျက်။


ထိုအခါလီမင်ကလည်း စုယိညွှန်ပြသည့်နေရာသို့ အာရုံစူးစိုက်၍ကြည့်လေသည်။စုယိ ဆံပင်သပ်တင်လိုက်သည့်အခန်း၌ လက်ချောင်းလေးများက အနည်းငယ်တောင့်တင်းနေ၏။


 "နည်းနည်းကွေးလိုက်ရင် ပိုကောင်းမလားပဲ...နောက်တစ်ခါထပ်လုပ်ရအောင်"  


စုယိက ပြောပြောဆိုဆိုဖြင့် ဒုတိယထပ်သို့တစ်ဖန်ပြန်တက်သွားတော့သည်။


 "ယိကျဲက တကယ်ကို အမိုက်စားပဲ... ”


" ကျိန်းသေတာပေါ့ " 


လီမင်က ချန်းအန်းနန်၏မှတ်ချက်ပြုမှုအား ထောက်ခံလိုက်၏။


ဤတစ်ကြိမ်၌ စုယိကျေနပ်လောက်သော ရိုက်ချက်ထွက်လာသည်။လူအုပ်ထဲ၌တိုး၍ကြည့်ရခြင်းက အလွန်ပူသောကြောင့် စုယိက အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သူမ၏နားကပ်များကိုလက်ဖြင့်ထိလျက် ကစားနေ၏။


ချူယင်းက ထိုမြင်ကွင်းအား အဝေးမှ ရပ်ကြည့်နေခဲ့သည်။ထိုမိန်းကလေးသည် ကနဦးက ဖြားယောင်းသွေးဆောင်နေသည့်တစ်ယောက်နှင့် လားလားမှမအပ်စပ်ပေ။သူမသည် နားရွက်များအား တို့ထိနေခဲ့ရာမှ တစ်စုံတစ်ခုအား အမှတ်ရသွားဟန်ဖြင့် လက်ထောက်ထံသို့ ပြေးကာ ဖုန်းကိုယူလေ၏။


နှစ်မိနစ်အကြာ၌မူ ချူယင်း၏ဖုန်းက မြည်လာခဲ့တော့သည်။


' ဒီ‌တစ်ယောက်ကတော့...တကယ်ကို သည်းခံမထားနိုင်ဘူးပဲ '


ချူယင်းမှာ စုယိက SUV ကားများအား ကြိုက်ကြောင်းပြောသည်ကို ရုတ်တရက်သတိရသွားခဲ့ပြီး သူသည် စုယိအား ထိုအရာကို ဝယ်ပေးချင်နေခဲ့၏။


နောက်ထပ်ရိုက်ကွင်း၌ စုယိသရုပ်ဆောင်စရာ အပိုင်းမရှိပေ။သူမသည် လီမင်၏ဘေးတွင်ဝင်ထိုင်ကာ ရိုက်ကူးရေးဝန်ထမ်းများက နောက်ထပ်ဇာတ်ကွက်အတွက် ပြင်ဆင်နေသည်ကို ထိုင်ကြည့်နေခဲ့၏။


မက်ဆေ့ချ်များလက်ခံရရှိပါက အသိပေးသံထွက်လာမည်ကို သိနေသည့်ကြားကပင် စုယိမှာ သူမ၏ဖုန်းအား ဆယ်စက္ကန့်ခြားတစ်ခါ စစ်ကြည့်နေမိသေးသည်။


ဖုန်းအားထပ်ဖွင့်တော့မည့်ဆဲဆဲတွင် ကျယ်ပြန့်သောလက်တစ်ဖက်က စုယိ၏မျက်စိရှေ့၌ရုတ်တရက် ပေါ်လာခဲ့ပြီး တစ်ဖက်လူသည် မိတ်ကပ်များပျက်ကုန်မည်ကို စိုးရိမ်နေ‌သည့်အလား သူမ၏မျက်ဝန်းများအား ခပ်ဖွဖွကလေး ဖုံးအုပ်လာသည်။


ထိုယောက်ျား၏လက်များက အလွန်ကြီးမားပြီး စုယိ၏မျက်နှာတစ်ဝက်ခန့်ကို ဖုံးအုပ်ထားသည်။ထိုလက်ဖဝါးပြင်တွင် အသားမာအနည်းငယ်ရှိပြီး သင်းပျံ့နေသည့်ဆပ်ပြာရနံ့က စုယိ၏နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။


စုယိက ထိုတစ်ယောက်၏လက်မောင်းကို နောက်ပြန်လှမ်းဆွဲပြီး ရင်ခွင်ထဲသို့မှီချလိုက်၏။


စုယိ၏မျက်တောင်‌မွှေးများက သူ၏လက်ဖဝါးဖြင့် ထိကပ်နေသောကြောင့် ချူယင်းမှာ ယားကျိကျိအထိအတွေ့အား ခံစားလိုက်ရလေသည်။အနီးနားရှိလူများက သူတို့နှစ်ယောက်အား အာရုံစိုက်နေခဲ့ကြပြီး ဝူရွှယ်သည်လည်း " နင်တို့တွေ ကဲကိုကဲတယ် "ဟူသော အကြည့်ဖြင့် စိုက်ကြည့်နေလေ၏။


 " ကိုယ်မှန်း ဘယ်လိုသိတာလဲ "ချူယင်းက မေးလေသည်။


"နောက်တစ်ခါ ကျွန်မသုံးတဲ့ ရေချိုးဆပ်ပြာတစ်ဘူး ပေးလိုက်မယ်"


ချူယင်းက လက်များကို ဖြည်းညင်းစွာ ဖယ်ပေးလိုက်သည်။ကုလားထိုင်အားမှီထိုင်နေသောစုယိမှာ တစ်ဖက်လူအား ကြည်နူးစွာဖြင့် စိုက်ကြည့်နေ၏။


" ရှင်က ဘာလို့ဒီရောက်နေတာလဲ "


" မင်းကိုလာကြည့်တာ " ချူယင်းက စုယိ၏နံဘေး၌ဝင်ထိုင်လျက် ပြန်ဖြေသည်။


မနေ့ညကတွေ့ဆုံခဲ့သောသရုပ်ဆောင်များနှင့်အဖွဲ့သားများက ချူယင်းအား လာရောက်နှုတ်ဆက်ကြ၏။


လက်ထောက်ဒါရိုက်တာ၏မျက်နှာ၌မူ အပြုံးပန်းများဝေဆာနေလေသည်။


 "ဒါရိုက်တာချူရာ... စောစောကသာ ကြိုပြောမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လာကြိုပေးမှာပေါ့.. ပထမ sceneရိုက်ပြီးခါစဆိုတော့ နည်းနည်းတော့ရှုပ်နေတယ် "


" လမ်းကြုံလို့ဝင်လာလိုက်တာပါ...အရမ်းအဆင်ပြေပါတယ် "


ချူယင်း၏စကားမှာ ရိုက်ကွင်းအားရည်ရွယ်ခြင်းလော ထိုသို့မဟုတ် ဇာတ်ဝင်ခန်းနှင့်ပတ်သတ်ပြီး မှတ်ချက်ပြုခြင်းလော။သိပ်၍ ကွဲပြားမနေချေ။


_____________________________________