Chapter 27
ရိုက်ကူးရေး ကောင်းကောင်းလုပ်။
လက်ထောက်ဒါရိုက်တာမှာ ချူယင်းတို့နှစ်ယောက် အလွန်နီးကပ်စွာထိုင်နေကြသည်ကို မျက်ဝါးထင်ထင်မြင်နေရသော်လည်း တစ်စုံတစ်ရာမေးခွန်းမထုတ်ရဲပေ။နာမည်ကြီးသူများနှင့်သူဌေးများကြားမှ ဆက်ဆံရေးဆိုသည်မှာ မိုင်းတွင်းတစ်ခုသဖွယ်ဖြစ်ပြီး သူက စကားကျွံသွားမည်ကို စိုးရိမ်နေ၏။
သို့သော်လည်း အကြောက်အလန့်ကင်းသူများကတော့ ရှိနေဆဲပင်။ ခဏတာရပ်တန့်လျက်အကြံထုတ်ပြီးနောက်တွင် ထူကျင့်လန်က သူမ၏Qipao ဝတ်စုံအား ပုံကျအောင် ပြင်လိုက်သည်။ထို့နောက် သူမသည် တင်ပါးကိုဘယ်ညာယိမ်းကာ ရိုက်ကူးထားသည်များအား ပြန်လာကြည့်သည့်ဟန်ဖြင့် ဒါရိုက်တာရှိရာဘက်သို့ ဦးတည်လာတော့၏။
" အိုး...ဒါရိုက်တာချူ...ယိကျဲဆီလာလည်တာလား " ထူကျင့်လန်က သဘာဝမကျသောလေသံဖြင့်ဆိုလာ၏။
စုယိနှင့်ချူယင်းတို့၏ဆက်ဆံရေးအတိမ်အနက်ကို ထူကျင့်လန်က သိချင်နေသည်။ယောက်ျားသားများသည် လိုလိုလားလားဖြစ်နေသောမိန်းကလေးများအား လွန်ဆန်နိုင်ကြလေ့မရှိဘဲ ချူယင်းကဲ့သို့ဖုန်းနံပါတ်ပေးရန်ပင်ငြင်းဆန်သောသူမျိုးမှာတော့ အိမ်ထောင်ရှိလျှင်ရှိ ၊ မရှိလျှင် တစ်ယောက်ယောက်နှင့်တော့ တွဲနေရပေမည်။
ချူယင်းမှာ သူမအား အသံတိတ်စိုက်ကြည့်နေလိမ့်မည်ဟု ထူကျင့်လန် မမျှော်လင့်ထားခဲ့ပေ။သူမသည် တစ်မိနစ်ခန့်ပြုံးနေခဲ့ပြီး နောက်ဆုံး၌မူ နေရထိုင်ရခက်စွာဖြင့် ထိုအပြုံးအား ပြန်လည်ရုတ်သိမ်းလိုက်ရတော့၏။
ချူယင်းသာမက စုယိကလည်း သူမကိုလျစ်လျူထားသည်။
" ရှင် လေ့ကျင့်ခန်းလုပ်နေတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား" စုယိက ချူယင်းအား မေးလိုက်၏။
" ဟုတ်တယ်...လုပ်ပြီးပြီးချင်း မင်းကိုပုံပို့ပေးလိုက်တာ "
နောက်ထပ်ဇာတ်ဝင်ခန်းမှာ အဓိကဇာတ်ဆောင်နှစ်ဦးအတွက်ဖြစ်ပြီး ထို့နောက်တွင်တော့ စုယိရိုက်ကူးရန်အလှည့်ပြန်ကျလာမည်ဖြစ်သည်။စုယိက တစ်စုံတစ်ခုအားအမှတ်ရသွားဟန်ဖြင့် ချူယင်းအား ထပ်မေးလိုက်တော့၏။
" ရှင် ပထမဆုံး scene ကိုမြင်လိုက်လား "
" အင်း မြင်တယ် "
" ဘယ်လိုနေလဲ "
စုယိမှာ ပြောပြောဆိုဆိုဖြင့် ခေါင်းအား ဘေးသို့ စောင်းငဲ့လိုက်သဖြင့် ချူယင်းနှင့်ပိုမိုနီးကပ်သွားတော့သည်။
သူမ၏အပြုံးမှာ ချိုမြိန်ဖော်ရွေပြီး အစောနက မြူဆွယ်ဖြားယောင်းနေသောဇာတ်ကောင်ပုံစံနှင့် လားလားမှမသက်ဆိုင်ချေ။
" လှလား ကျွန်မက..."
နှစ်ယောက်သား တီးတိုးပြောနေခဲ့ချိန်တွင် ထူကျင့်လန်၏မျက်နှာကြီးမှာ တစ်ခဏအတွင်း၌ပင် စိမ်းလိုက် ဖြူလိုက်ဖြစ်နေသည်။ထို့နောက်သူမက တစ်စုံတစ်ခုအားသတိရသွားဟန်ဖြင့် အဆင်ပြေနေသောလေထုအား ဝင်နှောက်တော့၏။
“ ယိကျဲ... လျန့်ပေါကောက ညီမကို လာရှာပြီး ရိုက်ကူး ရေးလုပ်မဲ့နေရာကိုမေးသွားတယ် ...ကျဲကိုလာတွေ့မှာလားပဲ "
“ လန်လန်...ခဏနေရိုက်စရာရှိသေးတယ်မလား...မိတ်ကပ်သွားပြင်ချေ.. ”
ထိုအချိန်တွင် အနီးအနားသို့ရောက်လာသောလင်းရှက အချိန်မီဝင်တားလိုက်ပြီး သူမတို့နှစ်ယောက်မှာ အခင်းနေရာမှ အတူထွက်ခွာသွားခဲ့ကြ၏။
ခပ်လှမ်းလှမ်းသို့ရောက်လာချိန်တွင် လင်းရှက ထူကျင့်လန်အား ဆူပူကြိမ်းမောင်းတော့သည်။
"ချူယင်းကို ဘာသွားလုပ်ဖို့ကြိုးစားနေတာလဲ"
" သူ့ကို ဘာမှမလုပ်ပါဘူး....စုယိ အခွင့်အရေးမယူန်ိုင်အောင်လုပ်နေတာ "
" ရိုက်ကူးရေးက အခုမှစတာ...ဒီဇာတ်ကောင်ကိုရဖို့ အရမ်းရုန်းကန်ခဲ့ရတယ်ဆိုတာကို မမေ့လိုက်နဲ့..."
လင်းရှ၏လက်အောက်တွင် နာမည်ကြီးများစွာရှိပြီး သူမသည် ရှန်ဟိုင်းတွင် ထူကျင့်လန်နှင့် တစ်ချိန်လုံးအတူရှိမနေနိုင်ချေ။ငါးမိနစ်ခန့်ကင်းကွာသွားချိန်၌ပင် ထူကျင့်လန်က ထင်ရာစိုင်းနေခဲ့သောကြောင့် လင်းရှမှာ စိုးရိမ်စပြုလာတော့သည်။
“မနက်ဖြန် ပေကျင်းကို ပြန်ရမယ်...တစ်လခွဲလောက်ကြာမှာ...ဒီအတောအတွင်း ဘာကိုမှဝင်မပါဘဲ ရိုက်ကူးရေးက်ိုပဲ အာရုံစိုက်...လုပ်နိုင်လား "
လင်းရှမှာ သူမအား အပိုးကျိုးကျိုးနေခိုင်းနေခြင်းဖြစ်ကြောင်း ထူကျင့်လန် နားလည်လိုက်၏။
စုယိသည် ဒါရိုက်တာ၏ဘေး၌ ထိုင်ပြီးအဘယ်ကြောင့်ထိုသို့ပြုမူနိုင်နေခြင်းဖြစ်ကြောင်း ထူကျင့်လန် နားမလည်ပေ။ချူယင်းကလည်း ရိုက်ကွင်းအထိရောက်လာသေးသည်။ထိုမျှသာမက လျန့်ပေါမှာ ရိုက်ကွင်းနေရာအား အမှန်တကယ်ပင် သူမထံသို့ လာမေးခဲ့ခြင်းဖြစ်၏။
ကောင်းသောအရာမှန်သမျှက စုယိထံသို့သာ ဦးတည်နေကြသည်။
ထူကျင့်လန်မှာ နှုတ်ဆိတ်နေခဲ့သောကြောင့် လင်းရှက နောက်တစ်ကြိမ်ထပ်မေးလာတော့၏။
" နားလည်လား "
" အင်း "
ထူကျင့်လန်က အောင့်သက်သက်ပြန်ဖြေလေသည်။
" ပြီးတော့ ဒါရိုက်တာချီက သူ့ကို ဒီညလာရှာပါတဲ့"
လင်းရှက ယခုလေးတင်ဝင်လာသော မက်ဆေ့ခ်ျအားကြည့်လျက်ပြောလိုက်သည်။
****
စုယိမှာ ချူယင်းရောက်လာမည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ထိုအမျိုးသားရောက်လာချိန်မှစ၍ စုယိမှာ စက္ကန့်မလပ်ပြုံးဖြီးနေခဲ့သည်။ဒုတိယမြောက် scene ရိုက်ကူးမပြီးသေးမီတွင် သူမက ချူယင်းရှိရာအနီးနား၌ ရစ်သီရစ်သီလုပ်ကာ တစ်စုံတစ်ရာကို စစ်ဆေးနေခဲ့၏။
" ဘာဖြစ်လို့လဲ " ချူယင်းက မျက်ခုံးပင့်လျက်။
" လက်ဗလာနဲ့လာတာလား ရှင်က "
ချူယင်းမှာ သူတစ်ပါး၏အလုပ်ခွင်သို့ ပထမဆုံးအကြိမ် အလည်အပတ်လာဖူးခြင်းဖြစ်ပြီး သူသည် ထိုသို့သော လောကွတ်ပြုမှုများနှင့်မရင်းနှီးသေးချေ။
" ဘာစားချင်လဲ "
ထိုအခါစုယိက တစ်ဖက်လူ၏အရှေ့သို့ လက်ဖြန့်ပြသည်။
နှစ်ဦးသားသိကျွမ်းခဲ့သည်မှာ ကာလမကြာသေးသော်လည်း သူတို့သည် အချင်းချင်း မှန်းဆတတ်နေပြီး စုယိဘာမှမပြောရသေးခင်မှာပင် ချူယင်းကသူမ၏လက်ထဲသို့ ဖုန်းကို ထိုးထည့်ပေးလာတော့သည်။
ထို့နောက်တွင် စုယ်ိက memoကိုဖွင့်ကာ တစ်ခုပြီးတစ်ခု ချရေးနေ၏။
ငါးမိနစ်ခန့်အကြာ ၊ ချူယင်း ဖုန်းပြန်ယူကြည့်လိုက်ချိန်တွင် ရှည်လျားထွေပြားလှသော အစားအသောက်စာရင်းအား တွေ့လိုက်ရသည်။ထိုစာရင်းထဲ၌ စတော်ဘယ်ရီ၊ အချိုရည်အမှတ်တံဆိပ်အချို့၊ cornetto အစရှိသည်များပါဝင်ပြီး အားလုံးမှာ စုယိနှစ်ခြိုက်သော အစားအစာများပင်။
“ယိလေး” လီမင်က ဆွေးနွေးနေရာမှ စုယိအားလှည့်ပြောသည်။သူမသည် စုယိ၏ဘေးတွင်ထိုင်နေသောချူယင်းအား ခေါင်းတစ်ချက်ညိတ်ပြလျက် နှုတ်ဆက်လိုက်ပြီးအကြောင်းအရာကို တစ်ဖန်ပြန်ဆက်၏။
" ယိလေး မိတ်ကပ်ထပ်ပြင်လိုက်ဦး...နောက်တစ် sceneက နင့်အလှည့်ပဲ "
တကယ်တမ်း စုယိ၏မိတ်ကပ်မှာ လုံးဝ ပုံမပျက်သေးပေ။သို့သော်လည်း နာမည်ကြီးဒါရိုက်တာများ၌ ထူးဆန်းသောအစွဲအလမ်းများရှိတတ်ကြပြီး လီမင်သည်လည်း ထိုထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။
သရုပ်ဆောင်တစ်ဦးချင်းစီ၏ မိတ်ကပ်လိမ်းခြယ်မှုကမည်မျှပင်ပြီးပြည့်စုံနေပါစေ ရိုက်ကူးရေးမစမီ၌ မဖြစ်မနေ ပေါင်ဒါထပ်ဖို့ကြရ၏။
လီမင်နှင့် အလုပ်အတူတွဲလုပ်ခဲ့ဖူးသောစုယိက အကြောင်းသိနေပြီး ဘာမှပြန်မပြောပေ။
"ကျွန်မ မိတ်ကပ်ပြင်ခန်းထဲသွားတော့မယ်"
ချူယင်းက စုယိ၏ကျောပြင်ထံမှ အကြည့်လွှဲလိုက်ပြီး ဖုန်းကိုဖွင့်ကာ search bar တွင် " လျန့်ပေါ " ဟုရိုက်နှိပ်လိုက်သည်။လျန့်ပေါနှင့်ပတ်သက်သော လတ်တလောသတင်းအနည်းငယ်ကို ရှာဖွေကြည့်ပြီးနောက်တွင် ချူယင်း၏အမူအရာမှာမပြောင်းလဲသော်လည်း မျက်ဆံများမှာမူ မည်းနက်နေလေ၏။
ထိုအချိန်တွင် မက်ဆေ့ချ်တစ်စောင်ဝင်လာခဲ့သည်။
[ ချူရှီး : အစ်ကို...ရှန်ဟိုင်းရောက်နေတာလား ]
ချူယင်းသည် ထိုစာကိုလျစ်လျူပြီး ဖတ်လက်စသတင်းကိုသာ ဆက်ဖတ်နေခဲ့၏။သို့သော်လည်း များမကြာမီ၌ပင် ချူရှီးထံမှ အဝင်ခေါ်ဆိုမှုတစ်ခု ဝင်ရောက်လာသည်။
ချူယင်းက မျက်မှောင်ကြုတ်ကာ ခပ်ဝေးဝေးတစ်နေရာသို့ရှောင်ထွက်လာပြီးနောက် အဝင်ခေါ်ဆိုမှုအား လက်ခံဖြေကြားလိုက်တော့၏။
" ဘာလဲ "
“အစ်ကို ~ ညီမလေးလည်း ရှန်ဟိုင်းသွားချင်တယ်လို့ ”
ဖုန်းတစ်ဖက်မှ ချူရှီးက ဆွဲဆွဲငင်ငင်ပြောလေသည်။
" ဘာလုပ်ဖို့လဲ "
" Disney ကို မရောက်တာကြာပြီရယ်...."
မကြာသေးသောအချိန်မှစ၍ ချူရှီးမှာချုပ်ချယ်ခံခဲ့ရပြီး အိမ်တွင်သော့ခတ်ပိတ်ထားသည်အထိ မဟုတ်သော်လည်း သူမ၏ကတ်နှင့်ပိုက်ဆံများအားလုံးမှာတော့ အသိမ်းခံထားရသည်။
“ဪ...အဲ့လိုလား...” ချူယင်း၏လေသံမှာ တစ်သတ်မတ်တည်းပင်။
" တကယ်ပျော်စရာကောင်းတာပါဆို.... "
ချူရှီးမှာ အပြင်ထွက်ခွင့်ရရန် ဂွင်ဖန်နေခြင်းဖြစ်သည်။
တီ..........
တစ်ဖက်မှ အမေးအမြန်းမရှိဖုန်းချသွားခဲ့ပြီး ချူရှီးမှာတော့ စိတ်ရှုပ်ထွေးလျက် ကျန်ရစ်ခဲ့ရလေ၏။
ချူယင်းက အချိန်ကို တစ်ချက်စစ်လိုက်ပြီး ရိုက်ကွင်းနေရာသို့ ပြန်လာခဲ့သည်။သူပြန်လည်ရောက်ရှိချိန်တွင် စုယိမှာ ရိုက်ကူးရေးလုပ်နေပြီဖြစ်၏။
ချီဖောင်၀တ်ဆင်ထားသောအရပ်မြင့်မြင့်အမျိုးသမီး၏လေသံက နူးညံ့ညင်သာပြီး ပြောလိုက်သမျှ စကားလုံးတိုင်းမှာ ပြီးပြည့်စုံသည်။
စုယိမှာ ဇာတ်ဝင်ခန်းနှစ်ခုအားဆက်တိုက်ရိုက်ကူးခဲ့ရ၏။သူမသည် အာရုံပျံ့လွင့်သွားမည်စိုးသဖြင့် ရိုက်ကူးရေးလုပ်နေချိန်၌ ချူယင်းရှိရာသို့ တစ်ကြိမ်ကလေးမှ လှည့်မကြည့်ခဲ့ချေ။သူမ ပြန်ရောက်လာချိန်၌မူ ချူယင်းမှာ ထွက်ခွာသွားပြီဖြစ်သည်။
" အစည်းအဝေးရှိသေးလို့တဲ့ " ဝူရွှယ်က ပြောပြ၏။
စုယိက ဖုန်းဖွင့်ပြီး ချူယင်းပေးပို့ထားသောမက်ဆေ့ချ်အား ဝင်ကြည့်လိုက်သည်။
[ ချူယင်း : နေ့လည်မှတွေ့မယ် ]
[ နတ်ဘုရားမ စုယိ : အချိန်အားရင် လာရှာမယ်မလား...ကျွန်မက ရိုက်ကွင်းမှာပဲအများဆုံးရှိနေမှာ..jpg ]
[ ချူယင်း : okay ]
စာပြန်ပြီးနောက်တွင် စုယိက သူမ၏ဖုန်းအား သိမ်းဆည်းကာ လီမင်အားမှီလျက် ရိုက်ကူးထားသည်များကို ပြန်ကြည့်နေတော့သည်။
သရုပ်ဆောင်များ အသင့်ပြင်ဆင်နေဆဲအချိန်ဖြစ်၍ လီမင်ထံ၌ရှားရှားပါးပါး အားလပ်ချိန်ရှိလာပြီး သူမက စုယိနှင့် စကားစမြည်ပြောလာသည်။
"ဘယ်ချိန်တုန်းက ချစ်မိသွားတာလဲ"
"စတွေ့လိုက်တဲ့အချိန်...."
စုယိက ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်အားယှက်တင်ဆုပ်ကိုင်လိုက်ပြီး လီမင်ထံမှမေးခွန်းအား ခံစားချက်အပြည့်ဖြင့်ပြန်ဖြေလိုက်သော်လည်း အနောက်တွင်ရှိနေသောဝူရွှယ်က ဟက်ဟက်ပက်ပက်ရယ်ပြီး ပြောလေ၏။
" သရုပ်ဆောင်ကျောင်းကနေ ဘွဲ့ရလာတာလား "
ထို့နောက်တွင် သုံးယောက်သား စကားစမြည်ပြောခဲ့ကြပြီး ခဏအကြာတွင် ဝူရွှယ်၏ဖုန်းက မြည်လာခဲ့သည်။
ရိုက်ကူးရေးမစသေးသည့်အတွက် ဝူရွှယ်မှာ ထိုနေရာ၌ပင် ဖုန်းကိုင်လိုက်၏။
တစ်ဖက်နှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် ဝူရွှယ်က စုယိအား စိုက်ကြည့်လာသည်။ထိုအချိန်တွင် စုယိမှာပန်းသီးစိမ်းအား တမြုံ့မြုံ့ဝါးနေခဲ့၏။
" ဘာဖြစ်လို့လဲ "
ဖုန်းခေါ်ဆိုမှုပြီးသွားချိန်တွင် စုယိက ဝူရွှယ်အား မေးသည်။
" နင့်ကို ရသစုံရှိုးတစ်ခုက ကမ်းလှမ်းနေတယ် "
"ငါ ရသစုံရှိုးတွေမသွားဘူးလို့ နင့်ကိုပြောဖူးတယ်လေ "
" ဒီတစ်ခါကမ်းလှမ်းတဲ့ပမာဏက တော်တော်များတယ်...စိတ်ဝင်စားပြီး သဘောမတွေ့တာရှိရင် ဆွေးနွေးလို့ရတယ်တဲ့ "ဝူရွှယ်က ကိန်းဂဏန်းတစ်ခုအား လက်ထောင်ပြလျက်။
" ဘယ်လိုရှိုးမျိုးက ဒီလောက်ထိ ရက်ရက်ရောရောကြီးပေးပြီး ကမ်းလှမ်းရတာတုန်း "
" နာမည်ကြီးတွေ ရည်းစားတွေလိုဟန်ဆောင်ရတဲ့ ရှိုးလေ ...."
ဝူရွှယ်မှာ စကားမဆုံးသေးသော်လည်း စုယိက ကြားဖြတ်၍ ဝင်ပြောတော့သည်။
" ခဏ...ဟိုဘက်လူက လျန့်ပေါလို့တော့လာမပြောနဲ့နော် "
ထိုအခါဝူရွှယ်က ခေါင်းညိတ်၏။
" နင် ဉာဏ်ကောင်းလွန်းခဲ့တယ် "
"လိုင်းပေါ်ကလူတွေက ဘာဖြစ်ချင်နေကြတာလဲ ...တခြားတစ်ယောက်ကို ကြိုက်ပါတယ်လို့ပြောတော့လည်း အတန်းရှင်းရှာတာတဲ့... ငြင်းပြန်တော့လည်း အတန်းရှင်းရှာတာပဲတဲ့...မဟုတ်သေးဘူး...ငါတို့ရှေ့နေဆီသွားရမယ် " စုယိက စိတ်ရှုပ်နေသောလေသံဖြင့်ဆိုလိုက်၏။
“ဒီလိုကိစ္စအတွက်နဲ့ ဘယ်သူက ရှေ့နေဆီ သွားလို့လဲ”
"ဘာလို့မဖြစ်နိုင်ရမှာလဲ... ကုမ္ပဏီက ငါနဲ့သူ့ကိုဒီတိုင်းကြီးလွှတ်ထားပြီး ဇာတ်မျောကြီးဖြစ်အောင်လုပ်နေတာမလား...ရွှယ်ရွှယ် ငါ့အကြောင်းနင်သိတယ်...ငါ ဒီလိုမျိုးအတန်းရှင်းရှာရတာတွေကို မကြိုက်ဘူး "
"ဟုတ်ပြီ...ငါငြင်းလိုက်မယ်...တကယ်တော့ ငါလည်း နင့်ကို ရသစုံရှိုးတွေ မသွားစေချင်ဘူး "
" ဘာဖြစ်လို့လဲ "
" နင်က ဇိုးခနဲ ဇတ်ခနဲနဲ့ စိတ်မြန်လွန်းတယ်...ဇာတ်ညွှန်းအတိုင်းလုပ်ရတာကပဲ အဆင်ပြေမှာ "
“….... ”
*****
ညစာစားချိန်၌ စုယိမှာ နားနေခန်းထဲတွင် တစ်ဦးတည်း ထိုင်ကာ ဘင်တိုထဲမှ အဆီများသောအသားများကို ဖယ်ထုတ်နေခဲ့သည်။ထိုအချိန်တွင် တံခါးပွင့်လာပြီး စမတ်ကျကျဝတ်စားထားလျက်စက္ကူအိတ်ကိုင်ထားသောအမျိုးသားတစ်ဦးက အပြင်ဘက်တွင်ရပ်နေ၏။
"မင်္ဂလာပါ မိန်းကလေးစု"
သူစိမ်းအမျိုးသားက ပြုံးပြလျက် နှုတ်ဆက်လာသောအခါ စုယိကလည်း အလိုက်သင့်လေး ပြန်တုံ့ပြန်လိုက်၏။
"ဒါရိုက်တာချူက သူအလုပ်များနေလို့ ဒါလေးတွေ ကိုယ်စားပို့ပေးဖို့ပြောလာလို့ပါ "
စုယိက တစ်ဖက်လူမှကမ်းပေးလာသော အိတ်အား လှပ်ကြည့်လိုက်သည်။အထဲတွင် စတော်ဘယ်ရီသီးတစ်ထုပ်နှင့် သောက်စရာအနည်းငယ်ပါဝင်လေ၏။
ဝူရွှယ်ဝင်ရောက်လာချိန်၌မူ ထိုလက်ထောက်က ထွက်ခွာသွားခဲ့သည်။
" အထင်ကြီးမိသွားပြီဟယ်..." ဝူရွှယ်က စုယိ ဘေး၌ ဝင်ထိုင်လျက် အံ့အားသင့်နေသော လေသံဖြင့်ပြော၏။
" ဘာဖြစ်လို့လဲ "
စုယိမှာမူ စတော်ဘယ်ရီသီးစားနေလျက် အေးအေးဆေးဆေးပင်။
ထိုအခါဝူရွှယ်က ကုမ္ပဏီ၏တရားဝင်weiboအကောင့်ထဲသို့ဝင်ပြီး စုယိအား ဖုန်းထောင်ပြသည်။
" ကြည့်.... "
ဖန်သားပြင်ပေါ်ရှိအသိပေးထုတ်ပြန်စာမှာ အောက်ပါအတိုင်းဖြစ်၏။
*တရားဝင်ကြေငြာခြင်း*
[ မကြာသေးမီကစ၍ ကျွန်ုပ်တို့ကုမ္ပဏီမှ နာမည်ကြီးတစ်ဦးနှင့် ပတ်သက်သည့် အမျိုးစုံသောကောလာဟလများ ထွက်ပေါ်လျက်ရှိကြောင်း ကြားသိရပါသည်။ထိုကြောင့် စုယိနှင့် လျန့်ပေါတို့တွင် ခင်မင်ရင်းနှီးမှုထက် ကျော်လွန်သော ဆက်ဆံရေးမျိုးမရှိကြောင်း ကျွန်ုပ်တို့ကုမ္ပဏီက လူထုအား အသိပေးလိုပါသည်။လူအများထံမှ အာရုံစူးစိုက်မှုရရှိရန် ပြုမူသည်ဟူသော စွဲချက်များကိုပါ တစ်ခါတည်းငြင်းဆန်ပြီး စုယိအတွက် စိတ်ပူပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ကျန်ရှိနေသေးသောကောလဟာလများအား တရားဥပဒေအရ စီစဉ်ဆောင်ရွက်သွားပါမည်။ ]
" ဒီလိုကိစ္စတွေအတွက် ကုမ္ပဏီဘက်ကနေ ယောက်ျားလေးရဲ့ နာမည်ကိုပါ by nameတပ်ပြီး တရားဝင်ထုတ်ပြန်ပေးဖူးတာက နင်ပထမဆုံးပဲဖြစ်မှာ " ဝူရွှယ်က မှတ်ချက်ပြု၏။
"ကုမ္ပဏီက အခုမှ ဘာထဖြစ်နေတာလဲ"
စုယိသည်လည်း ထင်မှတ်မထားသောအခြေအနေကြောင့် အံ့ဩတကြီးဖြစ်နေလေ၏။
"အဲ့ဒါကြောင့် အခုပဲ ဖုန်းဆက်ပြီး မေးလိုက်တာ...သူဌေးကပြောတယ်...ချူကော်ပိုရေးရှင်းဘက်က ဖုန်းဆက်လာတယ်တဲ့...ကော်ပိုရေးရှင်းတစ်ခုက ကုမ္ပဏီကို ဝယ်တော့မယ်လို့ ပြောပြီး နင့်ကို စာချုပ်ထပ်ချုပ်ခိုင်းခဲ့တာကို မှတ်မိသေးလား ...ဒီနေ့သတင်းထွက်လာတယ်... အဲ့ဒီကော်ပိုရေးရှင်းက ချူမျိုးရိုးပိုင်တဲ့ "
"......... ”
“ကုမ္ပဏီကိုလက်လွှဲယူပြီး နင့်ကိစ္စတွေကို အရင်ဖြေရှင်းပေးတာတဲ့.... အမလေးဟယ်... ' ကြောက်ဖို့ကောင်းတဲ့သူဌေးက ကျွန်မကိုချစ်မိသွားတယ်' ဆိုတဲ့ ဇာတ်ကားထဲက အတိုင်းပဲ " ဝူရွှယ်က ဟက်ထိသွားသောလေသံဖြင့်အကဲပိုကာဆိုလိုက်၏။
စုယိက ဘာမှဆက်မပြောဘဲဖုန်းကိုဖွင့်ပြီး ချူယင်းထံသို့ မက်ဆေ့ချ် အမြန်ပို့လိုက်သည်။
[ နတ်ဘုရားမ စုယိ : မင်္ဂလာပါ ဘော့စ်...ဇက်ကြောဆွဲပေးဖို့ အဆင်သင့်ပါပဲ jpg ]
နှစ်မိနစ်အကြာတွင် တစ်ဖက်မှ reply ပြန်လာခဲ့၏။
[ ချူယင်း : အခုတော့ အလုပ်များနေတယ်...ရိုက်ကူးရေးကောင်းကောင်းလုပ် ]
___________________________________________