အပိုင်း ၂၈
Viewers 12k

Chapter 28


တွဲခုတ်ခြင်း။


စုယိမှာ ရိုက်ကူးရေးမရှိသေးသည်အား အခွင့်ကောင်းယူကာ weiboကို ဖွင့်ကြည့်လိုက်၏။အသိပေးထုတ်ပြန်စာအောက်ရှိ comment section တွင် အစွန်းရောက်သောမှတ်ချက်များက ပလူပျံနေလေသည်။


+ ရယ်စရာကောင်းလိုက်တာ...ဒီလိုအသေးအမွှားကိစ္စ‌လေးကို အသည်းအသန်တွေထရှင်းပြီး အတန်းရှင်းရှာတာမဟုတ်ဘူးလို့ ဖင်ပိတ်ငြင်းနေသေးတယ် ]


[ စုယိက အမြဲငြင်းနေပြီး လျန့်ပေါ followလုပ်လုပ် unfollow လုပ်လုပ် ဂရုမစိုက်ဘူးလေ...ပြီးတော့ အသိပေးစာထုတ်ပြီးတဲ့အချိန်မှာ တခြားဘလော့ဂ်တွေအကုန်လုံးက ထိပ်စီးပိုင်းသတင်းတွေအကုန်ဖြုတ်ချလိုက်တယ်...ဟုတ်တော့မဟုတ်သေးဘူး အစကတည်းက လုပ်ဇာတ်ပဲဖြစ်မှာ ]


[ လျန့်ပေါအတွက် စိတ်မကောင်းလိုက်တာ...တကယ့်မိန်းမနဲ့မှသွားတွေ့ရတယ်လို့ ]


[ ယိလေးအတွက် စိတ်မကောင်းဘူး...ဟိုဘက်ရပ်ကွက်ကဟာတွေ လာလာကိုက်တာကို ခံနေရတုန်းပဲ...အေးဆေးနေခွင့်ကို မပေးကြဘူး ]


[ အသည်းအသန်တွေပါလား...ကုမ္ပဏီကလျန့်ပေါနဲ့ကိစ္စကိုပဲ ထရှင်းတာနော်...ဟိုဘဲကြီးမပါသေးဘူး ]


' သည်းခံစုယိ...သည်းခံ...နင်ဒီလိုလုပ်လို့မရဘူး '


စုယိက ညာဘက်လက်ကိုဖိကာ သူမကိုယ်သူမကိုယ်တရားချနေသည်။


သူမသည် ယခုအချိန်တွင် weibo၌ ပို့စ်တစ်ဒါဇင်လောက်တင်ကာ ကိုယ်ပိုင်ဘဝအား မည်မျှပင် တိုက်ရိုက်တင်ဆက်ချင်နေကြောင်းကို ကောင်းကင်ဘုံသာသိ၏။


ဥပမာဆိုရသော်-


[ အားလုံးပဲ မင်္ဂလာပါ...ဒီနေ့ ကျွန်မ ချူယင်းနဲ့ တစ်ခုခုလုပ်ခဲ့တယ် ဟဲဟဲဟဲ ] ဟူသောပို့စ်မျိုးပင်။


အတွေးဖြင့်ပင် စုယိမှာ အူမြူးလာတော့သည်။


ထို့နောက် သူမက ဖုန်းကိုပိတ်ကာ စတော်ဘယ်ရီဘူးကိုကောက်ယူလိုက်ပြီး အပြင်ထွက်ရန်ပြင်လိုက်၏။ထိုအခါနံဘေးတွင်ရှိနေသော အန်းရွှမ်က မော့ကြည့်လျက် မေးလာတော့သည်။


" ယိကျဲ...ဘယ်သွားမလို့လဲ "


" ရိုက်ကူးရေးလုပ်နေတာကို သွားကြည့်မလို့ "


 "ထိုင်နေပါ...ညီမသွားမယ်...ကျဲအလှည့်ရောက်ရင် လာခေါ်ပေးမယ် " အန်းရွှမ်က လက်ထဲမှတူကိုချကာ စားလက်စအား မျိုချလိုက်ရင်း ပြော၏။


 “မလိုပါဘူး... ဆက်စားနေ... ငါဗိုက်နည်းနည်းပြည့်နေလို့


လမ်းလျှောက်တာ ပိုကောင်းမယ်...ရော့ အချိုတည်းဖို့ ..."  


စုယိက အန်းရွှမ်အတွက် စတော်ဘယ်ရီအနည်းငယ်ကို ချန်ထားပေးခဲ့ပြီးနောက် အပြင်ထွက်သွားတော့သည်။


ထိုအချိန်တွင် ဝူရွှယ်က တံခါးဝတွင်ရပ်လျက် ဖုန်းဖြေကြားနေခဲ့ပြီး သူမ၏အမူအရာက သိပ်‌မကောင်းချေ။စုယိအားမြင်သောအခါ ဝူရွှယ်က မျက်ခုံးပင့်ပြပြီး နှုတ်ဆက်ကာ အခြားတစ်နေရာသို့ ထွက်သွားတော့သည်။


ဝူရွှယ်မှာ ဖုန်းခေါ်ဆိုခြင်းအကြောင်းကိစ္စများကို သိုဝှက်ထားချင်ပုံရသောကြောင့် စုယိသည်လည်း အရေးတယူ စပ်စုမ‌နေဘဲ လီမင့်ထံသို့သာ ဦးတည်ခဲ့လိုက်တော့၏။


 "ဒါရိုက်တာကြီး...စတော်ဘယ်ရီသီးစားပါဦး"


 “အဲ့လိုတွေ သိပ်မစားတတ်ဘူး "


လီမင်သည် သူမ၏ပုံရိပ်အားဂရုထားမနေဘဲ စုယိထံမှ စတော်ဘယ်ရီသီးတစ်လုံးနှစ်လုံးယူကာ ပါးစပ်ထဲသို့ ဝတ်ကျေတန်းကျေပစ်ထည့်လိုက်သည်။


" ထမင်းစားချိန်ရောက်ရင် အပြင်သွားမယ်လို့ ပြောထားတာမဟုတ်ဘူးလား " လီမင်က စတော်ဘယ်ရီများကို ဝါးနေရင်း ဆက်မေးလာ၏။


 "မသွားလိုက်ရဘူး...အပစ်ခံလိုက်ရပြီထင်ပါတယ် " စုယိက ငိုမဲ့မဲ့မျက်နှာလေးဖြင့်ပြောလိုက်သည်။


ထိုအခါ တစ်နေကုန်နီးပါးအမျိုးစုံကြိုးခုန်နေခဲ့သောစုယိအား လီမင်က မျက်စောင်းတစ်ချက်ထိုးကျွေးလိုက်တော့သည်။


"ဒီနေ့ နင်ရိုက်စရာ sceneတစ်ခုပဲကျန်တယ်... အချိန်ဇယားညှိပြီး အရင်ပြန်လွှတ်လိုက်မယ် "


 " ကောင်းတာလား ဆိုးတာလား "


 " စောစောပြန်ပြီးနားခိုင်းတာလေ... မကောင်းဘူးလား"


 " ကောင်းပါတယ် အရမ်း... "


စုယိ၏နောက်ဆုံး scene မှာ တစ်ကြိမ်တည်းနှင့် အပြီးသတ်သွားပြီး သူမသည် အဝတ်အစားလဲပြီးနောက် ကားဆီသို့ ဦးတည်လာခဲ့၏။


စုယိ ကားပေါ်တက်ခါနီးတွင် လူတစ်ဦးက သူမ၏နာမည်ကို ခေါ်လာခဲ့သည်။


ထိုလူမှာ အရပ်ပုလျက်သေးညှက်သောပုံပန်းသဏ္ဌာန်ရှိပြီး ဘေးနားတွင်ရှိသော အနက်ရောင်ဗင်ကားထဲမှ ဆင်းလာသည့်ပုံအရ ပရိတ်သတ်တော့ မဖြစ်နိုင်ပေ။


" ဘာကိစ္စရှိလို့လဲရှင့် "


 “ကျွန်တော်က လျန့်ပေါ ရဲ့ အေးဂျင့်ပါ...စကားပြောဖို့ အချိန်လေးပေးနိုင်မလား ” ထိုတစ်ယောက်က ပြုံးလျက်။


 "မပေးနိုင်... ”


 “ရတာ‌ပေါ့”  


စုယိ၏စကားမဆုံးသေးမီမှာပင် ဝူရွှယ်က အနောက်မှရောက်လာပြီး သူမအား ကားထဲသို့ဇွတ်သွင်းလေသည်။


ဝူရွှယ်မှာ လူကောင်သေးသော်လည်း အလွန်သန်မာ၏။


စုယိမှာ လျန့်ပေါ၏အေးဂျင့်နှင့် စကားပြောချင်စိတ်မရှိသောကြောင့် ကားအတွင်းရှိနောက်ဆုံးခုံတန်းသို့သာ သွားထိုင်နေလိုက်သည်။


ဆယ်မိနစ်ခန့်အကြာတွင် ဝူရွှယ်က ကားထဲသို့ပြန်ဝင်လာခဲ့သည်။


 "ဘာတွေပြောနေကြတာလဲ"


 " ဘာပြောရမှာလဲ...သူတို့နဲ့အတူတူပူးပေါင်းပြီး ထွက်လမ်းရအောင်လုပ်ပေးဖို့ ဒီနယ်ပယ်က လူအချင်းချင်းကူညီပါဘာညာပေါ့ဟယ် " ဝူရွှယ်က ကားတံခါးအား ဆွဲပိတ်လိုက်ရင်း စုယိထံမှအမေးအား ပြန်ဖြေလေသည်။


" ဒီနေ့ လိုင်းပေါ်မှာ ဆင်ခြင်တုံတရားရှိတဲ့သူငယ်ချင်းတော်တော်များများက လျန့်ပေါကို ငါ့အစား ဝိုင်းရယ်ပေးနေကြတယ်... တွေးလေ ကျေနပ်လေပဲ...ငါ့ weibo မှာ လာလာဖုန်ထတဲ့ haterတွေလည်း နည်းသွားတယ် " စုယိက Anipopဂိမ်းကို ဆော့နေရင်း ပြောလာ၏။


 " နင်က ဘာကိစ္စအဲ့ဒါတွေ လိုက်ကြည့်နေတာတုန်း ... သူတို့ဖန်ကျနေတာပဲ " 


လေထုမှာ ခဏတာတိတ်ဆိတ်သွားပြီးနောက် ဝူရွှယ်က စကားအကြောင်းအရာကို ပြောင်းလိုက်သည်။


" နင့်အစ်မဆီ ပိုက်ဆံလွှဲလိုက်ပြီ "


" အင်း "


စုယိမှာ ဤlevelအား မကျော်နိုင်သေးပေ။သူမသည် နောက်တစ်ကြိမ် ဂိမ်းဆက်ဆော့ရန်ပြင်နေချိန်တွင် တစ်စုံတစ်ခုအားအမှတ်ရသွားဟန်ဖြင့် ဝူရွှယ်အား မေးလာခဲ့၏။


" ဟိုအဘွားရဲ့အိမ်ကိုရော ပစ္စည်းတွေ ပို့ပြီးပြီလား...‌ နောက်လဆို ဆောင်း‌ဦးရောက်တော့မယ် "


" အကုန်ပို့ပြီးပြီ " 


ထိိုအခါ ကားရှေ့ခန်းရှိ အန်းရွှမ်က လှည့်ကြည့်လာတော့၏။


" ဘာတွေပြောနေတာလဲ ကျဲ "


 “ဘာမှမဟုတ်ဘူး ” 


ဝူရွှယ်က ထိုင်ခုံပေါ်သို့ မှီချလိုက်ပြီး စကားဝိုင်းအား ပိတ်သိမ်းလိုက်သည်။


****


ချူယင်းသည် မူလက ရှန်ဟိုင်းတွင် နှစ်ရက်မှ သုံးရက်အထိသာနေရန် ရည်ရွယ်ထားပြီး ကုမ္ပဏီခွဲများကို စစ်ဆေးကာ မပြန်မီ စုယိနှင့်ဝင်တွေ့ရန် စီစဉ်ထားခဲ့သည်။


သို့သော်လည်း စုံစမ်းစစ်ဆေးချိန်၌သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်အချို့ကို တွေ့ရှိရသောကြောင့် ရှန်ဟိုင်းတွင်ပင် ရက်အနည်းငယ်ကြာ ဆက်နေရန်ဖြစ်လာခဲ့၏။


ချူယင်းမှာ ရုံးခန်းတွင်သာတစ်ချိန်လုံးရှိနေခဲ့ပြီး လက်ထောက်ဖြစ်သူဖျော်ပေးထားသောကော်ဖီအား တစ်စက်မှမတို့ရသေးချေ။သူသည် စစ်တပ်၌အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးကတည်းက ဤသို့သောအရာများအား မနှစ်သက်ခဲ့ခြင်းဖြစ်လေ၏။


ချူယင်း၏ဖုန်းသံမြည်လာခဲ့ပြီး သူက စခရင်ကိုတစ်ချက်လှမ်းကြည့်ကာ ပြုံးရယ်သည်။ထို့နောက် ချူယင်းသည် ကွန်ပျူတာမှ စာရွက်စာတမ်းဖိုင်ကိုပိတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှုအား လက်ခံဖြေကြားလိုက်တော့၏။


" ချူယင်း ရှင် ဒီနေ့အားလား "


တစ်ဖက်ပတ်ဝန်းကျင်မှာ သိသိသာသာတိတ်ဆိတ်နေပြီး ထိုမိန်းကလေးက မည်သည့်နေရာတွင်ပုန်းကွယ်ကာ ဖုန်းခိုးပြောနေမှန်း မသိနိုင်ချေ။


စုယိရိုက်ကူးရေးစလုပ်သည့်အချိန်ကတည်းက ချူယင်းမှာ ရိုက်ကွင်းသို့တစ်ကြိမ်သာ လာလည်ခဲ့ပြီး ထိုတစ်ကြိမ်၌လည်း ခပ်မြန်မြန်ပင် ပြန်သွားခဲ့သည်။


" ဘာလုပ်မလို့လဲ "


ဖုန်းတစ်ဖက်မှ ချူယင်းက သူ၏အချိန်ဇယားကိုစစ်ဆေးနေရင်း ပြောလိုက်၏။


" ဒီမှာအရမ်းကောင်းတဲ့စားသောက်ဆိုင်တစ်ခုရှိတယ်လို့ကြားထားတယ်...အတူတူသွားကြမလား "


ချူယင်းက ထိုင်ခုံပေါ်တွင်မှီထိုင်လျက် တစ်စုံတစ်ရာကိုပြန်ပြော‌တော့မည့်ဆဲဆဲတွင် စုယိအား အနောက်မှလှမ်းခေါ်နေကြသံများကို ကြားလိုက်ရတော့၏။


" ကျွန်မအလှည့်ရောက်လာပြီ... ဖုန်းချလိုက်တော့မယ်...လုပ်စရာရှိတာလုပ်တော့”


တစ်ဖက်မှ ချက်ချင်းဆိုသလိုဖုန်းချသွားခဲ့ပြီး ချူယင်းက သူ၏နှာခေါင်းစပ်ကို ပွတ်သပ်ရင်း တစ်စုံတစ်ရာကိုတွေး‌နေပြီးနောက် နေရာမှထကာ ဖုန်းခေါ်ဆိုမှုခလုတ်အားလှမ်းနှိပ်လိုက်၏။


" ဒါရိုက်တာချူ... ဘာကိစ္စများရှိလို့လဲဗျ "


လက်ထောက်ဖြစ်သူက ချက်ချင်း ဖြေကြားလာခဲ့သည်။


" နေ့လည်ခင်း အချိန်ဖယ်ပေးထား "


“HR အစည်းအဝေးကို နောက်ဆုတ်လိုက်ရမှာလားဗျ” 


ရှန်ဟိုင်းသို့ရောက်ရှိလာချိန်တွင် သူ၏ဘော့စ်သည် ပရောဂျက်အချို့တွင်ပါဝင်နေသောဒါရိုက်တာချီ၏မသမာသည့်ဆက်ဆံရေးများအကြောင်း ဖော်ထုတ်ထားသည့် အမည်မသိစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။သို့သော်လည်း ထိုကိစ္စများအတွက် ဒါရိုက်တာချီတစ်ယောက်တည်းတတ်စွမ်းနေခြင်း မဖြစ်နိုင်ဘဲ နောက်ကွယ်မှ ကူညီပေးနေသူများလည်း ကျိန်းသေပေါက်ရှိမည်ဟု ယူဆရ၏။


ထိုသူများအား တစ်ချီတည်းအမိဖမ်းမည်ဟူသောရည်ရွယ်ချက်ဖြင့် ဤရက်ပိုင်းတွင် ဌာနပေါင်းစုံနှင့် အစည်းအဝေးများ အသည်းအသန်လုပ်နေခဲ့ရသည်။


ဘော့စ်ပင်မဆိုထားနှင့် သူသည်ပင်လျှင် တစ်နေ့တစ်နေ့ များပြားလှသောအစီရင်ခံစာများနှင့် ရုန်းကန်နေရပြီး တစ်ခါတစ်လေတွင် အကုန်လွှင့်ပစ်ချင်စိတ်ပင် ပေါက်နေပြီဖြစ်သည်။


" အင်း...အဆင်မပြေလည်းကိစ္စမရှိဘူး နောက်ထပ်ရက်နည်းနည်းလောက်ထပ်နေလိုက်ကြမယ် "


"ဟုတ်ကဲ့ပါ...အခုပဲ အကြောင်းကြားလိုက်ပါ့မယ် "


ထမင်းစားချိန်နီးသောအခါ ချူယင်းသည် နေရာမှထကာ အပေါ်ဝတ်အင်္ကျီကို ပေါ့ပေါ့ပါးပါး ကောက်ယူလျက်ရုံးမှထွက်လာခဲ့၏။


မီးပွိုင့်မိနေချိန်၌ ဖုန်းကမြည်လာခဲ့ပြီး ချူယင်းကလည်း ခေါ်ဆိုသူကိုမစစ်ဆေးဘဲ ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။


" အင်း‌ပြော "


" ဗိုလ်ကြီး ယင်း.... ကျွန်တော့်ကိုပိုက်ဆံနည်းနည်းလောက် ချေးပေးနိုင်မလား "  


ဖုန်းတစ်ဖက်မှ ယောက်ျားရင့်မာတစ်ဦး၏အသံထွက်လာပြီး ထိုသူမှာ ငိုချင်နေသော်လည်း အောင့်အီးထားပုံရသည်။


ခဏအကြာတွင် ချူယင်းမှာ အသံပိုင်ရှင်အားမှတ်မိသွားခဲ့ပြီး မီးစိမ်းချိန်တွင် အရေးပေါ်ပါကင်ရှိရာလမ်းဘေးသို့ ကားထိုးရပ်လိုက်တော့၏။


 “ဘာဖြစ်တာလဲ...မင်းလက် တစ်ခုခုဖြစ်လို့လား ” ချူယင်းက စိုးရိမ်တကြီး မေးသည်။


 “မဟုတ်ဘူး...ကျွန်တော့်မိန်းမ သွေးကင်ဆာဖြစ်နေတာ... ခွဲစိတ်ခက ဈေးကြီးလို့...”


ချူယင်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ 


 "ဟွေဇီ မင်းက ရှန်ဟိုင်းဇာတိလား"


“ဟုတ်ပါတယ်... ဗိုလ်ကြီး ယင်း ကျွန်တော့်ကိုကူညီပါဗျာ...ကျွန်‌တော် သေချာပေါက်ပြန်ဆပ်မှာပါ "


ဟွေ့ဇီ၏ကြံရာမရဖြစ်မှုကို လေသံမှတစ်ဆင့်ပင် ခံစား၍ရသည်။


 “ရပါတယ်...ဘယ်ဆေးရုံလဲ ” ချူယင်းက ကားစက်ပြန်နှိုးလိုက်ရင်း မေးလိုက်သည်။


ဟွေ့ဇီသည် သူ၏ကယ်တင်ရှင်မှာ ယခုချက်ချင်းပင် မိုးပေါ်မှကျလာသကဲ့သို့ ဘွားခနဲရောက်လာနိုင်မည်ဟု မျှော်လင့်မထားခဲ့ချေ။


****


ချူယင်းသည် ဆေးရုံကုတင်ပေါ်မှ အမျိုးသမီးကို စိုက်ကြည့်နေ၏။


"ရိုးတွင်းခြင်ဆီ ရှာတွေ့ပြီလား" 


" ပိုက်ဆံမှမရှိတာ ဘယ်ရှာတွေ့ပါ့မလဲဗျာ... အရင်ဆုံးဓာတုကုထုံးပဲ ကုမလို့ပါ "


ဟွေ့ဇီထံမှ မျက်ရည်များစီးကျလာတော့သည်။


"ဗိုလ်ကြီး ယင်း....ကျွန်တော်က တကယ်ကို အသုံးမကျတဲ့ကောင်ပါ...ကိုယ့်မိန်းမရဲ့ ဆေးရုံစရိတ်အတွက်တောင် ပေးစရာ ပိုက်ဆံမရှိဘူး"


" ဆရာဝန်ဆီခေါ်သွားပေးမလား " 


ဆရာဝန်မှာ အလုပ်ဆင်းခါနီးပြီဖြစ်သော်လည်း ချူယင်းတို့နှစ်ဦးအားမြင်ချိန်တွင် သူက အိတ်ကိုချကာ လူနာ၏အချက်အလက်များပါဝင်သောဖိုင်ကို ထုတ်ပေးလာသည်။


လူနာ၏ခင်ပွန်းမှာ အငြိမ်းစားစစ်သားတစ်ဦးဖြစ်ပြီး  လက်ချောင်းအနည်းငယ်ကို ဆုံးရှုံးခဲ့ပြီးနောက်တွင် ငယ်ရွယ်ရွယ်နှင့်အငြိမ်းစားယူခဲ့ရသည်။ယနေ့ခေတ်၌ကမ္ဘာကြီးမှာ အေးဆေးတည်ငြိမ်နေပြီး လက်ချောင်းများဆုံးရှုံးသွားသော စစ်မှုထမ်းဟောင်းတစ်ယောက်ကို တွေ့ရခဲလှ၏။


ဆရာဝန်၏အရှေ့၌ရှိနေသူများမှာ လူကောင်ကြီးပြီး သန်မာထွားကြိုင်းကြသောကြောင့် ထိုလူနှစ်ဦးယှဉ်ရပ်နေရုံဖြင့်ပင် တံခါးဝမှာ လုံးလုံး ပိတ်ဆို့သွားသည်။


 “ဓာတုကုထုံးကတော့ တော်တော်နာကျင်မယ်... သူ့ကို အားပေးနိုင်မှရ.... ”


 "ဒေါက်တာ....ရိုးတွင်းခြင်ဆီ တွေ့အောင်ရှာပေးပါ "


ချူယင်းက စကားဖြတ်ပြောလိုက်၏။


ဆရာဝန်ရုံးခန်းမှ ထွက်သွားပြီးနောက်တွင် ဒူးထောက်ရန် အသင့်ဖြစ်‌နေသောဟွေ့ဇီအား ချူယင်းက ချက်ချင်းပင်တားမြစ်သည်။


" ဘာလို့ ဒူးထောက်မှာလဲ "


“ဗိုလ်ကြီးယင်း…ကျွန်တော့်မိန်းမအပါအဝင်ဆို ဗိုလ်ကြီးကျွန်တော့်ကိုကယ်တာ နှစ်ကြိမ်ရှိပါပြီ " ဟွေ့ဇီသည် သူ၏စိတ်ခံစားချက်များအား ထိန်းချုပ်နိုင်စွမ်းမရှိပေ။


 "ငါက မင်းရဲ့ကပ္ပတိန်လေ ... ငါ့မှာတာဝန်ရှိတာပေါ့...ရှက်စရာလို့မြင်ရင် ကောင်းကောင်းနေပြီး ပြန်ဆပ်ဖို့ ပိုက်ဆံရှာနိုင်‌အောင်ကြိုးစား..." 


ဟွေ့ဇီမှာ ယခုအချိန်ထိပင် စစ်ကေတိုဖြင့်ဖြစ်ပြီး သူ့ထံတွင် သန်မာသောကြွက်သားများရှိနေသေးသဖြင့် တစ်ကြိမ်တစ်လေမှ စိတ်လျှော့ခဲ့ခြင်းမရှိကြောင်း ထင်ရှားလေသည်။


" တောင်းစားရမယ်ဆိုရင်တောင် တစ်ပြားမကျန်ပြန်ဆပ်ပါ့မယ် "


ထိုအခါ ချူယင်းက လက်မြှောက်ကာ ဟွေ့ဇီအား နားရင်းခပ်ဆတ်ဆတ်အုပ်လိုက်တော့၏။


 "ဟိတ်ကောင်...မင်းမှာလက်တွေ ခြေတွေကျန်‌သေးတယ်...လက်‌ချောင်းနည်းနည်းလေးပဲမရှိတာကို တောင်းစားမယ်လို့ လာပြောနေတာလား...အရိုက်ခံချင်လို့လား "


ထိုအခါ ဟွေ့ဇီက ငိုနေရာမှ တစ်ချက်ထရယ်သည်။


" တောင်းမစားပါဘူး...အလုပ်ကြိုးစားပါ့မယ် "


ဟွေ့ဇီထံမှ ညစာအတူစားရန်ကမ်းလှမ်းချက်ကို ငြင်းဆိုပြီးနောက် ချူယင်းသည် ကားပေါ်သို့ ပြန်တက်ကာ ဖုန်းကို တစ်ချက်ကြည့်လိုက်၏။


အချိန်မှာ ည၈နာရီထိုးနေပြီး မက်ဆေ့ချ် သို့မဟုတ် ဖုန်းခေါ်ဆိုမှုတစ်စုံတစ်ရာလည်း မရှိချေ။


ချူယင်းက ကားစက်နှိုးလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာလိုက်သည်။


****


" ဒီရက်ပိုင်း ဘာကိစ္စ လင်ပစ်ခံထားရတဲ့မျက်ခွက်ကြီး ဖြစ်နေတာလဲ... ဟမ်"


ရိုက်ကူးရေးပြီးသွားချိန်၌ ဝူရွှယ်က စုယိထံသို့လှမ်းလာပြီး ပါးနှစ်ဖက်ကို ဖျစ်ညှစ်လျက်ပြော‌လေ၏။


 "မထိနဲ့...မိတ်ကပ်တွေ ပုံပျက်သွားလိမ့်မယ် ...ဘယ်လိုပဲဖြစ်ဖြစ် ငါက လင်ပစ်ခံရတာပဲမဟုတ်ဘူးလား "


စုယိက ခပ်တိုးတိုး‌ပြောသည်။


" လင်ပစ်ခံရတယ်လို့ပြောရအောင် နင့်မှာဘဲတောင်ရှိလို့လား "


စုယိမှာ " ရှိတယ်လေ " ဟုပြောလုမိမတတ်ဖြစ်သွားသော်လည်း ထိုစကားလုံးကို ပြန်မျိုချလိုက်၏။


ချူယင်းအား သူမ၏ရည်းစားအဖြစ် ယူဆ၍ ရပါသလော။


 "နင်တို့ဆက်ဆံရေးကို အတည်ပြုပြီးပြီလား...တွဲနေကြတာရော ဟုတ်ရဲ့လား" ဝူရွှယ်က စုယိ၏အတွေးများအား ဖောက်ထွင်းမြင်နိုင်နေသည့်သဖွယ် ပြောလာ၏။


___________________________________________