Chapter 29
အနမ်းတစ်ခုသည် အချစ်ရေးအား အတည်ပြုပေးနိုင်ပါသလော။စုယိ၏ခေါင်းထဲသို့ အတွေးပေါင်းစုံ ဝင်ရောက်လာသည်။
" တွဲတာ မတွဲတာကို ဘယ်လိုခွဲရလဲ "
“ဟဲ့...ရှင်းရှင်းလေးပဲလေ...တစ်ယောက်က ဖွင့်ပြောပြီး နောက်တစ်ယောက်က လက်ခံတာ ... ဒါမျိုးပဲပေါ့ ”
“ …...... ”
စုယိ၏အမူအရာက ရှုပ်ထွေးနေသည်။
သူမသည် အကြိမ်အနည်းငယ် ဝန်ခံဖူးသော်လည်း ချူယင်းမှာ လက်ခံကြောင်း တစ်ကြိမ်မှမပြောခဲ့ဖူးပေ။
ဟိုတယ်သို့ပြန်ရောက်လာပြီးနောက်တွင် စုယိမှာ အမှုမဲ့အမှတ်မဲ့လျှောက်လှမ်းလာရင်း သူမ၏အခန်းကတ်ကိုထုတ်လိုက်သည်။အရှေ့သို့လှမ်းကြည့်လိုက်သောအခါအမျိုးသားတစ်ဦးက သူမ၏အခန်းရှေ့၌ရပ်စောင့်နေလေ၏။
စုယိ၏ခြေလှမ်းများက ရပ်တန့်သွားပြီး သူမက ချူယင်းကိုကြည့်ကာ “ဘာလို့ ဒီကို ရောက်နေတာလဲ” ဟုမေးသည်။
"မင်းကိုလာရှာတာလေ... နောက်ကျသွားတယ်မလား ညစာစားချိန်တောင်ကျော်နေပြီ " ချူယင်းမှာအနည်းငယ် ပင်ပန်းနေပုံရပြီး သူ၏လေသံက မဆိုစလောက်ကလေးတုန်ခါနေသည်။
" အရမ်းနောက်ကျတာလည်းမဟုတ်ပါဘူး...ရောက်နေလည်းဖုန်းလေးဘာလေးဆက်ရောပေါ့ "
စုယိက တံခါးဖွင့်ရန်ပြင်နေရင်း ချူယင်းအားပြော၏။
"ရိုက်ကူးရေးလုပ်နေမလားလို့လေ...ဘာပဲဖြစ်ဖြစ် ဒီမှာလာရပ်ပြီးစောင့်နေရင်တော့ မင်းကိုတွေ့နိုင်မယ်ဆိုတာ သေချာတယ် "
တံခါးပေါ်ရှိ စုယိ၏လက်က ရပ်တန့်သွားသည်။ ခဏအကြာတွင် သူမသည် ချူယင်းဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ နံရံကို မှီလျက်မေးလာတော့၏။
" ချူယင်း ကျွန်မနဲ့တွဲမလား "
လွန်လေပြီးသောအနမ်းကို ထည့်တွက် မတွက်က အရေးမကြီးပေ။သို့သော်လည်း ယခုအချိန်တွင် သူမထံ၌ ချူယင်းအတွက် အချိန်အလုံအလောက်ရှိသည်။ယခင်အနမ်းက အကျုံးမဝင်လျှင် ယခု နောက်တစ်ကြိမ်ထပ်နမ်း၍ရသည်။ထိုသို့လုပ်နေသည့်ကြားထဲမှ အကျုံးမဝင်သေးလျှင်လည်း နောက်ထပ် နောက်ထပ် အကြိမ်ပေါင်းများစွာ ဆက်နမ်းပစ်မည်။
စုယိတွေးနေစဉ်မှာပင် သူမ၏ခါးတစ်ဝိုက်မှာ သိုင်းဖက်ခြင်းခံလိုက်ရပြီး ချူယင်းက သူမအားနံရံဖြင့်တွန်းကပ်ထားသည်။မျက်စိရှေ့ရှိအမျိုးသားထံမှ ကိုယ်ရောင်ကိုယ်ဝါများထွက်နေပေသည်။
" ကိုယ်တို့က တွဲနေပြီးသားမဟုတ်ဘူးလား " ချူယင်းက မျက်ခုံးပင့်လျက်ဆိုလာ၏။
ထိုအချိန်တွင် စုယိကတော့ နံရံကိုမှီကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။
ချူယင်း အနမ်းအတွက်ပြင်ဆင်နေချိန်တွင် လက်ဖဝါးသေးသေးကလေးများက သူ၏ပါးပြင်ထက်သို့ရောက်လာခဲ့၏။
စုယိက ချူယင်း၏ပါးနှစ်ဖက်ကို လက်များဖြင့်အုပ်မိုးထားပြီး အကြိမ်အနည်းငယ် ခပ်ဖွဖွနမ်းလျက် ကျီစားနေလေသည်။
တစ်ဖက်မိန်းကလေးမှာ ဤအခြေအနေအား အလွန်သဘောတွေ့နေပုံရပြီး မျက်ဝန်းများပိတ်သွားသည်အထိ ပြုံးရယ်နေ၏။သို့သော်လည်း ချူယင်းက အချိန်အတော်ကြာလုပ်ခွင့်မပေးလိုက်ဘဲ သူမ၏နောက်စေ့အားထိန်းကိုင်ကာ ပြင်းရှသောအနမ်းအား စတင်လိုက်တော့သည်။
He's Mine Chapter-26[Part-1]
Zack Z.UFebruary 13, 2023
HE’S MINE, NO OBJECTIONS ALLOWED!
CHAPTER 26
အခန်း-၂၆။ မင်းကအရူးမလေးလား...။
ကောင်လေးက သူမနှုတ်ခမ်းတွေကို ညင်သာစွာ ထိကပ်လိုက်သည်။ ထိုဟာက သူအရမ်းထိန်းချုပ်ထားရတာကြောင့်ဆိုတာ သိသာလွန်းနေသည်။ သူ့လက်တွေက သူမရဲ့ကျောပြင်လေးကိုထိန်းကိုင်ထားပြီး သူမ တွင်းနက်နက်တူးနေသည့်အဖြစ်ကနေကာကွယ်ပေးထားသည်။
စုယိသည် နမ်းနေတဲ့အချိန် သွားတွေကို မြင်အောင်မပြသင့်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောနေရင်း မရယ်မိအောင် မနည်းထိန်းချုပ်ထားရသည်။ သူမ မျက်လုံးတွေကိုမှိတ်ချလိုက်ချိန်တွင် ရုတ်ချည်းဆိုသလို သူမ နှုတ်ခမ်းရှေ့တွင် လေဟာနယ်တစ်ခုကိုခံစားလိုက်ရသည်။
???
'ပြီးပြီ... ပြီးပြီလား...ဒီလောက်ပဲပေါ့...'
ချူယင်းသည် သူမအား ပွေ့ဖတ်ပြီး၊ လုပ်သင့်တာကိုလုပ်ပြီးနောက် သူ့လက်ကို ချက်ချင်းဖယ်ကာ ခြေထောက်နားတွင်ရှိနေသည့်အိတ်ကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
"စတော်ဘယ်ရီ"
သူ့အသံက......လုံး၀ပုံမှန်။
'အခုလောလောဆယ် သူမ စတော်ဘယ်ရီကို လုံးဝမစားချင်တော့ပါဘူးနော်...။'
ရူးကြောင်ကြောင်ပုံစံဖြင့် ရပ်နေဆဲဖြစ်သည့် သူမကိုမြင်တော့ သူ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
စုယိက နှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်လိုက်ပြီး-
“… ဘာမှ မဖြစ်ဘူး”
"ညစာစားပြီးပြီလား"
သူမကလည်း ထိုအကြောင်းကိုတွေးနေပြီး သူ့ကိုမေးလိုက်သည်။
"စားပြီးပြီလား"
"မစားရသေးဘူး"
အဖွဲ့သားများအတွက်ဖြစ်သည့် ဘင်တိုထမင်းဘူးကြီးနှင့် စတော်ဘယ်ရီသီးအတော်များများကို စားထားသူ စုယိက အပြုံးလေးဖြင့်ဖြေလိုက်သည်။
“ကျွန်မလည်း မစားရသေးဘူး”
သူမသည် APP ကိုဖွင့်လိုက်ပြီး pageတော်တော်များများကို ရှာကြည့်ပြီးနောက်၊ ပင်လယ်စာပန်းကန်ကြီးတစ်ချပ်သည် သူမအာရုံကို အလုံးစုံဖမ်းစားသွားနိုင်ခဲ့သည်။
သူမ တံတွေးတချို့ကို မျိုချလိုက်ပြီး အကြံပေးလိုက်သည်။ "ကျောက်ပုစွန် စပ်စပ်လေးသွားစားကြမလား"
“အိုခေ”
ကျောက်ပုစွန်စားရန်အတွက် သူမ၏maskကို ချွတ်နေရသည်က အလွန်ဒုက္ခများတာကြောင့် ထိုအစား သူမ မျက်မှန်တစ်လတ်နှင့် အားကစားဦးထုပ်ကို ကြုံရာကောက်ယူလိုက်သည်။
တံခါးဖွင့်လိုက်ချိန်တွင် ၀ူရွှယ်ထံကိုမှ တန်းတန်းမတ်မတ်ပြေး၀င်မိဖို့ကိုဖြင့် သူမတကယ်ကြီး မမျှော်လင့်ထားချေ။ တစ်ဖက်မှလူက ကြွေခွက်တစ်ခွက်ကို ကိုင်ထားသည်။
"နင်ဘာလို့ထွက်လာတာလဲ အတော်ပဲ ငါအခုလေးတင် နှမ်းငပိလေးလုပ်ထားတာ..."
စုယိ၏နောက်ကျောမှလူကိုတွေ့လိုက်ချိန်တွင် ၀ူရွှယ်သည် ပြောနေသည့် စကားပင်မဆုံးသေးပေ။
အတန်ကြာ တိတ်ဆိတ်မှုကကြီးစိုးသွားပြီးနောက် သူမသည် နောက်ဆုံးတွင် စကားစပြောလိုက်သည်။
“… ဒါရိုက်တာချူး မင်္ဂလာညချမ်းပါ”
ချူယင်းသည် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
၀ူရွှယ်သည် သူမ၏ အပြုံးကို အမြန်ပြန်သိမ်း၍ စုယိထံတစ်ဖန် ပစ်ထုတ်လိုက်သည်။
"နင်ဘယ်သွားမလို့လဲ"
စုယိသည် လုပ်ချောင်းတစ်ချက်ဆိုးလိုက်ပြီး- "ညစာ"
သူမ၏ အနုပညာရှင်သည် ကြီးမားတဲ့ဘင်တို စားတော်ပွဲကြီးကိုအမှန်အကန်တွယ်ပြီးနောက် ယခုအခါ စားသောက်ဆိုင်တစ်ခုသို့ ဦးတည်နေမှန်းသိလိုက်ရာ ၀ူရွှယ်သည် အမှန်တကယ်ပင် ပေါက်ကွဲတော့သည်။
“နင်…”
သူမစတင်ပြောဆိုတော့မည့်အချိန်တွင် စုယိသည် သူမရှေ့တွင် ပိတ်ရပ်ပြီး မျက်ခုံးပင့်ကာ မျက်နှာထားအမျိုးစုံလုပ်ပြလာသည်။
ထို့ကြောင့် ၀ူရွှယ်သည် သူမ၏ နှုတ်ခမ်းထောင့်များကိုသာ တွန့်ကွေးလိုက်ပြီး " နင်နဲ့ အပိုလူတစ်ယောက်ကပ်ပါလာလို့ စိတ်မကွပ်ဘူးမလား ငါလည်း မစားရသေးလို့"
ထိုကျောက်ပုစွန်ဆိုင်က သိပ်မနီးချေ၊ သူတို့သည် ထိုနေရာသို့ ကားမောင်းသွားကြရသည်။ အနောက်ဘက်တွင်ထိုင်နေသည့် ခရီးသည်ထံမှ WeChat စာကိုတစ်ချက်ဖတ်ကြည့်လိုက်ချိန်တွင် စုယိသည် သေနတ်တစ်လတ်ကို ထိုင်စီးနေရသလိုခံစားလိုက်ရသည်။
[ ၀ူရွှယ်: နင် အခုလေးတင်မှ နှစ်ဆယ့်ခြောက်ဒေါ်လာတန် ဘင်တိုတစ်ပွဲ စားပြီးသွားတာလေ အခုကျတော့ ညစာသွားစားနေတာဟုတ်စ...နင် ငါ့ကို စိတ်ဆိုးပြီးသေအောင်များလုပ်နေတာလား ဒါမှမဟုတ် နင့်ဟာနင် ၀သေအောင်လုပ်နေတာလား ဟမ်... ]
[ နတ်ဘုရားမစုယိ- ငါက ဒီအတိုင်းချိန်းတွေ့ချင်ရုံပါဟယ် နင်က ငါရဲ့ အပိုမီးသီးလိုက်လုပ်မလို့လား ]
[ ၀ူရွှယ်: ငါကရော လိုက်လာချင်တယ်လို့များထင်နေလား ဒီနားတစ်၀ိုက်မှာ နင့်ကိုကျားချောင်း ချောင်းနေတဲ့ သတင်းထောက်တွေအများကြီးရှိတယ် နင်ကတော့ ကောင်းပါ့ maskတောင်မတပ်ထားဘူး]
စုယိက ပြန်မဖြေဖို့ကိုဘဲ ရွေးချယ်လိုက်သည်။ သူမ ဖုန်းကိုအိတ်ထဲသို့ ပြန်ထည့်ပြီး ခုံနှစ်ခုကြားရှိ ဘူးပေါ်တွင် တံတောင်ဆစ်တင်ကာ ချူယင်းကိုသာ တလတ်လတ်ထနေသည့် မျက်၀န်းတွေဖြင့် တည့်တည့်စိုက်ကြည့်နေလိုက်သည်။
သူမ စိုက်ကြည့်နေတာကို ခံစားမိသည့် ချူယင်းကမေးလာသည်။
"ဘာဖြစ်လို့လဲ"
"ရှင်က အခုနောက်ပိုင်း ပိုပြီးအလှုပ်ရှုပ်နေတယ်"
စုယိကတစ်ချက်ပင်အကြည့်မလွှဲပေ။
"ကျွန်မ အခုတတ်နိုင်သလောက်လေး ရှင့်ကို ပိုကြည့်ချင်တယ်"
ကားက နည်းနည်းနှေးသွားသည်။
ကားမောင်းနေစဉ် ချူယင်းသည် အရှေ့ကိုသာအကြည့်မလွှဲဘဲအာရုံစိုက်ထားသည်။ သူမဆံပင်လေးတွေကို ပွတ်သပ်ဖို့ ကြံရွယ်ပြီး သူ့ညာလက်ကို ဆန့်ထုတ်လိုက်ပေမယ့် စုယိက သူ့လက်ကို လှမ်းဆုတ်ကိုင်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားချေ။
သူတို့လက်ချောင်းလေးတွေက လှပစွာသွယ်ယှက်သွားကြသည်။
စုယိသည် သူ့လက်ကိုပြန်မလွှတ်ခင် သုံးစက္ကန့်မျှသာ ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးလေးတွေကဝေဆာနေသည်။
"ကောင်းပြီ ကားမောင်းတာကိုပဲအာရုံစိုက်တော့"
၀ူရွှယ်သည် လိုက်လာမိသည့်အတွက်နောင်တရနေပြီဖြစ်ပြီး အခုချိန် ကားပေါ်ကဆင်းလျှင်နောက်ကျသွားပြီလား မသိတော့ချေ။
ပင်လယ်စာရသည့်နေရာသည် ၀တ်စုံများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဖိနပ်ဆိုင်များ ရှိနေသည့် နေရာ၏ အလယ်တွင် တည်ရှိနေကာ အတော်လေး မျက်စိကျချင်စဖွယ်ကောင်းနေသည်။
သုံးယောက်သား ထောင့်တစ်ခုမှ စားပွဲ၀ိုင်းကို ရွေးချယ်လိုက်သည်။ ချူယင်းသည် မီနူးကိုယူကာ တစ်ချက် ကြည့်လိုက်သည်။ "ကျောက်ပုစွန်နှစ်ပွဲ စပ်စပ်လေး"
စားပွဲထိုးသည် မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး အော်ဒါမှာယူနေစဉ်တစ်လျှောက်လုံး သူ့ကိုသာ စိုက်ကြည့်နေသည်။
"ပွဲကြီးနဲ့ပွဲလတ် ဘယ်ဟာကိုအလိုရှိပါသလဲရှင့်"
“ပွဲကြီး”
၀ူရွှယ်သည်အလျင်အမြန်ဖြတ်ပြောလိုက်သည်။
"ဒါရိုက်တာချူ ပွဲကြီးနှစ်ပွဲက နည်းနည်းတော့ မများလွန်းဘူးလား"
ချူယင်း၏ မျက်လုံးများသည် မီနူးပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။
"မင်းတို့နှစ်ယောက်စလုံး မစားကြဘူးလား"
၀ူရွှယ်သည် ခြောက်ကပ်ကပ်သာရယ်မောနိုင်တော့သည်။ "အင်း ဟုတ်တယ် ဒါပေမယ့် စုယိက အများကြီးမစားနိုင်ဘူးရယ် ကျွန်မတို့ နှစ်ပွဲစလုံး ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး"
အဆုံးတွင်တော့၊ သူတို့ ထိုပွဲကြီးနှစ်ပွဲကိုသာ မှာဖြစ်ပေသည်။
ချူယင်း၏ဖုန်းမြည်လာချိန်တွင် စားပွဲထိုးက ထွက်သွားပေသည် - အမှန်တကယ်မှာ ကားထဲတွင် ထိုဖုန်းက အကြိမ်ပေါင်းများစွာ မြည်နေခဲ့ပြီး သည်အတိုင်း ချပစ်နေခဲ့ခြင်းသာဖြစ်သည်။
သူက အေးအေးဆေးဆေးပင် ဖုန်းကိုင်လိုက်သည်။
“ဟမျ့”
"ချီးပဲ မင်း ငါ့ဖုန်းကိုဘာလို့ချပစ်တာလဲ"
တစ်ဖက်မှ ယောက်ျားအသံက တကယ့်ကိုကျယ်လောင်သည်။
"အစ်ကိုကြီး မင်း အခုဘယ်မှာလဲ ငါ မင်းကိုနောက်ဆုံးတစ်ခေါက်ကမေးတဲ့ကိစ္စကအဆင်ပြေရဲ့လား မင်း ညီလေးရဲ့ အနာဂတ်ပျော်ရွှင်မှုက မင်းလက်ထဲမှာရှိနေတာနော်"
ချူယင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို နားမှအဝေးသို့ ရွှေ့လိုက်သည်။
“ဟင့်အင်း”
လျိုရှီးသည် သူ့ငယ်သူငယ်ချင်းအကြောင်းကို ကောင်းကောင်းနားလည်ပေသည်။ ဤလေသံက သူဖုန်းချပစ်ချင်နေတဲ့ လက္ခဏာပင်။
သူအမြန်ပြောလိုက်သည်။
“မချလိုက်နဲ့ဦး...အရင်ဆုံး လူချင်းတွေ့ပြီးစကားပြောကြရအောင် မင်း အခုဘယ်မှာလဲ”
ထိုအချိန်တွင် နောက်ထပ် ဖောက်သည်တချို့ ဝင်လာပြီး တံခါးဝမှ စားပွဲထိုးက ကောင်းကင်အထိသို့ရောက်နိုင်သည့် အသံကာလာအနေအထားဖြင့်ရုတ်တရက် အော်လိုက်သည်- "လူကြီးမင်းတို့အနေနဲ့ ကျောက်ပုစွန် လတ်လတ်ဆတ်ဆတ်ကောင်းကောင်းမွန်တွေ စားချင်တယ်ဆိုရင်"
အပြင်ဘက်ရှိတခြားစားပွဲထိုးတွေက ဟာမိုနီလိုက်ပေးကြသည်- "ရှန်းယိကျား ကိုလာဖို့လူကြီးမင်းတို့ကိုဖိတ်ခေါ်ပါတယ်~"
တစ်ဖက်ရှိလူက ချက်ချင်း ဖုန်းချသွားသည်။
စုယိသည် အကြားအာရုံနှင့် မှတ်ဉာဏ်အရမ်းကောင်းသူဖြစ်သည်။ လျိုရှီး၏အသံကို သူမချက်ချင်းမှတ်မိသွားပြီး မေးလိုက်သည်။
"သူလာနေပြီလား"
၀ူရွှယ်ကမေးလိုက်သည်။
"ဘယ်သူလဲ"
"အိုး... ချူယင်းရဲ့ သူငယ်ချင်းတွေထဲကတစ်ယောက်ပါ"
စုယိသည် သူမ၏ပန်းကန်ထဲသို့ ရေနွေးအနည်းငယ်လောင်းထည့်လိုက်ပြီး သူမရဲ့တူတွေကို ဆေးကြောပြီးနောက် ချူယင်းရဲ့တူတွေကိုလည်း ဆေးကြောပေးလိုက်သည်။
"လျိုရှီး တဲ့"
၀ူရွှယ်ကခေတ္တရပ်တန့်သွားသည်။
"ဘယ် 'ရှီး' လဲ"
ချူယင်း "ဧကရာဇ်ကျောက်စိမ်းတံဆိပ် [1] ဆိုတဲ့အထဲကတစ်လုံး"
ပတ်၀န်းကျင်တစ်ခွင် တိတ်ဆိတ်မှုဖြင့် ကြုံဆုံလိုက်ရသည်။
ကျောက်ပုစွန်တွေလာမချသေးခင်မှာပဲ ၀ူရွှယ်က ရုတ်တရက်ကြီး ကုလားထိုင်ကိုနောက်သို့ဆုတ်၍ ထရပ်လိုက်သည်။
"ငါ့မှာလုပ်စရာတွေရှိသေးတာ အခုမှသတိရလာလို့ ငါအရင်ပြန်နှင့်တော့မယ်"
စုယိက သူမကိုကြည့်ရင်း ရှုပ်ထွေးသွားသည်။
"ဘယ်လိုလုပ် ချက်ချင်းကြီးဖြစ်သွားရပြန်တာလဲ"
၀ူရွှယ် “ငါ့မှာ ဖုန်းပြောဖို့ကိစ္စတွေနည်းနည်းပါးပါးရှိသေးတယ် သိပ်မကြာသေးခင်က မင်းအတွက်ဆိုပြီး ဇာတ်ညွှန်းတွေအများကြီးရောက်ချလာတယ် ငါ အဲ့ဒါတွေကိုရှင်းပစ်ရဦးမယ်လေ"
"ငါ့ ရိုက်ကူးရေးက အခုမှစတာ သူတို့ ငါ့ကိုလာရှာလဲ ယူဖို့အချိန်မရှိသေးဘူး အားလုံးကိုငြင်းပစ်လိုက် "
၀ူရွှယ်က သူမအနားကို မှီချလိုက်ပြီး ကပ်တိုးလေးစကားဆိုလိုက်သည်။
"နင့်ရဲ့ သောက်ကျိုးနည်းဒိတ်ကို ဆက်ချင်သေးရဲ့လား"
'ကျစ်၊ ဒီတစ်ယောက် အခု ဆဲလိုက်တာလား...။'
စုယိ၏ အမူအရာမှာ မပြောင်းလဲဘဲ ရှိနေသည်။
"...နင့်ကိစ္စရှိတယ်ဆိုရင်လည်း လမ်းမှာဂရုစိုက်သွားဦး"
၀ူရွှယ်ထွက်သွားသည်နှင့် စုယိသည် ချက်ချင်းပဲ ချူယင်းအနားကပ်ထိုင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ကျောက်ပုစွန်တွေကိုလာတည်ခင်းပေးသည်။ သူမသည် လက်အိတ်ကိုဝတ်လိုက်ပြီး ကျောက်ပုစွန်တစ်ကောင်ကို ကောက်ယူလိုက်သည်။
"ကျွန်မ ရှင့်အတွက် အခွံခွာပေးမယ် ကျွန်မကအဲ့ဒီလိုနေရာမျိုးမှာ တအားတော်တာရယ်"
သူမပြောပြီးသည်နှင့် သူမလက်ထဲတွင်ရှိသော ကျောက်ပုစွန်ကို သူမဘေးနားရှိလူက ဆွဲယူသွားသည်။
ကောင်လေးက မြန်မြန်ဆန်ဆန်ဖြင့် အခွံချွတ်ခြင်း ဘာညာကိုလုပ်ဆောင်သွားပြီး ခဏကြာတော့ သူမပန်းကန်ထဲမှာ နူးညံ့မွှေးအိနေသည့်အသားတွေဖြင့်ပြည့်သွားသည်။
"စား"