Chapter 30
လျိုရှီးရောက်ရှိလာချိန်တွင် ချူယင်းရဲ့ ရှေ့တွင် မို့မောက်နေသော ကျောက်ပုစွန်အခွံပုံကြီးကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
ချူယင်း၏ဘေးတွင် သူ အမြန်၀င်ထိုင်လိုက်သည်။ ဘာကြောင့်ဆို ချူယင်း ထွက်ပြေးသွားမှာကို စိုးရိမ်လို့ပင်။
[ T/N သူတို့ကကြည့်ရတာ စားပွဲ၀ိုင်းပုံစံမျိုးထိုင်နေကြပုံပဲ ]
"မင်းက ငါ့ကိုမခေါ်ဘဲနဲ့ တစ်ယောက်တည်း မာလာကျောက်ပုစွန်ကိုလာကစ်တယ်ပေါ့လေ"
ချူယင်းက သူ့ကို တစ်ချက်ပင်ကြည့်မလာပေ။
"ဒီတခေါက် ငါ မင်းကိုမခေါ်လဲ မင်း ရောက်ချလာတာပဲမလား"
လျိုရှီးက ဂရုမစိုက်ချေ။
စုယိကို သူက ဖော်ရွေသောအမူအရာဖြင့် ပြုံးပြကာ "ကျောက်ပုစွန်ကို အခွံခွာရင် လက်အိတ်ကို သုံးရတယ်လေ မဟုတ်ရင် မင်းလက်က နံလာလိမ့်မယ်"
သူစကားဆုံးသည့်အချိန်တွင် သူ၏ ညီအစ်ကိုကောင်းသည် အခွံခွာထားပြီးသား ကျောက်ပုစွန်အသားကို စုယိ၏ပန်းကန်ထဲသို့ သဘာဝကျကျပင် ထည့်လိုက်သည်ကို မြင်လိုက်ရသည်။
ဟင်...။
သူတို့သည် ငယ်ငယ်တုန်းကတည်းက ဘောင်းဘီတစ်ထည်ကိုအတူတူ၀တ်လာကြတဲ့သူတွေဖြစ်ပြီး ယခုအချိန်အထိ ချူယင်းသည် စားသောက်ကြသည့်အခါတိုင်း သူ့ကို တစ်ခါမျှပင် မကူညီခဲ့ဖူးပေ။
သူ့မျက်လုံးများက ပြူးကျယ်သွားရသည်။
"ဟေး မဟုတ်ဘူးမလား...မင်းတို့က...အဲ့ဒါ..."
စုယိသည် ချူယင်းဘက်သို့ အသာလေးခေါင်းစောင်းကာ ပြုံးပြလိုက်သည်။
လျိုရှီးသည် ချူယင်းနှင့် မတူချေ။ သူ၏ WeChat တွင် အထူးစပယ်ရှယ်ဂရုချက်တစ်ခုရှိပြီး ထိုအထဲတွင် နာမည်ကြီးအမျိုးသမီးသရုပ်ဆောင်များ အယောက်ငါးဆယ်ထက်မနည်းရှိသောကြောင့် ဖျော်ဖြေရေးလာက၏ အတွင်းပိုင်းဂယက်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိထားပေသည်။
မကြာသေးမီက စုယိအကြောင်း အတင်းအဖျင်းပြောသံများက တကယ်ကို ဒေါသတကြီး ဖြစ်နေကြသည်။ လျန့်ပေါအကြောင်းကို သူ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တစ်ချက်ကြည့်လိုက်ချိန်တွင် ယာဥ်ရပ်နားရာနေရာရှိ 'Bigshot' မှာ ချူယင်း ဖြစ်မှန်းသူချက်ချင်းမှတ်မိသွားသည်။
ချူယင်းနဲ့ သေသေချာချာလေးရှင်းလင်းကြည့်ဖို့ သူ တွေးမိပြီး သွားစကားပြောချိန်တွင် WeChat ၌ဘလတ်လစ်ထဲအထည့်ခံလိုက်ရသည်။
' သူတို့နှစ်ယောက်က အတူတူရှိနေကြလိမ့်မယ်လို့ သူ တကယ်ကြီး မမျှော်လင့်ထားဘူး...။'
"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ် ဒီလိုမျိုး သတင်းကောင်းက အခမ်းအနားနဲ့ ဂုဏ်ပြုပေးသင့်တာ"
လျိုရှီးက သူ့လက်ကို မြှောက်၍ ထျင်းတောက် ဘီယာပုလင်းအနည်းငယ် ယူလာပေးဖို့ စားပွဲထိုးကို တောင်းဆိုလိုက်ပြီး စုယိထံ မေးတစ်ချက် မြှောက်ပြလိုက်သည်။
"ယိယိ ငါ့ အပိုမီးလုံးလာလုပ်နေတာကို စိတ်မဆိုးဘူးမလား"
ချူယင်းက သူ့ကိုမျက်လုံးထောင့်ကပ်၍တစ်ချက်ကြည့်လိုက်သည်။
"သူမကို မရီးလို့ခေါ် "
"မရီး"
လျိုရှီးသည် သူမကို မေးစရာတစ်ခုရှိသဖြင့် အတတ်နိုင်ဆုံး အသံကိုအရိုးသားဆုံးပုံပေါက်အောင်လုပ်လိုက်သည်။
အဖြေကို သိနေပြီးဖြစ်သော်လည်းသူကမေးဖြစ်အောင်မေးလိုက်သေးသည်။
“မရီးက ဘာလို့ ရှန်ဟိုင်းကို ရောက်နေတာလဲ”
စုယိက သူ့ကို အနီရောင်အန်းပေါင်းတစ်အိတ် ပေးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
"ရိုက်ကူးရေးကြောင့်"
လျိုရှီးသည် ကျောက်ပုစွန်တစ်ကောင်ကို ကောက်ယူလိုက်ပြီး ချူယင်း၏ လက်မောင်းကို တံတောင်ဆစ်ဖြင့်အသာတွတ်ကာမေးလိုက်သည်။
"ဒါဆို ဘယ်သူက ဘယ်သူ့ကို စလိုက်တာလဲ"
စုယိက ကောင်လေးများ မနာလိုမှုကြောင့်သေသွားနိုင်သည့်အဖြေကို ဖြေပေးလိုက်သည်။
“ကျွန်မ...”
“ကျွတ်~ကျွတ်~”
လျူရှီ၏ နှလုံးသားတစ်ခုလုံးသည် စုယိကြောင့်နစ်မြုပ်သွားရသည်။
“မရီးက တကယ့်ကို မျက်လုံးကန်းတာပဲ”
'နင်သာကန်းတာ...။'
ထို့ကြောင့် သူမသည် လျိုရှီးအား အန်းပေါင်ပေးမည့်အစီအစဥ်ကိုဖျက်သိမ်းပစ်လိုက်သည်။
ဘီယာပုလင်းများလာချပေးချိန်တွင် လျိုရှီးသည် ပုလင်းတစ်လုံးကို စုယိရှေ့တွင်ချပေးလိုက်ပြီး QR ကုဒ်ကိုဖွင့်ထားသည့် သူ့ဖုန်းကို လက်နှစ်ဖက်ဖြင့်တရိုတသေကမ်းပေးလိုက်သည်။
“မရီး WeChat မှာ သူငယ်ချင်းဖြစ်ကြရအောင်"
သူတို့နှစ်ယောက် နောက်ဆုံးတစ်ကြီမ် အတူတူစားပြီးသည့်အချိန်က သူမကို addဖို့မလုပ်လိုက်နိုင်သလို သူသည် ချူယင်းထံသို့သွားရှာရန်လည်း မေ့သွားခဲ့သည်။
သူတို့နှစ်ယောက် အချင်းချင်းaddပြီးချိန်တွင် ချူယင်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
“သန့်စင်ခန်း”
ချူယင်း ထွက်သွားသည်နှင့် လျိုရှီးသည် ချက်ချင်းပင် သူ့ဖင်ကိုရွှေ့ပြီး စုယိဘေးတွင် ၀င်ထိုင်လိုက်သည်။
"မရီး မရီးရဲ့အေးဂျင့်က အရမ်းနောက်ကျမှအပြင်ထွက်တာကိုစိတ်မဆိုးဘူးလား"
စုယိသည် တစ်ခုခုပြန်ဖြေတော့မည့်အချိန်တွင် သူမ၏ဖုန်းမှ noti တစ်ခုကိုလက်ခံရရှိလိုက်သည်။
[ ချူလင်းယုန် : အပြင်ထွက်ခဲ့ ]
"ကျွန်မရဲ့ အေးဂျင့်က အခုလေးတင် ထွက်သွားတာ"
စုယိက သူမအိတ်ကိုလွယ်ပြီး ကမန်းကတန်းထရပ်လိုက်သည်။
"ကျွန်မလည်း ရေချိုးခန်းသုံးလိုက်ဦးမယ်"
'ဒီလိုပဲ ထွက်သွားကြတာလား...'
လျိုရှီးသည် သူပြောချင်တဲ့စကားတွေကိုပြန်မျိုချပြီး ခေတ္တရပ်တန့်ထားလိုက်သည်။ သူပြန်သတိ၀င်လာချိန်တွင် သူသည် ဤစားပွဲတွင် တစ်ဦးတည်းသောကျန်ရှိသူဖြစ်နေသည်။
သူ ဘီယာ အလုပ်ကြီးတစ်လုပ်မော့ချပစ်လိုက်သည်။
'ကောင်းပြီလေ မရီးပြန်လာမှပဲ ဆက်မေးတော့မယ်'
…
စုယိက ထိုင်ခုံခါးပတ်ကို ပတ်လိုက်သည်။
"သူ့ကို တစ်ယောက်တည်းထားခဲ့လို့ ဖြစ်ရဲ့လား"
သူမက ယဥ်ကျေးမှုအရသာမေးလိုက်ခြင်းသာဖြစ်ပြီး သူမရဲ့ အပြုံးက သူမ၏ ခံစားချက်အစစ်အမှန်ကို ရောင်းထုတ်နေပြီးဖြစ်သည်။
"သူ့ကိုလျစ်လျူရှုထားလိုက်"
ချူယင်းကပြောသည် ။
"ဘယ်သွားချင်လဲ"
စုယိသည် အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ကိုးနာရီသုံးဆယ်၊ ဟိုတယ်ကိုပြန်ဖို့အတွက်က စောလွန်းနေပေမယ့် သူမသည် maskမတပ်ထားတာကြောင့် လူစုလူဝေးတွေရှိသည့်နေရာကို သွားရန်လည်း အဆင်မပြေချေ။
သူမ ဦးနှောက်ကိုအလုပ်ပေးနေစဉ်တွင် ပြတင်းပေါက်မှတစ်ဆင့် ဘလင်းဘလင်းဖြစ်နေသည့် အဆောက်အအုံကြီးတစ်ခုကိုမြင်လိုက်ရသည်။
XX Cineplex...
ရုပ်ရှင်ရုံရှေ့ရှိ ၀န်ဆောင်မှုပေးသည့် စားပွဲတွင် ချူယင်းက သူမကို ရုပ်ရှင်လက်ကမ်းကြော်ငြာတွေကို ကမ်းပေးလိုက်သည်။
"ကိုယ်တို့ ဘာကြည့်ကြမလဲ"
“ဆရာ ကျွန်တော်တို့ တောင်းပန်ပါတယ်”
လက်မှတ်ရောင်းသူက သူတို့ကို သတိပေးသည်။
"ကျွန်တော်တို့မှာ နာရီ၀က်အတွင်းလွှင့်မယ့် ဇာတ်ကားကတစ်ခုပဲရှိတော့တယ် တခြားဇာတ်ကားတွေက အနည်းဆုံး တစ်နာရီလောက် စောင့်ရမှာပါ"
စုယိသည် ရုပ်ရှင်နှင့်ပတ်သတ်သည့်အသေးစိတ်အချက်အလတ်ကို သေချာမဖတ်ကြည့်တော့ပေ။
"ဒါဆို ဒီဇာတ်ကားပဲသွားကြည့်ကြရအောင်လေ"
သူတို့သည် ပေါက်ပေါက်စုပ် set လိုက်ကြီးဝယ်ပြီး ရုပ်ရှင်ရုံထဲသို့ ဝင်သွားတော့သည်။
သူတို့သည် အလယ်ခုံကို ရွေးချယ်ခဲ့ကြသည်။ သူတို့ ဝင်လာချိန်တွင် ဘေးပတ်ဝန်းကျင်မှာ မည်သူမှရှိမနေချေ။ ပွဲစခါနီးမှ အခြားစုံတွဲတစ်တွဲ ဝင်လာပြီး သူတို့ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။
ဆိုးရွားတဲ့ရီဗျုးတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဤဇာတ်ကားတွင် ကြည့်ရှုသူပင်မရှိချေ။ ရုပ်ရှင်ကစပြချေပြီ။ Ouija အကြောင်းပြောနေတဲ့ အလယ်တန်းကျောင်းသူတစ်စုဖြင့် ဇာတ်လမ်းကိုအစပျိုးထားသည်။
' ပြည်တွင်းထုတ် သရဲကားလား...။ '
စုယိ ချက်ချင်းပင်သန်းဝေသွားသည်။
သူတို့ Ouija ကိုကစားနေစဉ်၊ ရုပ်ရှင်၏တေးသွားက ပြည်တွင်းတွင်ထုတ်လုပ်သည့် သာမာန် 'ထိတ်လန့်ဖွယ်' အလှည့်အပြောင်းများဖြင့် ဇာတ်လမ်းကဲ့သို့ တဖြည်းဖြည်းချင်း နက်နဲထွေပြားလာစေသည်။
ထိတ်လန့်ဖွယ်လေထုကိုဖန်တီးရန်အတွက် ရုပ်ရှင်ထဲရှိ အသံများက မှိန်ဖျော့သွားပြီး ရှေ့ထိုင်ခုံမှ မိန်းကလေး၏ 'ချစ် ရမ်းကြောက်တယ်' နှင့် 'နောက်ခံသီချင်းက ရမ်းကြောက်စရာကောင်းတာပဲ' ဆိုသည့်အသံကထွက်ပေါ်လာသည်။
စုယိသည် ဘာမှထွေထူးမနေဘူး ဆိုသည့်မျက်နှာထားဖြင့် ကိုလာတစ်ငုံကိုစုပ်သောက်လိုက်သည်။
သူမ ကိုလာမသောက်ရတာ တော်တော်ကြာနေပြီဖြစ်ပြီး ထိုဟာက အရမ်းအရသာရှိတယ်လို့ ခံစားလိုက်ရသည်။
ရုပ်ရှင်ထဲတွင် မိန်းကလေးတွေက ဘောပင်ကိုကိုင်ပြီး စတင်လှည့်နေကြပြီဖြစ်သည်။ နာရီဝက်လောက်ကြာပြီးနောက် အမိုက်စားကောင်မလေးတစ်ယောက်က မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ကင်မရာက ရုတ်တရက် တုန်ခါသွားသည်။ ချက်ချင်းဆိုသလိုပဲ အဖြူရောင်ဝတ်စုံဝတ်ထားသည့် ကြောက်စရာကောင်းတဲ့ ဆံပင်ရှည်အမျိုးသမီးက မိန်းကလေးရဲ့ဘေးမှာ ဗြုန်းခနဲပေါ်လာသည်။
“အား...”
အရှေ့ခုံက ကောင်မလေးက အော်ဟစ်ပြီး ကောင်လေးရဲ့ ရင်ခွင်ထဲသို့တိုး၀င်သွားသည်။ ထို့နောက် မျက်ရည်တွေတပေါက်ပေါက်ကျနေသောအသံငယ်လေးဖြင့် “ရမ်းကြောက်စရာကောင်းတာပဲ ရမ်းကြောက်တယ်… (၀ူး ၀ူး…)”
ကောင်လေးက လှည့်လာပြီး ပွေ့ဖက်ပေးကာ နှစ်သိမ့်အနမ်းလေးပေးလိုက်သည်။
"ပေါင်ပေ့ မကြောက်နဲ့ ကိုကိုဒီမှာရှိတယ် မငိုနဲ့ မငိုနဲ့"
'...ဟမ်...
ဒီလိုအကွပ်လည်းရတယ်ပေါ့...'
စုယိ၏မျက်လုံးတွေက ချက်ချင်းတောက်ပသွားသည်။ သူမသည် မတ်မတ်ထိုင်ကာ အသက်ပြင်းပြင်းရှူပြီး စတင်၍ ဇာတ်ကားကို အလေးအနက်ထားကြည့်လိုက်သည်။
သိပ်မကြာခင်မှာပဲ ထိုကြောက်စရာကောင်းသည့် တီးလုံးသံက ပြန်ပေါ်လာသည်။
နောက်ထပ် ဆယ်စက္ကန့်ကြာပြီးနောက်တွင် သူတို့သည် အသေးအဖွဲ ပြသနာလေးရဲ့အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားပြီး ထိုအဖြူရောင်ဝတ်စုံ၀တ်အမျိုးသမီးသည် ဖန်သားပြင်ပေါ်တွင် နောက်ထပ်တစ်ကြိမ် ပေါ်လာတော့သည်။
သူမရဲ့အခွင့်အရေးက အခုအချိန်ပဲ...။
စုယိသည် နောက်တစ်ခေါက်ပင်ထပ်မစဥ်းစားဘဲ မျက်လုံးစုံမှိတ်ပြီး ဘေးနားရှိလူ၏ ရင်ခွင်ထဲသို့ တိုးဝင်နိုင်ရန် ကြိုးစားလိုက်သည်။
လက်တွေ့တွင်၊ သူမတွေးထင်ထားသည့် နွေးထွေးပြီး သက်သောင့်သက်သာရှိတဲ့ ရင်ခွင်ထဲကို ရောက်မသွားချေ။
လမ်းကြောင်းမှားသွားပြီး သူမ ကောင်လေး၏လက်မောင်းကိုသာ ၀င်တိုက်မိသွားသည်။
'…နာတယ်
…အရမ်းနာတယ်...။'
သူမ ခေါင်းက ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရခြင်းကြောင့် ခေါင်းကပေါက်သွားပြီလားဟုပင် တွေးလိုက်မိပြီး ခဏလောက် ငြိမ်ငြိမ်လေးနေနေလိုက်သည်။
သူမရဲ့ လည်ပင်းကို ဖြည်းညှင်းစွာ ပြန်ဆုတ်ခါနီးတွင် လက်တစ်ဖက်က ဆန့်ထွက်လာပြီး သူမလည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ပြီးတော့ လက်တစ်ဖက်က သူမရဲ့ ဆံပင်စတွေကိုဖယ်ရှား၍ သူမ ထိခိုက်မိသွားသည့်နေရာကိုတွေ့ပြီး ညှင်သာစွာ ပွတ်သပ်ပေးလာသည်။
ချူယင်းထံမှ အလိုလိုက်ပြီး ကူကယ်ရာမဲ့နေသည့် ရယ်မောသံကချက်ချင်းပင်ထွက်ပေါ်လာသည်။
"မင်းကအရူးမလေးလား"
"…ကျွန်မကြောက်တယ်"
သူမရဲ့ဇာတ်လမ်းကိုဆုံးအောင်မသရုပ်ဆောင်ရသေးခင်အချိန်တွင်ဖမ်းမိသွားတာကြောင့် စုယိသည် သူ့ကိုပြန်လှန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်သည်။
"ရှင့်လက်မောင်းတွေက အရမ်းမာတာပဲ"
သူမရိုက်မိသွားချိန်တုန်းက စုရီသည် နာကျင်မှုကြောင့် ညည်းညူသံကိုမထိန်းချုပ်နိုင်ဘဲ ထုတ်မိသွားသည်။
ရှေ့က စုံတွဲက သူတို့ကို ချက်ချင်းလှည့်ကြည့်လာသည်။
ချူယင်း"တောင်းပန်ပါတယ် ကောင်မလေးက နည်းနည်း စိတ်လှုပ်ရှားနေလို့"
စုယိသည် ရှက်ရွံ့မှုကြောင့် သူမရဲ့နားရွက်တစ်ခုလုံးရဲတွတ်သွားသည်။
ရုပ်ရှင်ပြီးသွားသည်နှင့် သူတို့သည်Cineplex မှထွက်ပြီး စုယိမေးလိုက်သည်။
"ကားမောင်းလို့ရမလား"
ချူယင်းသည် သူမရှေ့သို့ လျှောက်လာပြီး သူမကို ထိုင်ခုံပေါ်သို့တင်လိုက်သည်။
သည်တစ်ကြိမ်တွင်တော့ သူတို့သည် ကားပါကင်ထဲအထိ မောင်းမ၀င်တော့ဘဲ ပင်မဝင်ပေါက်ကြီးမှာပဲ ကားရပ်လိုက်သည်။
စုယိက ကားပေါ်မှမဆင်းဘဲ ဆက်ထိုင်နေပြီးမေးလိုက်သည်။
"ရှင် ပေကျင်းကို ဘယ်အချိန်ပြန်မှာလဲ"
"သိပ်မကြာခင်"
ချူယင်းကဆက်ပြောသည်။
"အားလပ်ရက်က ဘယ်အချိန်ရမှာလဲ"
စုယိသည် သူမရဲ့ဖုန်းကို ထုတ်ယူ၍တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လှည့်ကြည့်ပြီး ရိုးသားမှုအပြည့်ရှိသည့်အပြုံလေးဖြင့်ပြန်ဖြေလိုက်သည်။
"ဒီတစ်ပတ်စနေနဲ့ နောက်အပတ်ရဲ့ဗုဒ္ဓဟူးနေ့တွေမှာ ပုံမှန်အတိုင်း အနားယူလို့ရတယ်"
လီမင်သာ ထိုစကားကိုကြားလျှင် သူမသည် ဒေါသကြောင့် သေသွားပေလိမ့်မည်။
ချူယင်းကခေါင်းညိတ်လိုက်သည်။
"စနေနေ့ကို ကိုယ်မင်းကို လာခေါ်မယ်"
“အိုခေ”
စုယိသည် ဘယ်သွားမလို့လဲ ဟုပင် မေးမြန်းခြင်းအလျင်းမရှိဘဲ အပြုံလေးဖြင့် သဘောတူပြီးနောက် ကားပေါ်ကဆင်းလိုက်သည်။
သူမသည်လက်ကို အဖွင့်လက်ကိုင်ပေါ်တွင်တင်လိုက်ချိန်တွင် ရပ်တန့်သွားပြီး တံတွေးတချို့ကို မျိုချ၍ အကြောင်းအရာတချို့ကိုဆွေးနွေးရန်အတွက်ပြန်လှည့်ကြည့်လိုက်သည်။
“… နှုတ်ဆက်အနမ်း နမ်းကြရင်ရော ဘယ်လိုလဲ”
ဒေါက် ဒေါက် ဒေါက်!
လုံခြုံရေးအစောင့်က ပြတင်းပေါက်မှန်ကို လာခေါက်သည်။ မှန်မှတဆင့် ကြားနေရသည့်သူ့အသံက အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေသည်။
"ဆရာ ဆရာတို့ဒီမှာ ကားကို အကြာကြီး ရပ်ထားလို့မရဘူး"
စုယိသည် မသိစိတ်ကြောင့် ပြတင်းပေါက်မှ လူကို လှည့်ကြည့်မည်အပြု သူမဘေးရှိလူက သူမမျက်နှာလေးကို ဖမ်းဆုပ်ပြီး နှုတ်ခမ်းကို အသာအယာ နမ်းလိုက်သည်။
ကားက အဝေးကိုမောင်းထွက်သွားမှသာ စုယိရဲ့၀ိညာဥ်လေးက သူမကိုယ်ထဲပြန်၀င်လာပြီး နှုတ်ခမ်းကို အုပ်၍ ဟိုတယ်ထဲသို့ပြေး၀င်သွားတော့သည်။
သူမခြေလှမ်းတွေသိပ်မလှမ်းရသေးခင်မှာပဲ ဟိုတယ် ဧည့်ခန်းထဲတွင် ရင်းနှီးနေသူတစ်ဦးကို တွေ့လိုက်ရသည်- ထိုလူက သူမနှင့် သူ့အကြောင်းကို တစ်လခွဲကျော်လောက် ကောလဟာလ ဂယက်တွေထအောင်လုပ်ထားတဲ့သူဖြစ်နေသဖြင့် အကြည့်တစ်ချက်နှင့်ပင် သူမ ကောင်းကောင်းကြီးမှတ်မိသွားသည်။
___________________________________________
[ E/Notes ]
[1] [ 玺 ( Xi-ရှီး ) ]သည် လျိုရှီး၏ နာမည်ဖြစ်ပြီး [ ဧကရာဇ်ကျောက်စိမ်းတံဆိပ်-玉玺 ] မှဆင်းသက်လာသည်။
လျိုရှီးမှ 'ရှီး' ကို ရှင်းရှင်းလင်းလင်းဖြစ်ရန်မေးမြန်းရခြင်းမှာ ('ရှီး' တွင်အလားတူ အသံထွက်တူသည့် စကားလုံးများစွာ ရှိနေခြင်းကြောင့်ဖြစ်သည် - [ 夕阳 မှ 夕- ရှီး ]သည်
(နေထွက်ချိန်) သို့မဟုတ် [ 西- ရှီး ] (အနောက်) တို့သည် ဥပမာတချို့ဖြစ်သည်)