အပိုင်း ၃၁
Viewers 13k

Chapter 31


 ကောင်မလေးကနည်းနည်းစိတ်လှုပ်ရှားနေလို့ပါ...။


လျန့်ပေါက သူမကို စောင့်နေမှန်း သိသာလှသည်။ သူမကိုမြင်သည်နှင့် သူက သူမဆီသို့ လျှောက်လာသည်။


 "စုယိ ကိုယ်တို့ စကားပြောဖို့ လိုတယ်" 


လျန့်ပေါ၏ အသံသည် အတော်လေးကိုအလျင်လိုနေပြီး သူမအပေါ် စိတ်တိုနေမှန်း ရှင်းရှင်းလင်းလင်းကြီး မြင်နေရပေမယ့်သူမအပေါ်တွင် ပေါက်ကွဲရန် သတ္တိမရှိပေ။


စုယိက ရပ်တန့်လိုက်ပြီးနောက် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။  


“သေချာတာပေါ့”


လျန့်ပေါသည် တစ်ဖက်မှသူက သူ့ကို ငြင်းပယ်လိမ့်မယ်လို့ တွေးထင်ထားတာကြောင့် ခဏလောက် ရပ်တန့်သွားမိသည်။ မကြာသေးမီက သူ၏စတူဒီယိုသည် သူနှင့်စုယိအကြောင်း အတင်းအဖျင်းများကို ငွေကြေးပေးရသည့်ဘလော့ဂါများစွာနှင့် ဆက်သွယ်ပြီး ပွထအောင်လုပ်ခြင်းဖြင့်သာ အချိန်ကုန်နေခဲ့ရသည်။  


သို့ပေမယ့် ဤရက်အနည်းငယ်အတွင်းမှာ အကောင်ကြီးကြီးအမြှီးရှည်ရှည်တချို့က ထို[စီးပွားဖြစ်ဘလော့ဂါများ]သူတို့ကို တရားစွဲဆိုပြီး အကြောင်းပြချက်ကောင်းကောင်းတောင်းဖို့အတွက်ရောက်လာကြသည်။ ထိုကိစ္စကို ကောင်းကောင်းမွန်မွန်မဖြေရှင်းပေးပါက စကားပြောဆိုထားသည့် chatမှတ်တမ်းများနှင့် recordingများကို ထုတ်ဖော်ပစ်မည်ဟုပင် ခြိမ်းခြောက်လာကြသည်။


ယခင်တုန်းကအခြေအနေသည် ကိုင်တွယ်ဖြေရှင်းရလွယ်ကူသည်၊ အများဆုံးလုပ်ရမည်ဆို၍ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ရှင်းပြပြီး ' ဟိုလို ဒီလို ဘာညာ ' ဆိုပြီးလျှော်ပစ်လိုက်လို့ရသည်။


သို့ပေမယ့် ယခု စီးပွားဖြစ် အကောင့်ပိုင်ရှင်တွေက သူတို့ကို ပြန်လှန်ကိုက်ချင်နေကြချေပြီ၊ သူအနေဖြင့် ထိုကိစ္စတွေကို လေးလေးနက်နက်ဖြင့် ပြန်မဖြေရှင်းပေးပါလျှင် သူသည် ထိုရေဆိုးကြီးထဲတွင် ပတ်လတ်မျောရပေလိမ့်မည်။


 "မင်းရဲ့အခန်းမှာ သွားပြောရအောင် ဒါကပြောရမှာ နည်းနည်းရှုပ်တယ်"


 သူကပြောပြီးသည်နှင့် ဓာတ်လှေကားထဲကို၀င်ရန်လုပ်တော့သည်။


 "မလိုပါဘူး" 


 စုယိသည် မလှုပ်ဘဲ ထိုနေရာတွင်သာ ရပ်နေသည်။


 "ရှင့်မှာတစ်ခုခုပြောစရာရှိရင် ဒီမှာပြောလို့ရတယ်"


လျန့်ပေါ အံကြိတ်လိုက်မိသည်။ သူကဒေါသထွက်လွယ်သည့်လူစားမျိုးပင်၊ ကုမ္ပဏီက သူ့ကို အကောင်းဆုံးဆိုတာတွေသာပေးပြီး ပွဲဦးထွက်ပေးခဲ့တာကြောင့် သူနာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။


သူ ဤစောင့်ဆိုင်းသည့်နေရာကိုရောက်ချိန်က သူ့အေးဂျင့်က သူ့ ဒေါသကို ထိန်းပြီး စုယိနဲ့ သေချာဆွေးနွေးဖို့ သတိပေးလိုက်သည်။


 “ကောင်းပြီ” 


သူဆက်ပြောလိုက်သည်။  


"ငါ့မှာ ခြုံပုတ်ကို ရိုက်ဖို့လည်းအကြောင်းမရှိတော့ဘူး ပြောပါဦး ဒီကိစ္စကိုဘယ်လိုအဆုံးသတ်ဖို့ စဉ်းစားထားလဲ"


 စုယိက စိတ်ရှုပ်ထွေးသွားဟန်ဆောင်လိုက်သည်။  


"ဘာကိုလဲ"


လျန့်ပေါ "... အာရုံစိုက်ခံရဖို့ ကြိုးစားတာကိုပြောတာ"


 “အိုး- ဒီကိစ္စက ရှင် ကျွန်မကို လာမေးသင့်တဲ့အရာမဟုတ်ဘူးနော်” ဟု သူမ မျက်ခုံးတစ်ချက်ပင့်ကာ ပြောလိုက်သည်။ 


 "ရှင်ကသာဒီလိုတွေဖြစ်လာအောင်လုပ်ခဲ့တဲ့ သူ မဟုတ်ဘူးလား အတင်းအဖျင်းသတင်းတွေလုပ်တယ် သတင်းကိုပိုကြီးအောင် လုပ်ဖို့အတွက် လူတွေကိုအစုလိုက်အပြုံလိုက်ကျွေးမွေးပြုစုပေးတယ် ဒါက ရှင့်စိတ်နဲ့ရှင်ပေးတဲ့ ဝန်ဆောင်မှုနော် ”


 “မင်း…” 


လျန့်ပေါက မျက်မှောင်ကြုတ်လိုက်သည်။  


"ငါကိုပြောပါ မင်းဘာလိုချင်လဲ ပိုက်ဆံလား အရင်းအမြစ်လား ဒါပေမယ့် ငါ့ရဲ့ အရင်းအမြစ်တွေက မင်းရည်းစားလောက်တော့ ကောင်းမှာ မဟုတ်ဘူး” 


သူ့လေသံရဲ့ အဆုံးသတ်နားလေးတွင် လှောင်ပြောင်မှုကရောစွတ်နေသည်။


တခြားတစ်ယောက်သာဆိုရင် သူသိပ်စိုးရိမ်နေမှာ မဟုတ်ဘူး၊ သို့ပေမယ့် တစ်ဖက်လူက Chu Corporation မှဖြစ်နေသည်။ စုယိက ထိုကဲ့သို့သော ရွှေပေါင်လုံးကြီးကို ဘယ်လိုရအောင်ဖက်လိုက်သလဲဆိုတာ သူမသိတော့ပေ။ 


စုယိက ရယ်မောလိုက်သည်။  


"တောင်းပန်ပါတယ် ကျွန်မမှာဘာမှချို့တဲ့မနေဘူး ကျွန်မကဒီကိစ္စမှာနည်းနည်းလေးတောင် ပါဝင်ပတ်သတ်ဖူးတာမဟုတ်တော့ ရှင် ကျွန်မကိုလာရှာလည်း ဘာမှ အသုံးမ၀င်ဘူး"


 လျန့်ပေါ"ငါ့ကိုဆွဲချလို့ရော မင်းက ဘာတွေများအကျိုးကျေးဇူးရသွားမှာမို့လို့လဲ"


 "မဟုတ်ရပါဘူးရှင် ကျွန်မနဲ့ရှင့်ကြားမှာ လုပ်စရာကိစ္စတွေလည်းဘာမှမရှိသလို ဘယ်လိုဆက်ဆံရေးမှလည်းရှိမနေဘူး ရှင့်ဟာရှင်တစ်နေ့ကျ အသွားမတော်လို့ အမြင့်ကနေပြုတ်ကျရင် ကျွန်မကြောင့်ဆိုပြီး လာဘလိန်းမခံနိုင်ပါဘူးနော်"


စုယိသည် သူနှင့် အလ္လာပ သလ္လာပတွေဆက်ပြောရန် စိတ်မ၀င်စားတော့သဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။


သူမအနေဖြင့် တစ်ဖက်လူက ရုတ်တရက်ကြီး သူမလက်မောင်းကို ဆုပ်ကိုင်လိုက်လိမ့်မယ်လို့တော့ မမျှော်လင့်ထားပေ။


ဤနေရာတွင် စုယိနောက်ကို လိုက်နေတဲ့ ပါပါရာဇီတွေ ဝိုင်းဝိုင်းလည်နေတာကြောင့် သူ့အနေဖြင့် တကယ်ကြီး ကမူးရှူးထိုး မလုပ်ရဲပေ။ သူလုပ်နိုင်တာက ရယ်မောလိုက်ခြင်းသာဖြစ်သည်။  


"မင်းကို မျက်နှာသာပေးချင်လို့ မင်းကို လွတ်လမ်းပေးဖို့ ရည်ရွယ်ပြီးတော့ မင်းကို ရှာဖို့အတွက် ငါလာခဲ့တာ...ငါတကယ်ပဲ ဘာမှ မလုပ်နိုင်တော့ဘူးလို့ မင်းထင်နေတာလား အဲဒါပြီးသွားရင် အလွန်ဆုံးဖြစ်မှ ပရိတ်သတ်တချို့တလေ ဆုံးရှုံးရုံတင်ပေါ့ ပြီးရင် ပိုက်ဆံလေးနည်းနည်းပါးပါးတော့ ပေးရမှာပေါ့...ဒါပေမယ့် မင်းသိထားသင့်တာက ဒီနယ်ပယ်မှာ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ဖို့ဆိုတာ အရမ်းကို လွယ်ကူလွန်းတယ်ဆိုတာပဲ အထူးသဖြင့် မင်းလိုမိန်းမတစ်ယောက် နောက်ခံကဆင်းရဲပေမယ့် ပထမဆုံးဇာတ်ကားမှာတင် အကြီးစားရိုက်ကူးရေးတစ်ခုရဲ့ ဒုတိယမင်းသမီးတစ်ယောက်ဖြစ်လာတာမျိုးပေါ့…”


 ဖြန်း!


ဧည့်ခန်းထဲတွင် ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာသည်။


ဧည့်သည်လက်ခံသည့်ဝန်ထမ်းတွေပင် ဧည့်သည်တွေ check in ဝင်ဖို့အတွက် ကူညီပေးနေတုန်း တခြားဝန်ထမ်းတွေနည်းတူ အသံကြောင့် ဆွဲဆောင်ခံလိုက်ရသည်။


လျန့်ပေါ၏မျက်နှာသည် တစ်ဖက်သို့စောင်းနေဆဲဖြစ်ကာ သူ့ပါးပြင်က ရဲတွတ်နေပြီး အံ့သြမှုကြောင့် ပြန်လည်တုံ့ပြန်ခြင်းမပြုနိုင်သေးပေ။


ခဏအကြာတွင် သူ့ မျက်နှာကို ပြန်လှည့်ပြီး သူ့အသံက ဒီဂရီ အနည်းငယ် တိုးလျော့သွားသည်။  


"မင်းငါ့ကိုရိုက်ရဲတယ် ဟုတ်လား"  


ပြောပြီးသည်နှင့် လက်ကို မြှောက်၍ တူညီသော ဒဏ်ချက်ပြန်ပေးရန် ပြင်လိုက်သည်။


 ဖြန်း!


 နောက်တစ်ချက်...။


သည်တစ်ကြိမ်တွင်တော့ သူ့မျက်နှာနှစ်ဘက်လုံးက လိုက်ဖက်ညီတဲ့ အနီရောင်တစ်စုံဖြစ်သွားသည်။ လျန့်ပေါသည် လုံး၀ရူးသွပ်သွားလောက်အောင် ရိုက်နှက်ခံလိုက်ရသည်။


စုယိတစ်ယောက် ရုတ်တရက် ဒေါသထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ၊ ပိုမမျှော်လင့်ထားသည်က သူမက သူ့ကို ဒုတိယအကြိမ်ပင်ထပ်ရိုက်ရဲသေးတာပင်။


စုယိသည် နှစ်ကြိမ်စလုံးကို သူမ၏ခန္ဓာကိုယ်ရှိ ခွန်အားမှန်သမျှကိုတစိလေးပင် မချန်တားပဲ အားကုန်ရိုက်ချပစ်လိုက်ခြင်းဖြစ်သည်။ သူ့ကို ရိုက်ရလို့ သူမလက်က အခုထိနာကျင်နေတုန်းပဲ။


လျန့်ပေါသည် နောက်တစ်ကြိမ်ခေါင်းပြန်ထောင်လာပြီး လက်ကိုမြှောက်၍ လက်သီးဆုပ်လိုက်သည်။  


“မင်း…”


သူ့လက်သီးက ပစ်မှတ်ကိုမရောက်ခင်မှာဘဲ သူ့လက်မောင်းက သူ့နောက်ကလူတစ်ယောက်ရဲ့ ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။ သူ့လက်မောင်းတွေ ချက်ချင်းလိမ်ချိုးခြင်းခံလိုက်ပြီး အားသုံးပြီး လှည့်ကြည့်ဖို့ကြိုးစားပေမယ့် လူကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာဘဲ ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသည်။


ကြမ်းပြင်ပေါ်သို့နောက်ကျောဖြင့် ပစ်ကျတာကြောင့် နာကျင်မှုကလုံလောက်တာထက်ပိုသဖြင့် ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်ရသည်။


စုယိက သူမရှေ့မှလူကို အူကြောင်ကြောင်မျက်နှာပေးဖြင့်ရပ်ကြည့်နေမိသည်။ 


 "ရှင် ဘာလို့ပြန်လှည့်လာတာလဲ"


သူမပြောပြီးသည်နှင့်ချက်ချင်းပင်နားလည်သွားသည်။ ယခုလေးတင် လျန့်ပေါကိုအားကြီးဖြင့်ကိုင်ပေါက်လိုက်သူက ပြည်ပထုတ် အဖြူရောင်စလင်းဘတ်တစ်အိတ်ကို သူ့ကြွက်သားလက်မောင်းထက်တွင်ချိတ်တွယ်ထားသဖြင့် သူ့ရဲ့ပုံစံကအလွန်အမင်း ထိတ်လန့်စရာကောင်းနေသလို အတော်လေးလည်း ရယ်ချင်စရာကောင်းနေသည်။ သူမအတွက်တော့ သူပုံစံက အရမ်း အရမ်း ချစ်စရာကောင်းလွန်းနေသည်။ 


ချူယင်းသည် သူ့လက်ကို မလွှတ်လိုက်သေးပေ။  


"မင်းရဲ့ အိတ် ကားထဲမှာ ကျန်ခဲ့လို့"


အချိန်တခဏအကြာအတွင် လုံခြုံရေးအစောင့်တွေ ရောက်လာကြသည်။ ချူယင်းကထရပ်လိုက်ပြီဖြစ်ပြီး လျန့်ပေါကတော့ ကြမ်းပြင်ပေါ်တွင် အော်ဟစ်နေဆဲပင်။


လုံခြုံရေးအစောင့်က စုယိကို မြင်သည့်အချိန်တွင်ရင်းနှီးနေသလိုဖြစ်နေပေမယ့် လျန့်ပေါကိုမြင်သည့်အခါ ဘာတွေဖြစ်နေလဲဆိုတာ သူနားလည်သွားပြီဖြစ်သည်။


သူကလျန့်ပေါကိုတွဲကူပေးနေရင်း အသံတိုးတိုးဖြင့်မေးလိုက်သည်။


 "အဆင်ပြေရဲ့လား ငါ မင်းအတွက် ရဲခေါ်ပေးဖို့ လိုသေးလား" 


လျန့်ပေါက ဒေါသအတော်ထွက်နေပြီဖြစ်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ သူသည် ချူယင်း၏ မျက်နှာကို လက်သီးဖြင့် ထိုးရန် ကြိုးစားလိုက်သော်လည်း အခုလေးတင်ရောက်လာသည့် သူ့အေးဂျင့်က အားပြင်းပြင်းဖြင့် ကြား၀င်ထိန်းချုပ်လိုက်သည်။


သူ့လက်ကို သုံးကြိမ်တိတိ ပင့်မြှောက်လိုက်သော်လည်း လျန့်ပေါသည် မည်သည့်အရာကိုမျှ ထိုးနှက်နိုင်စွမ်းမရှိပေ။ သူ ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ တွေးကြည့်ရုံဖြင့်သိနိုင်ပေသည်။


အေးဂျင့်က အပြုံးကြီးကြီးပြုံးရင်း တောင်းပန်နေသည်။ "တောင်းပန်ပါတယ် ဒါရိုက်တာချူ သူသောက်တာများပြီး မူးနေလို့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ကျွန်တော် အခုပဲ သူ့ကို ပြန်ခေါ်သွားလိုက်ပါ့မယ်”


လျန့်ပေါသည် ခပ်ဟော့ဟော့ ဓာတ်ပုံများစွာ ရိုက်ခဲ့ဖူးသည်။ သူ့မှာ ယောက်ျားလေးတွေ လိုချင်တဲ့ ပေါင်မုန့် ခြောက်လုံး ရှိသည်၊ သို့ပေမယ့် ထိုကြည့်ကောင်းသည့် ပုံတွေအတွက်ဓါတ်ပုံရိုက်သည့်အချိန်တိုင်း ပုံမရိုက်ခင် Fitness Trainers နဲ့ အရင်ဦးဆုံးပြင်းပြင်းထန်ထန်လေ့ကျင့်ရလေ့ရှိသည်။


သူ မလေ့ကျင့်ထားလျှင်ပင် သူ့ကဲ့သို့ယောကျာ်းအရင့်အမာကြီးအား ကိုင်ပေါက်လိုက်သည်ဆိုတာက အတော်လေးကိုရင်ခံစရာဖြစ်နေပြီဖြစ်သည်။ ထို့အပြင် သူတို့သည် တူညီသောအဆင့်တစ်ခုထဲတွင်ရှိမနေကြဘဲ သူကအလှခေါင်းအုံးတစ်ခုကဲ့သို့ခံစားလိုက်ရသည်။


 


ဤယောက်ျားအရင့်အမာကြီးဆိုသူကို အေးဂျင့်က အတင်းဆွဲခေါ်သွားတော့သည်။


ချူယင်းသည် သူမဘက်သို့ ပြန်လှည့်လာပြီး အိတ်ကို သူ့လက်မှဖယ်၍ စုယိ၏လက်ပေါ်တွင် ပြန်ချိတ်ပေးလိုက်သည်။


စုယိသည် အော်ကြီးဟစ်ကျယ်မရယ်မိစေရန် သူမကိုယ်သူမ မနည်းထိန်းချုပ်နေရင်းက သိချင်တဲ့အကြောင်းကို မေးဖြစ်အောင်မေးလိုက်သေးသည်။


 “ဘာလို့အဲ့ဒီလိုလွယ်ထားရတာလဲ” 


 "ကိုင်ထားရတာ အဆင်မပြေဘူး"  


အထူးသဖြင့် တစ်စုံတစ်ယောက်ကို ရိုက်နှက်တဲ့အချိန်မှာပေါ့။


စုယိက ရယ်လိုက်ပြန်သည်၊ သူမ၏ ရယ်သံသည် အတော်လေးကို ရွှင်လန်းတတ်ကြွနေပြီး မိန်းမငယ်လေးတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုမျိုးကိုလည်းခံစားရစေသည်။


သူမက အမြဲတန်း ဒီလိုပုံစံလေးပင်။ သူမဒေါသထွက်နေသည့်အချိန်ဆိုလျှင် တစ်စုံတစ်ဦးအား အားရပါးရဆူပူကြိမ်းမောင်းနေမည်ဖြစ်ပြီး တစ်ဖက်တွင်တော့ သူမရဲ့ပထမဆုံးခရတ်ရှ်လေးထံသို့ ချစ်ခင်တွယ်တာမှုအပြည့်ဖြင့်ကြည့်နေတတ်သည့် မိန်းမငယ်လေးကဲ့သို့ သူ့ကိုပြုံးပြနေလိမ့်မည်ဖြစ်သည်။


သူမရဲ့ ပုံစံနှစ်မျိုးစလုံးက ဆွဲဆောင်မှု ရှိသည်။


ချူယင်းသည် အရှေ့မှဦးစွာလျှောက်သွားပြီး ဓာတ်လှေခါးခလုတ်ကို ဖိလိုက်သည်။


စုယိက ပြုံးနေတာကိုရပ်တန့်လိုက်ပြီးမေးလိုက်သည်။


 "ရှင့်ကားကို ဘယ်မှာရပ်ထားခဲ့တာလဲ"


ထိုအချက်က ချူယင်းသည် သူကားပေါ်မှ ကမန်းကတန်း ဆင်းလာခဲ့သည်ဆိုတာကို သတိရသွားစေသည်။ ဟိုတယ်ဝင်ပေါက်တွင် ကားရပ်ထားဆဲပင်။


သူလှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လုံခြုံရေးအစောင့်များသည် ကားပိုင်ရှင်ကို အရူးအမူးရှာဖွေနေကြသည်။


 "ကောင်းပြီ ရှင်ပြန်တော့"


စုယိကပြောသည်။  


"ကျွန်မကိုယ့်ဘာသာ တက်သွားလို့ရပါတယ်"


စကားပြောပြီးသည်နှင့် သူမသည် ဓာတ်လှေကားထဲသို့ဝင်ပြီး သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။  


တံခါးတွေပိတ်ခါနီးတွင် သူမကအမြန်အော်ပြောလိုက်သည်။


 “ဒီအပတ်ထဲ လာခေါ်ဖို့ မမေ့နဲ့နော်”


ချူယင်း "အိုခေ" 


 …


ဓာတ်လှေကားမှ ထွက်သည့်အခါ စုယိသည် သူမ၏ ဖုန်းကို ဖွင့်ကြည့်ရာ ဆယ့်နှစ်နာရီနီးပါးရှိပြီဖြစ်ပြီး မည့်သည့် noti မှ၀င်နေခြင်း မရှိပေ။


ခဏလောက်စဥ်းစားပြီးနောက် သူမအခန်းထဲကိုပြန်သွားမည့်အစား ၀ူရွယ် ထံသို့သာသွားလိုက်သည်။


လူခေါ်ဘဲလ်ပင် မနှိပ်ရသေးဘူး၊ တံခါးကပွင့်သွားသည်။ ၀ူရွှယ်သည် ဒီမတိုင်ခင်ကအတိုင်းပင် ဝတ်ဆင်ထားဆဲဖြစ်သည်။ စီးကရက်တစ်ဘူးနှင့် မီးခြစ်တစ်လုံးကို ကိုင်ထားပြီး စုယိ ကိုတွေ့လိုက်ချိန်တွင် ခေတ္တတန့်သွားသည်။  


"ဘာလဲ..."


 "အဲဒီစကားက ငါ နင့်ကို မေးသင့်တာ"


စုယိသည် သူမ၏လက်ထဲရှိ ကျုန်းဟွာ[1] ကို စိုက်ကြည့်နေလိုက်သည်။


ထုတ်လုပ်ရေးအဖွဲ့သည် သရုပ်ဆောင်များအတွက်သာ တည်းခိုရန် စီစဉ်ပေးထားပြီး သူတို့ဖြင့် လိုက်ပါလာသည့် ဝန်ထမ်းများအတွက် မိမိကိုယ်တိုင်သာစီစဥ်ကြရသည်။ ၀ူရွှယ် နှင့် အန်းရွှမ်တို့သည် နှစ်ယောက်အခန်းတွင် အတူတူနေကြခြင်းဖြစ်သည်။


သူမက တံခါးကို ဖြည်းညှင်းစွာပိတ်လိုက်ပြီး တံခါးကို အနည်းငယ်ဟထားလိုက်သည်။ 


 "အန်းရွှမ်အိပ်ပျော်နေပြီ ပြတင်းပေါက်ဘက်မှာ စကားသွားပြောကြရအောင်"


၀ူရွှယ်၏အခန်းသည် စင်္ကြံလမ်းအဆုံးတွင်ရှိပြီးပြတင်းပေါက်၏ညာဘက်ခြမ်းတွင်ရှိသည်။


သူမသည် စီးကရက်တစ်လိပ်ကို မီးညှိ၍ အကြာကြီးတစ်ချက်ရှိုက်လိုက်ပြီး ပြတင်းပေါက်မှတဆင့် စက်ဝိုင်းပုံသဏ္ဍာန်အခိုးအငွေ့တွေကို မှုတ်ထုတ်လိုက်သည်။


 "ပျော်ခဲ့လား"


 “အဆင်ပြေပါတယ်”


 ဟု စုယိက ဆက်ပြောသည်။ 


 "ဆိုစမ်းပါဦး ဘာကိစ္စရှိလို့လဲ ... ပုံမှန်ဆိုရင် ဆယ်နာရီကျော်တဲ့အထိ ငါပြန်မလာသေးရင် နင် ငါ့ကို လမ်းတွေပေါ်မှာ အပြေးအလွှားလိုက်ရှာနေမှာပါနော်”


 "အဲ့ဒါက သူများအိမ်ထောင်ရေးမှာ ကန့်လန့် ကန့်လန့်နဲ့ဖြစ်နေရမှာ ကြောက်လို့ပါနော်" 


၀ူရွှယ်က အသာရယ်မောလိုက်သည်။ 


 "ဒါရိုက်တာချူးကတောင် စိတ်ထဲမထားတာ ငါကဘာလို့ ကြောက်နေရမှာလဲ ဓါတ်ပုံတွေအရိုက်ခံထားရ ရင်တောင်မှ ငါတို့အတွက် ကွိုင်ရှိမှာမဟုတ်ဘူး”


___________________________________________


 [ E/Notes ]


 [1] zhong Hwa - ကျုန်းဟွာ သည် စီးကရက်တံဆိပ်ဖြစ်သည်။


Xxxxxxxxxx