Chapter 33
ကိုယ်ဟိုတယ်မှာကြိုတင်ဘိုကင်လုပ်ထားတယ်...။
သူမရှေ့မှာ ရပ်နေသည့် ချန်းအန်းနန်ကိုကြည့်ပြီး စုယိ အနည်းငယ် မတည်ငြိမ်နိုင်တော့သလိုဖြစ်လာသည်။
"အန်းနန် တို့ ဒီကိစ္စနဲ့ပတ်သတ်ပြီးတကယ်ပဲအကြံအများကြီးမပေးနိုင်လောက်ဘူး"
သူမသည် ဇာတ်၀င်ခန်းတွေအကြောင်းကို မည်သူ့ကိုမျှ မရှင်းပြခဲ့ဖူးပေ။
“အဆင်ပြေပါတယ်”
ချန်းအန်းနန်က အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်ပြီး သူမဘေးတွင် ဝင်ထိုင်၍မေးလိုက်သည်။
"ယိကျဲ ကျဲကဘာလို့ အမြဲတမ်း ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီးဇာတ်ကောင်တွေနေရာမှာပဲ သရုပ်ဆောင်ရတာလဲ"
“ဘာကြောင့်ရယ်လို့တော့ အထွေအထူး မရှိဘူး”
ဟု စုယိက ပြောသည်။
“တို့ ပထမဆုံးပါ၀င်ခဲ့တဲ့ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်က ဒီလိုအမျိုးအစားဇာတ်ကောင် ဖြစ်သွားရုံလေးတင်ပဲ နောက်ကြတော့ တို့ကို လာရှာကြတဲ့သူတွေကလည်း ဒီလို နေရာက သရုပ်ဆောင်မယ့်သူမျိုးကိုပဲ လိုချင်ကြတာလေ"
ချန်းအန်းနန်မေးလိုက်သည်။
"ကျဲ တခြားဇာတ်ကောင်တစ်ခုခုကို မစမ်းကြည့်ချင်ဘူးလား"
ဆိုရလျှင် စုယိသည် အမျိုးသမီး ဇာတ်ဆောင်တစ်ယောက်ဖြစ်ဖို့ အမှန်တကယ်ပင် ဆန္ဒမရှိချေ။
သူမပြန်ဖြေလိုက်သည်။
“မလုပ်ချင်ဘူးရယ်တော့ မဟုတ်ဘူး ဇာတ်ညွှန်းပေါ်မှာပဲမူတည်တယ်… တို့ အခုလုပ်ချင်တဲ့နေရာမှာ သရုပ်ဆောင်တာကရော ဘယ်လိုလဲ”
"သူ့ရဲ့ အမှိုက်လိုစကားတွေကို အဟုတ်ကြီးမှတ်ပြီး နားထောင်မနေနဲ့"
လီမင်တစ်ယောက် ဘယ်အချိန်က ပြန်ရောက်ချလာမှန်းမသိပေ။ “ ငါ့မှာဒီမတိုင်ခင်က ဇာတ်ညွှန်းကောင်းကောင်းတစ်ခုရှိခဲ့တယ် ဘယ်တစ်ခုလဲဆိုတာတော့ မပြောတော့ဘူး ...ငါက သူ့ကို အဲဒီဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ အရင်ကမ်းလှမ်းခဲ့ပေမယ့် ဒင်းကတော့ကောင်းရော တိခနဲနေအောင်ငြင်းပစ်ခဲ့တာ အဲဒီဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်ဆောင်က မနှစ်က ဆုတွေအများကြီးရခဲ့ရုံတင်မကဘူး အခုဆို နာမည်ကြီးသရုပ်ဆောင်ကိုဖြစ်လို့”
စုယိက တစ်ချက်ပြုံးလိုက်ပြီး ရှင်းပြမနေတော့ပေ။
"ဒါဆို ဒီနှစ်အတွက်လည်း ဇာတ်ညွှန်းကောင်းကောင်းလေးများရှိရင် ညီမကိုလာရှာလေ ညီမသေချာပေါက်ယူပါ့မယ်"
သူမပြောပြီးသည်နှင့် တိတ်ဆိတ်နေမှုကို စူးရှသော ဖုန်းမြည်သံတစ်ခုကဖြိုခွဲပစ်လိုက်သည်။
အဝင်ခေါ်ဆိုမှုကို သူမ ကြည့်လိုက်သည်။ ယင်းသည် မရင်းနှီးသောနံပါတ်တစ်ခုဖြစ်သော်လည်း ခေါ်ဆိုနေသည့်နေရာသည် သူမသိသောဧရိယာ၀န်းကျင်တစ်၀ိုက်၌ဖြစ်နေသည်။
သူမသည် ဖုန်းကို အသံတိတ်မုဒ်သို့ပြောင်းလိုက်ပြီး ဖုန်းမျက်နှာပြင်ကို တခဏစိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာထရပ်လိုက်သည်။
"ညီမ ဖုန်းတစ်ချက် သွားပြောလိုက်ဦးမယ်"
အပြင်၀ရန်တာရှိလေက ပြင်းထန်သည်။ သူမ၏ဆံပင်များကိုစည်းထားသောကြောင့် သူမ၏ ချီဖောင်အင်္ကျီရဲ့အောက်နားအကွဲအဆုံးကသာ လေတိုက်သည့်အချိန်တွင် တလွင့်လွင့်ဖြစ်နေသည်။
သူမသည် လက်ရန်းကို မှီ၍ ခါးကိုလက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။
"ဘာကိစ်စလဲ"
"ညီမလေး နင်ချိန်းတွေ့နေတာလား"
တစ်ဖက်က အမျိုးသမီး၏ အသံကကျယ်လောင်သည်။
စုယိကတစ်ဖန်ထပ်မေးလိုက်သည်။
"နင် ငါ့ကိုဘာကိစ္စရှိလို့ ရှာတာလဲ"
"ငါအခုလေးတင် နင်ကို မေးလိုက်တယ်လေ"
အမျိုးသမီးက ပြောသည်။
"နင်ချိန်းတွေ့နေတာလား နာမည်ကြီးလား ဒါမှမဟုတ် သူဌေးလား…”
စုယိသည် မျက်လုံးတစ်ချက်လှိမ့်လိုက်ပြီး ဖုန်းချပစ်ဖို့ပြင်လိုက်သည်။
"နင် ဘယ်တော့ပြန်လာမှာလဲ ညီမလေး ငါ သူ့ကိုကူပြီးကြည့်ပေးမယ်နော်"
ထိုအမျိုးသမီးက တဟားဟားရယ်မောနေသည်။
"ဒါပြီးတော့ ရှောင်ပေါင်လေးကလည်း နင့်ကို ဒီရက်ပိုင်းမှာ အရမ်းတွေ့ချင်နေတာရယ် သူ့တီတီလေး ဘယ်တော့ပြန်လာမလဲဆိုတာချည်းပဲမေးနေတော့တာ"
ဖုန်းချရန် အနီရောင်ခလုတ်ကို နှိပ်ရန်လုပ်နေသည့် စုယိ၏လက်ချောင်းက ရပ်တန့်သွားသည်။
"ရှောင်ပေါင် ဘယ်သွားလဲ"
"သူက ငါ့အနားမှာရှိတယ် ဟေ့... အဲဒါကို မထိနဲ့လို့ ပြောထားတယ်လေ... ဈေးကြီးတယ်ဟ..."
အမျိုးသမီးရဲ့ အော်ဟစ်သံနဲ့အတူပြင်းထန်သည့်ရိုက်သံပါထွက်လာသည်။
"စုချင်..."
စုယိ အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။
နာကျင်မှုကြောင့်ငိုရှိုက်နေသည့်အသံတချို့ကို သူမကြားနေရသည်။
စုချင်ပြန်ရောက်လာပြီး ဆက်ပြောသည်။
“စကားနားမထောင်တဲ့ ကလေးဆိုရင် မှတ်လောက်သားလောက်အောင်ရိုက်မှရတာ အသက်ပဲဘယ်လောက်ရှိနေပြီလဲ လူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတုန်းပဲ ပြီတော့ ငါ့သားကို ငါဆုံးမနေတာ နင် နေရာတကာလိုက်၀င်ပါချင်မနေနဲ့"
“ကောင်းပြီလေ”
စုယိသည် ဒေါသထွက်လွန်းသဖြင့် လှောင်ရယ်ပေးလိုက်သည်။
"ဒါဆို နင့်ကလေး နင်ထိန်းပေါ့ ငါ့ဆီကတော့တစ်ပြားတောင်ရမယ်မထင်နဲ့"
စုချင်သည် ထိုစကားကိုကြားလိုက်သည်နှင့် ချက်ချင်းပင် သူမဘေးရှိလူရဲ့နားအနားသို့ ဖုန်းကို ချက်ချင်းကပ်ပေးလိုက်သည်။
“မငိုနဲ့တော့ နင့်တီတီလေးရဲ့ဖုန်း အမြန်ကိုင်လိုက်...”
ရှောင်ပေါင်လေးသည် ခဏလောက်ရှိုက်နေပြီးမှ ရှိုက်နေမှုကိုအတင်းထိန်းချုပ်လိုက်ရသည့်အသံလေးဖြင့်ပြောလာသည်။
"ယိယိ အလုပ်... အလုပ်များနေတာလားဟင် အခု အလုပ် နား...နား နေတာလားဟင်..."
စုယိ၏ နှလုံးသားလေးသည် ပျော့ပျောင်းသွားပြီး သူမ၏ အသံသည်လည်း ပြန်၍ နူးညံ့လာသည်။
"ဘယ်ကသာ ရှောင်ပေါင်လေးရော အလုပ်ရှုပ်နေလား"
"ရှောင်ပေါင်လေးက နည်းနည်း...နည်းနည်း အလုပ်များနေတယ်"
ပြောနေရင်း ခေတ္တရပ်သွားသည်။
"ကျောင်း... ကျောင်းအိမ်စာ လုပ်...လုပ်စရာရှိတယ်"
"ဒါဆို ရှောင်ပေါင်လေးက ပိုပြီးကြိုးကြိုးစားစား လေ့လာသင့်တယ် တီတီလေးကတော့ အချိန်ရရင် ပြန်လာခဲ့မယ်နော်"
စုယိက တစ်ချက် စဉ်းစားပြီး နောက်မေးလိုက်သည်။
"ကျောင်းမှာ ရှောင်ပေါင်လေးကို အနိုင်ကျင့်တဲ့သူတွေဘာတွေရှိလား"
ဟိုဘက်က အချိန်အကြာကြီးတိတ်နေပြီးမှ မသေချာမရေရာသည့်အသံလေးတစ်ခုထွက်လာသည်။
"မ...မရှိပါဘူး..."
သူတို့စကားပင်သိပ်မပြောရသေးဘူး၊ စုချင်၏ဖုန်းလုယူခြင်းကိုခံလိုက်ရသည်။
စုချင် "နင်ပြောလို့ပြီးပြီမလား ငါအခုတလော မာကျောက် ကစားတာ ကံမကောင်းဘူးဖြစ်နေတယ် ရှောင်ပေါင်ရဲ့ နောက်နှစ် အတွက် ကျောင်းလခအားလုံး မတော်တဆ သုံးလိုက်လို့ ကုန်သွားပြီ ငါ့ကို ပိုက်ဆံနည်းနည်းလောက် ထပ်ပို့ပေးဦး"
"ငါးသောင်းပို့ပေးထားတာ ဘယ်လောက်တောင်ကြာသေးလို့လဲ အကုန်ကုန်သွားပြီဟုတ်လား"
စုယိ ခပ်မတ်မတ်ပြန်ရပ်လိုက်သည်။
"ငါ သိပ်အခြေအနေမကောင်းလို့ မြန်မြန်လေး ငွေလွှဲပေးလိုက် မကြာခင် အားလပ်ရက် ရောက်တော့မှာ သူတို့က ကျောင်းပိတ်ရက်တွေ မစခင် ကျောင်းလခကိုကြိုကောက်ခံကြတာ"
"နင်လည်း ပြောလို့ပြီးပြီမလား ငါထမင်းသွားချက်လိုက်ဦးမယ် နင်နောက်တစ်ခါပြန်လာရင် သူ့ကိုသေချာလေးပြောပြထား ဖုန်းဘေလ်စျေးကြီးတဲ့အကြောင်းကို"
ဖုန်းချလိုက်ပြီးနောက် စုယိသည် ဒေါသထွက်လွန်းသဖြင့် ရင်ဘက်တစ်ခုလုံးနိမ့်ချီမြင့်ချီဖြစ်နေပြီး မူးမေ့လဲသွားမတတ်ပင်။
ယခုအချိန်ခဏလေးတွင် သူမသည် အလှပြင်ခန်းသို့ ပြန်သွားကာ ၀ူရွှယ်၏ စီးကရက်အနည်းငယ်ကို ခိုး၍ အားရပါးရရှိုက်ပစ်လိုက်ချင်သည်။
ရှောင်ပေါင်လေးသည် သူမ၏တူဖြစ်သည်။ စုချင်သည် သူ့ကိုကိုယ်ဝန်ရှိစဥ်တုန်းက သူမစားတဲ့ အစားအသောက်တွေကို မဆင်ခြင်တာကြောင့် ပုံမှန်လူတွေထက် IQ နိမ့်ပြီး စကားထစ်ကာ မွေးဖွားလာခဲ့သည်။
သူသည် ယခုနှစ်တွင် ဆယ်နှစ်ရှိနေပြီဖြစ်ပြီး သူ့အရွယ် အချို့ကလေးတွေမှာလေးတန်းတတ်နေကြပြီဖြစ်ပြီး သူကတော့ ပထမတန်းကျောင်းသားလေးသာ ဖြစ်နေသေးသည်။
ထိုငတုံးလေးသည် သူမဒုက္ခရောက်သည့်အချိန်က သူမခြေထောက်ကိုတင်းတင်းဖက်၍ မည်သူ့ကိုမှ သူမအားဆွဲခေါ်သွားခွင့်မပြုခဲ့ပေ။
အဆုံးတွင် သူ့အမေရဲ့ ရိုက်နှက်မှုကြောင့် တောင်ကုန်းပေါ်မှလိမ့်ကျသွားခဲ့သည်။
ထိုရိုက်သံကို ပြန်တွေးလိုက်မိတိုင်း သူမရဲ့ နှလုံးသားထဲတွင် တစ်စုံတစ်ခု ပိတ်မိနေသလို ခံစားလိုက်ရသည်။
ခဏအကြာတွင် သူမသည် ၀ူရွှယ်ကို စုချင်ထံငွေနှစ်သောင်းလွှဲပေးရန်ပြောလိုက်သည်။
ထိုစာကို ပို့ပြီးသည်နဲ့ သူမ ဖုန်းခေါ်ဆိုမှုတစ်ခုမလုပ်ခင် ခဏလောက် တုံ့ဆိုင်းနေမိသည်။
တစ်ဖက်ရှိအမျိုးသားက ဖုန်းကိုင်တာအတော်မြန်သည်။
"ဟင်~"
သူမအသံက အနည်းငယ်ညို့မှိုင်းနေသည်။
"ချူယင်း"
ချူယင်းက သူ့ဘောပင်ကို ချလိုက်သည်။
"ဘာဖြစ်လို့လဲ"
“ဘာမှမဖြစ်ပါဘူး”
အကြောင်းတစ်ခုခုကြောင့် သူ့အသံလေးကြားရုံဖြင့် သူမကို တည်ငြိမ်သွားစေသည်။
"အလုပ်ရှုပ်နေလား"
“မရှုပ်ပါဘူး”
ချူယင်းကမော့ကြည့်လိုက်သည်။ သူ့လက်ထောက်က ချက်ချင်းပင်သဘောပေါက်သွားပြီး လှည့်ထွက်သွားကာ ရုံးခန်းတံခါးကို တိတ်တဆိတ် ပိတ်ပေးလိုက်သည်။
စုယိသည် ' အိုး~ 'ဆိုသည့်အသံငယ်လေးကိုသာပြုလိုက်သည်။
လိုင်း၏အခြားတစ်ဖက်မှသူကလည်း တိတ်ဆိတ်နေသည်။
"သောကြာနေ့ကို ခွင့်ယူလိုက်"
စုယိ ကြောင်သွားသည်။
"ဟမ်~"
ချူယင်းသည် စခရင်ပေါ်ရှိ ဂိမ်းတိုးတက်မှုပြ မှတ်တမ်းကို ကြည့်ကာ ပြောလိုက်သည်။
"ကိုယ် ဟိုတယ်ကို ကြိုတင်ဘိုကင်လုပ်ထားပြီးပြီ စောစောသွားကြရအောင်"
........
"ဘယ်လို မင်းက အနားယူဖို့ခွင့်ယူချင်တယ် ဟုတ်စ"
လီမင် အနည်းငယ် အံ့သြသွားသည်။
စုယိက သူမဘေးမှာထိုင်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
“ဟုတ် တစ်ရက်ပဲယူမှာလေ နော်”
ထိုကဲ့သို့ တုံ့ပြန်လိုက်သည်က လီမင်ရဲ့အပြစ်မဟုတ်ပေ၊သူမရဲ့အနောက်မှာရပ်နေသည့် ၀ူရွှယ်တွင်လည်းထပ်တူညီသည့်ပုံစံမျိုးရှိနေသည်။
စုယိသည် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ခွင့်ယူဖို့နေနေသာသာအဖျားရှိနေသည့်တိုင် ခွင့်ယူခြင်းမရှိပေ။ 'သူမမျက်နှာက နီရဲနေတာပဲ'ဆိုပြီး မည်သူက နှိမ့်ချပြီးပြောဆိုဖို့ ကြိုးစားနေပါစေ ဖောင်ဒေးရှင်းကို ထူထူလေးလိမ်းပြီး ဆက်လို့လုပ်နေဦးမည့်သူမျိုးပင်။
"အဆင်ပြေပါတယ်"
လီမင်က သူမတို့ဘေးမှာ ဆွဲထားသည့် အချိန်ဇယားကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
"အဲဒီနေ့အတွက် မင်းမှာ ဇာတ်ကွက်တစ်ခုပဲရှိတယ် အဲ့ဒီအတွက်တနင်္ဂနွေကို ရွှေ့လိုက်လို့ရတယ်"
အလှပြင်ခန်းသို့ ပြန်ရောက်သည့်အခါ ၀ူရွှယ် ကမေးသည်။ "သောကြာနေ့ ဘာလုပ်မလို့လဲ"
"ကောင်လေးနဲ့သွားဒိတ်မလို့"
စုယိသည် သူမဖုန်းကိုကိုင်လိုက်ပြီး အန်းရွှမ်က သူမကိုမိတ်ကပ်ဖျက်ပေးနေတာကိုငြိမ်ခံနေလိုက်သည်။
“နင် ငါတို့နဲ့ အပိုမီးသီးလိုက်လုပ်ဖို့ ခွင့်မပြုဘူးလို့ ကြိုပြောထားမယ်နော်”
"စနေနေ့က ပိတ်ရက်လေဟယ် ဘယ်လိုဖြစ်ပြီး တစ်ရက်လေးတောင်မစောင့်နိုင်ရတာလဲ"
"ဒီကသမီးပျိုလေးက စနေနေ့မှာလည်းချိန်းတွေ့ဦးမှာပါနော်"
၀ူရွှယ်က 'အိုး' လို့ ပြောပြီး ထုပ်ပိုးဖို့ အတွက် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် တစ်ခုခုကို တွေးမိသွားသည်။
သူမက နောက်ကိုပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။
"ဆိုတော့ နင်က သောကြာနေ့မှာတစ်ညအိပ်ပြီး စနေနေ့မှပြန်လာမှာပေါ့ဟုတ်လား"
စုယိ၏မျက်၀န်းလေးများသည် လခြမ်းလေးသဖွယ်ကွေးညွှတ်သွားသည်။
၀ူရွှယ် ဘာပြောရမှန်းမသိဖြစ်သွားသည်။
ကြာသပတေးနေ့ညတွင် စုယိသည် ၀ူရွှယ် ကို သူမအခန်းထဲ လာခိုင်းလိုက်သည်။
၀ူရွှယ်တစ်ယောက် အခန်းထဲ ဝင်လာချိန်တွင် ကြိုဆိုနေသည့်မြင်ကွင်းကြောင့် ကော်ဖီသီးလုနီးနီးဖြစ်သွားသည်။
"…နင်ဘာလုပ်နေတာလဲ"
စုယိသည် အနက်ရောင် spaghetti-strap ဇာညအိပ်ဝတ်စုံနှင့် အောက်ခံဘရာစီယာကိုသာ ၀တ်ထားပြီး ကုတင်ရှေ့တွင် ရပ်နေသည်။ သူမ၏ ရင်ဘတ်တစ်ဝက်ကျော်ကို အထင်းသားမြင်တွေ့နေရပြီး အင်္ကျီက သူမရဲ့ ညီမငယ်လေး ကိုသာ ဖုံးကွယ်ထားကာ အဖြူရောင် ခြေတံရှည်များကို လုံးဝမဖုံးကွယ်ထားပေ။
သူမရဲ့ ကိုယ်ပေါ်မှာတင်မဟုတ်ဘဲ အိပ်ရာပေါ်မှာပင် ဆက်စီဆန်ဆန်ည၀တ်အင်္ကျီတွေက အရောင်ကာလာ ဒီဇိုင်းစုံရှိနေသေးသည်။
“နင် ရောက်ပြီပဲ လာ ဒီကို မြန်မြန်လေးလာခဲ့”
စုယိသည် ရေချိုးခန်းထဲဝင်သွားပြီး မှန်တစ်ချက်ကြည့်ပြီးနောက် ပြန်ထွက်လာသည်။
"ဒီတစ်ခု ဘယ်လိုနေလဲ"
အကြည့်တစ်ချက်ပင်ပေးချင်စိတ်မရှိတော့သည့် ၀ူရွှယ်သည် စိုးရိမ်တကြီးမေးလိုက်သည်။
"နင် လိုက်ကာတွေ ဘာတွေရော သေချာချထားတယ်မလား"
“လုပ်ထားပါတယ်ဟ”
စုယိက ဆက်ပြောသည်။
"ပွားမနေဘဲ မြန်မြန်လာရွေးပေးပါဟ"
၀ူရွှယ်က အမြင်ကပ်နေသည့်အမူအရာဖြင့် သူမကို ကြည့်လိုက်သည်။
"လူမှုပတ်၀န်းကျင်ကို လုံး၀စော်ကားလိုက်တာပဲ"
စုယိ စိတ်ရှုပ်ထွေးသွားသည်။
၀ူရွှယ်က ဆက်ပြောသည်။
"ဒါက ဖြတ်သန်းလာတဲ့သက်တမ်းတစ်လျှောက် လူ့ပတ်၀န်းကျင်ရဲ့ အကျင့်စာရိတ္တကို အကြီးအကျယ်စော်ကားလိုက်တာပဲ"
စုယိသည် ပို၍ပင်စိတ်ရှုပ်သွားသည်။ သူမသည် အင်္ကျီကို ရင်ဘက်အပေါ်သို့ ရသလောက် ဆွဲတင်ထားပေမယ့် ထိုဝတ်စုံက တိုလွန်းနေတာကြောင့် ထပ်ဆွဲတင်လို့မရတော့ပေ။
"ငါ နင့်ကို အဝတ်အစားကူရွေးပေးဖို့အတွက် ဒီကိုလာခိုင်းတာ စာတစ်သံပေတစ်သံနဲ့ စကားပုံတွေလာရွတ်ခိုင်းတာမဟုတ်ဘူး"
၀ူရွှယ်တစ်ယောက် ယခုအချိန်တွင် စုယိသည် ခွေးမိစ္ဆာတစ်ကောင်ဖြစ်နေပြီး ချူယင်းသည် သန့်ရှင်းဆေးကြောပြီးနောက်အစားခံရတော့မည့် ရဟန်းငယ်လေးတစ်ပါးဟုခံစားနေရသည်။
[ T/N- စွန်း၀ူခုန်းကားထဲက ထန်ဆန်းကိုယ်တော်နဲ့ခွေးမိစ္ဆာကိုဆိုလိုခြင်း ]
သူမမေးလိုက်သည်။
"နင်တို့ ဘယ်သွားကြမှာလဲ"
စုယိ "မသိဘူး"
"နင် မသိဘူး ဟုတ်လား"
၀ူရွှယ် လက်ပိုက်ကာ ခေါင်းတစ်ချက်စောင်းလိုက်ပြီး- "ဒါဖြင့် တစ်ယောက်ယောက်က နင့်ကိုရောင်းစားလိုက်ရင် ငါဘယ်နားမှာသွားရှာရမလဲ"
ပြောနေရင်း သူမ သေချာစဉ်းစားကြည့်တော့ တစ်ခုခု မှားနေသလိုခံစားလိုက်ရသည် ။
"ထားလိုက်တော့ ချူကော်ပိုရေးရှင်းက ကြီးမားလွန်းလို့ နင့်ကိုဘယ်နည်းနဲ့ပဲကြည့်ကြည့် ချူယင်းကို ပြန်ပေးဆွဲမယ့်သူနဲ့ပဲတူနေတယ် ဆောရီးနော် အမှန်တရားကနည်းနည်းတော့ခါးတယ်"
"နင်က ငါ့ရဲ့ အရင်းနှီးဆုံးနဲ့ အချစ်ဆုံးသူငယ်ချင်းပါနော် သတိရအောင်ပြောပြပေးတာ ကျေးဇူးတင်စရာမလိုဘူး"
စုယိသည် ပြန်လည်စကားနိုင်လုပြီးနောက် ထပ်၍တိုက်တွန်းလိုက်သည်။
"လုပ်စမ်းပါ အင်္ကျီလာကူရွေးပေးဦး"
၀ူရွှယ်သည် အလုံခြုံဆုံးနှင့် အရှည်ဆုံးတစ်ခုကို ရွေးချယ်လိုက်သည်။
"ဒီတစ်ခု"
စုယိ ထို၀တ်စုံကို ခရီးဆောင်အိတ်ထဲမှာ ထည့်လိုက်သည်။
၀ူရွှယ် တစ်ခုခုပြောဖို့ ကြံရွယ်ပြီး ပါးစပ်ကို ဖွင့်လိုက်ပေမယ့် စကားလုံးတွေပွင့်မကျလာခင် ပြန်လည်မျိုချပစ်လိုက်သည်။
___________________________________________