Chapter 35
မင်းလောက်ဘယ်သူမှမလှဘူး။
Disney Theme Park တွင် စိတ်၀င်စားစရာကောင်းသည့်နေရာများစွာရှိနေပေမယ့်လည်း ၀မ်နည်းစရာကောင်းသည်က ယင်းတို့အားလုံးကို အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းနေရခြင်းပေ။
သူတို့တတွေ နေရာအတော်များများလျှောက်လည်ကြပြီးနောက် အနည်းငယ်ပင်ပန်းသလိုခံစားလာရပြီး တဖြည်းဖြည်းနှင့် ညစာစားရမည့်အချိန်သို့ပင်နီးကပ်လာကြချေပြီ။
သူတို့နှစ်ဦးသည် ညစာမစားမီ နောက်ဆုံးအနေဖြင့် နောက်ထပ်နာမည်ကြီးနေရာတစ်ခုဖြစ်သည့် Pirates of the Caribbean ဆိုသည့်နေရာသို့သွားလည်ကြသည်။ ထိုနေရာရဲ့ ဆွဲဆောင်မှုမှာ စွန့်စွန့်စားစားဖြင့် လှေစီးရတာမျိုးပင်။
နေ့အလင်းရောင်က သိပ်ထင်းထင်းလင်းလင်းမရှိတော့ချေ၊ လှေပေါ်တက်ချိန်တွင် လူတိုင်းက သူတို့ရဲ့ခြေထောက်တွေကို ကြည့်ကာ အလုပ်ရှုပ်နေကြရသည် - ညစ်ညစ်ပတ်ပတ်တွေပေမှာကိုအတော်စိုးရိမ်နေကြပုံပင်။
စုယိနှင့် ချူယင်းတို့သည် ပထမဦးဆုံး လှေပေါ်သို့ရောက်သည့်အတွဲဖြစ်နေကြသည်။ သူမက နောက်ဆုံးတန်းကို ရွေးပြီး ထိုင်ချလိုက်ပြီးနောက် ချူယင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ကောင်လေးက သူမ သူ့လက်ကိုသေချာမဆုပ်ကိုင်မိခင်အထိ ငြိမ်၍စောင့်နေပြီးမှ သူ့လက်ချောင်းတွေကိုကွေး၍ သူမလက်ကိုပြန်လည်ဆုပ်ကိုင်လိုက်သည်။
သိပ်မကြာခင်မှာဘဲ လှေကစတင်ရွေ့လျားတော့သည်။ သူမတို့အရှေ့တွင် လှေပေါ်တက်ကတည်းက မရပ်မနား ဆယ်လ်ဖီရိုက်နေကြသည့် မိန်းကလေးနှစ်ယောက် ထိုင်နေကြသည်။
ဘယ်ဘက်ခြမ်းရှိ မိန်းကလေးက “နင့်လက်ကို မြင့်မြင့်မြှောက်ပြီး နင့်နောက်က ကောင်ချောလေးပုံကိုရအောင်ရိုက်စမ်းပါဟ"
"ငါ့လက်က ဒီလောက်ထိပဲရှည်တယ်ဟဲ့ နင့်လက်ကိုမြှောက်ရင်ရော ဘယ်လိုလဲ"
ဘေးနားရှိ ကောင်မလေးက သူမဆီ ဖုန်းပြန်ပေးသည်။
ဘယ်ဘက်ခြမ်းရှိ ကောင်မလေးက သူမလက်ကို နည်းနည်း ဟိုဒီယိမ်းလိုက်သည်။
"အလုပ်မဖြစ်ဘူး ငါ့ပုံထဲမှာ သူ့ဘေးနားက ကောင်မလေးပုံပါ ပါနေတယ်"
စုယိရဲ့ နှုတ်ခမ်းတစ်ဖက်စွန်းက ကွေးတတ်သွားသည်။
' ဪ အမိတို့က သူ့ဘေးမှာ တစ်ယောက်ယောက်ရှိနေသေးတယ်ဆိုတာ သိသေးတယ်ပေါ့လေ ဟုတ်စ '
သူမသည် ဖုန်းကို ထုတ်လိုက်ပြီးနောက် လက်ကို မြှောက်၍ mask ကိုဆွဲချပြီး ချူယင်းရဲ့ မျက်နှာနားသို့ တိုးကပ်သွားလိုက်သည်။
"ကောင်ချောလေး ဓာတ်ပုံရိုက်ချင်လား"
ချူယင်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကွေးတက်သွားပြီး ကင်မရာကို ကြည့်လိုက်သည်။
အနည်းငယ်မှောင်နေသဖြင့် ဖလက်ရှ်မီးဖွင့်ရန် လက်ညိုးကိုအသာဆန့်ပြီး နှိပ်ဖို့ကြံရွယ်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူမကို ဝင်တိုက်မိသွားသည်။ ကလေးတစ်ယောက်ရဲ့ အော်ငိုသံကလည်းတပြိုင်နက် ကပ်ပါလာသည်။ ချူယင်းက ချက်ချင်းပင်သူ့လက်ကိုဆန့်ထုတ်ပြီး သူမခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။
ထိခိုက်မှုက သိပ်မပြင်းထန်သလို အသံကလည်း မပျော့ပေ။ စုယိသည် ရုတ်တရက် လက်ဗလာဖြစ်သွားသည်ကို ခံစားလိုက်ရပြီးနောက် 'ဗွမ်း' ဆိုသည့် ရေပွက်သံကို ကြားလိုက်ရသည်။
စုယိသည် သူမရဲ့ လက်ဗလာလေးကို ကြည့်ပြီး ချက်ချင်းမတုံ့ပြန်နိုင်သေးပေ။
သုံးဆယ့်ငါးကီလိုဂရမ်လောက်ရှိသည့် ထိုတွန်းထိုးပစ်သည့်ကလေးက ချူယင်းကိုကြည့်ပြီး သူ့ကိုယ်ပိုင်အသံနဲ့အော်ဟစ်ငိုယိုတော့သည်။
ကလေးရဲ့အမေက သူ့ကို ချက်ချင်းပင်အနောက်သို့ ဆွဲခေါ်လိုက်ပြီး ပြင်းပြင်းထန်ထန် ဆူပူတော့သည်။
“သူတို့ကို အခုချက်ချင်း တောင်းပန်လိုက်”
ကလေးသည် ဆူပူကြိမ်းမောင်းခံရပြီးနောက် မျက်ရည်စက်လက်ဖြင့် နာခံစွာ “တောင်းပန်ပါတယ်” ဟု ဆိုလာသည်။
ချူယင်းက ပြန်မဖြေပေ။ သူ့ဘေးနားရှိလူက မတုံ့ပြန်တာကိုမြင်တော့ သူက သူမကို အပေါ်အောက်သေချာစုန်ဆန်ကြည့်ပြီးနောက်မေးလိုက်သည်။
"အရမ်းနာသွားလို့လား"
“…”
သူမက သူ့ဘက်ကို သနားစရာကောင်းသည့်မျက်နှာပေးလေးဖြင့် လှည့်ကြည့်လိုက်သည်။
"ကျွန်မဖုန်းရေထဲကျသွားပြီ..."
သူမပုံစံကိုကြည့်ရတာ ဆုံးရှုံးမှုကြောင့် အနည်းငယ်မူးဝေနေပုံပင်။
ချူယင်းရဲ့ နှုတ်ခမ်းပေါ်မှ အပြုံးကို သူမမြင်လိုက်ရပြီးနောက် ပို၍ပင် စိတ်မကောင်းဖြစ်သွားမိသည်။
"... ရှင် ကျွန်မကို ရယ်တယ်ပေါ့လေ"
"မရယ်ပါဘူး"
ချူယင်းက ကော့တတ်ချင်နေသည့် သူ့နှုတ်ခမ်းထောင့်တွေကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားလိုက်သည်။
စုယိက သူမထိုင်ခုံရဲ့နောက်မှီကိုမှီချလိုက်ပြီးနောက် အကြာကြီး ငြိမ်သက်နေပြီးမှ ရုတ်တရက်ထပြောလာသည်။
"အနာဂတ်မှာ ဖုန်းက အခုလို ငါးစားကျွေးခံလိုက်ရမယ်ဆိုတာများ ကြိုသိခဲ့ရင် ...ကျွန်မ ဒီဖုန်းထဲမှာ မsaveသင့်တဲ့ဟာတွေ မsaveထားပါဘူးရှင်"
ပတ်ဝန်းကျင်ရဲ့ ရှုခင်းတွေက တဖြည်းဖြည်း ပြောင်းလဲသွားသည်။ လှေကြီးက သမုဒ္ဒရာရဲ့ အောက်ခြေသို့ တဖြည်းဖြည်းချင်း နစ်မြုပ်သွားပြီး၊ နက်ရှိုင်းတဲ့ သမုဒ္ဒရာထဲမှာ ကြောက်စရာကောင်းတဲ့သတ္တ၀ါတွေအစုံအလင်ရှိနေပြီး ၊ သင်္ဘောပျက်နဲ့ ရတနာမျိုးစုံ ဝန်းရံထားတဲ့နေရာသို့ လှေကြီးက နစ်မြုပ်သွားတော့သည်။
ချူယင်း တစ်စုံတစ်ခုပြောရန် လုပ်လိုက်ချိန်တွင် ဘေးမှလူက ရုတ်တရက် သူ့ရင်ခွင်ထဲသို့ တိုး၀င်လာသည်။
'တုန်ယင်နေတယ်'
သူ့ရဲ့ မျက်ခုံးတွေက တွန့်ကြုတ်သွားပြီး လက်တစ်ဖက်ကို သူမခေါင်းလေးပေါ်သို့တင်လိုက်သည်။
"ဘာဖြစ်လို့လဲ"
သူမရဲ့ ခန္ဓာကိုယ်လေးသည် အတော်လေးကို ပျော့ပျောင်းလွန်းနေပြီး မွှေးရနံ့သင်းသင်းလေးကလည်း ပျံ့လွင့်နေသေးသည်။ သူမအသံလေးကလည်း တိုးတိုးဖျော့ဖျော့လေးပင်။
"... ကျွန်မမှာ ပင်လယ်နက်တွေကိုကြောက်တဲ့ ဖိုပီးယား ရှိတယ်"
' ဒီနေရာမှာ ဒီလိုမျိုးတွေရှိမှန်းသာ သိခဲ့ရင် သူမလာမှာမဟုတ်ဘူး '
သူတို့ဘေးတွင် ရေဘဝဲဘီလူးကြီး တစ်ကောင် ပေါ်လာသည်။ သင်္ဘောတစ်စင်းလုံးမှာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီး စုယိသည် သူမရဲ့ မျက်လုံးတွေကို တင်းကျပ်စွာမှိတ်ထားပြီး ကြောက်ရွံ့မှုကို အံတုနေစဥ်တွင် နွေးထွေးမှုတစ်ခုက သူမ၏ နားရွက်ကို ဖုံးလွှမ်းသွားသည်။
ထိုလူသားလေးက သူမရဲ့ နားရွက်တွေကို ဖုံးအုပ်ထားပေးသည်။
ပတ်ဝန်းကျင်က အသံတွေက ရုတ်တရက် ပိုတိတ်ဆိတ်တိုးဖျော့သွားသည်။ ချူယင်း၏ လက်ဖဝါးနှင့် နှလုံးခုန်သံတို့မှတဆင့် သူမ နွေးထွေးမှုကို ခံစားရသည် – တစ်၊ နှစ်၊ သုံး… စည်းချက်ညီညီနှလုံးခုန်သံတို့က သူမနှလုံးသားလေးရဲ့အောက်ခြေသို့ တိုး၀င် ခုန်ဆင်းသွားသည် ။
အဆုံးတွင်၊ လှေတစ်စင်းလုံးသည် ပြင်းထန်စွာ လှုပ်ယမ်းသွားသော်လည်း ချူယင်းရဲ့ လက်မောင်းတွေက သူမကို တင်းကျပ်စွာ ဖတ်ထားတာကြောင့် သူမသည် လှေကြီးက အရမ်းကြီးလှုပ်ယိမ်းနေသည်ဟု မခံစားရပေ။
သူမတို့ ထိုနေရာက ထွက်လာသည်နှင့် သူမရဲ့ အသိ၀ိညာဥ်လေးက သူမကိုယ်ထဲသို့ ပြန်ရောက်လာသည်။ သူမရဲ့ ဖုန်းလေးကို ငါးစားသွားတဲ့အကြောင်းတွေးတောနေရင်း ၀မ်းနည်းပူဆွေးနေချိန်တွင် တစ်စုံတစ်ယောက်က သူမရဲ့အင်္ကျီထောင့်ကို ဆွဲလာသည်။
လှေပေါ်က အကောင်စုတ်လေး ဖြစ်ပြီး၊ အခုချိန်မှာ သူ့မျက်နှာလေးတစ်ခုလုံးက နီရဲတွတ်နေသည်။
"မမ ခုနတုန်းက သား မမကို ၀င်တိုက်မိတဲ့အတွက် တောင်းပန်ပါတယ်"
စုယိက အပြုံးလေးနှင့်အတူ သူမအင်္ကျီစကို ပြန်ဆွဲယူလိုက်သည်။
“…ရပါတယ်”
"မေမေက ပြောတယ် မမရဲ့ဖုန်းကရေထဲကျသွားပုံရတယ်တဲ့"
သူကခဏတွေးတောလိုက်ပြီးနောက် ဆယ်ဒေါ်လာတန် နှစ်ရွက်ကို ထုတ်ယူလိုက်သည်။
" သား မမကို အသစ်ဝယ်ပေးမယ်"
ဤတစ်ကြိမ်၌ စုယိ အမှန်တကယ်ရယ်မောမိတာပင်။ ကလေး၏မိခင်ကလည်း အကြိမ်အတော်များများတောင်းပန်နေပြီး ကျသင့်ငွေရဲ့တစ်၀က်ကို ပေးနိုင်ပါသည် ဟု ဆိုနေသဖြင့် စုယိ သူတို့ကို ထို့အတွက်မလိုအပ်ကြောင်း အတော်ရှင်းပြလိုက်ရသည်။
သားအမိနှစ်ယောက် ထွက်ခွာသွားပြီးနောက် ချူယင်းသည် သူမ၏ခါးကို ပွေ့ဖတ်ထားခြင်းမှလွှတ်ပေးလိုက်သည်။
"ခံစားလို့ပိုကောင်းသွားပြီးလား"
သူမရဲ့ခါးပေါ်မှအပူငွေ့လေး ဖယ်ရှားသွားချိန်တွင် စုယိ၏ မျက်နှာတွင် နှာမျောလိုက်တာဆိုသည့် စာသားကို ထင်ထင်ရှားရှားရေးထိုးထားပေသည်။
“ဟုတ်”
မူလက သူမသည် ချူယင်းရဲ့ဖုန်းကိုငှားပြီး ၀ူရွှယ်ကို ဖုန်းခေါ်ချင်ပေမယ့်လည်း၊ ၀ူရွှယ်ရဲ့ ဖုန်းနံပါတ်ကို မမှတ်မိပေ။ သူမသည် ကိန်းဂဏာန်းများနှင့် ပတ်သတ်လာလျှင် အတော်လေးတိုင်ပတ်တတ်ပေသည်။
သူမရဲ့ သူ့ကိုယ်ပိုင်နံပါတ်ကိုတောင် အချိန်အတော်ကြာအောင် အလွတ်ကျက်မှတ်ခဲ့လို့သာ မှတ်မိနေခဲ့ခြင်းပင်။
ချူယင်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး Disney App ကို ဒေါင်းလုဒ်လုပ်ပြီးနောက် သူမဆီကို ပေးလိုက်သည်။
"ကြည့်ကြည့် မင်းသွားချင်တဲ့နေရာတွေများရှိသေးလားလို့"
စုယိကလည်း ထိုအကြောင်းကိုတွေးတောနေတာဖြစ်ပြီး သူ့ဖုန်းကို ယူလိုက်သည်။
"ညစာမစားခင် မင်းသမီးလေးတွေနဲ့ ဓါတ်ပုံရိုက်ဖို့အတွက် သွားရှာရအောင်"
သူတို့တွေက မင်းသမီးလေးတွေကို ရှာမတွေ့သေးပေမယ့် မစ်ကီကိုတော့ တွေ့ခွင့်ရသွားသည်။
မစ်ကီနှင့် ဓာတ်ပုံရိုက်ရန်အတွက် လူများ ဝိုင်းအုံနေကြသော်လည်း မစ်ကီသည် စုယိထံသို့ တန်းတန်းမတ်မတ်လျှောက်လာပြီး ဆယ်လ်ဖီရိုက်တွဲရိုက်ရန် သူမကို လာဆွဲခေါ်သည်။
ဓာတ်ပုံဆရာမစ္စတာချူက ချက်ချင်းပင်ဖုန်းဖြင့် တဖျက်ဖျက်နေအောင် ဓာတ်ပုံရိုက်ပေးတော့သည်။
ပို့စ်လေးပင် မပေးရသေးသော စုယိ ပြောစရာစကားမဲ့သွားရသည်။
ပုံကို တစ်ချက်သွားကြည့်လိုက်တော့ မျက်လုံးပင်မဖွင့်ရသေးပင်။
သူမ ဒေါသထွက်လွန်းသဖြင့် လှောင်ရယ်လုမတတ်ပင်။
"အနည်းဆုံးတော့ မျက်လုံးဖွင့်တဲ့အထိ စောင့်မပေးနိုင်ဘူးလား"
သူမ မစ်ကီနဲ့ တွဲရိုက်ပြီးတဲ့အခါ စုယိသည် Snow White [ မနှင်းဖြူလေး ] ကို ရှာတွေ့သွားသည်။
ပုံတွေကို တစ်ချက်ရှို့းကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း မင်းသမီးလေးကဖိုင်းနေပေမယ် သူမကတော့ မျက်လုံးတွေမှိတ်ထားပြန်သည်။
“… ရှင် မှန်မှန်ပြောနော် ရှင် ကျွန်မနဲ့ပတ်သက်ပြီး မကျေနပ်တာတွေများ ရှိနေလား”
စုယိက ဆက်ပြောသည်။
"သူမကျတော့ ဓာတ်ပုံထဲမှာ အရမ်းကြည့်ကောင်းနေပြီး ကျွန်မ ကျတော့ ကြည့်ပါဦး ဘယ်လောက် ရုပ်ဆိုးလိုက်သလဲ"
ချူယင်း ဖုန်းစခရင်ကို သေချာစူးစိုက်ကြည့်လိုက်သည်။
“မဟုတ်ပါဘူး”
စုယိ ဓာတ်ပုံကို ချဲ့ကြည့်နေရင်းကမှမေးလိုက်သည်။
"ဘာကိုလဲ"
ချူယင်း "မင်းလောက်ဘယ်သူမှမလှဘူး"
အိုကေ!
စုယိတစ်ယောက် ကျေနပ်သွားပေပြီ။
ပန်းခြံအတွင်းရှိ စားသောက်ဆိုင်များသည် ဈေးကြီးရုံသာမက လူများဖြင့်လည်း ပြည့်နှက်နေသေးသည်။ သူတို့လိုက်ကြည့်သမျှ မြင်နေရသည့်အများစုက ဘာအရသာမှ မရှိတဲ့ပုံပင်။ အမှောင်ကျလာတဲ့အချိန်အထိ သူတို့နှစ်ယောက်သည် ကျေနပ်လောက်သည့် စားသောက်ဆိုင်ကို ရှာမတွေ့သေးချေ။
ခဏလောက် ပတ်လျှောက်ကြည့်ပြီးနောက် ရိုးရာမျိုးနွယ်စုပုံစံ စားသောက်ဆိုင်တစ်ခုကို တွေ့လိုက်ကြပြီး အနားနား မရောက်သေးခင်မှာပင် လေထဲတွင် မွှေးပျံ့သော ရနံ့များက ပျံ့လွင့်လာပြီး သူတို့ကို ဆီးကြို၍နူတ်ဆတ်လာသည်။ သူမ လှည့်ကြည့်ပြီး ချူယင်းရဲ့ ထင်မြင်ချက်ကို မေးရန် ပြင်လိုက်သည်။
"ဗိုလ်ကြီးယင်း ဟုတ်တယ် မလား"
မသေချာမရေရာမှုများနှင့်ပြည့်နှပ်နေသည့် သူစိမ်းတစ်ယောက်၏အသံကိုကြားလိုက်ရသည်။
စကားသံ ထွက်ပေါ်လာရာဆီသို့ သူမ လှမ်းကြည့်လိုက်သည်။ ရိုးရိုးရှင်းရှင်းသာ၀တ်ဆင်ထားပြီး အသားအရည် နက်မှောင်မှုကိုပိုင်ဆိုင်ထားသည့် crew cut ပုံစံကောင်လေးတစ်ယောက်ပင်။ သူကြည့်ရတာ အတော်လေးကိုငယ်သေးပုံရသည်။
ချူယင်း မျက်၀န်းတို့ကိုမှေးကျဥ်း၍ စိုက်ကြည့်နေလိုက်သည်။
“တကယ်ကို ဗိုလ်ကြီးယင်းပဲ…”
ကောင်လေးက အပြုံးလေးဖြင့် တစ်ခုခုပြောချင်ပေမယ့်လည်း ချူယင်း၏အကြည့်ကြောင့် သူ့မှာ ကြောက်သွားရသည်။
သူက စုယိကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည် "တွေ့ရတာ ဝမ်းသာပါတယ် ပြီးတော့ နှုတ်ဆက်ပါတယ်ဗျ"
စုယိသည် သူထွက်သွားတာကို လှမ်းကြည့်နေရင်း ဖြစ်ပျက်နေတာကို နည်းနည်းလိုက်မမှီတော့ချေ။
"ရှင့်မိတ်ဆွေလား"
ချူယင်း "ဟုတ်တယ်"
စုယိက စားသောက်ဆိုင်ထဲကို ဝင်သွားပြီး “ဘာလို့ သူက ဒီလောက်မြန်မြန်ထွက်သွားတာလဲ” ဟု မေးလိုက်သည်။
"သူ့မှာ ကိစ္စတစ်ခုခု ရှိလို့ထင်တယ်"
ချူယင်းက သူမထံ မီနူးကို ပေးလိုက်သည်။
"အရင်ဆုံးအော်ဒါမှာထားနှင့်လိုက် ကိုယ်သန့်စင်ခန်းသွားလိုက်ဦးမယ်"
စုယိ ချူယင်း၏ နောက်ကျောကို အတွေးနက်နေရင်းဖြင့် စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။
…