အပိုင်း ၃၆
Viewers 12k

Chapter 36


သစ်ပင်အောက်ရှိ ခုံတန်းလျားတွင် လူတစ်ယောက် ထိုင်နေပြီး သူ့အသံက အတော်လေးကိုတိုးလျနေသည်။


 "လက်ရှိရောက်နေသည့်နေရာမှ သတင်းပို့လိုက်ပါတယ် Area B တွင် သံသယဖြစ်ဖွယ် လူ မရှိပါဘူး"


 "မင်း ဒီမှာဘာလုပ်နေတာလဲ"


ချူယင်း လျှောက်လာသည်ကို မြင်သည်နှင့် ကောင်လေးက ချက်ချင်းပင် သတိအနေထားဖြင့် ထရပ်ပြီး အလေးပြုလာသည်။ သူ့လက်က အလေးပြုနေသည့် ပုံစံလုပ်နေစဥ် တစ်၀က်တစ်ပြတ်အရောက်တွင် ချူယင်း၏တားဆီးရပ်တန့်ခြင်းကိုခံလိုက်ရသည်။


 ချူယင်း "ငါမေးတာကို ဖြေ"


 “ဟုတ်ကဲ့” 


 ကောင်လေးက ဖြောင့်ဖြောင့်တန်းတန်းပုံစံဖြင့် ရပ်နေရင်းက အထက်လူကြီးကို သတင်းပို့နေသည့်ပုံဖြင့်ဖြေလာသည်။


 "Ilo [1] က Disneyမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပြုလုပ်မယ် ဆိုတဲ့ သတင်းရထားပြီး ကျွန်တော်တို့ရဲ့ အထက်အရာရှိတွေထံကနေ သူတို့ကိုအကူအညီပေးဖို့ မစ်ရှင်တစ်ခုလက်ခံရရှိထားတာပါ"


ချူယင်း၏ မျက်နှာတွင် ခံစားချက်တစ်စုံတစ်ရာကင်းမဲ့နေခဲ့သည်။


 "လျိုယန်"


 လျိုယန် "ရှိ"


 "ငါက မင်းရဲ့ခေါင်းဆောင်မဟုတ်တော့ဘူး ငါကမင်းကိုမေးတယ်ဆိုရင်တောင် မင်း မစ်ရှင်ရဲ့အသေးစိတ်အချက်အလက်တွေကို အခုလို ရိုးရိုးရှင်းရှင်းကြီးပြောလိုက်လို့မရဘူးလေ မင်း စစ်တပ်ထဲမှာ ဒီလောက် အကြာကြီးနေခဲ့တာတောင် မသိသေးလူးလား"


လျိုယန်က အနည်းငယ် ရှက်ရွံ့သွားသည်။


"ဗိုလ်ကြီးယင်းက ကျွန်တော်နှလုံးသားထဲမှာတော့ အမြဲတမ်းခေါင်းဆောင်ဗိုလ်ကြီးပဲ"


 "အရူးလုပ်နေတာကို ရပ်လိုက်တော့" 


ချူယင်း က ခုံတန်းလျားတွင် ၀င်ထိုင်ရင်း ပြောလိုက်သည်။  


“မစ်ရှင်ရှိတယ်ဆိုရင်လည်း ဘာလို့ လူစုခွဲမခွဲကြတာလဲ  အရပ်သားတွေကို ဓားစာခံအဖြစ် လွယ်လွယ်ကူကူလုပ်လို့ရအောင် ဒီနေရာမှာ ထားထားပေးတာလား”


 "ကျွန်တော်တို့ လုပ်လို့မရလို့ပါ ဗိုလ်ကြီး" 


လျိုယန်က ဆက်၍ ဆိုသည်။ 


 “ကျွန်တော်တို့က သတင်းကိုအရမ်းကပ်နေတဲ့အချိန်ကျမှ လက်ခံရရှိခဲ့တာ အဲ့ဒီအဖွဲ့ကလည်း သိပ်မကြာခင်တုန်းကမှ စပြီးရောက်လာကြတာ သူတို့ကအတော်ကြမ်းတမ်းတယ် တကယ်လို့များ ကျွတော်တို့က ရုတ်တရက်ကြီး ဒီလူစုလူဝေးကို ခွဲပစ်လိုက်ရင် သူတို့အတွက် ထွက်ပြေးဖို့ အခွင့်အလမ်းရှိသွားရုံတင်မကဘူး ဓားစာခံတွေကို ဖမ်းဆီးပြီး ဆုတ်ခွာကြဖို့လည်း တွန်းအားပေးသလိုဖြစ်သွားလိမ့်မယ် အဆိုးဆုံးအနေနဲ့ ကျွန်တော်တို့တွေ ဓားစာခံရဲ့ လုံခြုံရေးကို အာမ မခံနိုင်ဘူး”


ဆိုရလျှင် အလားတူ ဖြစ်လေ့ဖြစ်ထရှိသည့် တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီ ဆိုတာကို ခန့်မှန်းဖို့အတွက် လွယ်ကူလွန်းလှသည်။


သူပြောပြီးသည့်အခါ လျိုယန်သည် ဂရုတစိုက်ဖြင့် သတိထား၍မေးလိုက်သည်။


"ဗိုလ်ကြီးယင်း အဲ့ဒီကောင်မလေးက ကျွန်တော်တို့ရဲ့ မရီးလား"


 "ဟုတ်တယ်" 


ချူယင်းက ဆက်ပြောသည်။  


"Ilo မှာ အထူးသတိပြုမိမယ့် လက္ခဏာရပ်တွေ ဘာတွေ ရှိလား"


 "မရှိဘူး သူမက ဒီအတိုင်းနိုင်ငံခြားသားဖြစ်နေတာတစ်ခုပဲရှိတယ်"  


လျိုယန်သည် သူ့၀ိညာဥ်လေးသူ ခန္တကိုယ်ထဲ ပြန်မထည့်ရသေးခင် မေးလာသည့်မေးခွန်းကို ကြောင်တိကြောင်တောင်ဖြင့်ဖြေပေးလိုက်ပြီးမှ အသိ၀င်လာချိန်တွင် ပြန်မေးလိုက်မိသည်။


 "မဟုတ်သေးပါဘူး ဗိုလ်ကြီးယင်းက ဘာလို့မေးတာလဲခင်ဗျ"


[ T/N- မရီးဆိုလို့ လန့်ပြီး၀ိညာဥ်ထွက်သွားခြင်းကိုဆိုလို ]


ချူယင်းက ဘာမှပြန်မဖြေဘဲ ထပြီး ထွက်သွားဖို့လုပ်လိုက်သည်။


 "ဟေး ဟေး ဗိုလ်ကြီးယင်း"


လျိုယန်က တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး သူ့ကို အမြန်ဖမ်းတားလိုက်သည်။ 


 "ကျေးဇူးပြုပြီးမလုပ်ပါနဲ့ အဲ့ဒီမိန်းမမှာ သေနတ်ရှိတယ် ဗိုလ်ကြီးအခုသွားလိုက်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"


 "ဒီဧရိယာမှာ လူဘယ်နှစ်ယောက်လောက်တောင်ရှိနေလဲဆိုတာ သိလား"  


ချူယင်းက တစ်ခုခုကို တွေးနေသလိုမျိုး မျက်မှောင်ကြုတ်လိုက်သည်။ 


 "Ilo က နိုင်ငံခြားသားတစ်ယောက်လို့ပြောတယ်နော်"


လျိုယန်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ 


 “ဟုတ်ကဲ့။”


ချူယင်းသည် အတွေးနက်နေရင်းမှ အသိ၀င်လာချိန်တွင် တုန်လှုပ်ချောက်ချားသွားပြီး လမ်းလျှောက်နေရင်းက စကားပြောလိုက်သည်။  


"သူတို့ကို 'Fantasyland' ဧရိယာတစ်၀ိုက်မှ စုဝေးဖို့ပြောလိုက်"


လျိုယန်သည် နားမလည်သဖြင့် အနီးကပ်လိုက်လျှောက်၍မေးလိုက်သည်။  


"ဘာလို့တုန်း"


 "သူတို့က ခရီးသွားတွေအဖြစ် ဟန်ဆောင်ဖို့ဆိုတာလုံး၀ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ပန်းခြံကသာ ရုတ်တရက်ကြီး ပိတ်သွားခဲ့ရင် ထွက်ပြေးဖို့အတွက် အခွင့်အလမ်းက အရမ်းနည်းလွန်းတယ်" 


ချူယင်းက စကားဆက်ဆိုသည်။


 "ဝန်ထမ်းတစ်ယောက်လို ဟန်ဆောင်တာကသာ အန္တရာယ်အကင်းဆုံးနည်းလမ်းပဲ"


 လျိုယန်ကမေးလိုက်သည်။


 "ဒါဆို သူတို့ကအဲ့ဒီနေရာမှာရှိနေတယ်လို့ ဘယ်လိုလုပ်သေချာနေရတာလဲ"


 "အဝေးထိန်းခလုတ်မလိုဘဲ သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ဘယ်ဝန်ထမ်းက လမ်းတွေပတ်လျှောက်သွားလို့ရလဲ"


လျိုယန်က နားမလည်နိုင်သေးခင် ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးမှ ရုတ်တရက် ထအော်သည်။  


"အဲ့ဒီမင်းသမီးတွေ..."


သူက သူ့အထက်လူကြီးတွေဆီကို ချက်ချင်းသတင်းပို့ပြီးနောက် သူတို့ဆီကလည်း အမြန်ပြန်ဖြေသည်။


အမိန့်တွေကို နားထောင်ပြီးနောက် လျိုယန်သည် ချူယင်း၏လမ်းကို ပိတ်တားလိုက်သည်။ 


 “အဲဒါ ... ဗိုလ်ကြီးယင်း… အထက်အရာရှိတွေ ပြောတာက ဗိုလ်ကြီးက ကျွန်တော်တို့အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်ဘဲ အရပ်သားတစ်ယောက်ဖြစ်တာကြောင့် ဗိုလ်ကြီးအနေနဲ့ စွန့်စားလို့မရဘူးတဲ့ ဗိုလ်ကြီးဘေးကင်းလုံခြုံဖို့အတွက်က အဓိကလို့ပြောတယ်”


ချူယင်းကမျက်ခုံးပင့်လိုက်သည်။


 "ပြီးတော့ရော"


 "အဲဒါ... ဗိုလ်ကြီး ကျွန်တော်နဲ့လိုက်လို့မရတော့ဘူး"


 "မင်းနဲ့လိုက်မယ်လို့ ဘယ်သူကများပြောမိလို့လဲ"  


ချူယင်းက သူ့ကို တစ်ချက်လှည့်ကြည့်သည်။


 "ညစာစားသွားမလို့ ကိစ္စက အဆင်ပြေသွားတယ်ဆိုရင်လည်း ငါ့ကိုပြောဦးပေါ့"


 စုယိ သူ ပြန်လာတာကိုမြင်လိုက်၍ အနည်းငယ် အံ့သြသွားသည်။


 ချူယင်းက လွတ်နေတဲ့ စားပွဲကို ကြည့်ပြီး မေးလိုက်သည်။


 "ဘာလို့ ဘာမှမမှာထားတာလဲ ဗိုက်ဆာနေတာမဟုတ်ဘူးလား"


 "ရှင်က အတော်ကြာမှပြန်လာမယ်ထင်နေတာ"


စုယိက စားပွဲထိုးကို ခေါ်၍ မီနူးကိုပြပြီးနောက် သူ့ကိုအပြုံးလေးဖြင့် ကြည့်ပြီး မေးလိုက်သည်။


“ပြဿနာရှိလို့လား”


ချူယင်း "မရှိပါဘူး အဆင်ပြေပါတယ်"


ညစာတစ်၀က်လောက်စားပြီးချိန်တွင် ချူယင်းရဲ့ဖုန်းက မီးလင်းလာသည်။


 “ဗိုလ်ကြီးယင်း အားလုံးအဆင်ပြေသွားပြီ လူအုပ်ကြီးထဲက တစ်ယောက်မှ မထိခိုက်မိသွားဘူး အထက်ကလူတွေက ဗိုလ်ကြီးကို ပျော်ရွှင်စရာ ချိန်းတွေ့ချိန်လေးပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြတယ်”


မက်ဆေ့ချ်ကို မြင်ပြီးနောက် အသာ ရယ်မောရင်း ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။


ညစာစားပြီးနောက် နှစ်ယောက်သား ခရီးဆောင်အိတ်ကို သယ်၍ ဟိုတယ်သို့သွားကြသည်။


လက်ထောက်က သူတို့အတွက် ပန်းခြံထဲရှိ Disney ဟိုတယ်တွင် စီစဉ်ပေးထားခြင်းပင်။ သူတို့သည် ဧည့်ကောင်တာ စားပွဲဆီသို့ လျှောက်သွားပြီးဘွတ်ကင်လုပ်ထားသည့် အသေးစိတ် အချက်အလက်တွေ သေချာစီစစ်နေကြသည်။


ဧည့်ကောင်တာမှ ဝန်ထမ်းများက စစ်ဆေးပြီးနောက် ချက်ချင်းဆိုသလိုပြုံးပြလာသည်။ 


 "လေးစားရပါသော မစ္စတာချူ ဆရာရဲ့ Magician suite ကို ကြိုတင်မှာထားပြီးပါပြီ ခဏစောင့်ပေးပါ ဆရာရဲ့ ခရီးဆောင်အိတ်ကို ရွှေ့ဖို့အတွက် တစ်ယောက်ယောက်ကို စီစဉ်ပေးပါ့မယ်"


"Magician suiteအခန်း ဟုတ်လား..."


ချူယင်းက မျက်မှောင်ကျုံ့လိုက်သည်။


"တစ်ခန်းတည်းလား..."


အရှေ့ဧည့်ကြိုခုံမှ ဝန်ထမ်းက ခေါင်းငြှိမ့်ကာ ထပ်ပြောလိုက်သည်။


"ဟုတ်ပါတယ်ရှင့်...လူကြီးမင်းက ကြာသပတေးညအတွက် Magician suite အခန်းတစ်ခန်း ဘွတ်ကင်လုပ်ထားပါတယ်ရှင်..."


စုယိက ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။


"ကျွန်မတို့ Magician suite မှာနေလို့ ဖြစ်ပါ့မလား..."


ချူယင်း ဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။


ဟိုတယ်အခန်းစောင့်ကောင်လေးက သူတို့အား အခန်းသို့ ဦးဆောင်ခေါ်သွားသော်လည်း အခန်းတံခါးဝသို့ ရောက်သောအခါ ပြုံး၍ ပြန်သွားတော့သည်။


ချူယင်းက ခရီးသွားအိတ်ကို မလိုက်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။


တံခါးပွင့်သွားသောအခါ အထဲမှ တစ်စုံတစ်ခုက လွင့်လာသော‌ကြောင့် ချူယင်းသည် လျင်မြန်စွာပင် သူ့အနောက်မှ မိန်းကလေးအား ကာကွယ်လိုက်သည်။


သေချာကြည့်လိုက်သောအခါမှ ထိုအရာသည် ပန်းရောင်ပူဖောင်းတစ်လုံးဖြစ်နေလေသည်။


စုယိသည် တံခါးကို ပို၍ကျယ်အောင်တွန်းဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်း‌ကြောင့် အလွန်အံ့အားသင့်သွားရသည်။


ပူဖောင်းများက မျက်နှာကျက်နား၌ လွင့်နေကြကာ တံခါးနား၌လည်း နှင်းဆီပွင့်ဖတ်များကို အသည်းပုံစံပြုလုပ်ထားသည်။ စားပွဲပေါ်၌လည်း ဝိုင်ပုလင်းများနှင့် အရုပ်များကို ခပ်ရေးရေးမြင်နေရသည်။


အခန်းက လက်ထပ်ခွင့်တောင်းတော့မည့်စုံတွဲ နေထိုင်မည့်အခန်းကဲ့သို့ ဖြစ်နေလေသည်။


ချူယင်း၏မျက်နှာသည် မခန့်မှန်းနိုင်သော မျက်နှာထားဖြစ်နေလေသည်။ မျက်လုံးများက အနည်းငယ်မှေးနေကြကာ မျက်မှောင်များကျုံ့၍ မျက်နှာတစ်ခုလုံး နားမလည်မှုများဖြင့် ပြည့်နေလေသည်။


စုယိသည် မထိန်းနိုင်တော့ပဲ ချူယင်း၏ပုခုံးကိုမှီကာ ခပ်တိုးတိုးရယ်လိုက်မိသည်။


ချူယင်းက ဘေးသို့ကြည့်လိုက်သည်။ စုယိ၏ ဆံပင်များက သူမ၏လှုပ်ရှားမှုနှင့်အတူ လိုက်ရွေ့နေကြကာ ဆံပင်မှ မွှေးရနံ့များကလည်း ပိုမွှေးလာကြ၍ တစ်ခါတစ်ရံ၌ နားရွက်လေးကိုလည်း လှစ်ခနဲ မြင်သွားရသည်။


ချူယင်းက လက်ကိုမြှောက်ကာ စုယိ၏ခေါင်းကို အကြိမ်အနည်းငယ်ပုတ်လိုက်သည်။


"ကိုယ့်ရဲ့ လက်ထောက်က ဘွတ်ကင်ယူထားပေးတာ...ရယ်မနေနဲ့..."


ချူယင်း၏အမိန့်ပေးသံက ရယ်သံအနည်းငယ်စွက်နေသည်။ စုယိက ပြန်မတ်ကာ ရယ်မော၍ အခန်းထဲသို့ အရင်ဝင်သွားလိုက်သည်။


ဝင်ဝင်ချင်းမှာပင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု စုယိ ထင်လိုက်မိသည်။


ဤ suite အခန်း၌ အဘယ်ကြောင့် အိပ်ခန်းနှစ်ခန်းရှိနေရပါသနည်း။


စုယိ အရှေ့နား၌ရှိ‌သော အခန်းကို အရင်ကြည့်လိုက်သည်။ ထိုအိပ်ခန်းမှာ ရှင်းလင်း၍ သပ်ရပ်နေကာ သာမာန်အိပ်ခန်းတစ်ခုပင်ဖြစ်၍ အခြားအိပ်ခန်းကတော့ ကုတင်ပေါ်၌ နှင်းဆီပွင့်ဖတ်များနှင့် အချင်းချင်းဖက်ထားကြသော ဝက်ဝံရုပ်လေးများပင် ရှိနေသည်။


ဤအခန်းသည် အဘယ်ကြောင့် အိပ်ခန်း ၂ ခန်းပါသော အခန်းဖြစ်နေရပါသနည်း။


မျှော်လင့်ထားသည့်အတိုင်းပင် ချူယင်းက အခန်းထဲသို့ဝင်လာသောအခါ တန်းမေးလိုက်သည်။


"မင်း ဘယ်အခန်းမှာ နေချင်လဲ..."


ချူယင်းက ပြောပြီးသောအခါ အခန်းများထဲသို့ပင် ဝင်ကြည့်နေလိုက်သေးသည်။


"ဒီအခန်းက ရှုခင်း‌ကောင်းတယ်..."


'ဘယ်အခန်းလဲက အရေးမကြီးဘူး...အရေးကြီးတာက ကျွန်မ ရှင်နဲ့တူတူအိပ်ချင်တာလေ...'


ရှုခင်းကောင်းသောအခန်းထဲသို့ ချူယင်းက သူမ၏ ခရီးဆောင်အိတ်ကို ဆွဲယူသွားသည်ကို စုယီသည် ဘာမှမတတ်နိုင်ပဲ ကြည့်နေရတော့သည်။


ချူယင်းပြန်ထွက်လာသောအခါ မတ်တပ်ရပ်နေဆဲရှိနေသော စုယိအား မြင်သွားသည်။


"ဘာဖြစ်လို့လဲ..."


စုယိပြောချင်သောစကားများသည် လည်ချောင်းနားသို့ ရောက်နေပြီဖြစ်သော်လည်း ထိုစကားများအစား စုယိပြောလိုက်မိသည်က-


"ကျွန်မ ဖုန်းပျောက်သွားတော့ ဝူရွှယ်က ကျွန်မနဲ့အဆက်အသွယ်မရဖြစ်ပြီး စိတ်ပူနေမှာစိုးလို့..." ဟူ၍ဖြစ်သည်။


ချူယင်းက သူ့ဖုန်းကို စုယိအား လှမ်းပေးလိုက်သည်။


စုယိသည် မကြာသေးမီကပင် နာမည်ကြီးနေသော သတင်းဆွေးနွေးမှုတစ်ခုကို ဖတ်ခဲ့ရသည်။ ထိုဆွေးနွေးမှုမှာ ယနေ့ခေတ်၌ ဖုန်းများတွင် ငွေပေးချေသည့်နည်းလမ်းများစွာ ရှိနေသောကြောင့် အမျိုးသားများသည် သူတို့၏ ရည်းစားများကို လွယ်လွယ်နှင့် ဖုန်းကိုမပေးကြ ဟူသောခေါင်းစဉ်ဖြစ်သည်။ တကယ်တော့ အမျိုးသားများ၏ ဖုန်းထဲ၌ အခြားလူများနှင့် ပြောထားသော စည်းဝါးမလွတ်သည့် မတ်ဆေ့ခ်ျနှင့် အခြားအကြောင်းအရာများ ရှိနေသောကြောင့် သူတို့၏ရည်းစားများအား ဖုန်းပေးမကိုင်ခြင်း ဖြစ်လေသည်။


သို့သော် ချူယင်းကတော့ စကားတစ်ခွန်းမပြောပဲ ဖုန်း၏ လော့ခ်ကိုဖွင့်ကာ မျက်တောင်တစ်ချက်ပင်မခတ်ပဲ စုယိအား ပေးလိုက်တော့သည်။


စုယိက ဖုန်းကို လှမ်းမယူချေ။


"ဝူရွှယ်ရဲ့ဖုန်းနံပါတ်ကို ကျွန်မ မမှတ်မိဘူး..."


"ကိုယ့်ဖုန်းထဲမှာ ရှိတယ်..."


စုယိ ဆွံ့အသွားသည်။


"ဘာဖြစ်လို့ သူ့နံပါတ်က ရှင့်ဖုန်းထဲမှာ ရှိနေတာလဲ..."


ချူယင်းက ပြောလိုက်သည်။


"သူက မင်းရဲ့ အေးဂျင့်မဟုတ်ဘူးလား...အရင်က ကိုယ့်ကို ဖုန်းခေါ်ဖူးတော့ နောက်ကျရင်လည်း အဆင်ပြေအောင် မှတ်ထားလိုက်တာလေ..."


စုယိက ယခုမှသာ စိတ်အေးသွား၍ "ဪ..." ဟု ပြောကာ ဖုန်းကို လှမ်းယူလိုက်သည်။


စုယိသည် ချူယင်း၏ဖုန်းထဲသို့ သူမ၏ဖုန်းနံပါတ် မှတ်ပေးလိုက်စဉ်က နံပါတ်များကိုသာ နှိပ်ပေးလိုက်၍ contact ထဲသို့ ဝင်မကြည့်ဖြစ်ခဲ့ပေ။ ယခု ဖွင့်ကြည့်လိုက်သောအခါမှသာ ချူယင်း၏ contact စာရင်းသည် ရှင်းလင်းရိုးရှင်းလှသည်ကို တွေ့လိုက်ရလေသည်။ စုယိမှလွဲ၍ အခြားလူများအားလုံးကို နာမည်တစ်လုံးစီဖြင့်သာ မှတ်ထားသည်။ ထို့အပြင် မှတ်ထားသည့် contact အရေအတွက်ကလည်း နည်းလွန်းလှသည်။ ဖုန်းနံပါတ်များကို မမှတ်မိ၍ လူအများကြီးနှင့်လည်း သိကျွမ်းသောစုယိ၏ contact စာရင်းကတော့ ချူယင်းထက် ဆယ်ဆများလေသည်။


Contact ထဲတွင် နံပါတ်အနည်းငယ်သာရှိ‌‌သော်လည်း ဝူရွှယ်၏နံပါတ်ကိုရှာတွေ့ရန် အချိန်အနည်းငယ် ကြာသွားသေးသည်။


.....အဘယ်ကြောင့်ဆိုသော် ချူယင်းသည် ဝူရွှယ်အား "ကျင်း"(အေးဂျင့် ဆိုသောအဓိပ္ပာယ်) ဟု တစ်လုံးတည်းသာ မှတ်ထားသောကြောင့် ဖြစ်သည်။


စုယိ ဝရံတာသို့ ထွက်သွားလိုက်သည်။


ဝူရွှယ်က ဖုန်းကို အမြန်ကိုင်လေသည်။


"ဟယ်လို ဒါရိုက်တာချူ...ဘာကိစ္စရှိလို့ပါလဲ..."


"ရွှယ်ရွှယ်လေး..."


ဝူရွှယ်၏လေသံသည် ချက်ချင်းပင် ပြောင်းသွားသည်။


"နောက်ဆုံးတော့ နင်ပေါ်လာပြီပေါ့...ငါက ဒါရိုက်တာချူ နင့်ကို ရောင်းစားသွားပြီထင်လို့ ၁၁၀(ရဲ) ကို ခေါ်မလို့တောင် လုပ်နေပြီ..."


စုယိကတော့ ထိုစကားများကို မယုံပေ


"ဟုတ်လို့လား...အဲ့ဒါဆို အခု ချူယင်းရဲ့ဖုန်းကို ကိုင်တုန်းက နင့်လေသံက အရမ်းကို ရင်းနှီးချိုသာနေတယ်လို့ ငါဘာဖြစ်လို့ ခံစားနေရပါလိမ့်..."


"ငါက တခြားဘာလုပ်လို့ရမှာလဲ...သူ့ကို ဆူရမှာလား...အဲ့ဒါဆိုရင် နင့်ကို ပြန်ရှာမတွေ့တဲ့အပြင် ငါ့အလုပ်ပါပြုတ်သွားမှာပေါ့...မတန်ဘူးလေ..."


ဝူရွှယ်က ပြောပြီးသောအခါ မေးလိုက်သည်။


"နင်တစ်နေ့လုံး ဘာဖြစ်လို့ ဖုန်းမကိုင်ရတာလဲ ငါ့ကို ပြောစမ်းပါဦး...ဆေးချနေတာလား..."


"ငါနည်းနည်းတော့ ဆေးကြောင်နေပြီထင်တယ်..."


စုယိက ဝရံတာလက်ရန်းများကိုမှီ၍ ရှုခင်းကိုကြည့်ကာ ပြောလိုက်သည်။


"ဒါပေမယ့် အဲ့ဒါကြောင့် နင့်ဖုန်းကိုမကိုင်တာမဟုတ်ပါဘူး...ငါ့ဖုန်းက ရေထဲကျသွားလို့..."


"ဘာ..."


ဝူရွှယ်က ခဏမျှ စကားပြောရပ်သွားသည်။


"ရေထဲကျသွားရင် ပြန်ကောက်ပြီး အခြောက်ခံပြီး ပြန်သုံးလေ..."


"ငါကောက်လို့မရဘူး...ကစားကွင်းထဲက မြစ်ထဲကို ပြုတ်ကျသွားတာ..."


ဝူရွှယ်က ပြောသည်။


"အဲ့က ဝန်ထမ်းတွေကိုပြောပြီး ကောက်ခိုင်းလို့မရဘူးလား...နင်က နာမည်ကြီးမင်းသမီးတစ်ယောက်လေ...ဖုန်းကို ဘယ်လိုများ လက်လွတ်စပယ် ပျောက်အောင် လုပ်ခဲ့ရတာလဲ...


"အဲ့ဒါက လှေစီးတဲ့နေရာလေ...ရေထဲမှာက ပင်လယ်ထဲကို လုံးဝမြုပ်သွားတဲ့ပုံစံလို လုပ်ထားတာ...ငါ အဲ့ဒါကိုကြောက်တတ်တာ နင်လည်း သိရဲ့သားနဲ့...ငါ ဝန်ထမ်းကိုယူခိုင်းဖို့စဉ်းစားမိတော့ အပြင်ရောက်သွားပြီ..."


စုယိက ပြောလိုက်သည်။


"ထားလိုက်ပါ...တခြား ဘယ်သူမှလည်း တွေ့မှာမဟုတ်ပါဘူး...တကယ်လို့ ရှာတွေ့ရင်တောင်မှ ငါ့ဖုန်းက အန္တရာယ်မရှိပါဘူး...selfie ပုံတောင် နည်းနည်းပဲရှိတာ..."


Xxxxxxxx


 [ E/Notes ]


 [1] ilo သည် 'Ai Lao' မှစကားလုံးတွေကိုတွဲသုံးထားခြင်းဖြစ်ပြီး 'Boss' သို့မဟုတ် တစ်စုံတစ်ခုတွင် အမှန်တကယ် ထူးချွန်သူတစ်ဦးကို ရည်ညွှန်းလေ့ရှိသည်။