Chapter 37
တစ်ဖက်မှ ဝူရွှယ်က စကားများစွာဆက်ပြောနေသော်လည်း စုယိကတော့ နားထောင်ရင်း အိပ်ငိုက်လာသည်။ စုယိသည် လှည့်၍ အခန်းထဲသို့ ကြည့်လိုက်ရာ ချူယင်း၏ လက်မောင်းမှ ကြွက်သားများ လှုပ်နေသည်ကို တွေ့လိုက်ရသည်။
စုယိ၏ အိပ်ချင်မှုသည် ချက်ချင်းပင်ပျောက်သွားသည်။ စုယိသည် ချူယင်းကိုကြည့်နေသည်ကို ရပ်၍ ပြောလိုက်သည်။
"ရွှယ်ရွှယ်လေး ငါဖုန်းချလိုက်တော့မယ်...ငါ့ကို ဖုန်းအသစ်ဝယ်ပေးဦးနော်..."
"အလျင်လိုလိုက်တာ...ငါစကားပြောလို့တောင် မပြီးသေးဘူးလေ..."
ဝူရွှယ်က အပြစ်တင်လိုက်၍ ပြီးမှ မေးလိုက်သည်။
"ဖုန်းက ဘာအမျိုးအစားဝယ်ရမှာလဲ..."
"ဘာဖြစ်ဖြစ် ရတယ်..."
ထို့နောက် စုယိသည် ဖုန်းကိုချလိုက်၍ အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။
ချူယင်းက ဆိုဖာပေါ်၌ထိုင်ကာ ပန်းသီးကို အခွံနွှာနေသည်။ စုယိပြန်ဝင်လာသည်ကို မြင်သည့်အခါ ပန်းသီးကို စုယိ၏ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
"ပြီးပြီလား..."
စုယိက ပန်းသီးကို တစ်ကိုက်ကိုက်လိုက်၍ ဖုန်းကိုပြန်ပေးပြီး ဖြေလိုက်သည့်အချိန်တွင်အသံက အနည်းငယ် ဗလုံးဗထွေးဖြစ်သွားသည်။
စုယိသည် ချူယင်းဘေး၌ ထိုင်လိုက်၍ ရီမုတ်ဖြင့် တီဗီကို ဖွင့်လိုက်သည်။ တီဗီ၌ "Beauty And The Beast" ရုပ်ရှင် ပြနေလေသည်။
စုယိက နတ်သမီးပုံပြင်များကို သိပ်စိတ်မဝင်စားပေ။ ထို့ကြောင့် ချူယင်း၏ပခုံးပေါ်သို့မှီကာ ပြောလိုက်သည်။
"ဝိုင်ပုလင်း ဖောက်ကြရအောင်..."
ချူယင်းက စုယိကို ငုံ့ကြည့်လိုက်သည်။
"မင်းသောက်ချင်လို့လား..."
စုယိက အလျင်အမြန် ခေါင်းငြှိမ့်ပြလိုက်သည်။
ချူယင်းက စုယိထံမှ အကြည့်လွှဲလိုက်ကာ ငြင်းလိုက်သည်။
"မဖောက်ဘူး..."
“???”
"ကိုယ်ပြောပြီးပြီလေ...မင်းက အရက်ကို ခံနိုင်ရည်မရှိပါဘူးဆို..."
"ဝိုင်နီသောက်ရုံနဲ့တော့ အရက်မမူးဘူးလေ..."
စုယိက ခံပြောလိုက်သည်။
"ပြီးတော့ ကျွန်မက ခံနိုင်ရည်ရှိလွန်းလို့...အရင်တုန်းက အဖွဲ့နဲ့တူတူသောက်ရင် ဘယ်သူမှ ကျွန်မကို ကျော်အောင် မသောက်နိုင်ဘူး..."
စုယိသည် ပုံမှန်အားဖြင့် စားပွဲသောက်ပွဲများသို့ မသွားတတ်သော်လည်း သူမ ရိုက်ကူးထားသည့် ရုပ်ရှင်များ၏ အဖွင့်ပွဲနှင့် အပိတ်ပွဲများကိုတော့ မသွား၍မရချေ။
ချူယင်းက သူမကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။
"မင်းက ခဏခဏ အရက်သောက်တယ်ပေါ့..."
"အင်းလေ..."
စုယိက ပြောလိုက်သည်။
"အရင်တစ်ခေါက်ကဆိုရင် ပရိုဂျူဆာတစ်ယောက်က ကျွန်မနဲ့ Baijiu ကို လာလာပြီး toast လုပ်နေတာ..."
[T/N: Baijiu - တရုတ်ရိုးရာအရက်တစ်မျိုး]
စုယိ၏ အရက်သောက်ခံနိုင်စွမ်းကို ချူယင်း တွေ့ဖူးပါသည်။ Baijiu မပြောနှင့်၊ ဘီယာတစ်ခွက်လောက်သောက်လျှင်ပင် စုယိ မူးနေပြီဖြစ်သည်။ ချူယင်းသည် တိတ်တိတ်သာနေလိုက်၍ စုယိဆက်ပြောမည်ကို စောင့်နေလိုက်သည်။
စုယိက လျှို့ဝှက်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။
"ကျွန်မ အရက်မမူးအောင် ဘယ်လိုလုပ်ခဲ့လဲ ရှင်မှန်းကြည့်..."
ချူယင်းကလည်း စုယိ စိတ်တိုင်းကျ လိုက်ပြောပေးလိုက်သည်။
"ဟင်း...?"
"အရက်နှစ်ခွက်သောက်ပြီးတိုင်း အိမ်သာထဲသွားပြီး လက်ထိုးအန်လိုက်တာ..."
စုယိက ခဏစဉ်းစားပြီးမှ ဆက်ပြောလိုက်သည်။
"အဲ့လိုအန်တာကို ကျွန်မ လေး ငါးခါလောက် လုပ်ခဲ့တယ်ထင်တယ်...တခြား အမျိုးသမီး အနုပညာရှင်တွေက ပိန်ချင်လို့ အန်ကြတာ...ကျွန်မကတော့ ပိန်ချင်လို့မဟုတ်ပါဘူး...အဲ့ဒီ ပရိုဂျူဆာ မမူးခင် ကျွန်မ မမူးအောင်လို့...နောက်ဆုံးတော့ အဲ့ဒီပရိုဂျူဆာလည်း အမူးလွန်ပြီး ကြမ်းပေါ်မှာ လူးလှိမ့်နေတာပဲ...ကျွန်မဘယ်လောက်တောင် ပျော်သွားရလဲ ရှင်စဉ်းစားကြည့်..."
စုယိက ပြောရင်းဖြင့် ကျေနပ်စွာ ပြောလိုက်သည်။
သို့သော် ချူယင်းက မျက်နှာတည်တည်ဖြင့် "ဘယ် ပရိုဂျူဆာလဲ..." ဟုမေးလိုက်သောအခါတွင်တော့ စုယိမျက်နှာမှ အပြုံးက ပျောက်ကွယ်သွားရတော့သည်။
"ကျွန်မ မေ့သွားပြီ..."
စုယိက ပြောလိုက်သည်။
"အဲ့ဒီဇာတ်ကားကိုလည်း နောက်ဆုံးမရိုက်ဖြစ်သွားပါဘူး...စပြီးရိုက်တုန်းပဲရှိသေးတယ် အဲ့ဒီပရိုဂျူဆာမှာ တရားမဝင်ကလေးတွေ အများကြီးမွေးထားလို့ သူ့မိန်းမက ကွာရှင်းလိုက်တာ...တရားသူကြီးက သူ့ကို လျော်ကြေးတွေအများကြီး ပေးခိုင်းလိုက်လို့ ပိုက်ဆံတွေအကုန်ဆုံးသွားတယ်လေ...အဲ့ဒါကြောင့် သူ ဇာတ်ကားမှာ ရင်းနှီးထားတဲ့ပိုက်ဆံတွေကို ပြန်ထုတ်လိုက်ရတယ်..."
စုယိသည် ထိုအကြောင်းကို ဤမျှနှင့်ပင်ရပ်လိုက်တော့သည်။ သူမ ဤနေရာသို့ ရောက်နေခြင်းမှာ ချူယင်းနှင့် အိပ်ဖို့သာဖြစ်သည်။ ဇာတ်လမ်းများပြောပြနေရန် မဟုတ်ပေ။
အခန်းထဲ၌ ကြီးမားသော ရေချိုးခန်းတစ်ခန်းသာရှိသည်။ စုယိသည် ကိုယ်ကို မတ်မတ်ထိုင်လိုက်၍ လက်ထဲမှ ပန်းသီးကို လှုပ်ပြကာ ပြောလိုက်သည်။
"ရှင် အရင် ရေသွားချိုးမလား...ကျွန်မက ပန်းသီးစားလို့ မပြီးသေးဘူး..."
ချူယင်းသည် သူ၏အနက်ရောင်အားကစားအိတ်ထဲမှ အင်္ကျီတစ်စုံကိုယူကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
စုယိသည် သူမ၏အခန်းထဲသို့ တိတ်တဆိတ်ဝင်သွား၍ အိတ်ကိုဖွင့်ကာ သူမတစ်ညလုံး သေချာရွေးချယ်ထားသည့် ညဝတ်ဂါဝန် နှင့် ရေချိုးဆပ်ပြာဘူးအသေးလေးကို ထုတ်ယူလိုက်သည်။
ထို့နောက် ညဝတ်ဂါဝန်ကို ဆိုဖာပေါ်သို့တင်၍ ရေချိုးခန်းထဲမှ ရေဖွင့်သံကြားသည်နှင့် ရေချိုးခန်းဆီသို့ အပြေးလေးသွားလိုက်ကာ ခိုးရယ်၍ တံခါးကိုခေါက်လိုက်သည်။
ရေကျသံက ရပ်သွားသည်။
"ဘာလဲ..."
"ကျွန်မသုံးတဲ့ ရေချိုးဆပ်ပြာတံဆိပ်နဲ့ဆင်တူကို ရှင့်ဖို့လည်း ယူလာပေးမယ်လို့ ကျွန်မပြောထားတယ်လေ..."
အထဲမှ ခြေသံများ ထွက်ပေါ်လာသည်။ ချူယင်းသည် တံခါးကိုဆွဲဖွင့်လိုက်ရာ ရင်ဘတ်က ပေါ်လာသည်။ ခါး၌ တဘက်ကိုပတ်ထား၍ ရေများက ခန္ဒာကိုယ်တစ်လျှောက် စီးကျနေလေသည်။ ရေစက်များသည် သူ၏ရင်ဘတ်မှနေ၍ တဘက်ထဲသို့ စီးဝင်သွားကာ....အဆုံးသတ်နေရာကိုတော့ မမြင်ရပေ။
စုယိသည် အချိန်ကြာမြင့်စွာဖြင့် ဆပ်ပြာဘူးလေးကိုကိုင်ကာ ချူယင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ငေးကြည့်နေလေသည်။ ချူယင်းက အနည်းငယ်ပြုံးလိုက်သည်။
"ဘာလဲ..."
စုယိသည် ယခုမှပင် အသိပြန်ဝင်လာကာ ခုနက စဉ်းစားထားသမျှ အစီအစဉ်များအားလုံးကို မေ့သွားကာ မျက်နှာကိုလက်နှင့်အုပ်၍ ဆပ်ပြာဘူးကို ချူယင်းလက်ထဲသို့ ထိုးပေးကာ ပြေးထွက်သွားလေတော့သည်။
စုယိသည် ယခင်က ကြွက်သားများပြည့်နေသော ယောင်္ကျားများကို မကြိုက်ချေ။
သို့သော် ချူယင်းနှင့် တွေ့ပြီးသည့်နောက်ပိုင်းတွင်သော ထိုကြွက်သားများကို ကြိုက်စပြုလာမိသည်။ ချူယင်း၏ခန္ဓာကိုယ်သည် တိကျသေသပ်သော တြိဂံပြောင်းပြန်ပုံစံဖြစ်နေ၍ ကြွက်သားများကလည်း အချိုးအစားကျကာ ခွန်အားသန်မာလေသည်။ ကြွက်သားများသာကြီးနေ၍ ဦးနှောက်မရှိသော ကာယဗလပြသူများနှင့် အားကစားလေ့ကျင့်သူများ၏ ခန္ဓာကိုယ်များနှင့် တခြားစီပင်ဖြစ်သည်။
သို့သော် ယခုမှ စုယိစဉ်းစားမိသည်မှာ သူမ၏ အလှပြင်ပေးသူမိန်းမလျာသည်လည်း ထိုကဲ့သို့ ကြီးမားသောကြွက်သားများရှိလေသည်။
....ထိုသို့ ကြွက်သားများရှိသော ယောင်္ကျားများကို စုယိမကြိုက်မိသည်မှာ ထိုအကြောင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။
ရေချိုးခန်းထဲ၌ ချူယင်းသည် ဆပ်ပြာဘူးလေးအား စင်ပေါ်သို့ တင်လိုက်သည်။ ယခုမှ သေချာကြည့်မိသောအခါ စင်ပေါ်၌ အခြား ဘူးသေးသေးလေးများလည်း များစွာရှိနေသည်ကို တွေ့လိုက်ရသည်။
ဟိုတယ်တိုင်းသည် ရေချိုးခန်းထဲ၌ ဤကဲ့သို့ အသုံးအဆောင်ပစ္စည်းလေးများ ထားပေးထားကြသည်မှာ ပုံမှန်ပင်ဖြစ်သော်လည်း ယခု စင်ပေါ်၌ရှိနေသော ပစ္စည်းများက သာမာန်ထက် ပိုများနေကြသည်။ ဤပစ္စည်းများသည် ချူယင်းလက်ထောက်၏ "ဂရုစိုက်မှုလေးများ" ဖြစ်သည်မှာ ခန့်မှန်းရလွယ်ပါသည်။ စင်ပေါ်၌ ပစ္စည်းများမှာ တံဆိပ်နှစ်မျိုးမှဖြစ်၍ တံဆိပ်တစ်မျိုးမှ ပစ္စည်းများက များစွာရှိနေသည်။
ချူယင်းသည် ခဏမျှစဉ်းစားပြီး၍ ဘူးလေးများတစ်ဝက်လောက်ကို စင်ပေါ်၌ ချန်ထား၍ ကျန်တစ်ဝက်ကို လက်ဆေးဘေစင်အောက်ရှိ အံဆွဲထဲသို့ ထိုးထည့်ထားလိုက်တော့သည်။
ရေချိုးပြီးသည့်အခါ ချူယင်းသည် တံခါးကိုဆွဲဖွင့်လိုက်ရာ မလှမ်းမကမ်း၌ ညအိပ်ဂါဝန်နှင့် ပုလင်းများကို သယ်၍ ရပ်နေသော စုယိကို တွေ့လိုက်ရသည်။
စုယိ၏ ကြီးမားသော ခရီးဆောင်အိတ်ကြီးထဲ၌ ဘာတွေပါသည်ကို ယခုမှပင် ချူယင်း ရေးရေး ခန့်မှန်းနိုင်တော့သည်။
စုယိသည် အနည်းငယ် ကြောက်နေမိသည်။ ပုံမှန်လိုသာဆိုလျှင်တော့ တစ်ယောက်ယောက်ကို ဖုန်းခေါ်၍ အကူအညီတောင်းမိမည်ဖြစ်သော်လည်း ချူယင်း၏ဖုန်းကို သူမ မဖွင့်တတ်ပေ။ ဤအကြောင်းများကိုသာ ကြိုသိခဲ့လျှင် ဝူရွှယ်နှင့်ဖုန်းအား မြန်မြန်ချမပစ်ပဲ ဝူရွှယ့်ထံမှ အကြံဉာဏ်ကြိုတောင်းမိမည်ဖြစ်သည်။
ချူယင်းက အနားသို့လျှောက်လာကာ ပြောလိုက်သည်။
"စိုက်ကြည့်မနေနဲ့လေ...ရေသွားချိုးတော့..."
ခုနကပင် ရေနွေးနှင့် ရေချိုးထား၍လားမသိသော်လည်း ချူယင်း၏အသံသည် ယခင်ကထပ်ပို၍ ခပ်ရှရှဖြစ်နေသည်။
စုယိသည် ရေချိုးခန်းထဲဝင်လာသောအခါ သူမ၏ခြေထောက်များက တုန်ယင်နေကြလေသည်။
ရေချိုးခန်းထဲရှိ မှန်ထဲ၌ သူမကိုယ်သူမ ကြည့်လိုက်ရာ ပါးများသည် နှင်းဆီကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသည်။ စုယိ၏ပုံမှာ လောလောလတ်လတ်ဆေးခတ်ခံထားရသကဲ့သို့ ဖြစ်နေလေသည်။
ကိစ္စတော့မရှိပါ။ ချူယင်းသည် စုယိအတွက် လမ်းလျှောက်တတ်သော ဆေးသဖွယ်ပင် ဖြစ်နေသည်မဟုတ်လား။
စုယိသည် ခန္ဓာကိုယ်ကို သေချာစွာ သန့်စင်ဆေးကြောလိုက်သည်။ ဆံပင်ကို လေမှုတ်စက်ဖြင့် မှုတ်ပြီးသောအခါ သူမ ယူလာသောပစ္စည်းများကိုကြည့်၍ ပြန်လန့်လာမိပြန်သည်။
လိုးရှင်းလိမ်းလျှင်ကောင်းမည်လား။ လိုးရှင်းသည် စား၍ရလား မရလား စုယိမသိချေ။
စုယိသည် စိတ်ထဲ၌ သေချာစဉ်းစားပြီးသောအခါမှ ဆုံးဖြတ်ချက်ချ၍ ကောက်ယူလိုက်သောအခါ သူမ၏ခန္ဓာကိုယ်သည် တစ်ခုခုဖြစ်သွားသည်ကို ခံစားလိုက်မိတော့သည်။
“………”
ဧည့်ခန်းထဲတွင်...။
ချူယင်းက သူ့လက်ထောက်ကို ခေါ်မည်အလုပ်တွင် ချူရှီးဆီမှ ဖုန်းဝင်လာသည်။
"ကိုကို!..."
ချူရှီး၏အသံက ကျယ်လောင်နေသည်။
"ညီမလေး သဘောမတူနိုင်ဘူးနော်..."
ချူယင်းက နားမလည်ဖြစ်သွားသည်။
"ကိုကို အခု စုယိနဲ့ ရှိနေတာမလား..."
ချူရှီးကပြောလိုက်သည်။
"သမီး သတင်းတွေမှာတွေ့တယ်...ကိုကိုတို့နှစ်ယောက်လုံး Disney ကိုရောက်နေကြတာ..."
ချူယင်းက အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ..."
"တူတူမရှိရဘူး...စုယိကို ညီမလေးမကြိုက်ဘူး...သူ့ကို ယောင်းမ မတော်နိုင်ဘူး...'
ချူရှီးက အော်ဟစ်နေတော့သည်။
"ကိုကို...ကိုကိုမေ့သွားပြီလား...အဲ့ဒီမိန်းမက လူတကာနဲ့ ဖောက်ပြန်နေတာလေ...လျန့်ပေါနဲ့ရော ဟိုသူဌေးကြီးနဲ့ရော..."
"ချူရှီး..."
"ဘာလဲ...ညီမလေးပြောလို့မပြီးသေးဘူး..."
ချူယင်းကပြောလိုက်သည်။
"အဲ့ဒီသူဌေးကြီးက ငါပဲ..."
“……..”
"နင် ခုနကပြောတာ အဖေက နင့်ရဲ့ ပိုက်ဆံကဒ်တွေ အကုန်သိမ်းထားတယ်ဆို..."
ချူယင်းက လေသံမပြောင်းလဲပဲပြောလိုက်သည်။
"ဒီလတွေမှာ နည်းနည်းခြွေတာသုံးသင့်တယ်..."
ချူရှီးက ချူယင်းအား တောင်းပန်ဖို့ပြင်နေဆဲမှာပင် မိန်းမသံတစ်သံကို ကြားလိုက်ရသည်။
"....ချူယင်း..."
ချူယင်းက လှည့်ကြည့်လိုက်ရာ ရေချိုးခန်းထဲမှ စုယိသည် ကူကယ်ရာမဲ့နေသည့်ပုံစံဖြင့် ခေါင်းပြူထွက်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ..."
စုယိကိုကြည့်ရသည်မှာ တစ်မျိုးဖြစ်နေသည်။ စုယိသည် ကိစ္စကို ကြားကောင်းအောင် မည်သို့ပြောရမည်လဲကို ခဏမျှစဉ်းစားနေလိုက်သေးသည်။
"ကျွန်မ...ကျွန်မ...သွေးထွက်နေလို့..."
ချူယင်းက ဖုန်းကို ချက်ချင်းချလိုက်ကာ ထရပ်၍ စုယိနားသို့လျှောက်လာသည်။
"ကိုယ့်ကိုပြ..."
"မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး..."
စုယိ၏မျက်လုံးများက ပြူးကျယ်သွား၍ လက်များကို အလန့်တကြားခါလိုက်သည်။
"ရှင်ကြည့်လို့ မရဘူး..."
ချူယင်း၏မျက်နှာက တည်သွားသည်။
"မင်းကို သွေးတိတ်အောင်လုပ်ပေးနိုင်မယ့်ပစ္စည်းတွေ ကိုယ့်မှာရှိတယ်လေ..."
"မဟုတ်ဘူး...မဟုတ်ဘူး..."
စုယိက ဘာလုပ်ရမည်မသိဖြစ်နေသည်။ ချူယင်းက ရေချိုးခန်းထဲ ဝင်လာတော့မည်လုပ်နေသောကြောင့် စုယိက အော်ပြောလိုက်သည်။
"ဟို...ဟိုအချိန် ရောက်လာတာ..."
ချူယင်းက ရပ်လိုက်သော်လည်း ယခုထိ နားမလည်နိုင်ဖြစ်နေသည်။
"ဘာအချိန်လဲ..."
ဤအမျိုးသားသည် သစ်သားနှင့် ပြုလုပ်ထားတာများလား...။
"...ရာ...ရာသီလေ..."
ယခုမှပင် ချူယင်းသဘောပေါက်သွားတော့သည်။
ဗိုလ်ကြီးယင်း၏မျက်နှာသည် လွန်ခဲ့သောနှစ်များနှင့်ယှဉ်လျှင် ယခုအချိန်တွင်ဖြစ်သွားသည့်မျက်နှာက ရယ်စရာအကောင်းဆုံးပုံဖြစ်ပေသည်။
ချူယင်းသည် ကူကယ်ရာမဲ့သွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် အကြာကြီးရပ်နေပြီးမှ မေးလိုက်သည်။
"ကိုယ် ဘာလုပ်ပေးရမလဲ..."
"...ကျွန်မ ဟိုဟာမပါလာဘူး..."
စုယိ၏ယခင်က ရာသီလာချိန်များသည် နာရီထက်ပင် တိကျသေးသည်။ ယခုလမှပင် လာရမည့်ရက်ထက် လေးရက် စောနေတော့သည်။
စုယိက ဆက်ပြောလိုက်သည်။
"အဲ့ဒါ ရှင်...."
ချူယင်းက ချက်ချင်းပင် အပြင်ထွက်ရန်ပြင်လိုက်သည်။
"ကိုယ် သွားဝယ်ပေးမယ်..."
စုယိက လှမ်းအော်လိုက်သည်။
"နေဦး..."
စုယိသည် အခန်းထဲပြန်ဝင်ကာ အိတ်ထဲမှ တစ်စုံတစ်ခုကိုရှာ၍ တံခါးဆီသို့ ပြန်သွားကာ ချူယင်းအား လက်ယပ်ခေါ်လိုက်သည်။
ချူယင်းက အနားသို့လျှောက်လာသည်။
စုယိကပြောလိုက်သည်။
"ရှင့်ရဲ့လက်ပေး..."
ချူယင်းက လက်ကို ဆန့်ပေးလိုက်သည်။ ခဏအကြာတွင် လက်ပေါ်၌ ချွန်ထက်သောအရာတစ်ခုကို ခံစားလိုက်ရသည်။
"ပြီးပြီ..."
ချူယင်းသည် လက်ကိုပြန်ဆွဲယူ၍ ကြည့်လိုက်သည်။
လက်ဖဝါးပေါ်၌ လက်ရေးလှလှလေးဖြင့်ရေးထားသော စာတန်းလေးတစ်ခုရှိနေသည်။
"Seventh Space မိန်းကလေးများအတွက် စီးရီး...ချည်သားစစ်စစ်မျက်နှာပြင်...ညသုံး ၂၇၅ မီလီမီတာ..."
စာကြောင်းအဆုံး၌ အသည်းပုံလေးပင် ဆွဲထားလိုက်သေးသည်။
___________________________________________