Chapter 38
ဗိုလ်ကြီးယင်းသည် ပစ္စည်းများဖြင့်ပြည့်နေသော စင်ရှေ့၌ရပ်ကာ အတွေးများထဲ နစ်မြုပ်နေလေသည်။
သူ့ဘေးတွင်တော့ မိန်းကလေးများသာရှိပြီး ချူယင်းအား အကြည့်မျိုးစုံဖြင့် ကြည့်နေကြသည်။
ဘယ်ဘက်၌ရှိသော ဆိုင်ဝန်ထမ်းသည် နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့သဖြင့် အနားသို့လျှောက်လာကာ ချူယင်းအား မေးလိုက်သည်။
"အစ်ကို ဘာများကူညီရပါမလဲရှင်..."
ချူယင်းသည်နှုတ်ခမ်းများကို ဖိကိုက်လိုက်ကာ ခဏမျှစဉ်းစားပြီးမှ သူ့လက်ဝါးကို ဖြန့်ပြလိုက်သည်။
လက်ဝါးမှစာကိုမြင်သောအခါ ဆိုင်ဝန်ထမ်းသည် ရယ်ချင်စိတ်ကို မြိုသိပ်၍ ပစ္စည်းကို ချူယင်း၏လက်ထဲ ထည့်ပေးလိုက်သည်။
ဟိုတယ်သို့ပြန်နေစဉ်တွင် ချူယင်း၏ဖုန်းက မြည်လာသည်။ ချူယင်း၏ လက်ထောက်က ရိုကျိုးစွာပြောနေသည်။
"ဒါရိုက်တာချူ အင်တာနက်ပေါ်မှာ ဆရာနဲ့ မစ္စစု တို့ရဲ့ပုံတွေအများကြီးပျံ့နေပါတယ်...ကျွန်တော်တို့ ဥပဒေအရ အရေးယူလိုက်ရပါမလားခင်ဗျာ..."
"ဓာတ်ပုံတွေကိုရော လုပ်စရာရှိတာ လုပ်ပြီးပြီလား..."
လက်ထောက်က အမြန်ပြောလိုက်သည်။
"မလုပ်ရသေးဘူး...ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ်..."
"မလိုဘူး..."
လက်ထောက်သည် ဖုန်းချခါနီးဆဲဆဲတွင် ရပ်သွားကာ ခဏမျှစဉ်းစားပြီးမှ မသေမချာနှင့်ပြောလိုက်သည်။
"ဆရာ ပြောတာက..."
ချူယင်းက တည်ငြိမ်စွာပင်ပြောလိုက်သည်။
"ဘယ်ပုံကို ကိုင်တွယ်ရပြီး ဘယ်ဟာကို ဒီတိုင်းပဲ ထားရမယ်ဆိုတာ မင်းသိလား..."
လက်ထောက်က အလျင်အမြန်ပင် ခေါင်းငြှိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့..."
ဟိုတယ်သို့ပြန်ရောက်ချိန်တွင် ရေချိုးတဘက်ကို ခြုံထည်ကဲ့သို့ဝတ်ထားသော စုယိက တံခါးဖွင့်ပေးလာသည်။
ထို့နောက် ချူယင်းလက်ထဲမှ အထုပ်ကို လှမ်းယူကာ ရေချိုးခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
ချူယင်းသည် အသာရယ်၍ ထိုင်ချလိုက်သည်။ ဖုန်းကို ထုတ်လိုက်ချင်းမှာပင် ချူရှီးပို့ထားသော မက်ဆေ့ခ်ျများစွာကို တွေ့လိုက်ရတော့သည်။
[ ချူရှီး : ကိုကိုက တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ...မျက်နှာလှတာကိုပဲ လိုက်တဲ့ယောင်္ကျားတွေလိုဖြစ်နေပြီ... ]
[ ချူရှီး: ကိုကို ညီမလေးကို မုန့်ဖိုးမပေးရင်တောင်မှ ညီမလေးကတော့ ပြောစရာရှိတာ ပြောရမှာပဲ...မင်ရေကန်က မမရော့လင်ကို မှတ်မိသေးလား... ]
[ ချူရှီး : ဒီလက်ထပ်ပွဲကို ညီမလေးလုံးဝသဘောမတူနိုင်ဘူး...]
ချူယင်းသည် မက်ဆေ့ခ်ျများကို ပိတ်တော့မည်အလုပ်တွင် အနောက်မှ စုယိ၏အသံကို ကြားလိုက်ရသည်။
"တစ်ယောက်ယောက်နဲ့ စကားပြောနေတာလား..."
ချူယင်းတစ်ယောက် စူပါမားကတ်သို့ရောက်နေစဉ်က စုယိသည် သူမကိုယ်သူမ နားချလိုက်ရသည်။ လစဉ်လာသောရာသီအား ထွက်ပြေးအောင်မလုပ်နိုင်လျှင် လက်ခံဖို့မှလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။
စုယိ၌ အခွင့်အရေးများစွာရှိ၍ နောက်တစ်ခါတွင်တော့ ဘာပဲဖြစ်ဖြစ် သူမ လုပ်တော့မည်ဖြစ်သည်။
စုယိသည် ဆိုဖာပေါ်သို့တက်၍ ကွေးကွေးလေးနေလိုက်သည်။
"အင်း...ကိုယ့်ရဲ့ညီမလေ..."
ချူယင်းက စုယိ၏ပုံစံ မူမမှန်ဖြစ်နေသည်ကိုတွေ့၍ မေးလိုက်သည်။
"နေရတာ အဆင်မပြေဘူးလား..."
စုယိက ခေါင်းငြှိမ့်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဗိုက်နည်းနည်းနာလို့..."
စုယိသည် ငယ်စဉ်က ခန္ဓာကိုယ်ကို သိပ်ဂရုမစိုက်ခဲ့သောကြောင့် ရာသီလာချိန်များတွင် ဗိုက်နာလေ့ရှိသည်။
ချူယင်းသည် မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်၍ ထမည်အလုပ်တွင် ဘေးမှစုယိက လက်ကို လှမ်းဆွဲထားလိုက်သည်။
"ဘယ်သွားမလို့လဲ..."
"စူပါမားကတ်ကိုလေ..."
ချူယင်းကပြောလိုက်သည်။
"ရေနွေးအိတ်သွားဝယ်မလို့..."
"မလိုပါဘူး..."
စုယိကပြောလိုက်သည်။
"ဒုက္ခခံမနေနဲ့...အဲ့လောက်မဆိုးဘူး..."
"အရမ်းမဝေးပါဘူး..."
"တကယ် အရမ်းမဆိုးပါဘူး..."
စုယိသည် ပြောပြီးသွားသောအခါမှ တစ်စုံတစ်ရာကို သတိရသွားသည့်ပုံစံဖြင့် မျက်လုံး၌ ပညာသားပါသည့်အရိပ်အယောင်များပေါ်လာကာ ချောင်းအနည်းငယ်ဆိုး၍ ပြောလိုက်သည်။
"တကယ်တော့ ရေနွေးအိတ် ရမှမဟုတ်ပါဘူး...တခြားနည်းလမ်းလည်း ရှိပါသေးတယ်..."
ချူယင်းက မေးလိုက်သည်။
"ဘာနည်းလမ်းလဲ..."
စုယိက ခေါင်းမော့၍ ချူယင်းအား သနားစဖွယ်မျက်နှာလေးဖြင့်ကြည့်လိုက်ကာ ချူယင်း၏လက်ကို ဆွဲခါလိုက်သည်။
"ရှင် ကျွန်မကို နှိပ်ပေးလေ..."
…
စုယိသည် တင်ပါးဖုံးရုံ ဂျင်းဘောင်းဘီတိုနှင့် ညဝတ်ဇာအင်္ကျီကို ဝတ်ထားသည်။ ချူယင်း၏လက်က စုယိ၏ဗိုက်ပေါ်၌ရှိနေကာ ညင်သာစွာ ပွတ်ပေးနေလေသည်။
သူမ ချူယင်း၏ပေါင်ပေါ်၌ လှဲကာ နှုတ်ခမ်းကိုစူ၍ ချူယင်းအား စိတ်ကျေနပ်စွာကြည့်နေသည်။
စုယိ၏အကြည့်ကိုခံစားမိသဖြင့် ချူယင်းသည် လက်တစ်ဖက်ဖြင့် စုယိ၏မျက်လုံးများကို အုပ်လိုက်သည်။
"ဘာတွေကြည့်နေတာလဲ..."
စုယိက ချူယင်း၏လက်ကို ဘေးသို့ ဆွဲဖယ်လိုက်သည်။
"လှဲနေရတာ ပျင်းလို့..."
စုယိ စကားပြောပြီးပြီးချင်းပင် ချူယင်း၏ ဖုန်းကို ချက်ချင်းဆွဲယူလိုက်သည်။
ဖုန်းကို ဖွင့်ပြီးသောအခါ Wechat ကို ကြည့်လိုက်သည်။
ချူယင်းက reply မပြန်ရသေးသောကြောင့် ချူရှီး၏မက်ဆေ့ခ်ျများသည် အပေါ်၌ပင် ရှိနေသေးသည်။
စုယိသည် မျက်ခုံးများကိုပင့်၍ ကြည့်လိုက်သည်။
ထို့နောက် Baidu ကိုဖွင့်ကာ စတစ်ကာကိုရှာလိုက်သည်။
[ ချူယင်း : ချောမောတဲ့ပညာတတ်ကောင်လေးနဲ့ လှပတဲ့မိန်းမပျိုလေးတို့က တူတူရှိဖို့မွေးဖွားလာကြတာ...မင်းလိုသတ္တဝါက ဘာဖြစ်လို့များကန့်ကွက်နေရတာလဲ.jpg ]
ထိုစတစ်ကာကိုပို့ပြီးသောအခါ စုယိက ခေါင်းမော့၍ မေးလိုက်သည်။
"ရော့လင်က ဘယ်သူလဲ..."
ချူယင်းက မျက်မှောင်ကျုံ့ကာ မနည်းမှတ်မိအောင်ကြိုးစားနေရ၍ အချိန်အတော်ကြာမှ ပြောလိုက်သည်။
"ကိုယ်ငယ်ငယ်တုန်းက အိမ်နီးချင်းများလား..."
စုယိက ကျေနပ်သွားသည်။
[ ချူရှီး : ? ]
[ ချူရှီး : ဒီမှာ ကိုကို...မိန်းမအချင်းချင်းကပဲ သူတို့ရဲ့စိတ်ကို ထိုးဖောက်မြင်နိုင်တာ...ညီမလေးပြောတာကိုယုံ... ]
[ ချူယင်း : မိန်းမ ဟုတ်လား...နင့်ပုံနဲ့ဆိုရင် အထက်တန်းကျောင်းသူပုံစံလေးပဲရှိဦးမှာ... ]
[ ချူရှီး : ??? ]
[ ချူယင်း : အစ်မက မင်းရဲ့ ယောင်းမလောင်းပဲ...နောက်ဆို တီဗီဇာတ်လမ်းတွဲတွေလျှော့ကြည့်ပြီး စာပိုလုပ်နော်... ]
[ ချူရှီး : ဟား ရှင်က ရှင့်ကိုယ်ရှင် တော်တော်အထင်ကြီးနေတာပဲ...ကျွန်မက တက္ကသိုလ်ရောက်နေပြီရှင့်...ကိုကိုနဲ့တွဲနေလို့ဆိုပြီး ကျွန်မတို့အိမ်ကို ဝင်ထွက်ခွင့်ရမယ် ထင်နေရင်တော့ ရှင်မှားသွားမယ်နော်...[လေကြီးလေကျယ်တွေပြောနေတယ်.jpg] ]
[ ချူယင်း : သေတဲ့အထိလျစ်လျူရှုထားလိုက်မယ်.gif ]
[ ချူရှီး : … ]
စုယိ၏ရယ်သံကိုကြားသည့်အခါ ချူယင်းသည် တစ်ခုခုပြောရန် အောက်သို့ငုံ့လိုက်ရာ သူ့ပေါင်ပေါ်၌ တွေ့လိုက်ရသောအရာကြောင့် ရပ်တန့်သွားရသည်။
စုယိသည် ဆံပင်ကို တစ်ဖက်သို့ချထား၍ အင်္ကျီ၏ ရင်ဘတ်နေရာက လျော့ရဲရဲဖြစ်နေသည်။ အတွင်းမှ အနက်ရောင်ဘရာကြိုးကို ခပ်ရေးရေးမြင်နေရ၍ အတွင်းမှပစ္စည်းများကလည်း အတင်းတိုးထွက်နေသည့်ဟန်ပေါ်သည်။ စုယိ၏ဘယ်ဘက်ရင်သားပေါ်၌ သူမ၏ဖြူဖွေးသောအသားနှင့် လိုက်ဖက်စွာ အမည်းရောင်မှဲ့လေးတစ်လုံးလည်း ရှိနေသည်။
ဗိုက်ပေါ်မှ လှုပ်ရှားမှုကရပ်သွားသဖြင့် စုယိသည် ဖုန်းကိုဖယ်ကာ နားမလည်မှုများပါနေသည့် မျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။
ချူယင်းက ကြည့်နေသည်ကို ရပ်၍ ဆက်ပွတ်ပေးနေလိုက်သည်။ နှလုံးသားထဲတွင်တော့ (ဆန္ဒ)မီးတောက်များ တောက်လောင်နေတော့သည်။
ဘာမှမသိလိုက်သော စုယိက ချူယင်းကို ညည်းညူပြလိုက်သည်။
"ရှင့်ညီမလေးက အရမ်းစိတ်ပုပ်တာပဲ...ကျွန်မဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာအောင် သူလုပ်ပစ်မယ်တဲ့ စောင့်ကြည့်နေတဲ့..."
ချူယင်းက ရယ်လိုက်သည်။
"ဘာဖြစ်ချင်တာလဲ..."
စုယိက ချူရှင်းပို့ထားသည်များကို တစ်လုံးချင်းဖတ်ပြလိုက်၍ မေးလိုက်သည်။
"ကျွန်မ သူ့ကို ဆူလိုက်လို့ရလား..."
တကယ်တော့ စုယိက ဆူပြီးသွားပြီဖြစ်သည်။
ချူယင်းက ပြောလိုက်သည်။
"ရတယ်..."
စုယိက ကျေနပ်သွားသည်။ ထို့နောက် ဖုန်း၌ စာရိုက်နေရင်းဖြင့် ပွစိပွစိပြောနေသည်။
"သူမ မဖြစ်စေချင်တဲ့အတိုင်းကို ဖြစ်အောင်လုပ်ဦးမှာ...ရှင်ကျွန်မကို လက်ထပ်ဖြစ်အောင် ထပ်နော်...မဟုတ်ရင် ကျွန်မ အရှက်ကွဲတော့မှာ..."
ချူယင်းသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ စုယိအား ငေးကြည့်နေရင်းဖြင့် လက်ကိုမြှောက်ကာ ဖုန်းကို ဆွဲယူလိုက်သည်။
စုယိက ဘာလုပ်ရမည်မသိပဲ ကြောင်သွားသည်။ မျက်တောင်တစ်ချက်ခတ်ကာ ပြောလိုက်သည်။
"...ရှင် ဘာလုပ်တာလဲ...ရှင့်ညီမကို ဆူခိုင်းလိုက်မိလို့ နောင်တရသွားတာလား..."
ချူယင်းက ဘာမှပြန်မပြောပဲ ဖုန်းကို ဆိုဖာကြားထဲသို့ လွှင့်ပစ်လိုက်ကာ စုယိ၏လည်ပင်းအနောက်ကိုကိုင်၍ စုယိကို အနည်းငယ်မလိုက်သည်။
ထို့နောက် နှုတ်ခမ်းများအား နမ်းလိုက်တော့သည်။
သူမ ဤတစ်ခေါက်တွင်တော့ ဘာလုပ်ရမည်လဲ သိသွားပေပြီ။
စုယိ ယခင်ကလည်း ခံခဲ့ရဖူးပြီဖြစ်သည်။ ချူယင်းသည် သူမအား ခပ်ဖွဖွသာနမ်း၍ စုယိက ထပ်နမ်းချင်ပြီဆိုလျှင် ဆက်မနမ်းတော့ပဲ ခွာသွားတော့သည်။ ထို့ကြောင့် ယခု၌ စုယိသည် ချူယင်း၏လည်ပင်းကို ချက်ချင်းပင် သိုင်းဖက်လိုက်၍ အနမ်းကို ပို၍ နက်ရှိုင်းစေလိုက်သည်။
ချူယင်းကလည်း ဤတစ်ခေါက်တွင် ခဏသာနမ်း၍ ပြန်လွှတ်ရန် စိတ်ကူးမရှိချေ။
နှစ်ခါမျှ နမ်းပြီးသောအခါ ချူယင်းသည် စုယိ၏နှုတ်ခမ်းများကို ဟစေ၍ သူ့လျှာကို ထိုးသွင်းလိုက်သည်။
စုယိသည် ချက်ချင်းပင် မူးဝေသွားကာ လက်များက အားလျော့ကုန်၍ သူမ၏ခန္ဓာကိုယ်ကိုပင် မနိုင်တော့ချေ။ ထို့ကြောင့် ချူယင်း၏ရင်ဘတ်ပေါ်၌ပင် သူမကိုယ်သူမ ထိန်းထားလိုက်ရသည်။
နှစ်မိနစ်မျှကြာသောအခါမှ သူတို့၏အနမ်းကို ဆိုဖာပေါ်မှ ဖုန်းမြည်သံက နှောင့်ယှက်လိုက်တော့သည်။
ချူယင်းသည် စုယိအား ဖုန်းမြည်သံကြားမှပင် လွှတ်လိုက်သည်။ ချူယင်း၏ရင်ခွင်ထဲမှ စုယိသည် ရှုပ်ပွနေသောဆံပင်၊ ပန်းသွေးရောင်ဖြန်းနေသောပါးပြင်၊ နီရဲ၍ ဖူးယောင်နေသောနှုတ်ခမ်းတို့ဖြင့် ယခုလောလောလတ်လတ်ပင် အဖျက်ဆီးခံထားရသကဲ့သို့ဖြစ်နေသည်။
ချူယင်းသည် မတ်တပ်ရပ်လိုက်ကာ ခပ်ရှရှဖြစ်နေသော အသံဖြင့်ပြောလိုက်သည်။
"ရေချိုးခန်းထဲသွားလိုက်ဦးမယ်..."
ရေချိုးခန်းတံခါးပိတ်သွားမှသာ စုယိလည်း အသိပြန်ဝင်လာတော့သည်။
သူမသည် အသက်ပြင်းပြင်းရှူလိုက်၍ ဆူညံနေသောဖုန်းကိုရှာကာ အသံပိတ်ရန် ကောက်ယူလိုက်သည်။
ဖုန်းခေါ်နေသူမှာ ချူရှီး ဖြစ်နေလေသည်။
စုယိသည် မျက်ခုံးတစ်ဖက်ပင့်လိုက်၍ အသံပိတ်သည့်ခလုတ်ကို နှိပ်မည့်လက်သည် ဖုန်းကိုင်သည့်ခလုတ်ဆီသို့ ရောက်သွားသည်။
ချူရှီး ကပြောနေသည်။
"ကိုကို...အဲ့ဒီမိန်းမပို့ထားတာတွေကိုတွေ့လား...သူက တကယ်မလွယ်ဘူးပဲ...သူသာ မိသားစုထဲရောက်လာရင်တော့ ညီမလေးတော့ဒေါသအထွက်လွန်ပြီး သေမှာပဲ...မေမေရောပဲ..."
"ညီမလေး..."
စုယိ၏အသံက နူးညံ့၍ ဆွဲဆောင်မှုများပါနေသည်။ သူတို့ ခုနက ဘာလုပ်နေသည်ကို အသံကြားရုံနှင့်ပင် သိနိုင်သည့် အသံမျိုးဖြစ်သည်။
"အခုလောလောဆယ် လူကြီးတွေက လူကြီးအလုပ်တွေ လုပ်စရာရှိနေတယ်...ညီမလေးရဲ့ ထင်မြင်ချက်တွေပြောချင်တယ်ဆိုရင် မနက်ဖြန်မှ ထပ်ဆက်တော့နော်...လိမ်လိမ်မာမာနေ..."
ချူရှီး အချိန်အတော်ကြာသည်အထိ မည်သို့ ပြန်ပြောရမည်မသိဖြစ်နေလေသည်။
"နင်...နင်..."
ရေချိုးခန်းထဲမှ ရေကျသံကြားနေရဆဲဖြစ်သည်။ စုယိက ဆိုဖာကိုနောက်ကျောမှီလိုက်သည်။
"ငါက ဘာဖြစ်လို့လဲ..."
"နင်တို့မင်းသမီးတွေက အမြဲတမ်း ငါ့ အစ်ကိုနားကို ကပ်ဖို့ကြိုးစားနေကြတာ..."
ချူရှီးက စိတ်တိုစွာပြောလိုက်သည်။
"ငါ့ အစ်ကိုက တခြားလူတွေနဲ့တူတာမဟုတ်ဘူး...နင်တို့လောကမှာ ကစားနေတဲ့ကစားပွဲတွေကို သူဘာမှနားလည်တာမဟုတ်ဘူး..."
စုယီက ထိုစကားကြောင့် ရယ်ချင်သွားသည်။
"ငါ့လောကထဲက ဘာကစားပွဲတွေများပါလိမ့်..."
"အရင်းအမြစ်တွေရဖို့ တခြားလူတွေနဲ့ အိပ်တာ လိုမျိုးပေါ့..."
စုယိက မတ်တပ်ထလိုက်ကာ စပျစ်သီးတစ်လုံးကိုယူ၍ ပါးစပ်ထဲသို့ထည့်လိုက်သည်။
"ဘယ်လို မဟုတ်တဲ့စကားတွေလဲ...နင် အဲ့ဒါတွေ ဘယ်က ကြားတာလဲ..."
"ဘာ...ဘာမဟုတ်တဲ့စကားတွေလဲ..."
ချူရှီးက ပြန်ပြောလိုက်သော်လည်း အသံကတော့ အနည်းငယ်တိုးသွားသည်။
"အဲ့စကားတွေက ကြားလာတာမဟုတ်ဘူး...ကိုယ်တိုင် ခံစားခဲ့ရတာ..."
စုယိသည် ရေချိုးခန်းတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ တံခါးသည် ပိတ်ထားဆဲဖြစ်၍ အသံကိုတိုးကာ မယုံနိုင်သည့်လေသံဖြင့် ပြောလိုက်သည်။
"နင်က မင်းသားတစ်ယောက်နဲ့ အိပ်ခဲ့တာလား..."
ချူရှီးက လန့်သွားသည်။
"နင် ဘာတွေပြောနေတာလဲ..."
"...နင်ပဲ ကိုယ်တိုင်ခံစားခဲ့ရတာဆို..."
"ငါ့ရဲ့ အရင်ရည်းစားပါ...ငါ မဟုတ်ပါဘူး!..."
"ဘာ..."
စုယိက မတ်မတ်ထထိုင်လိုက်သည်။
"နင်က အခုမှ တက္ကသိုလ်တက်တုန်းပဲရှိသေးတာမဟုတ်လား...နင့်ရည်းစားက မင်းသမီးတွေနဲ့ အိပ်ရအောင် အသက်ဘယ်လောက်ရှိနေပြီမို့လို့လဲ...သူက ဘာဖြစ်လို့ တခြားတစ်ယောက်နဲ့သွားအိပ်ရတာလဲ..."
ထိုသို့အမေးခံလိုက်ရသည့်အခါ ချူရှီးသည် ဒေါသထွက်သွားရပြန်လေသည်။ သို့သော် ဒေါသကို မျိုသိပ်၍ ပြန်ဖြေလိုက်သည်။
"ငါနဲ့ ရွယ်တူပါပဲ..."
စုယိသည် စပျစ်သီးကို ကုန်အောင်စားနေရင်းမှ ချူရှီး၏အခြေအနေကို နားလည်သွားသည်။
"နင့်ရဲ့ရည်းစားက အတင်းအကျပ် အအိပ်ခံလိုက်ရတာလား..."
“…”
ယနေ့ခေတ်လူငယ်များသည် တကယ်လည်း ကစားနိုင်ကြပေသည်။
"အရင်တစ်ခေါက်က နင် ဘားကိုသွားတာ အဲ့ဒါကြောင့်လား...'
ချူရှီးက ဆွံ့အသွားသည်။
"ငါ ဘားကိုသွားတာ နင်ဘယ်လိုသိလဲ..."
စုယိက ပြန်မဖြေပေ။
"အဲ့ဒီ အမှိုက်လိုကောင်အတွက်နဲ့ အဲ့လောက်အထိ မူးအောင်သောက်လိုက်ရတာ တန်ရဲ့လား..."
ချူရှီးက ခဏမျှ ရပ်လိုက်ပြီးမှ နားလည်သွားသည်။
"အဲ့ဒီညက အမျိုးသမီးက နင်လား..."
"နင့်ရဲ့ လက်စားချေမှုရော အောင်မြင်သွားလား..."
"ဘာ လက်စားချေမှုလဲ..."
စုယိက နားမလည်ဖြစ်သွားသည်။
"နင် ဖောက်ပြန်ခံလိုက်ရတာကို ဘာမှမလုပ်ပဲ အရက်မူးအောင်သောက်ရုံလေးနဲ့ပဲ ပြီးသွားတာလား...'
ချူရှီးက ပြောသည်။
"ငါ တခြား ဘာလုပ်နိုင်မှာမို့လို့လဲ..."
စုယိက မျက်လုံးများကို ဝေ့လိုက်သည်။
'ဒါဆို ခုနက ဒေါသတွေက ငါ့အတွက်ပဲ သုံးတာပေါ့ ဟုတ်လား...။'
စုယိက တစ်စုံတစ်ရာ ပြောမည်အလုပ်တွင် ရေသံက ရပ်သွားသည်။
"နင့်အစ်ကို ပြန်ထွက်လာနေပြီ...ငါ့ရဲ့ WeChat ကို ချရေးထားလိုက်...ငါအချိန်ရရင် နင့်ကိုသင်ပေးမယ်..."
ချူရှီးက နားမလည်ဖြစ်သွားသည်။
"အဲ့ဒီ အမှိုက်ကောင်ကို လက်စားပြန်ချေချင်လား..."
ချူရှီးဘက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးမှ စာရွက်ဖြဲသံကို ကြားလိုက်ရသည်။
"...နံပါတ်ကိုပြော..."
နံပါတ်ကို ပြောပြီးသောအခါ စုယိကပြောလိုက်သည်။
"ဒီည စောစောအိပ် ဟုတ်ပြီလား...ငါ့ဖုန်းက ပျက်နေတော့ ပြန်ပြောနိုင်ဦးမှာမဟုတ်သေးဘူး...ပြီးတော့ ငါ့အသိုင်းအဝိုင်းက မကောင်းဖြစ်နေရင်တောင်မှ လူတိုင်းက အဲ့ဒီလိုကိစ္စတွေကို လုပ်ချင်နေကြတာမဟုတ်ဘူး..."
ဖုန်းချပြီးသောအခါ ချူရှီးသည် WeChat နံပါတ်ကို ကြာမြင့်စွာစိုက်ကြည့်နေမိလေသည်။
___________________________________________