Chapter 39
ငါ့ကိုကိုက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ...။
ရေချိုးခန်းထဲမှ ချူယင်းထွက်လာချိန်တွင် စုယိက လိမ္မာရိုကျိုးသည့်ပုံလေးဖြင့် ဖုန်းကို မြှောက်ပြကာ ပြောလိုက်သည်။
"ချူရှီးက ရှင့်ကို ဖုန်းခေါ်နေတာ...ကျွန်မ မတော်တဆ ကိုင်လိုက်မိတယ်..."
ချူယင်းသည် စုယိ၏ဘေး၌ ထိုင်ရန် စီစဉ်ထားသော်လည်း စိတ်ပြောင်းကာ ဘေးနားရှိ ဆိုဖာပေါ်၌သာထိုင်လိုက်သည်။
"မင်းကို စိတ်ဆိုးအောင်လုပ်သွားသေးလား..."
"မလုပ်ပါဘူး...အဲ့ဒီအရွယ် မိန်းကလေးတွေက အတွေးလွန်တတ်ကြတယ်..."
ချူယင်းက သတိပေးလိုက်သည်။
"သူက မင်းထက် နည်းနည်းပဲငယ်တာလေ..."
စုယိက ခေါင်းစဉ်ကိုပြောင်းလိုက်သည်။
"ရှင်က ဘာဖြစ်လို့ အဝေးကြီးမှာထိုင်နေတာလဲ..."
"ကိုယ် အေးနေလို့..."
ရာသီသည် ဆောင်းဦးရာသီသို့ ဝင်စပြုနေပြီဖြစ်သောကြောင့် ညဘက်ဆိုလျှင် အနည်းငယ် အေးနေပြီဖြစ်သည်။ ချူယင်းသည် ရေအေးအောက်၌ ဆယ်မိနစ်ခန့် ရပ်လာသောကြောင့် ထိုအချိန်၌ သူ့ခန္ဓာကိုယ်မှ အအေးဓာတ်များထွက်နေသကဲ့သို့ ရှိနေလေသည်။
စုယိကတော့ ဂရုမစိုက်ပဲ လက်ညှိုးကိုကွေးကာ ပြောလိုက်သည်။
"ဒီကိုလာခဲ့လေ...ကျွန်မ နွေးအောင်လုပ်ပေးမယ်..."
ချူယင်း၏လက်က ကြီးမားသောကြောင့် စုယိက လက်နှစ်ဖက်လုံးဖြင့် ကိုင်မှသာရသည်။
ညဘက်တွင် စုယိသည် ချူယင်း၏ကုတင်ပေါ်၌ တူတူအိပ်နိုင်ရန် အကြောင်းပြချက် ၄ ချက်ကြီးများတောင် စဉ်းစားလိုက်ရသည်။
စုယိသည် ရာသီလာနေစဉ်တွင် ခြေထောက်များသည် စောင်ခြုံ၍မရနိုင်အောင်ပင် အေးစက်နေတတ်သည်။ စုယိ၏နောက်ကျောသည် ချူယင်း၏ရင်ဘတ်နှင့်ကပ်နေ၍ စုယိ၏ခြေထောက်များက ရှေ့၌ ကိုးယို့ကားယားရှိနေကာ စုယိကတော့ ချူယင်းယူလာသော Ipad ဖြင့် Weibo ကိုကြည့်နေလေသည်။
"မင်းပုံစံက မှားနေတယ်..."
ချူယင်းက ပြောလိုက်သည်။
"အဲ့လိုပုံနဲ့အိပ်ရင် မင်းခြေထောက်တွေ ထုံကုန်လိမ့်မယ်..."
ချူယင်းစကားပြောလိုက်သည့်အခါ ရင်ဘတ်မှ တုန်ခါသွားသည်ကို စုယိ ခံစားလိုက်ရသည်။
စုယိသည် စကားနားထောင်လိုက်၍ ခြေထောက်များကို အထဲသို့ ကွေးလိုက်ရာ ချူယင်း၏အသားနှင့် မတော်တဆ ထိမိသွားသည်။ စုယိသည် ရပ်သွား၍ ခြေထောက်ကို ပြန်မရွှေ့ရခင်မှာပင် ချူယင်းက သတိထားမိသွားတော့သည်။
"မင်းခြေထောက်တွေက အေးလိုက်တာ..."
စုယိသည် မနေနိုင်ပဲ ရယ်လိုက်မိ၍ နောက်သို့ပိုတိုးကာ ချူယင်းအား မော့ကြည့်၍ ပြောလိုက်သည်။
"ကျွန်မတို့က အနွေးဓာတ်ရအောင်လို့ အချင်းချင်းပူးကပ်နေရတဲ့ တိရစ္ဆာန်လေးတွေနဲ့ မတူဘူးလား..."
စုယိက ပြောပြီးသောအခါ ပြုံးလက်စဖြင့် Ipad ဆီသို့ ပြန်လှည့်၍ Weibo ကို ဆက်ပွတ်နေလိုက်သည်။
ချူယင်း၏မျက်လုံးများသည် မှောင်လာသောကြောင့် မျက်လုံးများကိုမှိတ်ကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။
သို့သော် ယခင်က ချူယင်း ကိုယ့်ကိုယ်ကိုယ်စိတ်ငြိမ်စေရန် အသုံးပြုခဲ့သော နည်းလမ်းများသည် ခွေးကျွေးလိုက်သကဲ့သို့ တစ်ခုမှ အသုံးမဝင်တော့ချေ။
စုယီသည် Weibo ကို ဆက်ပွတ်နေရာ လွန်ခဲ့သည့် ငါးမိနစ်ခန့်က တင်ထားသော post တစ်ခုကို တွေ့လိုက်ရလေသည်။
[ လျန့်ပေါv: ကျွန်တော်တောင်းပန်ပါတယ်...နောက် သုံးလအတွင်းမှာ လက်ခံထားတဲ့ အစီအစဉ်တွေကိုအကုန်ဖျက်ပြီးတော့ ကျွန်တော် ကိုယ့်စိတ်ကိုယ် အဆင်ပြေအောင် အနားပေးလိုက်ပါဦးမယ် ]
ထို post ၏အောက်၌ ရှိနေသည်က လျန့်ပေါ အဓိကသရုပ်ဆောင်အဖြစ်ရိုက်ကူးနေသာ တီဗီဇာတ်လမ်းတွဲ၏ တရားဝင်အကောင့်မှ အဓိကဇာတ်ဆောင်မင်းသားအသစ်ကို ကြေငြာထားသော post ဖြစ်သည်။
ထို post သည် လျန့်ပေါက သူလုပ်ခဲ့သည်ကို ဝန်ခံနေခြင်းဖြစ်သော်လည်း စကားလုံးများကို ကျွမ်းကျင်စွာသုံးထား၍ သူ့ကိုယ်သူ နောင်တရနေသည့်ပုံစံရေးထားသောကြောင့် အောက်မှ ကောမန့်အားလုံးက လျန့်ပေါအား ဝိုင်း၍ အားပေးနှစ်သိမ့်နေကြသည်။ အပေါ်ဆုံး၌ရှိနေသော ကောမန့်အချို့ဆိုလျှင် လူများ၏အမြင်ကို တစ်မျိုးတစ်မည်ထင်စေ၍ အပြစ်ကို တခြားလူပေါ်သို့ ပုံချနေလေသည်။
[ Hater တွေ မျက်လုံးကိုဖွင့်ပြီး သေချာမြင်အောင်ကြည့်ကြစမ်းပါ...သူ့ရဲ့ post မှာ ဘယ်စာကများ လျန့်ပေါက သူ့ကိုယ်သူ အသနားခံနေတဲ့နေရာ ပါလို့လဲ... ]
[ စုယိရဲ့ သကြားဖေဖေက ပေါပေါကို ခြိမ်းခြောက်နေတာများလား...ငါစိတ်ပူလိုက်တာ... ]
[ ဟုတ်မှာပေါ့...အဲ့ဒီလို သူဌေးတွေကပဲ မင်းသားတွေကို လုပ်ချင်သလိုလုပ်နေကြတာ...အနုပညာလောကက တကယ်ကိုညစ်ပတ်တယ်...ပေါပေါရေ ဝမ်းမနည်းနဲ့နော်...ငါတို့ အကုန် ပေါပေါနဲ့တူတူရှိပေးနေတယ်... ]
စုယိက ကြည့်တာရပ်လိုက်၍ အနောက်မှ ချူယင်းကိုမေးလိုက်သည်။
"ဒါ ရှင်လုပ်ထားတာလား..."
ချူယင်းက စခရင်ကို ကြည့်လိုက်၍ စုယိပြောသည်ကို ထောက်ခံသည့်အနေဖြင့် "အင်း..." ဟု အသံပေးလိုက်သည်။
ပြီးမှ ကုတင်ဘေးမှစားပွဲပေါ်ရှိ ဖုန်းကို ကောက်ယူလိုက်သည်။
လက်ထောက်သည် ဤအချိန်ကြီး၌ သူဌေးဆီမှ ဖုန်းခေါ်လာမည်မထင်သောကြောင့် အထိတ်တလန့်ဖြင့် အသံပင် အနည်းငယ်ကျယ်သွားရသည်။
"ဒါရိုက်တာချူ...ကျွန်တော် ဘာလုပ်ပေးရမလဲခင်ဗျ..."
"လျန့်ပေါကို Weibo Post နောက်တစ်ခု ထပ်တင်ခိုင်းလိုက်..."
ချူယင်းက အေးစက်စွာပြောလိုက်သည်။
"နောက်ပြီးတော့ ခုနကလိုမျိုး စကားတွေလှည့်ပြီး တင်ဖို့ကြိုးစားမယ်ဆိုရင် ထပ်ဆွေးနွေးစရာဘာအကြောင်းမှမရှိဘူး လို့လည်း တစ်ခါတည်းပြောလိုက်..."
ချူယင်း၏အသံက အလွန်နူးညံ့နေသည်။ ကုတင်ဆီသို့ ပြန်ရောက်သောအခါ စုယိသည် Ipad ကိုကိုင်၍ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
ချူယင်းက စုယိလက်ထဲမှ Ipad ကို သေချာသတိထား၍ ဆွဲယူလိုက်ပြီးနောက် စုယိ၏မျက်နှာလေးကို တစ်ချက် နမ်းလိုက်သည်။
**
ဒုတိယနေ့တွင် စူးရှလွန်းသည့်နေရောင်ခြည်ကြောင့် စုယိနိုးလာရသည်။
စုယိသည် မျက်လုံးများကို ပွတ်၍ ဖွင့်လိုက်ရာ နေရောင်က စူးရှလွန်း၍ မျက်လုံးများပင် နာသွားရသည်။
ဘေးသို့ စမ်းကြည့်လိုက်သည့်အခါ နေရာကလွတ်နေသည်ကို သတိထားလိုက်မိသည်။ ထို့ကြောင့် မျက်တောင်တစ်ချက်ခတ်ကာ ထထိုင်လိုက်သည်။
ကုတင်ဘေးရှိနာရီက အချိန်ကိုဖော်ပြနေသည်။
11နာရီ 43 မိနစ်
'နေ့လယ်တောင်ရောက်တော့မှာလား...'
အချိန်ကိုတွေ့ပြီးသောအခါ စုယိသည် ချက်ချင်း မျက်လုံးပြူးသွား၍ ဆံပင်ကိုစည်းကာ အိမ်တွင်းစီးဖိနပ်ကို ကောက်စွပ်၍ အခန်းထဲမှ ထွက်သွားလိုက်သည်။
ချူယင်းက ဆိုဖာပေါ်၌ ထိုင်ကာ ဖုန်းပြောနေသည်။ စုယိကိုတွေ့လိုက်ချိန်တွင်လက်ကိုမြှောက်ပြ၍ အနားလာရန်ခေါ်လိုက်သည်။
စုယိက မလာပဲ တစ်ခုသောပစ္စည်းကိုကိုင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
စုယိ ရေချိုးခန်းထဲမှထွက်လာသည့်အခါ ချူယင်းက ဖုန်းပြောပြီးသွားပြီဖြစ်သည်။
"နည်းနည်း သန့်စင်လိုက်ဦး...တစ်ခုခုသွားစားကြမယ်...'
"ဘာဖြစ်လို့ ကျွန်မကို မနှိုးတာလဲ..."
စုယိက ဆံပင်ကို စည်းကာ လိပ်တင်ထား၍ နားရွက်နား၌ လွတ်နေသော ဆံနွယ်အချို့က ကျနေကာ မျက်နှာ၌လည်း ဆပ်ပြာများဖြင့် ပြည့်နေသည်။
ချူယင်းက ပြောလိုက်သည်။
"အိပ်တာ ဘာမှမှမဖြစ်ပဲ..."
စုယိက အနည်းငယ်နှုတ်ခမ်းစူကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မက ဒီနေ့ပြန်မှာလေ..."
'ပြီးတော့ ရှင်နဲ့မတွေ့ရတော့ဘူးပေါ့...'
စုယိသည် ချူယင်းထိုင်နေသည့်နားသို့လျှောက်သွား၍ ရုတ်တရက်ကုန်းကာ ချူယင်းအား နမ်းလိုက်သည်။ စုယိမျက်နှာမှ ဆပ်ပြာအချို့က ချူယင်း၏မျက်နှာပေါ်သို့ရောက်သွားသည်။
စုယိသည် ကျေနပ်သွားသည်။ သို့သော် ပြန်လှည့်၍ ထွက်ပြေးရန်အလုပ်မှာပင် ချူယင်းက လှမ်းဖမ်းလိုက်သည်။
သနားစရာကောင်းသည်က ချူယင်းက စုယိအား ဖမ်းမိသွားပြီးနောက်တွင်ပင်.....ဘာမှလုပ်မည့်ပုံမပေါ်ချေ။
နောက်ဆုံးတွင်တော့ နှစ်ယောက်သားသည် ရေချိုးခန်းထဲဝင်၍ မျက်နှာသာ တူတူသစ်လိုက်ကြတော့သည်။
အခန်းထဲမှပစ္စည်းများအား သိမ်းဆည်းပြီးနောက်စားသောက်ဆိုင်သို့ ထွက်လာကြသည်။
ထိုစားသောက်ဆိုင်သည် အဆင့်မြင့်အခန်းများနှင့် suite ခန်းများကိုသာ အဓိက ငှားရမ်းသောစားသောက်ဆိုင်ဖြစ်၍ ချူယင်းတို့ ဝင်သွားချိန်တွင် စားပွဲအနည်းငယ်၌သာ လူရှိနေသည်။
မနေ့က စုယိတို့၏သတင်းသည် Weibo ပေါ်၌ ပျံ့နှံ့သွားသောကြောင့် Weibo ကို ကြည့်သူမှန်သမျှသည် စုယိ Disney ၌ရောက်နေကြောင်းကို သိနေကြသည်။ စုယိတို့ ထိုင်၍ မကြာမီတွင်ပင် တစ်စုံတစ်ယောက်က အနားသို့ ရောက်လာလေသည်။
ရောက်လာသူမှာ အသက် ၁၇ နှစ် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။ ကောင်လေးသည် ဘောပင်နှင့် စာရွက်ကိုကိုင်ထား၍ ခေါင်းကို ငုံ့နိုင်သမျှငုံ့ထားကာ ရှက်ရွံ့သည့်လေသံဖြင့်ပြောလိုက်သည်။
"ဟဲလို...အစ်မက စုယိလားခင်ဗျာ..."
စုယိက ပြုံးလိုက်သည်။
"ဟဲလို..."
"ကျွန်တော် အ..အမြဲ..."
ခဏမျှ ထစ်အပြီးသည့်နောက်တွင်တော့ ကောင်လေးသည် စကားကို ချောမွေ့စွာ ပြောနိုင်သွားသည်။
"ကျွန်တော် အစ်မကို အစတည်းက ကြိုက်ခဲ့တာ...အရမ်းကြိုက်တာ...ကျွန်တော့်ကို လက်မှတ်လေး ထိုးပေးနိုင်မလားဟင်..."
"ရတာပေါ့..."
စုယိက ဘောပင်နှင့်စာရွက်ကိုယူ၍ လက်မှတ်ထိုးပေးလိုက်ကာ ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်သည်။
"အစ်မကို ကြိုက်ပေးလို့ကျေးဇူးတင်ပါတယ်...အစ်မမှာ ဒီလို ငယ်ပြီး ချစ်ဖို့ကောင်းတဲ့ ပရိသတ်လေးရှိမယ်လို့ မထင်ထားဘူး..."
ချူယင်းက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်သည်။ စားလက်စဇွန်းခက်ရင်းများက စက္ကန့်ဝက်မျှ ရပ်တန့်သွားသည်။
"ရှိတာပေါ့..."
ကောင်လေးက အားတက်စွာပြောလိုက်သည်။
"ကျွန်တော်တင်မဟုတ်ဘူး...ကျွန်တော့် အတန်းဖော်တွေလည်း အစ်မကိုကြိုက်ကြတယ်..."
ကောင်လေးသည် ယခုကဲ့သို့ပြောနေရသည်မှာ သူ၏သတ္တိအကုန်ကို ထုတ်သုံးနေရသကဲ့သို့ ပါးများက နီရဲနေကြသည်။
"အစ်မက ကျွန်တော်တို့ရဲ့ နတ်ဘုရားမပဲ..."
ကောင်လေးထွက်သွားပြီးနောက် ချူယင်းက မျက်လုံးစွေကြည့်၍ ပြောလိုက်သည်။
"နတ်ဘုရားမ ဟုတ်လား..."
စုယိက ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။
"ဘာလဲ...ရှင်ကလည်း ကျွန်မရဲ့ ပရိသတ်လေးပဲလား...'
ချူယင်းက ပြောလိုက်သည်။
"ဟုတ်ပါတယ် နတ်ဘုရားမခင်ဗျား...ကျွန်တော့်ကို လက်မှတ်လေး စွန့်ကြဲတော်မူပါဦး..."
စုယိက နှုတ်ခမ်းများကို လျက်လိုက်၍ ညှိနှိုင်းရန်ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကျွန်မရဲ့ ပရိသတ်လေးနဲ့ တူတူ အိပ်လို့ရပါလားရှင်..."
ထိုသို့ပြောပြီးပြီးချင်းပင် သူမ၏ပါးစပ်ထဲသို့ အမဲသားတစ်ဖက် ထိုးထည့်ခြင်းခံလိုက်ရလေသည်။
….
ပြန်ရမည့်ခရီးက အနည်းငယ်ရှည်သောကြောင့် နေ့လယ်တည်းက စထွက်ရမည်ဖြစ်သည်။ အပြန်လမ်းတွင် စုယိမျက်နှာ၌ မပျော်ရွှင်ဘူး ဟူသော စာလုံးများဖြင့် ပြည့်နေလေသည်။
ချူယင်းက ပြောလိုက်သည်။
"စူပုပ်မနေနဲ့လေ..."
စုယိက ဘေးသို့ လှည့်လိုက်သည်။
"ရှင် ပေကျင်းကို စောစောပြန်မှာလား..."
"သန်ဘက်ခါ ပြန်မှာလေ..."
စုယိက ပို၍ပင်စူပုပ်သွားတော့သည်။
စုယိ၏ဟိုတယ်သို့ အရင်ပြန်လိုက်ကြသည်။ ချူယင်း အထုပ်အပိုးများကို အခန်းဆီသို့ သယ်သွားပြီးချိန်တွင် ချူယင်း၏ လက်ထောက်ထံမှ ဖုန်းဝင်လာသည်။
ယခုအတွက် အချိန်ပေးရန် ချူယင်းသည် သူ၏အချိန်များကို တော်တော်ညှိထားရခြင်းဖြစ်သည်။ နောက်နှစ်ရက်တွင် အစည်းအဝေးများ မအားမလပ်တက်ရောက်ရတော့မည်ဖြစ်သည်။
"ဒါရိုက်တာချူ ကျွန်တော်စစ်ဆေးပြီးသွားပြီ ...လတိုင်း လက်ထောက်မန်နေဂျာက အဲ့ဒီမန်နေဂျာကို ပိုက်ဆံတွေပေးနေတာ...ပိုက်ဆံကလည်း နည်းနည်းနောနောမဟုတ်ဘူး..."
ချူယင်း၏လက်ထောက်က ပြောနေခြင်းဖြစ်သည်။
"ပြီးတော့ အဲ့ဒီမန်နေဂျာကလည်း လက်ထောက်မန်နေဂျာကပဲ ကုမ္မဏီထဲ ခေါ်သွင်းလာတဲ့လူ...အဲ့ဒီကိစ္စကိုလည်း နှစ်ယောက်လုံးက ဘာမှမပြောကြဘူး...HR မန်နေဂျာကလည်း ကြံရာပါပဲထင်တယ်..."
"ဟုတ်ပြီ...လုပ်စရာရှိတာတွေ အဆင်သင့်ပြင်ထားလိုက်...ညနေ ၆ နာရီမှ အစည်းအဝေးစမယ်..."
ချူယင်းက ဖုန်းချလိုက်သောအခါ စုယိက ကြမ်းပြင်ပေါ်၌ထိုင်၍ အထုပ်အပိုးများဖြည်နေရင်း ပြောလိုက်သည်။
"အခုပဲ ၅နာရိခွဲနေပြီ...ရှင် အခုမသွားရင် နောက်ကျနေလိမ့်မယ် သူဌေးကြီးရေ..."
ချူယင်းက စုယိအနားသို့လျှောက်လာကာ ကုန်း၍ ခပ်ဖွဖွလေးနမ်းလိုက်သည်။
"နှုတ်ဆက်အနမ်း..."
ထိုသစ်သားတုံးသည် ယခုတော့ အနည်းငယ် ခံစားတတ်နေလေပြီ။
စုယိသည် ကျေနပ်သွား၍ ချူယင်းအား ဓာတ်လှေကားသို့ရောက်သည်အထိ လိုက်ကြည့်နေလိုက်မိသည်။
"နင့်ရဲ့ခင်ပွန်းစောင့်ကျောက်တုံးကိုကြည့်နေပြန်ပြီ..."
ဝူရွှယ်သည် ခုနကပင် စုယိတို့အား တွေ့ပြီးပြီဖြစ်သော်လည်း သင့်တော်သည့်အချိန်မှသာ ထွက်လာလိုက်သည်။ သူမသည် စုယိအား ဖုန်းအသစ်ကို ကမ်းပေးလိုက်သည်။
စုယိက ဘူးကိုဖွင့်၍ ဝူရွှယ်အားမေးလိုက်သည်။
"ဒီနှစ်ရက်အတွင်းမှာ ဘာမှမဖြစ်ဘူးမလား..."
"တစ်ခုခုတော့ ဖြစ်တယ်ဟ...အနုပညာလောကရဲ့ နာမည်ကြီးသတင်းပဲ..."
ဝူရွှယ်က လှောင်ရယ်ရယ်လိုက်သည်။
"လျန့်ပေါ မဟုတ်တာလုပ်ထားတာတွေ ပေါ်ကုန်တယ်လေ...သူတော့ သွားပြီပဲ..."
စုယိက သိပ်စိတ်မဝင်စားပဲ "ဪ..." ဟုသာ တစ်ချက်ပြော၍ အိမ်ထဲဝင်လာလိုက်သည်။
"နင်ကရော ဘာမှမဖြစ်ဘူးမလား...နင့်ပုံက နှစ်ရက်လောက်သွားပြီးတာတောင် ဘာဖြစ်လို့ မဝသေးတဲ့ပုံပေါ်နေတာလဲ..."
သူတို့နှစ်ယောက်ကြားတွင် ကုတင်ပေါ်မှကိစ္စများက စနောက်နေကျဖြစ်၍ ဝူရွှယ်သည် စုယိနောက်မှ လိုက်လာရင်း ထပ်ပြောလိုက်သည်။
"ဒါရိုက်တာချူက နင့်ကို ကုတင်ပေါ်မှာ ကျေနပ်အောင် မလုပ်ပေးနိုင်လို့လား..."
စုယိက ချက်ချင်းရပ်သွားသည်။
သူမ၏ကောင်လေးကို မည်သူကမှ 'မလုပ်နိုင်' ဟု ပြောခွင့်မရှိချေ။
စုယိသည် မျက်တောင်ပင်မခတ်ပဲ ပြောလိုက်သည်။
"မဟုတ်တာတွေ...ငါ့ကိုကိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး နံပါတ်တစ်ပဲ..."
___________________________________________