အပိုင်း ၄၀
Viewers 12k

Chapter 40


 ငါ့မှာ နောက်ဆုံးပြောပိုင်ခွင့်ရှိတယ်...။


ဝူရွှယ်က ရယ်လိုက်သည်။


"ဟုတ်ပါပြီ...နင်ဒီကနေ အော်နေရတာ မောနေမှာစိုးလို့ ပိုစတာတွေသွားထုတ်ပြီး လျှောက်ကပ်ထားပေးရဦးမလား..."


ထို့နောက် ဝူရွှယ်သည် စုယိအား အခန်းထဲ ဆွဲခေါ်သွားတော့သည်။


စုယိက ဖုန်းအသစ်ကို ဖွင့်လိုက်သည်။ WeChat၊ Weibo နှင့် Broadcast အက်ပလီကေးရှင်းများက ရှိနေပြီးသားဖြစ်သည်။ ဖွင့်ပြီး နှစ်မိနစ်မျှမကြာခင်မှာပင် ဖုန်းထံမှ Notiဝင်သံများ ဆက်တိုက်တက်လာတော့သည်။


စုယိသည် အသိုင်းအဝိုင်းထဲမှ သူငယ်ချင်းများရှိသော်လည်း အများစုမှာ တစ်ယောက်တင်သော post ကို တစ်ယောက်က like လုပ်၍ အလုပ်၌တွေ့လျှင် နှုတ်ဆက်သည့် အနေအထား၌သာရှိသည်။ တစ်ယောက်နှင့် တစ်ယောက် လိုင်းပေါ်မှစကားပြောလေ့မရှိ၍ အလုပ်နှင့်ပတ်သတ်သည့်ကိစ္စများအားလုံးကလည်း ဝူရွှယ်သာ ကိုင်တွယ်ခြင်းဖြစ်သည်။


ထို့ကြောင့် စုယိအား မည်သူက ဤမျှများပြားသော မက်ဆေ့ခ်ျများ ပို့နေရပါသနည်း။


စုယိသည် အထုပ်အပိုးများ ဖြည်နေသည်ကို ရပ်လိုက်၍ ကုတင်ကိုမှီကာ အားသွင်းနေဆဲဖြစ်သော ဖုန်းကို ဖွင့်ကြည့်လိုက်သည်။


[ လျှိုရှီး : မင်းဘာလုပ်နေလဲ...စကားပြောဖို့အချိန်ရလား... ]


[ လျှိုရှီး: ဘာဖြစ်လို့ ဘာမှပြန်မပြောတာလဲ... ]


[ လျှိုရှီး: ငါ့ကို တစ်မျိုးမထင်ပါနဲ့...ငါမင်းကို ဟိုလို စိတ်ဝင်စားလို့ စကားလာပြောနေတာမဟုတ်ပါဘူး...တစ်ခုခုမေးချင်လို့ပါ... ]


[ လျှိုရှီး: ကြီးပွားချမ်းသာပြီးမင်္ဂလာရှိတဲ့အချိန်တွေ ပိုင်ဆိုင်ရပါစေ.jpg... ]


[vလျှိုရှီး: ဟေး မင်း ချူယင်းနဲ့တူတူ ခရီးသွားနေတာလား...ငါ့ကို နည်းနည်းလောက်တော့ အဖက်လုပ်ပေးလို့ရမလား... ]


စာအိတ်နီကို မဖွင့်ပဲ စုယိက reply ပြန်လိုက်သည်။


[ နတ်ဘုရားမ စုယိ : ကျွန်မ တောင်းပန်ပါတယ်...ကျွန်မဖုန်းပျောက်သွားလို့ပါ...ဘာကိစ္စရှ်ိလို့လဲ... ]


တစ်ဖက်မှ စက္ကန့်အနည်းငယ်အတွင်း ပြန်ပို့လာသည်။


[ မင်းဖုန်းပျောက်သွားလို့လား...ငါ တစ်လုံးဝယ်ပေးရမလား...ရှန်ဟိုင်းမှာ ဟိုတလောကမှ ဖုန်းဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...ငါမင်းကို အသစ်စက်စက် brand ဝယ်ပေးလို့ရတယ်... ]


[ နတ်ဘုရားမ စုယိ : မလိုတော့ဘူး...ရတယ်ရယ် ကျွန်မ တစ်လုံး ဝယ်ပြီးသွားပါပြီ...တခြား ဘာပြောစရာရှိသေးလဲ... ]


[ လျှို့ရှီး : ဘာမှတော့မဟုတ်ပါဘူး... ]


[ နတ်ဘုရားမ စုယိ : ကျွန်မတို့ရဲ့ခင်မင်မှုအတွက်ဝမ်းသာပါတယ်.jpg] ဟုတ်ကဲ့...ဒါဆို ဂွတ်ဘိုင်ပါ... ]


[ လျှို့ရှီး : ....မဟုတ်ဘူး ပြောစရာလေးနည်းနည်းတော့ရှိတယ်...ဟို...မင်းရဲ့ နောက်လအနည်းငယ်အတွက် အချိန်ဇယားကို ပြောပြပေးလို့ရမလား... ]


စုယိက နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်သည်ကို မျက်နှာချင်းဆိုင်မှ ဝူရွှယ်က သတိထားမိသွား၍ မေးလိုက်သည်။


"နင် ဘာတွေကြည့်နေတာလဲ...မျက်နှာက အမျိုးမျိုးဖြစ်နေတယ်..."


"လူတစ်ယောက်က ငါ့ရဲ့ နောက်လတွေအတွက် အချိန်ဇယားကိုမေးနေတယ်..."


"ဘယ်သူလဲ..."


ဝူရွှယ်ကမေးလိုက်သည်။


"ချူယင်းလား..."


"မဟုတ်ဘူး...ချူယင်းရဲ့သူငယ်ချင်း..."


စုယိက စာရိုက်နေရင်းမေးလိုက်သည်။


"ငါ သူ့အကြောင်းတစ်ခါပြောဖူးတယ်လေ...နာမည်က လျှိုရှီး တဲ့..."


ဝူရွှယ်က အမြန်အော်ပြောလိုက်သည်။


"မပြောနဲ့..."


စုယိက ဝူရွှယ့်ကို အာရုံမစိုက်ပဲ ဖုန်းကိုသာငုံ့ကြည့်နေသည်။


"ငါသိပါတယ်...ဒါပေမယ့် မေးစရာလည်း လိုမှမလိုတာ...ငါ့ဖန်တွေက Weibo ပေါ်မှာ ငါ့အချိန်ဇယားကို အမြဲတင်နေတာပဲကို...ပြီးတော့ အခုတလော ငါက ရိုက်ကွင်းမှာပဲ အမြဲလိုလိုရှိနေတာ..."


[ နတ်ဘုရားမ စုယိ : ကျွန်မအဲ့ဒါကိုတော့ ပြောလို့မဖြစ်ပါဘူး...ကျွန်မ အေးဂျင့်စိတ်ဆိုးသွားလိမ့်မယ်...ပါးစပ်ကို ဇစ်နဲ့ပိတ်ထားရတယ်... ]


[ လျှို့ရှီး : နားလည်ပါတယ်...မင်းရဲ့အေးဂျင့်က တကယ်တော်တာပဲ...အလုပ်အကြောင်းကိုနားလည်တယ်...မင်းအရမ်းကံကောင်းပါတယ်... ]


???


စုယိသည် သူမနှင့် လျှို့ရှီးကြားတွင် ပစိဖိတ်သမုဒ္ဒရာနီးပါးကျယ်သော ချောက်ကြီးခြားနေသည်ကို သတိထားလိုက်မိသည်။ လျှို့ရှီးပြောနေသည်ကို စုယိလုံးဝနားမလည်ပေ။ စုယိသည် chatbox ကို ပိတ်မည်အလုပ်တွင် လျှို့ရှီးဘက်မှ တစ်ခုခုပို့လာပြန်သည်။


[ လျှို့ရှီး : မင်းတို့နေခဲ့တဲ့အခန်းက တကယ်ကောင်းတာပဲ...အခန်းဘယ်နှခန်းပါလဲ...ငါအခုပဲ ချူယင်းကိုမေးနေတာ သူက မဖြေချင်ဘူးလုပ်နေတယ်... ]


[ နတ်ဘုရားမ စုယိ: ရှင်က ကျွန်မတို့နေခဲ့တဲ့အခန်းကို ဘယ်လိုသိတာလဲ... ]


[ လျှို့ရှီး : ချူယင်းက သူ့ရဲ့ moment ပေါ်မှာ တင်ထားတယ်... ]


စုယိသည် ခဏရပ်သွား၍ လျှို့ရှီးအား ဘာမှပြန်မပို့တော့ပဲ ချူယင်း၏ moment ကို အမြန်သွားဖွင့်ကြည့်လိုက်သည်။


လွန်ခဲ့သည့် နာရီဝက်က တင်ထားသည့် ပုံသုံးပုံရှိနေသည်။ ပထမပုံနှစ်ပုံက Disney ဇာတ်ကောင်များနှင့် ရိုက်ထားသော စုယိ၏ပုံဖြစ်၍ ပြောစရာမလိုအောင်ပင် စုယိ မျက်လုံးမှိတ်နေသော ပုံများဖြစ်နေသည်။ နောက်ဆုံးပုံက လျှပ်တပြက်ရိုက်ထားသောပုံများဖြစ်၍ စုယိမသိအောင် ခိုးရိုက်ထားခြင်းဖြစ်သည်။ ပုံထဲ၌ စုယိသည် ဆံပင်စည်းနေရင်းဖြင့် အောက်သို့ ငုံ့ကြည့်နေသောပုံဖြစ်သည်။ စုယိသည် အောက်သို့ အတင်းငုံ့နေသောကြောင့် မေးစေ့အောက်၌ မေးနှစ်ထပ်ဖြစ်နေသည့်ပုံပေါက်နေသည်။


......စုယိသည် သူမ ယခုခံစားနေရသည့် ဒေါသထွက်နေပေမယ့်လည်း တစ်ချိန်ထဲဆိုသလို ပျော်လည်းပျော်နေသည့် ခံစားချက်ကို မည်သို့ ခေါင်းစဉ်တပ်ရမည်မှန်း မသိတော့ချေ။


စုယိသည် post အား like ပေးလိုက်ပြီးနောက် ချူယင်း၏ chatbox ကို ဖွင့်လိုက်သည်။


[ နတ်ဘုရားမ စုယိ : ရှင် ကျွန်မကို ပုံတွေထဲမှာ ရုပ်ဆိုးအောင်လုပ်ထားတယ်!!!... ]


[ ချူယင်း : ရုပ်မဆိုးပါဘူး... ]


[ နတ်ဘုရားမ စုယိ : ရှင်က ဘာဖြစ်လို့ အမြန်ကြီး reply ပြန်နေတာလဲ...အစည်းအဝေးခန်းထဲမှာ မဟုတ်ဘူးလား... ]


[ ချူယင်း : ဟုတ်တယ်...မင်းလိုပဲလေ... ]


ထိုစကားသည် သာမာန်နားမလည်နိုင်သည့်စကားဖြစ်သော်လည်း စုယိကတော့ ချက်ချင်းပင် နားလည်သွားသည်။ အရင်တစ်ခါ အစည်းအဝေးအတွင်းတွင် စုယိဖုန်းခိုးကြည့်နေစဉ်က ချူယင်းက ဖမ်းမိသွားခဲ့ဖူးသည်။


သို့သော် ထိုအစည်းအဝေး၌ စုယိသည် နားထောင်သူသာဖြစ်သော်လည်း ယခု ချူယင်းကတော့ အစည်းအဝေးကို ဦးဆောင်နေရသည်မဟုတ်ပါလား။


[ နတ်ဘုရားမ စုယိ : သူဌေးက အစည်းအဝေးမှာ ဖုန်းကြည့်နေရင် တခြားလူတွေ အမြင်ဘယ်ကောင်းတော့မလဲ...ကျွန်မလည်း လုပ်စရာတွေရှိသေးတယ်...ရှင့်အစည်းအဝေးကို အာရုံစိုက်တော့... ]


[ ချူယင်း : ဟုတ်ကဲ့ပါဗျာ...]


Chatbox မှ ပြန်ထွက်လာသည့်အခါ လျှို့ရှီးထံမှာ မက်ဆေ့ခ်ျ ၁၀ စောင်ခန့် အသစ်ရောက်နေသည်ကို သတိထားလိုက်မိသည်။


"ဒီလူက ဘာဖြစ်နေတာလဲ...ဘာတွေများ ပြောစရာဒီလောက် များနေတာလဲ..."


စုယိသည် တစ်ယောက်တည်း ခပ်တိုးတိုးပြောရင်း သူမ၏ Wechat ကို အသံပိတ်ထားရန် ဆုံးဖြတ်လိုက်သည်။ စုယိသည် သူမ သုံးနေကျ ပျောက်ကွယ်သွားဟန်ဆောင်သည့် နည်းလမ်းကိုပင် သုံးတော့မည်ဖြစ်သည်။


ဝူရွှယ်ကပြောလိုက်သည်။


"သူ့ကို တစ်ခါတည်း ဘလော့လိုက်ပါလား..."


"မဖြစ်ဘူး...သူက ချူယင်းရဲ့ သူငယ်ချင်းဖြစ်နေသေးတယ်..."


စုယိက မတ်တပ်ထ၍ အညောင်းဆန့်လိုက်သည်။


"နင်ပြန်တော့လေ...ငါလည်းရေချိုးပြီး မအိပ်ခင် ဇာတ်ညွှန်းကိုကြည့်ရဦးမယ်..."


ဝူရွှယ်သည် အခန်းသို့ပြန်သွားရာ ယခုအချိန်အထိ အန်းရွှမ်ပြန်မရောက်သေးသည်ကို သတိထားလိုက်မိသည်။


စုယိ အပန်းဖြေခရီးထွက်နေသည့်နှစ်ရက်တွင် အန်းရွှမ်သည်လည်း အပန်းဖြေခရီးထွက်နေသကဲ့သို့ မကြာခဏပျောက်သွားတတ်သည်။ အန်းရွှမ်၌ ရှန်ဟိုင်းတွင် အခြားအမျိုးနှင့် သူငယ်ချင်းများရှိသည်ဟုလည်း ဝူရွှယ် မကြားမိပါချေ။


သို့သော် ဝူရွှယ်သည် အန်းရွှယ်၏ ကိုယ်ပိုင်ဘဝကို ဝင်စပ်စုရန် ပျင်းရိနေမိသောကြောင့် အန်းရွှမ်ဆီသို့ မက်ဆေ့ခ်ျတစ်စောင်ပို့ပြီးနောက် ထိုးအိပ်လိုက်တော့သည်။


**


နောက်တစ်နေ့မနက်စောစောတွင် ဝူရွှယ်က စုယိ၏အခန်းသို့ရောက်လာသည်။ သူတို့နှစ်ယောက် အခန်းထဲမှ ထွက်လာသောအခါ ယခုမှ ဓာတ်လှေကားထဲကထွက်လာသော အန်းရွှမ်နှင့် ဆုံမိသွားသည်။


စုယိက ယခုထိ အိပ်ချင်နေသေး၍ သမ်းလိုက်သည်။


"နင်က ဘာဖြစ်လို့ အခုမှ ပြန်လာတာလဲ..."


"တကယ် တကယ် တောင်းပန်ပါတယ်..."


အန်းရွှမ်၏ဆံပင်များသည် ပွနေကာ မျက်နှာ၌ မိတ်ကပ်ရှိသေးသော်လည်း တစ်ဝက်လောက် ပျက်နေသည်။


"ယိကျဲ...ရိုက်ကွင်းကိုသွားတော့မလို့လား...ကျွန်မ အိတ်သယ်ပေးမယ်လေ .."


အန်းရွှမ်က ပြောပြီးပြီးချင်းပင် စုယိ၏အိတ်ကို လာယူလိုက်သည်။


စုယိက လက်ကို အနောက်သို့ ပို့လိုက်သည်။


"ရပါတယ်...နင်ဘာတွေလုပ်နေတာလဲ...နင့်ကိုကြည့်ရတာ ရုပ်ပျက်ဆင်းပျက်နဲ့..."


"မ‌နေ့က အစ်မ မရှိတာနဲ့ ကျွန်မ အပြင်သွားလိုက်တာ..."


အန်းရွှမ်က အသံသေးသေးလေးဖြင့်ပြောလိုက်သည်။


"ကျွန်မကြောင့် ဘာမှနောက်မကျသွားဘူးမလား..."


စုယိက အန်းရွှမ်အား သေချာကြည့်လိုက်သည်။ အန်းရွှမ်သည် ဆံပင်များ ရှုပ်ပွနေရုံမျှမက အဝတ်အစားများကလည်း ဖရိုဖရဲဖြစ်နေသည်။ စုယိက လက်ကိုဝှေ့ယမ်းလိုက်သည်။


"နောက်ကျကုန်တယ်...မြန်မြန်ရေသွားချိုးပြီး ရိုက်ကွင်းဆီကို တက္ကဆီငှားလာခဲ့...နင့်အလုပ်တွေကို တစ်နေ့လုံး ဝူရွှယ်လုပ်မနေရစေနဲ့..."


အန်းရွှမ်က သနားစဖွယ်လေးခေါင်းငြှိမ့်ပြလိုက်ကာ ဝူရွှယ်ဆီမှ အခန်းကဒ်ကိုယူ၍ အခန်းဆီသို့ ပြေးသွားတော့သည်။


ကားထဲ၌ ဝူရွှယ်ကမေးလိုက်သည်။


"နင် ဘာဖြစ်လို့ ဒေါသတွေကြီးနေတာလဲ...အခုမှ မနက်အစောကြီးပဲရှိသေးတာ...ငါတို့ အရေးကြီးလုပ်စရာလည်း ဘာမှမရှိဘူးလေ..."


"ပိုက်ဆံကျတော့ယူပြီး အလုပ်မှာ ခိုကပ်နေလို့တော့ ဘယ်ဖြစ်မလဲ...တော်ရင် ချီးကျူးပေးပြီး လိုရင် ဝေဖန်ပေးရမှာပဲ..."


စုယိက ကားမှန်တံခါးကိုမှီ၍ မျက်လုံးများမှိတ်ကာ ပြောလိုက်သည်။


"နင်က ခါတိုင်းဆို ဒီလောက်သဘောကောင်းမနေပါဘူး..."


"သူ ဒီလိုအလုပ်လုပ်နေရတာ သူ့မိသားစုက သိပ်အဆင်မပြေလို့မဟုတ်ဘူးလား..."


"အဲ့လိုလူတွေက အများကြီးပါ...သူ့လခက တစ်လ တစ်လ အများကြီးရနေတာ အဲ့လိုလူတွေထက်စာရင် သူက တော်ပါသေးတယ်..."


ပြောနေသည့်ခေါင်းစဉ်က တဖြည်းဖြည်းနှင့် တခြားဆီသို့ ရောက်ကုန်သောကြောင့် စုယိက စကားလွှဲလိုက်သည်။


"ဒီနှစ်ရက်မှာ လီမင် နင့်ကို လာရှာသေးလား..."


"ဟင့်အင်း..."


ဝူရွှယ်ကပြောဟည်။


"ဒီနှစ်ရက်မှာ ချန်းအန်းနန်ကြောင့် သူလည်း တော်တော်စိတ်ညစ်နေတယ် ကြားတယ်..."


မျှော်လင့်ထားသည့်အတိုင်းပင် ရိုက်ကွင်း၌ ဘေးခန်းမှ မိတ်ကပ်ပြင်သည့်အခန်းကို ဖြတ်သွားသောအခါ ချန်းအန်းနန်သည် နီရဲနေသောမျက်လုံးများဖြင့် ဇာတ်ညွှန်းကိုဖတ်နေသည်ကို တွေ့လိုက်ကြရသည်။


ဝူရွှယ်၏ဒေါက်ဖိနပ်များက အသံကျယ်သွား၍လားမသိ၊ ချန်းအန်းနန်က ချက်ချင်း စုယိတို့ဘက်သို့ ခေါင်းမော့ကြည့်လိုက်သည်။ စုယိကိုမြင်သောအခါ ချန်းအန်းနန်၏မျက်လုံးများက ပို၍ပင် နီရဲလာကြလေသည်။


"..."


စုယိက ပြောသင့် မပြောသင့် စဉ်းစားလိုက်သော်လည်း နောက်ဆုံးတော့ ပြောမိသွားသည်။


"အန်းနန်...ညီမအဆင်ပြေရဲ့လား..."


ချန်းအန်းနန်သည် မျက်နှာကို လက်ဖြင့်အုပ်၍ ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။


ဝူရွှယ်က အနားကပ်၍တိုးတိုးလေးပြောလိုက်သည်။


"မေးမနေနဲ့...နင့်ရဲ့ မိတ်ကပ်ခန်းဆီသာ မြန်မြန်သွားတော့..."


စုယိက နားမလည်ဖြစ်သွားသည်။


"ဘာဖြစ်လို့လဲ..."


"ပရိသတ်တွေက သူတို့ရဲ့အိုင်ဒေါရှေ့မှာ သူတို့ စိတ်ဓာတ်ကျနေတဲ့ပုံကို ဘယ်မြင်စေချင်ပါ့မလဲ..."


ဝူရွှယ်ကပြောလိုက်သည်။


"နင်ကတော့ အဲ့ဒီခံစားချက်ကို ဘယ်နားလည်မလဲ..."


“…”


စုယိ တကယ်ပင် နားမလည်ချေ။


စုယိသည် မိတ်ကပ်ပြင်သည့်အခန်းသို့ပြန်ကာ ဖောင်ဒေးရှင်းကိုလိမ်းနေလိုက်သည်။ သေချာစဉ်းစားပြီးသောအခါ ဝူရွှယ်အားပြောလိုက်သည်။


"နင် အန်းရွှမ်ကို သူလာရင် သစ်သီးတစ်ချို့ယူလာခိုင်းပြီး အန်းနန်ရဲ့ မိတ်ကပ်ပြင်တဲ့အခန်းဆီ ပို့ထားလိုက်ရင်ရော..."


ဝူရွှယ်ကခေါင်းငြှိမ့်လိုက်သည်။


"လုပ်လိုက်မယ်..."


စုယိ မိတ်ကပ်ပြင်ပြီးပြီးချင်းမှာပဲ WeChat မှ နိုတီတက်သံကြားလိုက်ရသည်။


[ ချူရှီးက သင့်အား မိတ်ဆွေဖြစ်ရန် ခွင့်တောင်းထားပါသည် ]


စုယိက လက်ခံလိုက်ရာ တစ်ဖက်မှ ချက်ချင်း မက်ဆေ့ခ်ျပို့လာလေသည်။


[ ချူရှီး : နင် ဟိုနေ့ကပြောထားတာ...ငါ့ကို ဘာသင်ပေးမှာလဲ... ]


[ နတ်ဘုရားမ စုယိ : နင်အရင်ဖြေ...ရော့လင်က ဘယ်သူလဲ... ]


ချူယင်းက ရော့လင်ကို မမှတ်မိသော်လည်း ချူရှီးက ထည့်ပြောထားသည်ဖြစ်သောကြောင့် အကြောင်းတစ်ခုခုတော့ရှိရပေမည်။


[ ချူရှီး : ??? ]


[ နတ်ဘုရားမ စုယိ : ငါက နင့်ကို သင်ခန်းစာ အလကားသင်ပေးမယ်လို့များ နင်ထင်နေတာလား... ]


ချူရှီးဘက်မှ တခဏမျှ တိတ်ဆိတ်နေပြီးမှ ခပ်ဖြည်းဖြည်း ပို့လာသည်။


[ ချူရှီး : ရော့လင်က အရင်တုန်းက ငါတို့ရဲ့အိမ်နီးချင်း...သူက အရမ်းချောပြီး သဘောလည်း အရမ်းကောင်းတယ်...မိသားစုကလည်း အရမ်းချမ်းသာတယ်...အဓိကက သူက ကိုကို့ကို အရမ်းကြိုက်ခဲ့တာ...ငယ်ငယ်တုန်းကဆိုရင် ကိုကို့နောက်ကိုပဲ အမြဲလိုက်နေတာ...သူတို့က တူတူကြီးပြင်းလာကြပြီး စုံတွဲဖြစ်ဖို့ မွေးဖွားလာကြတာပဲ... ]


ထိုအချိန်မှာပင် အဖွဲ့သားတစ်ဦးက စရိုက်တော့မည်ဖြစ်၍ စုယိအား လာခေါ်နေ‌လေသည်။


[ နတ်ဘုရားမ စုယိ : နင်က စကားပြောတာတော်သားပဲ...ဒီစကား ဒီမှာရပ်ပြီ... ]


လီမင်သည် ဇာတ်ညွှန်းကိုသေချာပြန်ဖတ်နေသည်။ စုယိကိုမြင်သည့်အခါ သူမ မျက်နှာက စိတ်အေးသွားသည့်ပုံဖြစ်သွားသည်။


"နင်ပြန်ရောက်လာပြီပဲ..."


"ညီမ နှစ်ရက်ပဲ သွားတာပါ..."


စုယိက ဆံပင်စတိုင်လစ်အား စည်းထားရာမှ ထွက်လာသော ဆံမျှင်များကို သပ်ရပ်အောင် ပြန်လုပ်ခိုင်းလိုက်၍ ပြုံးလိုက်သည်။


"ဒီနှစ်ရက်မှာ အဆင်မပြေဘူးလား...'


"ပြောမနေပါနဲ့တော့ဟယ်...ဝင်လာတဲ့အသစ်တိုင်းက အပြစ်တင်ဝေဖန်တာကို နင့်လိုမျိုး ကောင်းကောင်းလက်မခံနိုင်ဘူးဆိုတာ ငါအခုမှ သိသွားတော့တယ်...အခုဆို ရိုက်နေတာပဲ တော်တော်ကြာနေပြီ အချိုးက အခုထိ မပြေသေးဘူး..."


"အဲ့လိုလည်း မဟုတ်ပါဘူး ကျဲရယ်...ညီမတုန်းကထက်စာရရင် အန်းနန်က အများကြီးတော်ပါသေးတယ်...ဒီအဆင့်မရောက်ခင်တုန်းကလည်း‌ ရှေ့မှာ လ‌တွေအများကြီး ကျဲဆူတာ ခံခဲ့ရတာပဲကို..."


သူတို့ပြောနေကြစဉ်တွင် ချန်းအန်းနန်က အခန်းထဲမှထွက်လာသည်။ သူမသည် မိတ်ကပ်ပြင်ပြီးပြီဖြစ်၍ မျက်လုံးများကလည်း သိပ်နီရဲမနေကြတော့ပေ။ အန်းနန်သည် လိုက်လျောညီထွေစွာတော့ နေတတ်ပေသည်။


စုယိနှင့် ချန်းအန်းနန်သည် ပထမဆုံးအခန်းကို တူတူရိုက်ကြရမည်ဖြစ်သည်။


___________________________________________