Chapter 41
ချန်းအန်းနန်သည် အမျိုးသားဇာတ်ဆောင်၏ ချစ်သူဖြစ်၍ စုယိက မယားငယ်ဖြစ်သည်။ ဤအခန်းတွင် ချန်းအန်းနန်က စုယိအကြောင်းသိသွားကာ ဖြူစင်သော ပန်းဖြူလေးက ဒေါသမထိန်းနိုင်ဖြစ်သွားသည့်အခန်းဖြစ်သည်။ ချန်းအန်းနန်က စုယိအား ပါးရိုက်ရမည်ဖြစ်သည်။
ချန်းအန်းနန်ပါးစပ်ဟလိုက်သည့်အချိန်မှာပင် ဤအခန်းကိုပြန်ရိုက်ရတော့မည်ဖြစ်ကြောင်း စုယိသိလိုက်သည်။
ချန်းအန်းနန်သည် အသံကိုမြှင့်ပြောလိုက်သော်လည်း အားမပါချေ။ သူမ၏မျက်လုံးထဲမှ ခံစားမှုများကိုလည်း မထိန်းချုပ်နိုင်သေးချေ။
မျှော်လင့်ထားသည့်အတိုင်းပင် စကားအနည်းငယ်ပြောပြီးသွားသောအခါ လီမင်က "cut" ဟု အော်လိုက်တော့သည်။
"နင်က မယားငယ်ကို လာပြီးရန်တွေ့ရမှာ သူ့ကို ရေလာငှဲ့ပေးရမှာမဟုတ်ဘူး...ခုနကနင့်ပုံကိုကြည့်ရတာ ဇာတ်လမ်းကိုမသိတဲ့လူဆိုရင် အစေခံက သူ့ရဲ့ အိမ်ကြီးရှင်နဲ့ ရန်ဖြစ်ဖို့ကြိုးစားနေသလိုပဲ..."
ချန်းအန်းနန်သည် ခေါင်းငုံ့ကာ ငိုနေပြန်တော့သည်။
"ယိကျဲ...တောင်းပန်ပါတယ်..."
စုယိက ကြောင်သွားသည်။
"ဘာဖြစ်လို့ အစ်မကို တောင်းပန်နေတာလဲ..."
"အစ်မပါ ပြန်ရိုက်ရတော့မှာမို့လို့လေ..."
ဟုတ်ပေသားပဲ။
စုယိသည် သက်ပြင်းချကာ ဘေးနားမှလူဆီမှာ တစ်ရှူးတစ်စကိုယူလိုက်သည်။
"မငိုပါနဲ့ ညီမရယ်...အချိန်တွေမဖြုန်းပဲဆက်လုပ်ကြရအောင်...အကောင်းဆုံးကြိုးစားပြီးလုပ်...စကားပြောရင် ယုံကြည်ချက်ရှိရှိနဲ့ပြော...တစ်ခါတစ်လေကျရင် အသံမှာ ခံစားချက်တွေပါနေတတ်တယ်..."
သူတို့သည် နှစ်ခါမျှ ဆက်ရိုက်လိုက်ကြသည်။ ပထမတစ်ပိုင်းက အဆင်ပြေသော်လည်း အဆုံးနား၌ လုံးဝအဆင်မပြေဖြစ်နေသည်။
ချန်းအန်းနန်သည် ပါးရိုက်ရန် လက်တွန့်နေသောကြောင့် သရုပ်ဆောင်နေသည်က အလွန်သိသာနေသည်။
လီမင်က ဒေါသပေါက်ကွဲတော့မည့်အချိန်တွင် စုယိကပြောလိုက်သည်။
"နောက်တစ်ခေါက်ထပ်ရိုက်ရအောင်..."
လီမင်က ပြောလိုက်သည်။
"ရပါ့မလား...ချန်းအန်းနန်ကို အရင်စိတ်ပြင်ဆင်ခိုင်းရင် ပိုမကောင်းဘူးလား..."
"မလိုပါဘူး..."
စုယိကပြောလိုက်သည်။
"အန်းနန်...ဒီတစ်ခေါက် အစ်မကို တကယ်သာရိုက်လိုက်တော့...တစ်ခါတည်းပြီးအောင် လုပ်လိုက်ကြရအောင်..."
ချန်းအန်းနန်က မရိုက်ချင်ဖြစ်နေသည်။ သို့သော် သူမ ဘာမှမပြောနိုင်ခင်မှာပင် ခပ်လှမ်းလှမ်းမှ ယောင်္ကျားသံတစ်သံကို ကြားလိုက်ရသည်။
"မရိုက်ရဘူး..."
စုယိလည်း ရပ်သွားသည်။ ဘေးသို့လှမ်းကြည့်လိုက်သောအခါ ဘယ်အချိန်တည်းက ရောက်နေမှန်းမသိသော ချူယင်းက လီမင်နားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"...ဒါပေမယ့် အဲ့လိုမှမလုပ်ရင် အချိန်တွေအများကြီးကုန်နေမှာ..."
စုယိကလည်း ယခုမှ အသိပြန်ဝင်လာကာ ခပ်တိုးတိုးပြောလိုက်သည်။
"သူက ဈာန်မဝင်ဖြစ်နေတာပါ...ကိုယ်တို့ အဆင်ပြေတဲ့အထိ ရိုက်မယ်...အဲ့ဒါမှ မပြေရင် မင်းသမီးပြောင်းမယ်..."
ချူယင်း၏မျက်နှာထားက ပုံမှန်မျက်နှာပင်ဖြစ်ပြီး ရာသီဥတုအကြောင်းပြောနေသကဲ့သို့ မတုန်မလှုပ် ခပ်တည်တည်သာဆိုလာသည်။
"ကိုယ်က ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံထားတဲ့သူ...ကိုယ့်စကားက အတည်ပဲ...ကိုယ့်မှာ နောက်ဆုံးပြောပိုင်ခွင့်ရှိတယ်..."
ဒါရိုက်တာကလည်း ချက်ချင်းပင် ငွေထုတ်ပေးသူ၏အလိုကို လိုက်လိုက်သည်။
"မင်းသမီးက ရိုက်ချင်တယ်ဆိုရင်တောင်မှ တကယ်ရိုက်လို့မရပါဘူး..."
လီမင်က ပြောလိုက်သည်။
"စုယီ နင်က တခြားအခန်းတွေ ရိုက်ဖို့ရှိသေးတယ်လေ...နင့်မျက်နှာက ယောင်နေရင် ဘယ်လိုလုပ်မလဲ..."
"ကျွန်မ အဲ့လောက်လည်း မပျော့ပါဘူး..."
စုယိက ပွစိပွစိပြောလိုက်ပြီးမှ ချူယင်းနှင့် အကြည့်ချင်းဆုံသွားသဖြင့် ချက်ချင်းပင်ပြန်ပြင်ပြောလိုက်ရသည်။
"ရပါတယ် ရပါတယ်...ညီမတို့ နောက်အကြိမ်တွေ ထပ်ရိုက်ရလည်း ကိစ္စမရှိပါဘူး..."
ချူယင်းက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်သည်။
"ဒီကို လာခဲ့ဦး..."
စုယိက ပြုံး၍ လျှောက်သွားရင်း မိတ်ကပ်ဆရာနားမှ ဖြတ်သွားချိန်တွင် ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်မ မိတ်ကပ်ကို နည်းနည်းလာပြန်ပြင်ပေးပါ..."
ထို့နောက် ချူယင်းသည် စုယိပခုံးပေါ်သို့ လက်တင်ကာ ရိုက်ကွင်းထဲမှ ထွက်လာလိုက်သည်။ မိတ်ကပ်ပြင်ဆရာကလည်း နောက်မှလိုက်သွားသည်။
"ရှင်က ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ..."
ရိုက်ကွင်းထဲမှ ထွက်လာပြီးသောအခါ စုယိက မျက်တောင်တစ်ချက် ခတ်လိုက်သည်။
"ကျွန်မကို ခိုးပြေးမလို့လား..."
ချူယင်းက စုယိ၏ပါးလေးကို လိမ်ဆွဲလိုက်သည်။
"ဒီနားကဖြတ်သွားရင်း ဝင်ကြည့်လိုက်တာ..."
စုယိက ချူယင်း၏လက်ကိုဆွဲယူကာ ချူယင်း၏လက်ပတ်နာရီကိုကြည့်လိုက်သည်။
"အခုမှ ကိုးနာရီပဲရှိသေးတာ...ဘယ်သွားမလို့လဲ..."
"အစည်းအဝေးတစ်ခုရှိလို့..."
ချူယင်းသည် စုယိက သူ၏လက်ပတ်နာရီကိုဆော့နေသည်ကို မြတ်နိုးလွန်းသောအကြည့်လေးဖြင့် ငုံ့ကြည့်နေမိသည်။
"မင်း မနက်စာရော စားပြီးပြီလား..."
ထိုသည်က စုယိအား မနက်စာ အတူစားရန် ဖိတ်ခေါ်နေခြင်းလား။
မနက်က စုယိ ဘာမှ ဟုတ်တိပတ်တိ မစားခဲ့သည်ကပင် ခပ်ကောင်းကောင်းဖြစ်သွားသည်။ စုယိသည် သနားစဖွယ်မျက်မှာလေးလုပ်၍ ပြောလိုက်သည်။
"မစားရသေးဘူး..."
သူမ ပြောပြီးပြီးချင်းမှာပင် ချူယင်းသည် သူ့လက်ကိုသူ ပြန်ဆွဲယူ၍ ခပ်လှမ်းလှမ်း၌ရပ်ထားသော ကားကြီးဆီသို့ လျှောက်သွားလေသည်။
၂မိနစ်ပင် မကြာလိုက်ပဲ ချူယင်းသည် လက်ထဲ၌ ပေါင်မုန့်ကြီးနှစ်လုံးနှင့် နို့တစ်ခွက်ကိုကိုင်လာ၍ စုယိအား လှမ်းပေးလိုက်သည်။
"ဖြည်းဖြည်းစား...ကိုယ်သွားတော့မယ်..."
စုယိသည် ထွက်ခွာသွားသော SUV ကားကြီး၏နောက်ပိုင်းကိုကြည့်၍ ဘာလုပ်ရမည်မသိပဲ ကြာမြင့်စွာ ရပ်နေမိတော့သည်။
ချူယင်းသည် ဤနေရာသို့ စုယိအား ပေါင်မုန့်ကြီး နှစ်လုံးပေးရန် သက်သက်သာ ရောက်လာခြင်းပေလား။
....မသွားခင် အနမ်းလေးတစ်ပွင့်တော့ ပေးသွားခဲ့သင့်သည် မဟုတ်ပါလား။
SUV ကားထဲတွင် လက်ထောက်သည် နောက်ကြည့်မှန်မှတစ်ဆင့် ဖြစ်ပျက်သမျှကို ကြည့်နေလေသည်။
မနက်ကပင် ချူယင်းတို့သည် အစည်းအဝေးတိုတစ်ခု လုပ်ပြီး၍ အခြားအစည်းအဝေးဆီသို့ အမြန်သွားနေရခြင်းဖြစ်သည်။ သို့သော် စုယိအား မြင်ပြီးသည့်နောက်တွင် သူဌေး၏ အခြေအနေသည် သိသာစွာပင် ပို၍ ကောင်းလာလေသည်။ လက်ထောက်က အတွေးနယ်ချဲ့နေစဉ်မှာပဲ အနောက်ခန်း၌ထိုင်နေသော ချူယင်းက ခေါင်းမော့ကြည့်လိုက်သောကြောင့် လက်ထောက်လည်း တက်မကြည့်ရဲတော့ပဲ မျက်လွှာချလိုက်ရသည်။ လက်ထောက်သည် ကားမောင်းခြင်းကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
စုယိပြန်ရောက်လာသည်ကို မြင်သည့်အခါ ရိုက်ကွင်းတစ်ခုလုံး အံ့ဩသွားကြသည်။ စုယိသွားသည်မှာ ငါးမိနစ်ပင်မကြာလိုက်ပေ။
စုယိသည် လီမင်အနားသို့သွား၍ ပြောလိုက်သည်။
"ညီမတို့ ဒီအခန်းကိုဆက်ရိုက်ကြမလား..."
"အရမ်းမြန်မနေဘူးလား..."
လီမင်ကလည်း လန့်နေသည်။
"အစ်မတို့က နေ့လယ်လောက်မှဆက်ရိုက်မလို့...အန်းနန်ကို သူ့ခံစားချက်တွေကိုညှိဖို့ အချိန်ပေးရဦးမယ်..."
စုယိသည် ဘေး၌ရှိသော အချိန်ဇယားကို ငုံ့ကြည့်လိုက်သည်။ နောက်တစ်ခန်း၌လည်း စုယိသရုပ်ဆောင်ရမည်ဖြစ်သောကြောင့် အဲကွန်းရှိသော မိတ်ကပ်ပြင်သည့်အခန်းသို့သာ ပြန်သွားနေရန် ဆုံးဖြတ်လိုက်သည်။
သစ်သီးခြင်းတောင်းနှင့် အန်းရွှမ်ရောက်လာသောအခါ တော်တော်ပင် နောက်ကျနေပြီဖြစ်သည်။ စုယိကိုမြင်သောအခါ ကမန်းကတမ်းပြောလိုက်သည်။
"ယိကျဲ...ဒီမှာ အသီးတွေပါလာပြီ..."
"အင်း...အန်းနန်ရဲ့ မိတ်ကပ်ခန်းထဲ သွားပို့ပေးလိုက်..."
အန်းရွှမ် ထွက်သွားသောအခါ ဝူရွှယ်ကပြောလိုက်သည်။
"သူ့အိမ်မှာ ကိစ္စတစ်ခုခုဖြစ်နေလို့လား ဘာလားတော့ မသိဘူး...ခုတလော အန်းရွှမ်ကိုကြည့်ရတာ တော်တော်တော့ စိတ်တွေလွင့်နေတဲ့ပုံပဲ..."
စုယိက နို့ကိုစုပ်ရင်းဖြင့် ပြောလိုက်သည်။
"သူက နင်ရှာထားတဲ့လူပဲလေ...နင်စောင့်ကြည့်နေရင် ငါကတော့ အဆင်ပြေတယ်..."
"နင်ပြောနေတဲ့ပုံက ငါကပဲ သူ့ကို တမင် အခွင့်အရေးပေးပြီး ခန့်ထားသလိုပဲ...သူ့ကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ အဆင့်ဆင့်စိစစ်ပြီးမှ ခန့်ထားတာပါနော်..."
ဝူရွှယ်က စုယိဘေး၌ လာထိုင်ကာ ဆက်ပြောသည်။
"နင့် ပေါင်မုန့်နဲ့နို့ကို ဘယ်လိုဖြစ်လို့ ဒီလောက် သည်းကြီးမည်းကြီးစားနေရတာလဲ...မနက်ကပဲ ကြာဇံပြုတ်တစ်ပန်းကန်ကြီး စားထားတယ်မဟုတ်ဘူးလား..."
"ပေါင်မုန့်ကြိုက်လို့လေ..."
ဝူရွှယ်သည် ဆက်၍ စလိုက်ချင်သော်လည်း ထိုမုန့်များသည် သူမ၏သူဌေးက ပေးထားသည်ကို သတိရသွားသောကြောင့် ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။
ဒင်!
စုယိ၏ဖုန်းမှ အသံမြည်လာခြင်းဖြစ်သည်။
[ ချူရှီး : နင် ငါ့ကို သင်ပေးမှာလား မသင်ပေးဘူးလား... ]
စုယိသည် ယခုမှပင် ထိုကိစ္စကိုပြန်သတိရသွားတော့သည်။
[ နတ်ဘုရားမ စုယိ : သင်ပေးမယ်...နင့်ရဲ့ ရည်းစားဟောင်းနာမည်က ဘယ်သူလဲ... ]
[ ချူရှီး : ဘာဖြစ်လို့မေးတာလဲ... ]
[ နတ်ဘုရားမ စုယိ : ကိုယ့်ရန်သူတွေက ဘယ်သူလဲဆိုတာ သိထားရမယ်လေ... ]
[ ချူရှီး : ...တန်းမင်ယန်...]
စုယိသည် စာရိုက်နေရင်းဖြင့် ဘေးမှ ဝူရွှယ်ကို လှမ်းမေးလိုက်သည်။
"နင် တန်းမင်ယန်ဆိုတာကို သိလား..."
"နည်းနည်းသိသလိုပဲ..."
ဝူရွှယ်က မျက်လုံးကိုမှိတ်၍ စဉ်းစားလိုက်သည်။
"မင်းသားတစ်ယောက်ယောက်ထင်တာပဲ...ဘာဖြစ်လို့လဲ..."
"အရေးမကြီးပါဘူး...သူက ချောလား..."
"ငါမှတ်မိပြီ..."
ဝူရွှယ်က ပြောလိုက်သည်။
"နေပါဦး...နင်က ဘာဖြစ်လို့ အဲ့ဒီမင်းသားအကြောင်းကိုမေးနေတာလဲ...အခုပဲ နင့်အချစ်ပေးတဲ့ ပေါင်မုန့်ကိုစားပြီး တခြားတစ်ယောက်နဲ့သွားတွေ့တော့မလို့လား..."
စုယိက လှောင်ရယ်ရယ်လိုက်သည်။
"သေလေ...ဒီလောကမှာ ငါ ချူယင်းကိုဖောက်ပြန်ရလောက်အောင် ထိုက်တန်တဲ့လူ မရှိဘူး..."
[ နတ်ဘုရားမ စုယိ : နင်က အနည်းဆုံးတော့ ချူလုပ်ငန်းတွေရဲ့ မင်းသမီးလေးဖြစ်နေသေးတယ်လေ...နင့်ကိုပစ်ပြီး သူ့ရဲ့တက်လမ်းအတွက် တခြားတစ်ယောက်ကို အသုံးချရလောက်အောင် အဲ့ကောင်က ရူးနေတာလား... ]
[ ချူရှီး : နင် ဘာဖြစ်လို့ ရိုင်းစိုင်းနေရတာလဲ...သူက ငါ့ရဲ့မိသားစုကြောင့် ငါ့ကိုကြိုက်ခဲ့တာမဟုတ်ဘူး...ငါ့ရဲ့မိသားစုက ဘာလုပ်မှန်းတောင်သူသိတာမဟုတ်ဘူး... ]
[ နတ်ဘုရားမ စုယိ : နင် အဲ့ကောင်ကို ဆက်ကာကွယ်ပေးနေမယ်ဆိုရင် နင့်ရဲ့ ဦးထုပ်စိမ်းကိုယူပြီး ချောင်တစ်ချောင်မှာသာ တစ်ယောက်တည်း သွားထိုင်နေလိုက်တော့... ]
ချူရှီးသည် အချိန်အတော်ကြာ ဘာမှပြန်မပို့ပဲ တိတ်ဆိတ်နေပြီးမှ စတစ်ကာတစ်ခုကို ပြန်ပို့လာသည်။
[ ချူရှီး : ရှင်ကနံစော်တဲ့ဝက်ပဲ.jpg... ]
ချူရှီးကဲ့သို့ ကလေးမလေးအတွက် ထိုကဲ့သို့ စတစ်ကာပို့ခြင်းသည် အရှုံးပေးလိုက်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ စုယိက ဘာမှဆက်မပြောတော့ပေ။
[ နတ်ဘုရားမ စုယိ : ငါအခု ရိုက်ကွင်းမှာရောက်နေတယ်...ဟိုတယ်ကိုပြန်ရောက်မှ နင့်ရဲ့ ရည်းစားဟောင်းအကြောင်း သေချာစုံစမ်းလိုက်မယ်... ]
[ ချူရှီး : နင် ရုပ်ရှင်ရိုက်နေတာလား...ဘာကားလဲ... ]
စုယိက ရုပ်ရှင်၏နာမည်ကို ပို့လိုက်သည်။
[ ချူရှီး : ဒါဆို နင်က ရှန်ဟိုင်းကို ရုပ်ရှင်ရိုက်ဖို့သွားတာပေါ့... ]
[ ချူရှီး : ငါလည်း ရှန်ဟိုင်းကိုလာချင်တာ...ဒါပေမယ့် အခု ကဒ်နဲ့ပိုက်ဆံတွေကို ဖေဖေတို့က သိမ်းထားတယ်...နင် ငါ့ကို ပိုက်ဆံနည်းနည်းချေးပါလား...နောက် ပိုက်ဆံပြန်ရရင် နှစ်ဆ ပြန်ပေးမယ်လေ... ]
[ နတ်ဘုရားမ စုယိ : ငါက ပိုက်ဆံလိုနေတာမှမဟုတ်တာ...အကူအညီတောင်းချင်ရင် ကောင်းကောင်းပြောလေ... ]
[ ချုရှီး : ယောင်းမ... ]
ချူရှီးသည် သူမ လိုချင်တာရဖို့အတွက် ဘာလုပ်ရမည်ဆိုသည်ကို ကောင်းကောင်းသိလေသည်။
[ နတ်ဘုရားမ စုယိ : နင်လာချင်ရင်လာပေါ့...ဒါပေမယ့် ငါနဲ့နေရမယ်... ]
[ ချုရှီး : ??? ]
[ နတ်ဘုရားမ စုယိ : နင် တစ်ခုခု ပြဿနာဖြစ်ရင် ငါကပါ လိုက်ဖုံးကွယ်ပေးမယ်လို့ နင်ထင်နေတာလား...ငါဆက်ပြောလို့မရတော့ဘူး...ငါရိုက်ရမယ့်အလှည့်ရောက်တော့မယ်...လာမှာလား မလာဘူးလား... ]
[ ချူရှီး : ...လာမယ်... ]
**
ရှန်ဟိုင်းသို့ ချူရှီးရောက်လာသည့်အခါ စုယိကိုယ်တိုင် သွားကြိုလိုက်သည်။
ချူရှီး၏လေယာဉ်သည် ချူယင်း၏ လေယာဉ်ထွက်သွားသည့်အချိန်မှာပဲ ဆိုက်ရောက်လာမည်ဖြစ်သည်။ ယခုမနက်၌ စုယိသည်လည်း ရိုက်စရာအခန်း ဘာမှမရှိသဖြင့် ခွင့်ယူကာ ချူယင်းကို လိုက်ပို့ရင်း တစ်ဆက်တည်းတိုသလိုချူရှီးကို ပြန်ကြိုလာရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
စစ်ဆေးရေးဂိတ်မရောက်ခင်တွင် ချူယင်းက ရပ်၍ပြောလိုက်သည်။
"မင်းကို ချူရှီးက စိတ်တိုအောင်လုပ်ရင် ချက်ချင်းပြန်ပို့လိုက်..."
"အင်းပါ..."
စုယိကပြောလိုက်သည်။
"စိတ်မပူပါနဲ့...ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်..."
"ကိုယ်သိပါတယ်..."
ချူယင်းက ပြုံးလိုက်သည်။
"မင်းက ရုပ်ရှင်လည်း ရိုက်နေရသေးတယ်...ပြန်ရောက်တော့ ချူရှီးကိုလည်း ထိန်းရဦးမယ်ဆိုတော့ ပင်ပန်းမှာ ကိုယ်ကစိုးရိမ်လို့ပါ..."
Disney မှ ပုံများပြန့်သွားပြီးသည့်နောက်တွင် စုယိတို့သည် သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ဖုံးကွယ်မနေတော့ပဲ ပေါ်ပေါ်ထင်ထင်သာနေလိုက်ကြတော့သည်။ ဤတစ်ခေါက်တွင် စုယိသည် ရိုက်ကွင်းမှ မပုန်းကွယ်ပဲ ထွက်လာ၍ ချူယင်း၏ကားပေါ်သို့ တက်လိုက်လာသည်။ စုယိ၏ နှာခေါင်းစည်းက မီဒီယာများမှ ပုန်းကွယ်ရန်မဟုတ်ပဲ ဖန်များမမှတ်မိစေရန်သာ တပ်ထားခြင်းဖြစ်သည်။
"ကိုကို..."
ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်မှာ လေဆိပ်ထဲက ထွက်လာချိန်တွင် မည်သူ့ကိုမှ ရှာမတွေ့ပဲ WeChat တွင်လည်း အချေခံနေရသော ချူရှီးဖြစ်လေသည်။
စုယိနှင့် ချူယင်းတို့မှ အရပ်ရှည်၍ ရှာရလွယ်သောကြောင့်ပင် တော်သေးသည်။ မဟုတ်လျှင် ချူရှီးတစ်ယောက် နောက်နှစ်အထိ ရှာနေရတော့မည်ဖြစ်သည်။
ချုရှီးသည် အနားသို့ပြေးသွား၍ စုယိအား သေချာကြည့်လိုက်သည်။
___________________________________________