Chapter 42
ကျွန်မကို ကျေနပ်အောင်လုပ်ဖို့ အရမ်းလွယ်တယ်။
ယခင်တစ်ခေါက်က ဘားတွင် ချူရှီးသည် အရက်မူးလွန်နေသဖြင့် စုယိ အရပ်အလွန်ရှည်သည်ကိုသာ မှတ်မိတော့သည်။
ချူရှီး၏အရှေ့မှ အမျိုးသမီးသည် ရိုးရှင်းစော တီရှပ်အဖြူရောင်နှင့် အပြာရင့်ရောင်ဂျင်းဘောင်းဘီကိုသာဝတ်ထားသော်လည်း ခန္ဓာကိုယ်အချိုးအစားက လှပလွန်းနေသည်။ နှာခေါင်းစည်းအပေါ်မှပေါ်နေသော မျက်လုံးနေရာတွင် မိတ်ကပ်များရှိ၍ မျက်လုံးများသည် အလွန်ဆွဲဆောင်မှုလှသည်။
စုယိသည် တီဗီထဲကထက် အပြင်မှာပင် ပို၍လှနေသေးသည်။
ချူရှီးက ချောင်းတစ်ချက် ဆိုးလိုက်သည်။
"ဘာဖြစ်လို့ WeChat မှာ ဘာမှပြန်မပြောတာလဲ...နင့်ကို ရှာနေရတာ တော်တော်ကြာနေပြီ..."
ချူယင်းက အေးစက်သောမျက်နှာထားဖြင့် ဘေးမှ လက်ထောက်ကိုပြောလိုက်သည်။
"ချူရှီးအတွက် ပေကျင်းကိုပြန်ဖို့ လက်မှတ်ဝယ်ပေးလိုက်..."
"မလုပ်ပါနဲ့...မလုပ်ပါနဲ့...ကိုကို ညီမလေးမှားမှန်းသိပါပြီ..."
ချူရှီးသည် ငိုမဲ့မဲ့လေးဖြစ်သွားသည်။
"ကိုကို လေယာဉ်ပေါ်မြန်မြန်တက်တော့လေ...နောက်ကျနေရင် မကောင်းဘူး..."
စုယိသည် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်ကာ ချူယင်း၏လက်မောင်းကိုမှီလိုက်သည်။ ချူရှီး၏ဤကဲ့သို့သော အပြုအမူမျိုးကို မြင်ရသောအခါ စုယိသည် အနည်းငယ်ရယ်ချင်သွားသည်။
"ရှင်သွားရတော့မယ့်အချိန်နီးနေပြီ...စစ်ဆေးဖို့သွားတော့..."
"အင်း..."
ချူယင်းက စုယိအားငုံ့ကြည့်လိုက်သည်။
"သူက မင်းကို ရိုက်ကွင်းပြန်ပို့ပေးပြီး ကိုယ့်ကို ပြန်အကြောင်းကြားလိမ့်မယ်..."
စုယိအား လေဆိပ်သို့ခေါ်လာပေးသည့် ဒရိုင်ဘာအကြောင်းကို ချူယင်းကပြောနေခြင်းဖြစ်သည်။
စုယိက မတ်မတ်ပြန်ရပ်လိုက်သည်။
"ရှင် အချိန်ရရင် ရှန်ဟိုင်းကိုလာပြီး ကျွန်မကိုလာတွေ့ဦးနော်..."
"ကိုကိုက အရမ်းအလုပ်ရှုပ်တာ..."
ချူရှီးက ဝင်ပြောလိုက်သည်။
"ရတယ်လေ..."
ချူယင်းက နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ခဏစဉ်းစားလိုက်သည်။
"ကိုယ် တစ်ပတ်တစ်ခါလောက် လာခဲ့မယ်..."
စုယိက ကျေနပ်သွားသည်။
"ကျွန်မလည်း အလုပ်အားတဲ့နေ့တွေကျရင် ရှင်နဲ့တွေ့ဖို့ ပေကျင်းကိုလာခဲ့မယ်..."
ချူရှီးသည် မြင်နေရသည်များကို မယုံနိုင်ပဲ ပါးစပ်ဟောင်းလောင်းပွင့်သွားသည်။ ချူယင်းသည် စစ်တပ်ထဲ၌ အချိန်ကြာမြင့်စွာရှိနေခဲ့သော်လည်း ငယ်စဉ်က ချူယင်းနှင့် ချူရှီးတို့သည် အတူတူကြီးပြင်းခဲ့ကြသည်ဖြစ်သောကြောင့် ချူရှီးသည် သူ့အစ်ကိုအကြောင်းကို ကောင်းစွာသိပေသည်။ သူမ၏ဘဝတစ်လျှောက်လုံးတွင် ချူယင်း၏ယခုကဲ့သို့သော မျက်နှာကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ချူယင်းနှင့် အတူကြီးပြင်းခဲ့သော အခြားမိန်းကလေးသည်ပင် ချူယင်းထံမှ သာမာန်အကြည့်မျိုးသာ ရခဲ့ဖူးပေသည်။
စုယိသည် လက်ကို ဝှေ့၍ ချူယင်းအား မြန်မြန်သွားခိုင်းလိုက်သည်။
"သွားတော့...ရောက်ရင် လှမ်းပြောဦး..."
"အင်း..."
ချူယင်းသည် ပုံမှန်အတိုင်း ခေါင်းကိုငုံ့ကာ စုယိအား maskပေါ်မှ နမ်းလိုက်သည်။
"ကိုယ်သွားတော့မယ်..."
"နေဦး..."
စုယိက ချူယင်း၏ အင်္ကျီလက်ကို လှမ်းဆွဲကာ maskကို ဆွဲချလိုက်သည်။
"အဲ့လောက်လေးနဲ့ ဘယ်ရမလဲ..."
ချူရှီး၏ပါးစပ်သည် အံ့ဩလွန်း၍ ငန်းဥတစ်လုံး ဆန့်နိုင်သည်အထိ ပွင့်ဟနေပေသည်။
ချူယင်းထွက်သွားသည်အထိ စောင့်ပြီးသည့်အခါ စုယိသည် ကားပေါ်၌ maskကိုဖြုတ်ပြီးနောက် ခြေထောက်များကို ချိတ်ကာ ဖုန်းကိုပွတ်နေတော့သည်။ သူမကိုကြည့်ရသည်မှာ ပျော်နေပုံရသည်
"နင်က..."
ချူရှီးက မနေနိုင်ပဲ မေးလိုက်တော့သည်။
"ကိုကိုနဲ့ ဘယ်လိုသိသွားတာလဲ..."
"နင်က သိချင်လို့လား..."
စုယိက မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည်။
"မပြောပြဘူး..."
ချူရှီးက 'ကျစ်'ခနဲ စုတ်သပ်လိုက်သည်။
"ဒီနှစ်နှစ်အတွင်းမှာပဲနေမှာ...ကိုကိုက စစ်တပ်ထဲက မနှစ်ကမှ ထွက်လာတာ..."
စုယိက ထောက်လည်းမထောက်ခံ ငြင်းလည်းမငြင်းပဲ ချူရှီးကိုသာ ပြန်မေးလိုက်သည်။
"အခု ဟိုတယ်ကို အရင်သွားချင်လား...ငါနဲ့ ရိုက်ကွင်းကိုလိုက်ခဲ့မလား..."
ချူရှီးသည် ယခုလက်ရှိ၌ ဘာမှထွေထွေထူးထူးလုပ်ချင်စိတ်မရှိချေ။ သူမသည် ပေကျင်း၌ မနေချင်၍သာ ထွက်လာခြင်းဖြစ်သည်။ ပေကျင်း၌နေရသည်မှာ ဝမ်းနည်းဖွယ်ကောင်းသဖြင့် လူအား စိတ်ဓာတ်လုံးလုံးကျစေသည်။
နောက်ဆုံးတွင်တော့ နှစ်ယောက်သားသည် ရိုက်ကွင်းသို့သာ သွားလိုက်ကြသည်။
လီမင်သည် စုယိက တခြားတစ်ယောက်နှင့် ပြန်လာသည်ကိုမြင်တော့ အနည်းငယ်အံ့ဩသွားသည်။
"ဒါက..."
"ညီမရဲ့ ညီမလေးပါ..."
စုယိက ပုံမှန်အတိုင်းပင်ပြောလိုက်သည်။
"လာလည်တာ..."
ချူရှီးကပြောလိုက်သည်။
"ဘာ ညီမလေးလဲ..."
လီမင်က ဘာမှဆက်မမေးတော့ပဲ ခေါင်းသာငြှိမ့်ပြလိုက်သည်။
"အဝတ်သွားလဲတော့...ပြီးရင် နင့်အခန်းလာတော့မယ်..."
စုယိသည် ချူရှီးအား မိတ်ကပ်ပြင်သည့်အခန်းသို့ ခေါ်သွားလိုက်သည်။
"နင် ဒီမှာနေလို့ရတယ်...ဒီရိုက်ကွင်းထဲမှာ သွားချင်တဲ့နေရာသွားလို့ရတယ်...တခြားနေရာကိုတော့ လျှောက်မသွားနဲ့..."
စုယိက ပြောရင်းဖြင့် တရုတ်ရိုးရာချီဖောင်အင်္ကျီကို ကောက်ယူကာ အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။ အခန်းထဲရောက်နေစဉ်တွင် အပြင်မှ ချူရှီးအော်ပြောနေသည်ကို ကြားလိုက်ရသည်။
"ဘယ်သူက နင် ငါ့ကို ထိန်းချုပ်ဖို့ အာဏာပေးလိုက်တာလဲ..."
စုယိက လှောင်ရယ်ရယ်လိုက်သည်။
"ရတယ်လေ...နင် တခြားနေရာ သွားချင်တယ်ဆိုရင်လည်း သွားပေါ့..."
စုယိသည် တကယ်ပင် ယုတ်မာသည်ဟု ချူရှီး တွေးလိုက်မိသည်။ စုယိသည် ချူရှီးအတွက် လေယာဉ်လက်မှတ်ဖိုးပေးထားသည်ဆိုသော်လည်း တကယ်ပင် လေယာဉ်လက်မှတ်ဖိုးကိုသာ ပေးထားခြင်းဖြစ်၍ တစ်ပြားမှမပိုချေ။ ယခုအချိန်တွင် ချူရှီးလက်ထဲ၌ ပိုက်ဆံတစ်ပြားမှမရှိ၍ ဟိုတယ်ငှားရန်ပင် လက်ထဲမရှိချေ။
စုယိသည် အဝတ်လဲပြီးချိန်တွင် ခုံ၌ထိုင်၍ ဆံပင်စတိုင်လစ်၏ ဆံပင်ပြုပြင်ပေးခြင်းကိုခံနေလိုက်သည်။
ဆံပင်ပြင်ပြီး မကြာခင်မှာပင် ရိုက်ကွင်းမှအကူတစ်ယောက်က လာခေါ်တော့သည်။
"ယိကျဲ...အစ်မအလှည့်ရောက်ပြီ..."
"အိုကေ...လာပြီ..."
စုယိကထ၍ ထွက်လာလိုက်သည်။
ချူရှီးသည်လည်း စုယိနောက်သို့လိုက်လာပြီး စုယိကလည်း ဘာမှမပြောတော့ချေ။
ခဏမျှ လျှောက်ပြီးသောအခါ အခန်းရိုက်ပြီး၍ ပြန်လာသော ထူကျင့်လန်ကို တွေ့လိုက်ရသည်။ ထူကျင့်လန်သည် နေ့တိုင်း အခန်းအနည်းငယ်သာ ရိုက်ရ၍ ထိုအခန်းများတွင်လည်း များသောအားဖြင့် နောက်ခံဇာတ်ကောင်အနေဖြင့် မတ်တပ်ရပ်နေရသည်သာဖြစ်သည်။ သို့သော် ဤနေရာကို ရရန် အလွန်ကြိုးစားထားရ၍ လီမင်စိတ်ဆိုးမည်ကိုလည်း စိုးသောကြောင့် ထူကျင့်လန်သည် ထွက်ရန် မပြောရဲဖြစ်နေသည်။
စုယိအားတွေ့သောအခါ ထူကျင့်လန်သည် ပြုံးပြလိုက်သည်။
"ယိကျဲ...အစ်မအလှည့်ရောက်ပြီလား..."
စုယိက " အင်း " ဟုသာ အသံပြန်ပေးလိုက်သည်။
ထူကျင့်လန်ကို မြင်ပြီးသောအခါ ချူရှီး၏လှုပ်ရှားမှုများသည် နှေးကွေးသွားသည်။ ထူကျင့်လန်မကြားနိုင်လောက်သည့် နေရာရောက်မှ ချူရှီးသည် ဒေါသတကြီးပြောလိုက်သည်။
"အဲ့ဒီမိန်းမကလည်း ဒီကိုရောက်နေတာကိုး..."
ချူရှီးဒေါသထွက်နေသည်ကို မြင်သည်အခါ စုယိ ရင်တစ်ချက်တုန်သွားသည်။
"...နင့်ရည်းစားနဲ့အိပ်တယ်ဆိုတာ သူတော့မဟုတ်ဘူးမလား..."
မဖြစ်နိုင်ပေ။ ထူကျင့်လန်သည် သူ့ဟာနှင့်သူတောင် မနိုင်ဖြစ်နေသည်မဟုတ်လား။ နောက်ထပ် ထပ်မြည်းနိုင်ပါတော့မလား။
"မဟုတ်ဘူး..."
ချူရှီးက လှည့်ပတ်ကြည့်လိုက်သော်လည်း သူမ ရှာနေသည့်လူကို မတွေ့ပေ။ ထို့ကြောင့် စုယိဘက်သို့ ပြန်လှည့်၍ ဒေါသတကြီးပြောလိုက်သည်။
"တူတူအိပ်တာ သူ့ရဲ့ အေးဂျင့်..."
စုယိသည် မထိန်းနိုင်ပဲ အော်ရယ်မိသွားတော့သည်။
စုယိနှင့်မတွေ့သည့်အချိန်တွင် လင်းရှ၏အရည်အချင်းများသည် ဤမျှ တိုးတက်လာမည်ဟု စုယိ မထင်ထားမိခဲ့ချေ။
"အစ်မက ဘာဖြစ်လို့ ရယ်နေရတာလဲ..."
ချူရှီးက နားမလည်ဖြစ်နေသည်။
စုယိသည် အနည်းငယ်ကြာပြီးမှ ရယ်ခြင်းကို မနည်းရပ်လိုက်ပြီးခေါင်းယမ်းကာ ပြောလိုက်သည်။
"နောက် ငါတို့ရုပ်ရှင်ရိုက်နေရင် အသံမထွက်နဲ့နော်…မဟုတ်ရင် နင်နှင်ထုတ်ခံနေလိုက်မယ်…ငါကတော့ နင့်အစား တောင်းပန်ပေးမှာမဟုတ်ဘူး…"
ယခုရိုက်ရမည့် ဇာတ်ဝင်ခန်းမှာ စုယိနှင့် ဝူခဲ့တို့၏ အခန်းဖြစ်သည်။ ရိုက်မည့်နေရာသည် အဆင်သင့်ဖြစ်နေ၍ အသုံးပြုမည့်ပစ္စည်းများသည်လည်း နေရာတကျဖြစ်နေကာ ရိုက်ကွင်းအလယ်၌ ရှေးခေတ်ဝတ်စုံဖြင့် ဝူခဲ့က ရပ်နေလေသည်။ စုယိကိုမြင်သည့်အခါ ဝူခဲ့ က ပြုံး၍ ပြောလိုက်သည်။
"ယိလေး…မင်းဘေးက ဘယ်သူလဲ…"
"ညီမလေးပါ…"
စုယိက ချိုသာစွာပြုံး၍ ပြောလိုက်ကာ ခေါင်းကိုစောင်းလိုက်သည်။
"ကျွန်မ ရိုက်ဖို့ အဆင်သင့်ဖြစ်ပြီ…"
ရိုက်ရမည့်အခန်းသည် နှစ်မိနစ်သာကြာ၍ စကားပြောခန်းတစ်ခန်းသာပါသည်။ သရုပ်ဆောင်နှစ်ယောက်လုံးက ကောင်းသောကြောင့် ချောမွေ့စွာပင် ပြီးသွားကာ တစ်ခါတည်းနှင့် ရိုက်၍ပြီးသွားသည်။
ထိုအခန်းကိုရိုက်ပြီးသောစုယိသည် နောက်တစ်ခန်းအတွက် အဝတ်အစားလဲရန် အခန်းထဲဝင်သွား၍ ပြန်ထွက်လာချိန်တွင် ဝူခဲ့က ချူရှီးဘေး၌ရပ်ကာ ပြုံး၍ စကားများပြောနေသည်ကို မြင်လိုက်ရသည်။
ဝူရွှယ်က စုယိနောက်မှလိုက်လာ၍ မေးလိုက်သည်။
"အဲ့ဒါ ဒါရိုက်တာချူရဲ့ ညီမလား..."
စုယိက 'ဟုတ်သည်' ဆိုသော အသံ ပြုလိုက်ပြီးနောက် ချူရှီးတို့နားလျှောက်သွားလိုက်ရာ ဝူခဲ့က "ညီမလေးရဲ့မျက်လုံးတွေက အရမ်းလှတာပဲ..." ဟု ပြောနေသည်ကို ကြားလိုက်ရသည်။
ချူရှီး ဘာမှပြန်မပြောရခင်မှာပင် လီမင်က အော်ပြောလိုက်သည်။
"ဝူခဲ့...ဒီကိုလာခဲ့ဦး...ငါ နောက်ရိုက်မယ့်အခန်းအကြောင်းပြောမလို့..."
"လာပြီ..."
ဝူခဲ့က မသွားခင်၌ ချူရှီးအား ပြောသွားသေးသည်။
"ညီမလေး...နောက်မှ စကားဆက်ပြောကြမယ်နော်..."
သေလိုက်ပါလား...
ဝူခဲ့ ထွက်သွားပြီးပြီးချင်းမှာပင် စုယိက လှည့်၍ ပြောလိုက်သည်။
"မိတ်ကပ်ခန်းထဲမှာ ငါ့ကိုသွားစောင့်နေ..."
"ဘာဖြစ်လို့လဲ..."
ချူရှီးက ခေါင်းကိုမော့ကာပြောလိုက်သည်။
"နင်တို့ ဇာတ်ကားရိုက်တာကို ကြည့်ချင်တာကို..."
စုယိက ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
"ဝူခဲ့က နင့်ကို ဝါးစားပြီး အရိုးတောင်မကျန်မှာစိုးလို့ဟေ့...အဲ့လိုသာဖြစ်ရင် နင့်အစ်ကိုကို ငါဘယ်လိုရှင်းပြရမယ်မသိဘူး..."
"အဲ့ဒီလူကြီးလား..."
ချူရှီး၏ပုံက ရွံရှာနေသောပုံ ဖြစ်သွားသည်။
"စိတ်ပူမနေပါနဲ့...ငါက အဖိုးကြီးတွေကို မကြိုက်ပါဘူး..."
“…”
ဝူရွှယ်က ချူရှီးအနားသို့ လျှောက်လာကာ စုယိအား လောဆော်လိုက်သည်။
"ငါ သူ့ကိုကြည့်ထားလိုက်မယ်...နင်သွားရိုက်တော့...ဒါရိုက်တာလီက နင့်ကို မြန်မြန်လာခိုင်းနေပြီ..."
သူ့အခန်းရိုက်ပြီးသွားသည့်အခါ ဝူခဲ့က ချူရှီးအား သွားရှာရန် လုပ်နေပြန်သည်။ စုယိ ဘာမှမပြောရသေးခင်မှာပင် သူတို့အနားသို့ ထူကျင့်လန် ရောက်လာလေသည်။
"အစ်ကိုခဲ့..."
ထူကျင့်လန်က တောက်ပစွာပြုံးလိုက်သည်။ သူမသည် ပေါ့ပါးသည့် အဝတ်အစားများ လဲပြီးပြီဖြစ်၍ အသားများကို တော်တော်ပေါ်နေစေသော ပန်းရောင်ကြိုးတစ်ချောင်းဂါဝန်ကို ဝတ်ထားသည်။ ဂါဝန်သည် အနည်းငယ်ငုံ့လိုက်လျှင်ပင် အသားများ ပိုပေါ်ကုန်တော့မည်ဖြစ်သည်။
"တစ်ခုခုသွားစားရအောင်လေ...အစ်ကို့ကို ညီမ စောင့်နေတာ..."
ဝူခဲ့ကလည်း ပြုံးပြလိုက်သည်။
"သွားတာပေါ့...ကိုယ်ကျွေးပါမယ်..."
ဝူခဲ့သည် အလွန်တည်ကြည်၍ ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည်။ သူ့ကိုကြည့်ရသည်မှာ ပုံမှန်မင်းသားများနှင့်မတူပဲ ကောင်းမွန်သောမိသားစုမှဆင်းသက်လာသော ဉာဏ်ပညာပြည့်ဝ၍ ရည်မွန်သည့်ပုံစံလေးဖြစ်သည်။ ထိုရုပ်ရည်ကို သရုပ်ဆောင်ကောင်းခြင်းအပြင် ကောင်းမွန်စွာပံ့ပိုးပေးနိုင်သည့် နောက်ခံနှင့် ပေါင်းစပ်လိုက်သည့်အခါ ဝူခဲ့အား မိန်းကလေးများစွာ ကြိုက်ကြသည်မှာ မဆန်းတော့ချေ။
ထူကျင့်လန်က ပြဿနာကိုဖြေရှင်းပေးသွားသောကြောင့် စုယိလည်း ထိုနေရာ၌ ဆက်မနေတော့ပဲ ခေါင်းငြှိမ့်၍ နှုတ်ဆက်ကာ ထွက်လာခဲ့တော့သည်။
သူမ ပြန်ရောက်လာသောအခါ ဝူရွှယ်တို့သည် ခုနနေရာ၌ မရှိကြတော့ချေ။ မိတ်ကပ်ခန်းထဲ ဝင်လိုက်သောအခါ ချူရှီးက ဝူရွှယ်အား အလွန်အံ့ဩသည့်ပုံဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
"တကယ်ကြီးလား..."
ချူရှီးက အံ့ဩစွာမေးလိုက်သည်။
"သူက သူ့မျက်နှာတစ်ခုလုံးကို ပြင်ထားတာပေါ့...သူ့ဖန်တွေကတော့ သူတို့ရဲ့မင်းသမီးက ဘယ်လို သဘာဝအတိုင်းလှတဲ့အကြောင်းပဲ နေ့တိုင်းပြောနေကြတာကို..."
ဝူရွှယ်က နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒီလို သတင်းတွေထွက်အောင် သူ့ကုမ္ပဏီက ပိုက်ဆံတွေ အများကြီးသုံးထားတာလေ...တစ်ယောက်ယောက်က အဲ့ဒီအကြောင်းပြောလိုက်ပြီဆိုတာနဲ့ ရေတပ်(ပိုက်ဆံပေး၍ငှားရမ်းထားသော အင်တာနက်ပေါ်မှလူများ) တွေအများကြီးက ဝိုင်းတိုက်ခိုက်ကြတော့တာပဲလေ...အဲ့ဒါကြောင့် သူ့မှာ ဖန်တွေ အများကြီးရှိသလို မုန်းတဲ့လူတွေလည်း အများကြီးပဲ..."
စုယိက နားမလည်ဖြစ်သွားသည်။
"နင်တို့ ဘယ်သူ့အကြောင်းပြောနေတာလဲ..."
ဝူရွှယ်က ယခုနာမည်ကြီးနေသော အနုပညာရှင်တစ်ယောက်နာမည်ကိုပြောလိုက်သည်။
"နင်တို့ ဘာဖြစ်လို့များ တခြားလူတွေအကြောင်းပြောရတာ အဲ့လောက်ကြိုက်နေကြတာလဲ..."
စုယိက မှန်ရှေ့ထိုင်ကာ မိတ်ကပ်ဖျက်ဆေးကိုယူ၍ မိတ်ကပ်များကို စ၍ဖျက်လိုက်သည်။
"မျက်နှာခွဲစိတ်ပြုပြင်တာ ဘာဖြစ်လို့လဲ...လူတိုင်းက လှချင်ကြတာပဲလေ...ဒါပုံမှန်ပဲကို..."
ချူရှီးက ကျစ်ခနဲ အသံပြုလိုက်ကာ ဝူရွှယ်နားသို့ကပ်၍ တိုးတိုးလေးမေးလိုက်သည်။
"သူကရော မျက်နှာခွဲစိပ်ထားသေးလား..."
ဝူရွှယ်က ရိုးရိုးသားသားပင်ဖြေလိုက်သည်။
"မလုပ်ထားဘူး..."
"ငါက လုပ်ချင်နေတာ..."
စုယိက မျက်နှာကို အလွန်ဝမ်းနည်းနေသည့်ပုံ လုပ်လိုက်သည်။
"အရမ်းလှနေရတာလည်း ဒုက္ခတစ်ခုပဲ..."
ချူရှီးကပြောလိုက်သည်။
"သူက တကယ်အရည်ထူတာပဲ..."
ဝူရွှယ်ကလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ်..."
___________________________________________