အပိုင်း ၄၃
Viewers 13k

Chapter 43


ထိုအချိန်တွင် တံခါးခေါက်သံနှစ်ချက်ပေါ်လာ၍ အန်းရွှမ် ဝင်လာသည်။ စုယိက သူ့မိတ်ကပ်ကို သူ့ဘာသာသူ ဖျက်နေသည်ကို တွေ့လိုက်သည့်အခါ အန်းရွှမ်သည် အမြန်ပြေးသွား၍ ပြောလိုက်သည်။


"ယိကျဲ...ကျွန်မ မိတ်ကပ် ကူဖျက်ပေးမယ်လေ..."


"အခုတလော နင်ဘာဖြစ်နေတာလဲ..."


စုယိက မိတ်ကပ်ဖျက်နေရင်းက မေးလိုက်သည်။


"အရင်နေ့တွေတုန်းက ငါမရှိလို့ နင်ခွင့်ယူတာ ထားတော့...အခု ငါ ရိုက်ကွင်းမှာရှိနေတာတောင်မှ နင်က ဘာဖြစ်လို့ အကြာကြီး ပျောက်သွားရတာလဲ..."


"ကျွန်မတောင်းပန်ပါတယ်..."


အန်းရွှမ်က မဆိုင်းမတွပင် တောင်းပန်လိုက်သည်။


"ကျွန်မ ဖုန်းပြောစရာရှိလို့ ခဏထွက်သွားမိတာပါ..."


ဝူရွှယ်ကလည်း မနေနိုင်ပဲ ဝင်ပြောလိုက်သည်။


"ငါ‌ဒီမှာ ထိုင်နေတာ မိနစ် နှစ်ဆယ်လောက်ရှိပြီ...နင့်ကို လုံးဝ မတွေ့ရဘူး...ဖုန်းတစ်ခါပြောတာ ဘယ်လောက်တောင်ကြာနေတာလဲ...ငါတို့က အကုန် အလုပ်လုပ်နေကြတာလေ...အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားမှပေါ့..."


အန်းရွှမ်က ထပ်တောင်းပန်နေပြန်သည်။


စုယိက အနည်းငယ်စိတ်တိုလာမိသည်။ ထိုအချိန်၌ပင် မိတ်ကပ်ဖျက်ခြင်းသည်လည်း ပြီးသွားသည်။ ထို့ကြောင့် စုယိသည် ထကာ မျက်နှာကို ရေစိုတဘက်နှင့် သုတ်၍ ပြောလိုက်သည်။


"ဟုတ်ပါပြီ...နောက်အကြိမ်တွေကျ ဒီလိုထပ်မဖြစ်အောင် ဂရုစိုက်ပေါ့..."


စုယိက ဘာမှ ပြင်းပြင်းထန်ထန်ပြောလိုက်သည်မဟုတ်သော်လည်း သူမသည် ပိတ်ကားပေါ်၌ လူဆိုးနေရာ၌ သရုပ်ဆောင်ရသည်မှာ အသားကျနေသောကြောင့် စုယိ၏ပုံစံသည် အလွန်စိတ်တိုနေသည့်ပုံပေါက်သွားသည်။


ထိုစကားလေးတစ်ခွန်းကြောင့်ပင် အန်းရွှမ်၏မျက်လုံးများ နီရဲလာလေသည်။ အန်းရွှမ်သည် ခေါင်းငြှိမ့်၍ စုယိ၏အိတ်ကို ကောက်ယူကာ မိတ်ကပ်ခန်းထဲမှ ထွက်သွားကြသော စုယိတို့နောက်မှ တိတ်ဆိတ်စွာပင် လိုက်လာလိုက်သည်။


"ယိကျဲ...ပြန်တော့မလို့လား..."


ထူကျင့်လန်က မလှမ်းမကမ်း‌တွင် ရပ်ကာ ဝူခဲ့ ရိုက်ကူးရေးပြီးမည့်အချိန်ကိုစောင့်နေလေသည်။ စုယိကို မြင်သောအခါ အသက်မပါသော အပြုံးကို ပြုံး၍ နှုတ်ဆက်လိုက်သည်။


စုယိက ခေါင်းငြှိမ့်လိုက်သည်။


"အင်း...ပြန်တော့မယ်..."


"ဟဲ့..."


ထူကျင့်လန်က အလွန်အံ့ဩသည့်အသံဖြင့် အော်လိုက်သည်။


"နင်က ဘာဖြစ်လို့ ငိုနေရတာလဲ..."


ထူကျင့်လန် ရည်ညွှန်းသည့်လူက နောက်ဆုံး၌ရှိသော အန်းရွှမ် ဖြစ်လေသည်။


အန်းရွှမ်က ရပ်သွားကာ ခေါင်းခါပြလိုက်သည်။


"ဘာမှ...ဘာမှမဖြစ်ပါဘူး..."


စုယိသည် အနောက်သို့ လှည့်ကြည့်လြိက်သည်။ စုယိက အန်းရွှမ် ဘာဖြစ်နေသည်လဲကိုကြည့်ရန်သာ လှည့်လိုက်သော်လည်း အန်းရွှမ်က စုယိနှင့် မျက်လုံးချင်းဆုံမိသွားသည်နှင့် မျက်လုံးများက ပိုနီရဲသွားပြန်သည်။


 “…”


"မငိုပါနဲ့..."


ထူကျင့်လန်က ချက်ချင်းပင် အိတ်ထဲမှ တစ်ရှူးကို ထုတ်ပေးကာ အန်းရွှမ်အား ပေးလိုက်သည်။


"ယိကျဲက သူ့ကိုယ်သူတောင် စည်းကမ်းတင်းကျပ်နေတာ...ယိကျဲနဲ့ အလုပ်တွဲလုပ်ရင် ပိုပြီးတော့တော့ အာရုံစူးစိုက်ရမယ်...သိပ်လည်း စိတ်ထဲမထားပါနဲ့...ယိကျဲက တကယ်တော့ အရမ်းသဘောကောင်းပါတယ်..."


အန်းရွမ်က လက်များကို အမြန်ဝှေ့ယမ်းလိုက်သည်။


"မဟုတ်ပါဘူး မဟုတ်ပါဘူး...ဒါ ညီမကိစ္စပါ...ယိကျဲနဲ့ ဘာမှမဆိုင်ပါဘူး..."


အန်းရွှမ်၏လက်များက အားပျော့နေကာ သူမ ရှင်းပြလိုက်သည်က ပို၍ပင် ထူးဆန်းနေလေသည်။


နားထောင်ရင်းဖြင့် ရယ်ချင်လာသော စုယိက ပြောလိုက်သည်။


"ငါ့ရဲ့ လက်ထောက်ကို စိတ်ပူမနေပါနဲ့...နင့်ရဲ့လက်ထောက်ကိုသာ ကောင်းကောင်းဆက်ဆံပေးလိုက်ပါ..."


ထိုစကားကိုကြားသည့်အခါ ထူကျင့်လန် တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။


မကြာသေးမီကပင် ထူကျင့်လန်၏ လက်ထောက်သည် ထူကျင့်လန်ပေါ်သို့ ရေအေးများ မှောက်ကျသွားအောင် လုပ်မိသောကြောင့် ထူကျင့်လန်က နှစ်ချက်မျှဆင့်၍ ပါးရိုက်ခဲ့လေသည်။ ထို့နောက် လင်းရှက ထိုလက်ထောက်အား ထိုအကြောင်းကို ထုတ်မပြောရန် တိုးတိုးတိတ်တိတ်ပိုက်ဆံပေး၍ နှုတ်ပိတ်လိုက်ရသည်။


သို့သော် ထိုနေရာ၌ ရှိနေခဲ့သည်မှာ သူတို့ပဲမဟုတ်၍ ထူကျင့်လန်၏အဖွဲ့ကလည်း သစ္စာအလွန်ရှိနေကြသော လူများမဟုတ်ချေ။ ထို့ကြောင့် ထိုသတင်းက ဝူရွှယ့်ထံသို့ ရောက်လာရန်မှာ မကြာလိုက်ပေ။


ကိစ္စများကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်သည်ဟု အထင်ရောက်နေသော ထူကျင့်လန်ကတော့ ခဏမျှကြောင်သွားပြီးမှ မျက်နှာကို အမြန်ပြင်လိုက်ရသည်။


"ကျွန်မက ကျွန်မရဲ့လက်ထောက်အ‌ပေါ် အမြဲကောင်းပါတယ်..."


စုယိကတော့ ရယ်သာရယ်လိုက်၍ ဘာမှဆက်မပြောတော့ပဲ ရိုက်ကွင်းထဲမှသာ လှည့်ထွက်လာလိုက်တော့သည်။


**


ဟိုတယ်သို့ပြန်ရောက်သောအခါ စုယိသည် အခန်းထဲသို့ ဝင်ပြီးပြီးချင်းမှာပင် ချူယင်းအား ဗီဒီယိုကော ခေါ်လိုက်သည်။ ဆယ်စက္ကန့်လောက်ကြာသည့်အခါ တစ်ဖက်မှကိုင်လိုက်သည်။


ဖုန်းထဲမှ ချူယင်းကို မြင်နေရသည့်ရှုထောင့်သည် အလွန်ထူးဆန်းနေသည်။ ချူယင်းသည် ဖုန်းကိုအောက်ချ၍ကိုင်ထားသောကြောင့် ထိုရှုထောင့်မှဆိုလျှင် ဒဏ္ဍာရီလာ ဖန်အန်း တောင်မှ မချောမောနိုင်ပေ။ ချူယင်းက ဖန်အန်းထက် ပိုချောနေ၍သာ တော်သေးသည်။


စုယိသည် ချူယင်းအား စိတ်ထဲမှ တလှေကြီးချီးမွန်းပြီးနောက် ချူယင်း၏အနောက်မှ မြို့ပြ၏ညရှုခင်းကိုမြင်လိုက်ရသည့်အခါ မေးလိုက်သည်။


"ရှင် အိမ်မှာလား..."


"မဟုတ်ဘူး..."


ချူယင်းက ကိုင်ထားသည့် ခွက်ကိုချကာ မေးလိုက်သည်။


"ချူရှီး မင်းကို စိတ်ညစ်အောင်လုပ်သေးလား..."


အနောက်မှ ချူရှီး၏အသံ ထွက်လာသည်။


"မလုပ်ပါဘူး...ညီမလေးက ဒီမှာ လိမ်လိမ်မာမာနေနေတာ..."


စုယိက ရယ်ချင်စိတ်ကို ထိန်း၍ ဝရန်တာဆီသို့ လျှောက်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။


"ကလေးတွေကို ကျေနပ်အောင်လုပ်ရတာ လွယ်ပါတယ်..."


ချူယင်း မျက်နှာအနေအထားမပြောင်းပဲ မေးလိုက်သည်။


"မင်းကရော ကျေနပ်အောင်လုပ်ပေးဖို့ လွယ်လား..."


"အရမ်း အရမ်းကိုလွယ်တယ်..."


စုယိက ပွင့်လင်းစွာပြောလိုက်သည်။


"ကျွန်မကို သုံးခါလောက်နမ်းလိုက်ရင် တခြားကိစ္စတွေ အကုန်မေ့သွားမှာ..."


ချူယင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။


"အဲ့လောက်တောင် လွယ်တာလား..."


စုယိက ခေါင်းငြှိမ့်လိုက်သည်။


"ရှင်မယုံရင် နောက်တစ်ခါကျ စမ်းကြည့်လေ..."


စုယိပြောပြီးပြီးချင်းမှာပင် တစ်ဖက်မှ ရယ်သံအချို့ကို ကြားလိုက်ရသည်။


စုယိ စကားပြောသည်ကို ရပ်လိုက်သည်။


"ရှင်ဘယ်မှာလဲ...တခြားလူတွေရဲ့ အသံတွေ ဘာဖြစ်လို့ ကြားနေရတာလဲ..."


ချူယင်းကလည်း ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။


"ကိုယ် အစည်းအဝေးခန်းထဲမှာရောက်နေတာ..."


စုယိသည် စိတ်ရှုပ်သွားသည်။ အလွန်အမင်းကို စိတ်ရှုပ်သွားပေသည်။


ချူယင်းက ဖုန်းကင်မရာကိုဖွင့်ကာ အနည်းငယ်ရွှေ့ပြလိုက်သည်။


စုယိသည် လပ်တော့နှင့် ဖိုင်တွဲကိုယ်စီဖြင့် စားပွဲရှည်၌ ထိုင်နေကြသည့် ဆယ်ယောက်ထက်မနည်းသောလူများကို တွေ့လိုက်ရသည်။ သူတို့အကုန်လုံးသည် ရှေ့ကိုသာ တည့်တည့်ကြည့်နေကြ၍ ဘေး၌ ဘာတွေဖြစ်နေသည်ကို မသိသကဲ့သို့ နေနေကြသည်။ 


သူတို့၏မျက်နှာများ၌ "ကျွန်တော်တို့ တကယ်ဘာမှမကြားလိုက်ပါဘူး...စိတ်မပူပါနဲ့ အကုန်လုံးအဆင်ပြေပါတယ်..." ဟု ပြောနေသကဲ့သို့ ဖြစ်နေကြသည်။


[E/N : ဘာသာပြန်သူတော့ ဒီပုံကို မြင်ယောင်ပြီး ရယ်နေရပြီ။ ဒီအခန်းကို အကြိုက်ဆုံးပဲ။]


စုယိသည် နှစ်စက္ကန့်မျှကြောင်သွားပြီးမှ ဖုန်းကို ချပစ်လိုက်တော့သည်။


ချူယင်းသည် တစ်ချက်ပြုံးလိုက်ပြီး စုယိထံ မက်ဆေ့ခ်ျလှမ်းပို့လိုက်သည်။ ထို့နောက် ဖုန်းကို အင်္ကျီအိတ်ကပ်ထဲ ထည့်ပြီးသည့်အခါတွင်တော့ ထိုအပြုံးက ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။


ရုံးခန်း၏အခြေအနေသည် ပေါ့ပါးနေရာမှ ချက်ချင်းပင် လေးလံသွားတော့သည်။


ချူယင်း၏လက်ထောက်ကတော့ ဤကဲ့သို့ကိစ္စများကို အသားကျနေပြီဖြစ်သည်။ သူ၏သူဌေးသည် မျက်နှာပြောင်းလဲနိုင်သော မကောင်းဆိုးဝါးပင်ဖြစ်လေသည်။


စုယိက ဖုန်းကိုကိုင်၍ အခန်းထဲသို့ ပြန်သွားလိုက်သည်။


ဝူရွှယ်က မနေနိုင်ပဲ စလိုက်သည်။


"နင်ကတော့ မလွယ်ဘူးပဲ...ဖုန်းလေးတစ်ခါပြောတာ မျက်နှာက ဒီလောက်နီလာရလား..."


ချူရှီးကတော့ ဆိုဖာပေါ်လှဲ၍ ဖုန်းကိုသာ အာရုံစိုက်ကြည့်နေလေသည်။


"ငါ့မိတ်ကပ်တွေ အကုန်မပျက်သေးလို့နေမှာပေါ့..."


စုယိက မျက်နှာကို လက်ဖြင့် ဖုံးလိုက်သည်။


"နင်က နင့်အခန်းကို မပြန်သေးဘူးလား..."


"နင်နဲ့ ဆွေးနွေးစရာရှိလို့..."


ဝူရွှယ်က သူ့အိတ်ထဲမှာ စာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်သည်။


"ဒီမှာကြည့်ကြည့်...ငါ ချရေးထားတယ်..."


"ဘာလဲ..."


"မကြာခင် နင့်မွေးနေ့ရောက်တော့မှာမလား...'


ဝူရွှယ်က ပြောသည်။


"ဒါက ကုမ္ပဏီက အကြံပေးထားတဲ့ မွေးနေ့ပွဲအစီအစဉ်တွေ...သုံးခုရှိတယ် နင်တစ်ခုရွေးလိုက်..."


စုယိက အနည်းငယ်အံ့ဩသွားသည်။


"ငါ့မွေးနေ့တောင် နီးနေပြီလား..."


စုယိက စာအုပ်ကို လှန်ကြည့်လိုက်သည်။ အစီအစဉ်သုံးခုသည် ဆင်တူနီးပါးပင်ဖြစ်၍ ကျင်းပမည့်နေရာသာ ကွာသွားခြင်းဖြစ်သည်။


စုယိသည် ငယ်စဉ်က မွေးနေ့များစွာ မကျင်းပခဲ့ရပေ။ မင်းသမီးဖြစ်လာပြီးမှသာ မွေးနေ့ကို ပို၍ ကျင်းပဖြစ်လာခြင်းဖြစ်သည်။ 


မွေးနေ့ဆိုသည်ထက် "ဖန်များနှင့်တွေ့ဆုံခြင်းပွဲ" ဟုဆိုလျှင် ပိုမှန်မည်ဖြစ်သည်။ 


စုယိ၏မွေးနေ့များသည် နှစ်တိုင်း ဖန်များက စု၍ တစ်နေရာရာ၌ ကျင်းပပေးကြခြင်းဖြစ်သည်။


စုယိက စဉ်းစား၍ ပြောလိုက်သည်။


"ဒီနှစ်တော့ ငါ့မွေးနေ့ကို ငါ့ဘာသာငါ ဆင်နွှဲချင်တယ်..."


ဝူရွှယ်က ပြောသည်။


"အဲ့လိုဆိုရင်တော့ အဆင်မပြေဘူး...နင်က နှစ်တိုင်း ဖန်တွေနဲ့ ကျင်းပနေကျလေ...အခုတောင် နင့်ရဲ့ ဒီနှစ်မွေးနေ့ပွဲကိုလာဖို့ ဘယ်တော့ စာရင်းပေးရမလဲ မေးနေတဲ့ ဖန်တွေ အများကြီး..."


"ဘယ်ခေတ်မှာနေနေကြတာလဲ..."


ချူရှီးက ဖုန်းမှ မော့မကြည့်ပဲပြောလိုက်သည်။


"အခုထိ ပါတီပွဲတွေ ကျင်းပနေကြသေးတာလား...အစ်မရဲ့ဖန်တွေကို တကယ်ကျေးဇူးတင်ချင်ရင် live လွှင့်ပေးလိုက်လေ...လုံခြုံရေးလည်း စိတ်ချရတယ်...ကြည့်လို့ရတဲ့လူအရေအတွက်ကလည်း အကန့်အသတ်မရှိတော့ဘူး..."


"အိုး အဲ့အကြံက ကောင်းမယ့်ပုံပဲ..."


ဝူရွှယ်၏မျက်လုံးများက တောက်ပသွားကြသည်။


"အတော်ပဲ...ဟိုတလောက live လွှင့်တဲ့ ချန်နယ်တစ်ခုက live လွှင့်မယ့် အနုပညာရှင်တွေကို ရှာနေတယ်ကြားတယ်..."


ဝူရွှယ်သည် ပြောပြီးသည်နှင့် စုယိပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ထိုကုမ္ပဏီသို့ဖုန်းခေါ်ရန် ပြေးထွက်သွားတော့သည်။


စုယိလည်း ယခုမှပင် အသိပြန်ဝင်ကာ ချူရှီးဘေး၌ ထိုင်၍ မေးလိုက်သည်။


"Live လွှင့်ရင် ဘာတွေလုပ်ရလဲ..."


စုယိသည် မဂ္ဂဇင်းအင်တာဗျူးများအတွက် Hostပါဝင်သည့် live မျိုးကိုသာ လွှင့်ဖူးပေသည်။ သူမဘာသာ တစ်ကိုယ်တော် live လွှင့်ရန် ဘာလုပ်ရမည်မသိချေ။


"သီချင်းဆိုပြ...ဖန်တွေနဲ့ စကားပြော...ပြီးတော့ ဂိမ်းတွေဆော့ပေါ့..."


ချူရှီး၏ပုံက စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ပုံပေါ်နေသည်။


"အစ်မ live လွှင့်တာတွေ မကြည့်ဖူးဘူးလား..."


"မကြည့်ဖူးဘူး...ငါ သီချင်းတော့ သိပ်မဆိုတတ်ဘူး...စကားကတော့ ပြောနိုင်ပါတယ်...ဂိမ်း‌ကတော့..."


စုယိသည် ခပ်ရှက်ရှက်နှင့်ပင် သူမ လုပ်နိုင်သည့် ဂိမ်းများကို စဉ်းစား၍ ပြောလိုက်သည်။


"Live လွှင့်ရင်းနဲ့ Pair Up/Pair Match နဲ့ Link-Up တွေ ဆော့လို့ရလား..."


ချူရှီးသည် ဘာပြောရမည်မသိပဲ ဆွံ့အသွားတော့သည်။


တစ်ဖက်တွင်မူ၊ အစည်းအဝေး ပြီးဆုံးသွားချိန်၌ ည ၈ နာရီပင် ထိုးနေပြီဖြစ်သည်။


စားပွဲ၏ ညာဖက်အခြမ်းတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်သည် သူမရဲ့ တင်ပါးများကို ကပ်တိုးလေး ဟိုဒီလှုပ်ယမ်းဖို့ကြိုးစားလိုက်သည်။ သူတို့တတွေ ငါးနာရီနီးပါး ထိုင်နေခဲ့ရတာကြောင့် ပင်ပန်းလွန်းရုံသာမက တင်ပါးတွေလည်း ပူထူနေပြီဖြစ်သည်။


အစည်းအဝေးလုပ်နေကြစဉ်၊ စားပွဲ၏ ဟိုးအလယ်ဗဟိုထိပ်တွင်ထိုင်နေသည့် အမျိုးသားကိုသူမတစ်ချက်ကြည့်လိုက်သည်။


တခြားလူတွေအားလုံး နွမ်းလျလွန်းတာကြောင့် စားပွဲပေါ်သို့ပျော့ခွေကျလုမတတ်ဖြစ်နေပေမယ့် သူမတို့ရဲ့ ဘော့စ်ကြီးကတော့ တကယ့်ကို ဖြောင့်ဖြောင့် မတ်မတ်ကြီး ထိုင်နေတုန်းပင်။


ဤနာရီအတော်ကြာ အစည်းအဝေးအတွင်း အကြောင်းအရာများစွာဆွေးနွေးတိုင်ပင်နေစဥ်တွင် ၀င်ရောက်လာသည့် ဗီဒီယိုကောလ်ခေါ်ဆိုမှုတစ်ခုကို သူပြန်လည်ဖြေဆိုသည်မှလွဲ၍ လိုအပ်သည်ထက်ပို၍ မည်သည့် စကားတစ်ခွန်းကိုမှ ပိုမပြောခဲ့ပေ။ သူ့ရဲ့ညွှန်ကြားချက်များနှင့် မေးခွန်းများသည်ပင် လိုရင်းတိုရှင်းသာဖြစ်သည်။


အစည်းအဝေးပြီးဆုံးကြောင်း ကြေငြာပြီးနောက် ချူယင်းသည် ထရပ်ကာ အစည်းအဝေးခန်းမှ အမြန်ထွက်သွားတော့သည်။


ထိုအမျိုးသမီးသည် နောက်ဆုံးတွင် မတ်တပ်ရပ်လို့ရပြီဖြစ်တာကြောင့် သက်ပြင်းအသာချလိုက်မိသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မထွက်ခွာရသေးခင် သူဌေးရဲ့လက်ထောက်က ပြန်ဝင်လာသည်။


 "ဒါရိုက်တာချူကပြောလိုက်ပါတယ် အားလုံးက ဒီနေ့ညမှာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ထားရတာဖြစ်လို့ မင်းတို့စားချင်တာကိုကြိုက်သလောက်မှာယူစားသောက်ပြီး မနက်ဖြန်မနက်ကျမှပဲ ပြေစာပြပြီး ငွေပြန်တောင်းပါတဲ့"


ကော်ပိုရေးရှင်းကြီးရဲ့ ထိပ်တန်း စီမံခန့်ခွဲသူတွေအတွက်တော့ ထိုဟင်းပွဲကြီးတွေက တကယ်ကို မလိုအပ်ချေ။ ထို့အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ အထူးရွှင်လန်းတတ်ကြွသွားတဲ့ပုံပေါ်မနေပေမယ့်လည်း လူတိုင်းက သူတို့ရဲ့ ကျေးဇူးတင်မူကို အစွမ်းကုန်ဖော်ပြနေကြဆဲဖြစ်သည်။


အခန်းတွင်းမှ လူအတော်များများထွက်ခွာသွားကြချိန်တွင် အခြားအလုပ်သမား အမျိုးသမီးတစ်ဦးက သူမဘက်သို့အသာကပ်ကာ တိုးတိုးလေးပြောလာသည်။


 “သူဌေးကို ငါးနာရီကြာအောင်တွေ့ပြီးတဲ့ နောက်ပိုင်း ငါ့ဦးနှောက်ထဲ သူ့မျက်နှာကြီးပဲပေါ်နေတော့တယ်” 


သူဌေးအသစ် ရာထူးတက်လာပြီးကတည်းက ကုမ္ပဏီမှဝန်ထမ်းအမျိုးသမီးတွေက အလုပ်ပိုကြိုးစားလာကြသည်။ သူဌေးက ချောမောရုံသာမက ချမ်းသာပြီး လူပျိုပါဖြစ်နေသေးသည်- မိန်းကလေးတိုင်း ရည်းစားအဖြစ်လိုချင်တဲ့ အချက်တွေသူ့မှာအကုန်ရှိသည်။


နှမျောစရာကောင်းတာက၊ လွန်ခဲ့သည့် တစ်နာရီလောက်ကမှ သူမတို့ရဲ့ ဆယ်ကျော်သက်အိပ်မက်ကလေးတွေ ပြိုပျက်သွားခဲ့ရသည်။


ထိုအမျိုးသမီးဝန်ထမ်းက တစ်ခုခုကို မှတ်မိသွားပုံရပြီးတီးတိုးလေးပြောလာသည်။


 “အဲဒီသတင်းကို Webပေါ်မှာ နင်မြင်ဖူးလား စုယိကဒါရိုက်တာချူရဲ့ချစ်သူ ဆိုပြီး စီးပွားဖြစ် ဘလော့ဂါတချို့ကရေးကြတာလေ အခုလေးတင် ကြားလိုက်ရတဲ့အသံအရဆိုရင် သူမက တကယ်ကြီး စုယိ လို့ ကျွန်မတော့ထင်တယ်"


 "ကျွန်မမသိဘူးလေ"  


ထိုသို့ပြောပြီးနောက် အမျိုးသမီးက တစ်ဖက်သို့လှည့်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။


 "ကျွန်မ သိပ်နေမကောင်းလို့ မလိုက်တော့ဘူး မနက်ဖြန်မှတွေ့မယ်"


ကားရပ်နားသည့်နေရာသို့ ရောက်ချိန်တွင် ကားထဲသို့ဝင်ရန် လုပ်နေသော ချူယင်းကို တွေ့လိုက်ရသည်။


 


____