Chapter 44
သူမ ထွေထူးသိပ်မတွေးနေတော့ဘဲ အရှေ့ကို ပြေးသွားလိုက်သည်။
"ဒါရိုက်တာချူ"
ချူယင်းသည် သူ့လုပ်လက်စအလုပ်တွေကို ရပ်တန့်လိုက်ပြီး သူမရှေ့ဆက်ပြောလာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
“အဲဒါ...”
ထိုအမျိုးသမီးက ဆံပင်တွေကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း ရှက်ရွံ့မှုအပြည့်ဖြင့်တိုးတိုးလေးမေးလိုက်သည်။
“ဒီနေ့ ကျွန်မ အလုပ်ကို ကားမယူလာမိဘူး… အဲ့ဒါလေ သူဌေး အဆင်ပြေရင် ကျွန်မကို လိုက်ပို့ပေးလို့ရမလား”
သူမအမှန်တကယ် ဘာကိုဆိုလိုကြောင်းကို ထင်ထင်ရှားရှားဖြစ်အောင် ပြောလိုက်သည်မှာ သေချာပေသည်။
ယနေ့ခေတ်နဲ့ ယခုအသက်အရွယ်မှာ ဘယ်သူက အရင်ရောက်နှင့်သည် ဆိုတာက သိပ်အရေးမကြီးဘူးလို့သူမခံစားရသည်။
ပြီးပြည့်စုံသည့်ယောကျာ်းတစ်ယောက်ကို မည်သူမဆို ရအောင်ကြိုးစားနိုင်ပေသည်။ တကယ်လို့ အရည်အချင်းပေါ်မူတည်ပြီး ကြည့်မယ်ဆိုရင် စုယိက ရုပ်ရည်ကြည့်ကောင်းရုံကလွဲပြီး သူမရဲ့ နောက်ခံနဲ့ ပညာရေးက သူမလောက်ကောင်းမှာ မဟုတ်ချေ။
ချူယင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို မင်းက ဘာလို့ ကားပါကင်မှာလာရပ်နေတာလဲ"
အမျိုးသမီးက ခေတ္တကြောင်အသွားသည်။
"ဟင်..."
"မင်းရဲ့ကိုယ်ရေးအကျဉ်းကို ငါဖတ်ကြည့်ပြီးပြီ"
အမျိုးသမီး၏ နှုတ်ခမ်းများက ကော့တက်သွားသည်။
“ကျွန်မ အရမ်းဂုဏ်ယူမိပါတယ်…”
“ကားသော့ယူလာဖို့ မေ့သွားတဲ့ ပညာတတ်အမျိုးသမီးပဲ”
သူ့အသံက အေးစက်နေသည်။
"ဒါနဲ့ ဒီမနက် ကုမ္ပဏီကို ဘယ်လိုရောက်လာတာလဲ"
“…”
"မင်းရဲ့ကားနဲ့မင်းပြန်ပါ ငါကမင်းရဲ့သူဌေး မင်းရဲ့ယာဉ်မောင်းမဟုတ်ဘူး"
ချူယင်းက သူမကို နောက်တစ်ကြိမ် ထပ်ကြည့်၍မေးလိုက်သည်။
"တစ်ခြားကိစ္စရှိသေးလား"
အခြားတစ်ဖက်မှလူက မွန်းကျပ်နေပြီး သူမအသံကို သတိမထားမိဘဲ တိုးဖျော့လိုက်သည်။
“မရှိတော့ဘူး…”
“ဒါဆို ဘေးကို တစ်ချက်ဖယ်ပေးပါ”
SUV ကား မောင်းထွက်သွားပြီးနောက်၊ ပြပွဲကိုကြည့်၍ဖရဲသီးထိုင်စားနေကြသည့် လုပ်ဖော်ကိုင်ဖက်အပေါင်းသူတော်ကောင်းများသည် ဟိုဒီကြည့်နေသကဲ့သို့ အကြည့်လွှဲ၍ ကားထဲသို့ ဝင်သွားကြသည်။
'ဒါက သူမကို အရမ်းမျက်နှာပျက်စေတာပဲ...ဒီလိုကောင်မျိုး ဘယ်လိုလုပ်ပြီးရှိနေရတာလဲ...သူ့ရည်းစားဖြစ်ရတဲ့သူကတကယ်ကိုကံဆိုးတာပဲ...'
အမျိုးသမီးသည် ဒေါသတကြီးဖြင့် နှစ်ကြိမ်တိုင်တိုင် ခြေဆောင့်ပြီးနောက် သူမရဲ့ကားဆီသို့ လျှောက်သွားတော့သည်။
…
ချူယင်းသည် သူ့အိမ်တော်ဟောင်းဆီသို့ ကားမောင်းသွားခဲ့သည်။ သူ ယနေ့ ညစာစားဖို့ အိမ်ပြန်လာမည်ဟု လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့အမေကို ကတိပေးထားခဲ့သည်။
သူအိမ်ထဲဝင်သွားချိန်တွင် ဆိုဖာပေါ်တွင် ချဉ်တူးနေသည့်မျက်နှာပေးဖြင့် အချိုပွဲထိုင်စားနေသော ရင်းနှီးနေသည့်မျက်နှာကို ဆုံလိုက်ရသည်။
"ယင်းဇီ မင်းပြန်လာပြီပဲ"
လျိုရှီးသည် ထိုအစုတ်ပလုတ်အစားအစာကို ပါးစပ်ထဲထိုးထည့်နေရင်းမှ မော့ကြည့်လိုက်သည်။
"ငါ ဒီမှာမင်းကို ဘ၀တစ်သက်တာလုံးရင်းပြီး ထိုင်စောင့်နေခဲ့ရတာ"
ချူယင်းသည် သူ့အပေါ်ကုပ်အင်္ကျီကို ချွတ်ပြီး အိမ်ဖော်ထံ ပေးလိုက်ချိန်တွင်ပင် ချူယင်းရဲ့ မျက်နှာအမူအရာမှာ နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်းမျိုးမရှိပေ။
"မင်းက ဘာကိစ္စဒီကိုရောက်နေတာလဲ"
"မင်းက ဘာလို့ ရှီးလေးကို ဒီလိုလေသံမျိုးနဲ့ ပြောရတာလဲ တခြားသူက မင်းကို ရှာဖို့အတွက် အထူးတလှယ်လာခဲ့ရတာ"
သူ့အမေက အခန်းထဲမှအပြင်သို့ လျှောက်လာရင်းပြောသည်။
"လာကြတော့ ညစာစားဖို့ အချိန်ရောက်နေပြီ"
ထမင်းစားပွဲတွင် ဖေဖေချူက ထမင်းစားနေရင်းမှ မေးလိုက်သည်။
“ကုမ္ပဏီက အခုတလော ဘယ်လိုလဲ”
“ကောင်းပါတယ်”
"မင်းက ချီလျန်ကို ဖြုတ်ချလိုက်တယ်လို့ ငါကြားတယ်"
"အဖေ သူ့ကို အလုပ်ထုတ်ပစ်သင့်တာအတော်ကြာနေပြီ"
ချူယင်းကမော့၍ပင် မကြည့်ချေ။
"ကုမ္ပဏီမှာ လူတစ်ယောက်မှ မရှိတော့ဘူးလား...အဖေ ဒီလိုလူတွေကို တကယ်သတ္တိရှိရှိသုံးရဲတယ်နော်"
ဖေဖေချူက မျက်မှောင်ကြုတ်လိုက်သည်။
“လူတိုင်းက ပြောင်းလဲသွားတတ်ကြတယ် သူ အခုနေ မကောင်းပေမယ့် သူတစ်သက်လုံး မကောင်းခဲ့ဘူးလို့မှ မဆိုလိုတာ”
လျိုရှီးက ထိုစကားကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဦးလေးပြောတာမှန်တယ်"
အဆုံးတွင်တော့ မေမေချူရဲ့ ဖြတ်ပြောမှုကြောင့် ထိုစကား၀ိုင်းကအဆုံးသတ်သွားရသည်။
“ဟုတ်သားပဲ ယင်းလေး ရော့လင်ပြန်လာပြီတဲ့နော် မင်းအဲ့ဒီအကြောင်းသိရဲ့လား”
“မသိဘူး”
"သူပြန်ရောက်တာနဲ့ မင်းကိုတန်းမေးတာရယ်"
မေမေချူက ပြုံးလိုက်သည်။
"မင်းမှာအချိန်ရှိရင် သူမဆီသွားရှာပြီး အတိတ်အကြောင်းလေးတွေဘာလေး စကားစမြည်သွားပြောလို့ရတယ်နော်"
လျိုရှီးကမေးလိုက်သည်။
"ဒေါ်လေးက သူ့ကို Blind Date လုပ်ပေးဖို့ ကြိုးစားနေတာလား"
"ဘယ်လိုလုပ် blind date ဖြစ်ရမှာလဲ"
မေမေချူက ထိုစကားကို သဘောမတူချေ။
" ရော့လင် နဲ့ ချူယင်းတို့က ငယ်ငယ်လေးကတည်းက သိခဲ့ကြရုံတင်မကဘူး အတူတူပါကြီးပြင်းလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေပါဟဲ့"
ချူယင်း "ကျွန်တော်မှာ အချိန်မရှိဘူး ကျွန်တော် သူမကို မတွေ့ဘူး"
“သူမက မင်းအကြောင်း ငါ့ကိုမေးဖို့အတွက် အတော်လေးကိုအရဲကိုးလိုက်ရမှာ ဒါကိုမင်းက နည်းနည်းလေးတောင် မကြင်နာပေးနိုင်ဘူးလား ”
မေမေချူက ဆက်ပြောသည်။
“သူနဲ့ခဏလေးသွားတွေ့တာက မင်းရဲ့အချိန်တွေလည်း အများကြီးဖဲ့ပေးလိုက်ရတာမျိုးမှ မဟုတ်တာ အချိန်ဆိုတဲ့အရာမျိုးက ရေမြှုပ်ထဲက ရေလိုပါပဲ အားဖျစ်ပြီးညှစ်ကြည့်လိုက်ရင် သေချာပေါက် ရှာတွေ့သွားမှာပါနော်”
ချူယင်းရဲ့ မျက်နှာအမူအရာမှာ နည်းနည်းလေးပင်မပြောင်းလဲသွားပေ။
"ကျွန်တော်မှာ ကောင်မလေးရှိတယ်"
ထိုပြင်းထန်လွန်းသည့်ကျောက်ခဲပစ်ချက်သည် ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းအမြောက်အမြား ကျန်ရစ်သွားစေသည်။ ထမင်းစားပွဲသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
"ဘယ်သူလဲ"
မေမေချူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရော့လင်ကို ချက်ချင်းပင် သူမရဲ့ ဦးနှောက်ထဲမှ ကန်ထုတ်ပစ်လိုက်သည်။
"ဆိုစမ်းပါဦး ဘယ်ကမိန်းကလေးလဲ လှလား လိမ္မာလား"
“အရမ်းလှပြီး အတော်လေးလည်း လိမ္မာတယ်”
ချူယင်းရဲ့ နှုတ်ခမ်းစွန်းလေးများက ကွေးညွတ်သွားသည်။
"အမေ သူမကိုသိပါတယ်"
မေမေချူက ပိုလို့ပင် စိတ်လှုပ်ရှားသွားသည်။
"တကယ်လား ဘယ်သူလဲဆိုတာ အမေ့ကို ပြောပြပါဦး"
"စုယိ"
လျိုရှီးတစ်ယောက် အသက်ပြင်းပြင်းရှူလိုက်ရသည်။
'သူ့ရဲ့ ညီကိုက သောက်ရမ်းမိုက်တာပဲ...တွဲတာ ဘယ်လောက်ကြာသေးလို့လဲ...သူကအိမ်ခေါ်လာတော့မှာလား'
မေမေချူသည် အတော်လေးကို စိတ်ရှုပ်ထွေးသွားပြီး ထိုနာမည်ကို အကြာကြီး တွေးတောနေမိသည်။
"ဘယ်သူ..."
ကြော်ငြာများပြသလို့အပြီးတွင်၊ မေမေချူတစ်ယောက် ညတိုင်း ဆိုသလို မလွတ်တမ်းစောင့်ကြည့်နေသည့် အင်ပါယာရဲ့အနောက်နန်းဆောင် ဆိုသည့် ဇာတ်ကားကို ပြသသည့်အလှည့်ရောက်လာသည်။
ချူယင်းက မေးစေ့ကို အသာငေါ့ပြလိုက်သည်။
"သူမလေ..."
မေမေချူသည် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ အဖွင့်သီချင်းကို တီဗီတွင် ပြသနေပြီး သရုပ်ဆောင်များသည်လည်း တစ်ဦးချင်းစီအလိုက် ဇာတ်ကောင်များရဲ့နာမည်ကို မိတ်ဆက်ရင်း ပေါ်လာကြသည်။ ညတိုင်းလိုလို သူမကို စိတ်ဆိုးအောင် လုပ်နိုင်သည့် ထိုအမျိုးသမီးသည် မကြာခင်မှာပင် တီဗီမျက်နှာပြင်ထက်တွင် ပေါ်လာပြီး သူမဘေးတွင်လည်း စာတန်းတစ်ခုပါ တပြိုင်နက်တည်းဆိုသလိုပေါ်လာသည်။
< ရုန်ဖေး – စုယိ >
မေမေချူသည် အံ့သြမှုနဲ့ တုန်လှုပ်ခြောက်ခြားမှုကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။
သူမ ဘာဆိုဘာမျှ မတုံ့ပြန်မပြောဆိုနိုင်သေးခင်မှာပဲ သူမသားက ထရပ်လိုက်သည်။
"ကျွန်တော် ဗိုက်ပြည့်သွားပြီ အမေအချိန်ယူလိုက်ပါဦး"
ပြောပြီးသည်နှင့် တစ်ဖက်သို့ လှည့်၍ အပေါ်ထပ်ကို တက်သွားတော့သည်။
လျိုရှီးတစ်ယောက် သူအခုချိန်တွင်သာ ထွက်မပြေးပါလျှင် သူသည် မေမေချူရဲ့ စစ်ဆေးမေးမြန်းခြင်းကိုခံရလိမ့်မည်ဆိုတာ ကို သေချာက်ပေါက်သိနေပေသည်။ ထို့ကြောင့် ချူယင်းနောက်သို့ လိုက်မသွားမီ သူဗိုက်မပြည့်သေးတာကို လျစ်လျူရှု၍ ယဥ်ကျေးသိမ်မွေ့စွာဖြင့် သွားတော့မည်ဖြစ်ကြောင်း အမြန်ပြောလိုက်ရသည်။
"သေလိုက်ပါတော့ ညီကိုရာ မင်းက အရမ်းမိုက်တာပဲ...ငါ့မှာတော့ ဟိုဒီယောင်ခြောက်ဆယ်ဖြစ်နေချိန်မှာ မင်းကတော့ မိဘတွေနဲ့တောင်မိတ်ဆတ်ပေးနေပြီပေါ့လေ ဟုတ်စ”
တခြားမည်သူမျှ မကြားရကြောင်း သေချာအောင်စစ်ဆေးပြီးနောက်တွင် လျိုရှီးသည် မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။
“ဒီကိစ်စ စုယိ သိလား”
"မင်းအကြောင်း ဘာပါတုန်း"
ချူယင်းသည် သူ့ကို စောင်းကြည့်လိုက်သည်။
"ဆိုစမ်းပါဦး မင်းငါ့ကို ဘာကိစ္စအတွက်လာရှာတာလဲ"
သူ့ရဲ့ညီကိုနဲ့ချစ်သူကောင်မလေးတို့က တောက်ပတဲ့အနာဂတ်ဆီ လျှောက်လှမ်းနေကြတဲ့ပုံကို ရှင်းရှင်းလင်းလင်းမြင်နေရချိန်တွင် သူ့ကိုယ်တိုင်ကမူ လက်ရှိတွင် မိုးကြိုးမုန်တိုင်းတွေကြားထဲရုန်းကန်နေရရုံသာမက သူ့အနာဂတ်ကမူ မိုးတိမ်တွေဖုံးလွှမ်းနေတာကို မြင်လိုက်ရတော့ လျိုရှီးသည် သူက တကယ့်ကို သနားစရာ ကောင်းပြီး ဝမ်းနည်းစရာအကောင်းဆုံးသူ ဟု ခံစားလိုက်ရသည်။
"အိုက်ရား မပြောစမ်းပါနဲ့ကွာ ငါချစ်ရတဲ့ ကောင်မလေးက ပေကျင်းကိုရောက်နေတာမို့လို့ ငါလိုက်ဖမ်းနေတာ"
ချူယင်းသည် ဖုန်းကိုဖွင့်လိုက်ပြီးနောက် သူ့ကို အထက်အောက် နှစ်ကြိမ်လောက် စုန်ဆန်ကြည့်လိုက်သည်။
"မင်းက ပေါင်တစ်ရာကျော်နေပြီ ဘယ်မိန်းကလေးကိုများ မင်းကလိုက်ဖမ်းနိုင်တော့မှာလဲ"
လျိုရှီးက သနားချင်စဖွယ်အမူအရာလေးဖြင့်ပြောလိုက်သည်။
" ငါ တကယ်ကြီး အဲ့လောက်တောင် အခြေအနေဆိုးနေပြီလား သားကြီး ငါအရမ်းဝမ်းနည်းနေပြီ ခွေးကောင် ငါဒီမှာ မျက်ရည်ချူနေတယ်လေ မင်းကဘာလို့ မင်းဖုန်းနဲ့ကစားနေရတာလဲ အရင်တုန်းကဖြင့် ဖုန်းနဲ့ တစ်ခါမှမကစားဖူးဘူးပဲနဲ့"
ချူယင်းက သူ့ကို လျစ်လျူရှုထားပြီး သူ့ဖုန်းမှာပေါ်နေသည့် notiကို ဖွင့်ကြည့်လိုက်သည်။ စုယိသည် လွန်ခဲ့တဲ့ နှစ်မိနစ်ခန့်က Weibo တွင် post တစ်ခုတင်ထားခဲ့သည်။
[ စုယိ v: ကုတင်တစ်လုံး... လူနှစ်ယောက် [ ပုံ ]
ဓာတ်ပုံထဲတွင် စုယိသည် မိတ်ကပ်လိမ်းထားခြင်းမျိုးမရှိဘဲ မျက်နှာတစ်ခြမ်းကိုသာဖော်ထားပြီး နောက်ခံအဖြစ် ဝေဝေဝါးဝါးမြင်တွေ့နေရသည့် ပုံရိပ်အရ ချူရှီးဆိုတာကို တစ်ချက်ကြည့်ရုံဖြင့် ချူယင်းချက်ချင်းသိလိုက်သည်။
Weibo ပေါ်က Commentတွေသည် အတော်လေးကို စိတ်ဝင်စားဖို့ကောင်းကြောင်း သူလိုက်လံဖတ်ကြည့်နေရင်း တွေးလိုက်မိသည်။
[ ဒါက… သူတို့ရဲ့ ဆက်ဆံရေး အခြေအနေကို လူသိရှင်ကြား ကြေငြာလိုက်တာလား ]
[ အနောက်က တစ်ယောက်က @ချူယင်း ဖြစ်လိမ့်မယ်လို့ငါတော့ထင်တယ် ]
[ ကောင်းချီး ၉၉ ပေးပါတယ်နော် ]
ချူယင်းသည် စိတ်အခြေအနေကောင်းနေသဖြင့် ဆက်၍ဖတ်ကြည့်နေရင်း သူ့အနောက်တွင် ထိုင်နေသည့် လူကို မေးလိုက်သည်။
“ကောင်းချီး ၉-၉ [ ကျို ကျို ] ဆိုတာ ဘာကို ဆိုလိုတာလဲ”
“ကောင်းကင်နဲ့ မြေကြီး တည်တံ့နေသမျှ တစ်ချိန်လုံး - တစ်ခုခုကို - ကောင်းချီးပေးခံရမယ်လို့ ပြောချင်တာ”
[ T/N- တစ်ခုခု ဆိုတာက အဲ့ဒီနေရာမှာ အတွဲဆိုရင် အဲ့ဒီအတွဲကောင်းချီးပေးခံရတယ်လို့ ဆိုလိုချင်တာပါ အဲ့လိုမှမဟုတ်ဘဲ သား၊သမီးဆိုရင် အဲ့သား၊သမီးတွေကောင်းချီးပေးခံရတယ် အဲ့လိုပေါ့ ]
လျိုရှီးက ကောင်းကင်ကြီးကို မော့ကြည့်နေရင်းကနေ သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
"သူမကို အရယူနိုင်မယ့် အခွင့်အရေး ငါ့မှာရှိသေးတယ်လို့ မင်းထင်လား"
ချူယင်းသည် comment box ကိုအောက်သို့ တဖြည်းဖြည်းချင်းဆွဲ၍ကြည့်နေသည်။
[ စုယိရဲ့ xx ခရိုင်ပရိသတ်များအဖွဲ့- #စုယိ 0722 မွေးနေ့ အခမ်းအနား ##ယိယိ တရားဝင် ပါတီအချိန်ဇယားက ဘယ်တော့လောက်ထွက်မလဲ ]
' မွေးနေ့လား...'
ချူယင်း၏ မျက်ခုံးတန်းလေးသည် အပေါ်သို့ပင့်တတ်သွားသည်။
' 22 ရက်နေ့ဆိုတော့ နောက်အပတ်ပေါ့ '
ထိုအချိန်မှာပဲ သူ့ဖုန်းစခရင်ရဲ့ထိပ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[ နတ်ဘုရားမစုယိ - ချူရှီးနဲ့ ကျွန်မ အိပ်ရာပေါ်မှာ တိုက်ပွဲဝင်ပြီးသွားလို့ အခုကုတင်ရဲ့ထောင့်ဘက်မှာ အညှစ်ခံထားရတယ်...ချူယင်းရဲ့ကောင်မလေးက ဘယ်တော့မှ ရှုံးနိမ့်တာကို ၀န်ခံမှာမဟုတ်-jpg]
စတစ်ကာများကို Edit လုပ်ရန်အတွက် appတစ်ချို့ကို recommendပေးခံရပြီးနောက် စုယိသည် ယင်းတို့ကို အမှန်တကယ်ပင် တွင်တွင်ကျယ်ကျယ်အသုံးပြုတော့သည်။
သူ့နောက်တွင်ထိုင်ပြီး သူ့ကိုယ်သူ တိုးတိုး တိုးတိုးဖြင့် မကျေမနပ်အပြစ်ပြောဆိုနေသည့် လျိုရှီးကို သူနှောင့်ယှက်လိုက်သည်။
"မင်းကိုတစ်ခုလောက်မေးလို့ရမလား"
လျိုရှီးကပြောဆိုနေခြင်းကို ချက်ခြင်းရပ်တန့်လိုက်သည်။
"ဘာကိုလဲ"
သူသည် နှုတ်ခမ်းကို ခပ်ဖွဖွဖိကပ်ထားပြီး ခဏလောက် တုံ့ဆိုင်းသွားသည်။
"မွေးနေ့အတွက် ဘာလက်ဆောင်ပေးလို့အဆင်ပြေမလဲ"
"မွေးနေ့လား... ဘယ်သူ့မွေးနေ့လဲ"
လျိုရှီးက ပြန်မေးသည်။
"စုယိလား"
“ဟုတ်တယ်”
"ဒါဆိုရင်တော့ မင်း တကယ့်လူမှန်ကို မေးလိုက်ပြီပဲ"
လျိုရှီးသည် သူ့ပေါင်ကိုတစ်ချက်ရိုက်လိုက်ရင်း မတ်တတ်ထရပ်လိုက်သည်။
“မိန်းကလေးတွေဆိုတာက ကမ္ဘာပေါ်မှာ ကျေနပ်အောင် လုပ်ဖို့အလွယ်ဆုံးသူတွေပဲ အများကြီးမတတ်နိုင်တဲ့သူတွေကျတော့ နှုတ်ခမ်းနီတွေ ကြိုက်တယ် ...အလယ်လတ်တန်းစားသူတွေကျတော့ သူတို့ကို 520 နဲ့ 1314 ဒါမှမဟုတ်လည်း အဲဒီထက်ပိုတဲ့ငွေပမာဏတွေကို ပုံပေးလိုက်...ဒီ့ထက် ပိုမြင့်သူတွေအတွက်ကျတော့ ဘာမှထွေထူးသိပ်ပြောစရာ မရှိပါဘူး သူတို့တွေကို ဘရမ်းမိုက်တဲ့ အိတ်တွေအစုံလိုက်ပေးလိုက်ရုံလေးတင်ပါပဲ တစ်ခါတည်း မင်းပေးနိုင်သလောက် အများကြီး ပေးနိုင်ရင်တော့အကောင်းဆုံးပဲ... စုယိကကျတော့ သူမက ရွှေပိရမစ်ရဲ့ထိပ်မှာ ရှိနေတဲ့သူမျိုးဆိုတော့ မင်းလုပ်သင့်တာက ...သူ့ကို သုံးမျိုးစလုံးသာပေးလိုက်ကွာ ငါ မင်းကို အကြံတစ်ခုပေးလိုက်မယ် သူ့ဟိုတယ်အိပ်ခန်းရဲ့အခန်းတံခါးရှေ့မှာ သစ်ပင်တစ်ပင်သွားထောင်ထားပြီးတော့ ကိုင်းပေါ်မှာ LVအိတ်ဆယ်လုံးလောက်သာဆွဲထားပေးလိုက် ဝတ်စုံလေးလည်းကောင်းကောင်း၀တ်ထားပြီး လက်ထဲမှာလည်း နှင်းဆီပန်းစည်းလေးကို ကိုင်ထားပေးဖို့တော့လိုတာပေါ့"
ထိုသို့ပြောပြီးနောက် လျိုရှီးသည် မထိန်းချုပ်နိုင်ဘဲ သူ့ကိုယ်သူ လက်ညိုးထိုးပြပြီးနောက် ဂုဏ်ယူမဆုံးပုံစံမျိုးဖြင့်ပြောလိုက်သည်။
"အဲ့ဒီလိုဆို သူမကို အရမ်းထိမိသွားစေလိမ့်မယ်"
သူ့မှာ အတွေ့အကြုံလုံး၀ရှိနေပြီး - သူ အများကြီး ပေးခဲ့ဖူးသည် ဆိုတာကို ကြည့်ရုံဖြင့်တန်းသိနိုင်သည်။
ချူယင်းက သူ့ကို ရွံရှာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
"အဲ့ဒါဘာအကြည့်တုန်း အခုခေတ် မိန်းကလေးအတော်များများ အိတ်တွေ ကြိုက်ကြတယ်လေ ငါပြောတာမှားလို့လား"
"အဲ့ဒီကောင်မလေး မင်းကို ဘာလို့ လျစ်လျူရှုထားတာလဲဆိုတာ နောက်ဆုံးတော့ ငါသိသွားပြီ"
လျိုရှီး "ဘာဖြစ်လို့လဲ"
"ဒီလိုအချိုးမျိုးနဲ့မင်းကို ဘယ်သူကများတွဲရဲမှာလဲ"
ချူယင်းက လှောင်ပြောင်လိုက်သည်။
“အိတ်ပုံပေးကိုယ်စားလှယ်”
_________________________________________