အပိုင်း ၄၉
Viewers 12k

Chapter 49


တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးပြီးနောက် နောက်ဆက်တွဲများ။


ရှင်းရှင်းလင်းလင်းကြားလိုက်ရသည့် ဖုန်း noti သံကြောင့် စုယိသည် နိုးသွားသည်။


သူမသည် သူ့ဘေးတွင် အိပ်ပျော်နေပြီး၊ သူမ၏ခါးလေးသည် ထိုအမျိုသား၏လက်များကြားတွင် အေးချမ်းစွာ အနားယူနေရုံသာမက၊ သူ့ နွေးထွေးတဲ့ ရင်ဘတ်ကြီးထဲထည့်က သူမကို ပွေ့ဖက်ထားပေသည်။


အခန်းထဲတွင် လေအေးပေးစက်မှထုတ်လွတ်နေသည့် လေအေးများဖြင့် ပြည့်နေပြီး ဟိုတယ်မှစောင်အထူကြီးများက သူမတို့အပေါ်တွင် ဖုံးအုပ်နေပေသည်။ အပြင်ဘက်တွင်မူ ရှားရှားပါးပါး မိုးရွာနေ၏။


 'ဘာလို့ ဒီလောက်တောင် သက်သောင့်သက်သာရှိနေရတာလဲ'


သူမ၏ လှုပ်ရှားမှုကို ခံစားမိသွားသည့် ချူယင်းသည် မျက်လုံးဖွင့်၍ သူမ၏ နားရွက်များကို သူ့ နှုတ်ခမ်းဖြင့် ပွတ်တိုက်လိုက်သည်။


 "နိုးပြီလား"


 “ဟုတ်”


စုယိသည် သူမ၏ အပြုံးများကို မထိန်းချုပ်နိုင်တော့ချေ။ တစ်ဖက်သို့ လှည့်၍ သူ့ရဲ့ မေးစေ့ကို နမ်းလိုက်ပြီးနောက် မျက်နှာကို လက်ဖြင့်အုပ်လိုက်တော့သည်။


ချူယင်းသည် သူမရဲ့လက်မောင်းတွေကို ဖမ်းဆုပ်လိုက်ပြီး ရယ်မောလျက်မေးလာသည်။  


"ဘာလို့ ပုန်းနေတာလဲ"


 “ရှင့်ကို ကျွန်မရဲ့ဒီလို ရုပ်ဆိုးဆိုးပုံမျိုးကို မမြင်စေချင်ဘူး”  


စုယိသည် လေးနက်မှုအပြည့်ဖြင့် ပြောလိုက်သည်။


ချူယင်းသည် အပြုံးလေးဖြင့် ငုံ့ကြည့်ပြီးနောက် အသာနမ်းလိုက်ပြီး ပြောလိုက်သည်။


 "ကိုယ်မမြင်ချင်ယောင်ဆောင်ပေးလို့ရတယ်" 


စိတ်မကောင်းစရာကောင်းတာက သူမက သူ့စကားကိုနားမထောင်ဘဲ အသာရယ်မောရင်းဖြင့် သူ့ရင်ခွင်ထဲမျက်နှာအပ်၍ ၀င်ပုန်းတော့သည်။


တံခါးခေါက်သံ မြည်လာသဖြင့် သူမသည် ကုတင်ပေါ်မှာမဆင်းမီ သူ့ကိုအနည်းငယ် ပွတ်သီးပွတ်သတ်ထပ်လုပ်ပြီးနောက် သူမအင်္ကျီကို ဟိုဒီစမ်းတဝါးဝါးရှာ၍ ၀တ်ဆင်ပြီးမှ လျှောက်သွားတော့သည်။


၀ူရွှယ်သည် ရိုက်ကူးရေးရက်များတွင်အမြဲလိုလို သူမ၏လက်ထောက်ထက် စောစောထလေ့ရှိသည့် အနုပညာရှင်မှာ အိပ်ယာထနောက်ကျလိမ့်မည် ဟု လုံး၀မမျှော်လင့်ထားချေ။ ယခုတော့ ကောင်းပေ၏။ လုံး၀ နောက်ကျနေချေပြီ။


သိပ်မကြာခင်မှာပင် တံခါးပွင့်လာသည်။ သူမသည် 'နင်' ဟုသည့် စကားတစ်လုံးသာဆိုလိုက်ရပြီး ကျန်သည့်စကားလုံးများမှာလည်ချောင်းထဲတွင် တိမ်၀င်ပျောက်ကွယ်သွားတော့သည်။


အခန်းအတွင်းရှိလူသည် ဆံပင်တွေက ရှုပ်ပွနေပြီး ပါးပြင်တွေက နီရဲတွတ်နေ၏၊ မျက်နှာတွင်လည်း ရူးကြောင်ကြောင်အပြုံးတစ်ခုကို ပန်ဆင်ထားပြီး ခန္ဓာကိုယ်ပေါ်မှာ ရေချိုး၀တ်ရုံတစ်ခုကိုသာ ဖြစ်သလိုတွဲချီထားသည့်အပြင် လွတ်နေသည့်နေရာအချို့နှင့် လည်ပင်းသားများပေါ်တွင် အနီရောင်အမှတ်များက အတိုင်းသားမြင်နေရပေသည်။


တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် ဖြစ်ပျက်ခဲ့သမျှကို အတိအကျ သိရှိနိုင်ပြီး သူမရဲ့ အနုပညာရှင်မှာ မည်မျှ စိတ်အားထက်သန်နေခဲ့မလဲဆိုတာကိုပါ တစ်ခါတည်းခန့်မှန်းနိုင်ပေ၏။


 စုယိက အရင်ပြောလိုက်သည်။  


"တစ်ခုခုဖြစ်လို့လား"


 "နင်ကမေးနိုင်သေးတယ်ပေါ့ အခု ဘယ်အချိန်ရှိနေပြီလဲ ဆိုတာ သိရဲ့လား နင် ဒီနေ့ ရိုက်ကွင်းကို မသွားဘူးလား" 


၀ူရွှယ်သည် သူမ၏ အသံကို သတိထား၍ လျှော့ချလိုက်သည်။


 "ငါ သူဌေးကြီး အိပ်နေတာကို မနှောင့်ယှက်လိုက်မိပါဘူးနော် ဟုတ်တယ် မဟုတ်လား"


 "ဘယ်နှစ်နာရီရှိပြီလဲ"


အိပ်ရာနိုးတဲ့ အချိန်ကနေ ယခုအချိန်အထိ သူမသည် နာရီ လုံး၀ မကြည့်ရသေးချေ၊ ယခုလေးတင် ၀ူရွှယ်ပြောမှသာ ထိုအကြောင်းကို သတိရခြင်းဖြစ်၏။


 "ရှစ်နာရီခွဲ ဒီနေ့ နင့်ဇာတ်ကွပ်ကို စရိုက်မှာကကိုးနာရီ"


စုယိသည် ချက်ချင်းပင် မျက်လုံးပြူးသွားရသည်။  


"ဘာလို့ ငါ့ကို စောစောလာမနှိုးတာလဲ"


 "ငါ နင့်ကို ဖုန်းလည်းခေါ်ခဲ့သလို" 


၀ူရွှယ်သည် 'ငါ အပြစ်ကင်းပါတယ်ဟယ်' ဟူသည့်ပုံလေးဖြင့်ဆက်ပြောသည်။


"WeChat ကနေလည်း စာပို့သေးတယ် အခု ငါရောက်ချလာရတာကလည်း ဘာစာမှပြန်ရောက်မလာလို့"


 "ဟုတ်ပါပြီ အချိန်သိပ်ကမရှိတော့ဘူး နင်က ယာဉ်မောင်းကို ခေါ်ထားလိုက် ငါသန့်ရှင်းရေးလုပ်လိုက်ဦးမယ်"


သူမပြန်ဝင်လာချိန်တွင် ချူယင်းသည် အင်္ကျီဝတ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရသည်။  


သူမ အလျင်လိုနေတာကိုမြင်၍ သူက မေးလာသည်။


 “ဘာဖြစ်လို့လဲ” 


 "ကျွန်မနောက်ကျတော့မယ်" 


စုယိသည် ရေချိုးခန်းထဲသို့ အမြန်ပြေး၀င်သွားလိုက်သည်။  


ခဏအကြာတွင် သူမသည်ခေါင်းလေးပြူထွက်၍မေးလာ၏- "ကျွန်မ ရှင့်အတွက် သွားတိုက်ဆေး ညှစ်ပေးရမလား"


ချူယင်း၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ လှပစွာကွေးတတ်သွားတော့သည်။  


"ကောင်းပါပြီဗျာ"


သူအထဲသို့ဝင်လိုက်သည့်အခါ သူမသည် သွားတိုက်နေရင်းဖြင့် ဇာတ်ညွှန်းကိုဖတ်နေသည်။ သူမသည်သေချာအာရုံစိုက်နေသဖြင့် မျက်၀န်းတို့က အနည်းငယ်မှေးကျဥ်းနေ၏။


သန့်ရှင်းရေးလုပ်ပြီးသွားမှ သူ၀င်လာတာကိုမြင်ပြီး သူ့အားနူးညံ့စွာဖြင့် ပြောလာသည်။


"အဲ့ဒါအကုန် ရှင့်အပြစ်ပဲ ဒီနေ့ရိုက်ရမယ့် ဇာတ်ကွက်ကို ကျွန်မမေ့သွားပြီ" 


ချူယင်းက ချက်ချင်းပင် သဘောတူလိုက်သည်။


 "ဟုတ်တယ် ကိုယ့်အပြစ်"


စုယိက လုံး၀ကျေနပ်သွားသည်။ သူမ မျက်နှာကို ဆေးကြောပြီးနောက် သူ့လက်မောင်းကို မှီ၍ ဇာတ်ညွှန်းကို ဆက်ဖတ်နေလိုက်သည်။


သူမ အ၀တ်အစားလဲပြီးချိန်တွင် တံခါးခေါက်သံ ခပ်ကြမ်းကြမ်းကို ကြားလိုက်ရသည်။ ဘယ်သူလဲဆိုတာတော့ ပြောဖို့မခက်ပါချေ။


ချူယင်းသည် တံခါးဖွင့်ပြီး ရေချိုးခန်းထဲက ထွက်လာသည်နှင့် ချူရှီးရဲ့ အသံဆာဆာကို ချက်ချင်း ကြားလိုက်ရသည်။


 "ကိုကို Disney ကို ညီမလေးလည်း သွားလည်ချင်တယ် အိတ်တွေလည်းလိုချင်တယ်လို့"


ချူယင်းက သူမကို တစ်ချက်ပင်ကြည့်မလာချေ။ 


 “မရဘူး”


စုယိသည် အလုံးစုံပြင်ဆင်ပြီးသွားချိန်၌ မေးလိုက်သည်။


"ကျွန်မ ရိုက်ကွင်းကိုသွားတော့မယ် ရှင့်လေယာဉ်က ဘယ်အချိန်လဲ"


 “ညနေနှစ်နာရီ”  


ချူယင်းသည် သူမ၏ ဆံပင်များကို အသာပွတ်သပ်လိုက်သည်။ 


 "ဒီနေ့ ရိုက်ဖို့ ဇာတ်ကွက်တွေ အများကြီး ရှိတယ်မလား ကိုယ့်ကို လိုက်ပို့ပေးစရာ မလိုပါဘူး"


ရိုက်ကူးရေးအချိန်ဇယားကို ဇာတ်ညွှန်း၏ ရှေ့ဆုံးစာမျက်နှာတွင် ရေးထားပေသည်။ အချိန်က ယနေ့တစ်နေကုန်နီးပါးပင်ဖြစ်၏။


စုယိ ကြည့်ရတာ အတော်လေးကို စိတ်ပျက်သွားပုံပေါက်နေသည်။


 "ဒါဆို ရှင်လေယာဥ်ပေါ်မတတ်ခင် ကျွန်မကို ပြောဖို့သတိရနော်"


 “အိုခေ”


 "ရှင် လေယာဥ်ပေါ်ကဆင်းရင်လည်း ကျွန်မကို အသိပေးရမယ်"


 "ဟုတ်ပါပြီဗျ"


ချူယင်းသည် သူ့အပြုံးကို အတင်းဖုံးဖိထားရင်း ပြောလိုက်သည်။ 


 "ကိုယ် လေယာဉ်ပေါ်ကဆင်းရင် မင်းကိုဖုန်းဆက်လိုက်မယ်"


ချူရှီးသည် သူမအစ်ကို သူမကိုစကားလာမပြောခင်အထိ လုံးဝကိုလျစ်လျူရှုခြင်းခံထားရသည့်အတွက် တကယ်ကို ဒေါသထွက်နေပြီဖြစ်သည်။


 "ချူရှီး နေ့ခင်းကျရင်တစ်ခါတည်းပြန်လိုက်ခဲ့တော့" 


 "ဘာလို့လဲ"  


သူမ ခေါင်းကို ပြင်းပြင်းထန်ထန် ခါပြလိုက်သည်။ 


 “မလိုက်ဘူး ညီမလေး ဒီကိုရောက်တာ ဘယ်လောက်ကြာသေးလို့လဲ"  


သူမ Disneyland ကိုလည်း သွားမလည်ရသေးဘူး၊ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကလည်း အရှင်း မပျောက်သေးသလို သူ့ကို လက်စားချေဖို့ နည်းလမ်းတွေလည်း မသင်ရသေးဘူး၊ သူမ လုံး၀ လုံး၀ မပြန်ချင်သေးပါဘူးနော်။


ချူယင်း၏ မျက်နှာသည် တဖြည်းဖြည်းမည်းမှောင်လာပြီး ဒေါသထွက်တော့မည့်ပုံပေါက်တာကြောင့် စုယိသည် သူ့လက်မောင်းကို ချက်ချင်းဆွဲဖက်လိုက်ရသည်။


 "ဟုတ်ပါပြီ သူနေချင်ရင်နေပါစေ ပြီးတော့ သူမကတော်တော်လေးလည်းလိမ္မာတယ်ရယ်"


အခြေအနေနှင့် အချိန်အခါကို သတိပြုမိပြီး လိုက်လျောညီထွေစွာ ပြုမူတတ်သူများသည် အကောင်းဆုံးဖြစ်သည်။


ချူရှီးသည် သိသာလွန်းလှသည့် အပြုံးတုကြီးတစ်ခုကို နှုတ်ခမ်းထောင့်တွင် ချက်ချင်းပင်တပ်ဆင်လိုက်တော့သည်။  


"ဟုတ်တယ် ဟုတ်တယ် ညီမလေးက ယောင်းမနဲ့အတူတူထပ်နေချင်သေးတယ်"


စုယိကို ယောင်းမလို့ ခေါ်တာက စုယိထက် သူမအစ်ကိုတွင် ပိုအသုံးဝင်မယ်လိမ့်လို့ တကယ်ကြီး မမျှော်လင့်ထားမိချေ။ အဆုံးတွင်တော့ သူမသည် ရှန်ဟိုင်းမှာ အောင်မြင်စွာဆက်နေနိုင်ရုံတင်သာမက သုံးစွဲရန်အတွက်ငွေအတော်များများလည်း ရသွားလိုက်သေးသည်။


ဤမှာနေနေသည့်တစ်ချိန်လုံး သူမသည် ရေတစ်ပုလင်းဝယ်ဖို့ပင် စုယိရဲ့ပိုက်ဆံကို လိုအပ်နေသဖြင့် ကောင်းကင်ကြီးပင် သူမဘယ်လောက်တောင် ရှက်နေမိပြီဆိုတာ သိနေလောက်ပေမည်။


စုယိသည် ချူယင်း၏လက်မောင်းကို ပွေ့ဖက်ပြီး တံခါးဝတွင် သံယောဇဥ်အမျှင်မပြတ်နိုင်သည့်ပုံစံနှင့်ရပ်နေသဖြင့် ၀ူရွှယ်သည် သူမကို ဓာတ်လှေကားထဲသို့ အားအတော်သုံး၍ အတင်းအဓ္ဓမဆွဲထည့်လိုက်ရသည်။


ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် ၀ူရွှယ်သည် သူမအနားသို့ အသာကပ်၍မေးလာသည်။


 " သီးသန့်ဒီဇိုင်နာထုတ်အိတ်အကြောင်းလေး ပြောပြပါဦး"


 " လျိုလောင်လောင်း [1] ပုံစံမျိုးလာလုပ်မနေနဲ့" 


စုယိကဆက်ပြောသည်။ 


 "နင့် လစာနဲ့ တစ်လကို တစ်အိတ် နှစ်အိတ်လောက်က အသာလေးဝယ်လို့ရတယ်"


၀ူရွှယ်က ပြုံးလိုက်သည်။


 "ငါ့ပိုက်ဆံလေးတွေကို ဒါတွေအတွက် ထုတ်မသုံးနိုင်ပါဘူးနော်"


စုယိက လက်ဆန့်ထုတ်၍ သူမပုခုံးကို ဖတ်လိုက်သည်။ 


 "ဒါဆို နင် ကြိုက်တာ တစ်ခုသွားရွေး ချီးရှီးလက်ဆောင်အဖြစ် ငါ နင့်ကိုပေးမယ်"


၀ူရွှယ်သည် ခြွေတာတတ်ပေမယ့် သူမသည် တွန့်တိုတတ်သည် ဟုမဆိုလိုပေ။ လျိုမင်ဟောက်သည် ချမ်းသာသည့်သူမျိုးမဟုတ်သည့်အတွက် အိမ်ရာစျေးနှုန်းများ၊ ကားများနှင့် ကလေးများအတွက်ကိုပါ အမြဲတစေ ကြိုတင်ထည့်သွင်းစဥ်းစားပေးနေရသည်။


 "ချီးရှီး အကြောင်းပြောဖို့က အလှမ်းဝေးလွန်းပါသေးတယ်ဟယ်"  


၀ူရွှယ်သည် ခပ်မတ်မတ်ပြန်ရပ်လိုက်ပြီး လက်ကိုအသာဝှေ့ယမ်းလိုက်သည်။  


"ငါ နောက်နေတာပါဟယ် အိတ်တွေကို ငါစိတ်မဝင်စားဘူး"


စုယိသည် လမ်းလျှောက်နေရင်းမှ တစ်စုံတစ်ခုကို သတိရမိသွားသဖြင့် ချက်ချင်းမေးလိုက်သည်။  


"အန်းရွှယ်ရော ဘယ်မှာလဲ"


 “သူ့အကြောင်း ပြောကိုမပြောချင်ဘူး”


၀ူရွှယ်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလာသည်။  


"မနေ့ညက ပြန်လည်းမလာသလို ဖုန်းလည်းမကိုင်ဘူး"


 စုယိက မျက်မှောင်ကြုတ်လိုက်၏။ 


 "လုံး၀မကိုင်တာလား တစ်ခုခုဖြစ်သွားတာမျိုးတော့ မဖြစ်နိုင်ဘူးမလား”


 "မသိပါဘူးဟယ် ငါတို့ ရဲကို အကြောင်းကြားလိုက်ရလား"


 “ဘာကိစ္စရဲကို အကြောင်းကြားနေမှာလဲ”  


ချူရှီးက သူမတို့ကို ၀င်နှောင့်ယှက်သည်။ သူမ ဤပုံစံအနေအထားမျိုးကို အခုတလော မကြာခဏ မြင်ဖူးနေ၏။ 


 "သူမက လက်ထဲ ဖုန်းအမြဲတမ်းကိုင်ထားတတ်သလို မကြာခဏဆိုသလို ပျောက်ပျောက်သွားတတ်သေးတယ် ညဘက်ဆိုရင်လည်းပြန်မလာဘူး ဒါက သမီးရည်းစား ဆက်ဆံရေး ကိစ္စှမှ မဟုတ်ရင်ဘာဖြစ်မှာတုန်း"


နှစ်ယောက်သား ခေတ္တရပ်တန့်သွားကြသည်။ သူမတို့နှစ်ယောက် တကယ်ကြီးကို ထိုနည်းလမ်းဖြင့် မစဉ်းစားမိခဲ့ကြဘူး။


၀ူရွှယ်သည် ချက်ချင်းနားမလည်နိုင်သေးပေ။  


"ဒါပေမယ့် သူမ ရှန်ဟိုင်းကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာလေ ဘယ်သူနဲ့ ဘယ်လိုကနေ ဘယ်လို ချိတ်မိပြီး ချိန်းတွေ့သွားနိုင်ရတာလဲ"


 "ညီမကတော့ ဒီရိုက်ကွင်းထဲက တစ်ယောက်ယောက်လို့ ထင်တယ်" 


ချူရှီးက ဆက်ပြောသည်။


 "ဘယ်သူနောက်ကျနေလဲဆိုတာ ညီမတို့ တစ်ချက်လောက် စောင့်ကြည့်ရုံနဲ့ တန်းသိမှာ"


___________________________________________


[ E/N: အခုအထိ ရယ်နေတုန်းပဲ… SY က အရမ်းမိုက်တာပဲ! ကြိုက်တယ်လို့!!! ]


[ T/N- စုယိ အပေါ်မှာ အန်းရွှမ်ကို အလုပ်ဖြုတ်တဲ့အကြောင်းပြောတုန်းက စုယိကိုအထင်လွဲသွားမှာဆိုးလို့ပြောပါရစေ။ အန်းရွှမ်ကလက်ထောက်ပါ ဒါပေမယ့် များသောအားဖြင့် တကယ်တန်း တိုလီမုတ်စအစုံ လက်ထောက်လိုလုပ်နေရတာက အေးဂျင့်၀ူရွှယ်ဖြစ်နေတယ်ဆိုတာ အားလုံးလည်းသတိထားမိကြမှာပါ အနုပညာရှင်တစ်ယောက်ရဲ့ လက်ထောက်ဆိုတာမျိုးက သူ့အနုပညာရှင်နေမကောင်းရင် ချီးကအစသေးကအဆုံးလုပ်ပေးရတဲ့သူမျိုးပါ၊ထားပါ ဒါတွေ၊အခု အန်းရွှမ်က လက်ထောက်အလုပ်တောင် မယ်မယ်ရရမလုပ်တဲ့အပြင် အလုပ်ကိုလာလိုက်ပြတ်လိုက် ပေါ်လိုက်ပျောက်လိုက် ဆက်သွယ်မရလိုက်ဖြစ်နေတာ သူရည်းစားမထားရင်တောင် စုယိကသေချာပေါက်ဖြုတ်ပစ်မယ့်ပုံပါ လစာသာအလကားယူနေတာ ဘာအလုပ်မှလုပ်မနေဘဲ မဟုတ်ဘူးလား ]


 [ NOTES ]


 [1] လျိုလောင်လောင်းသည် တရုတ်ပြည်၏ ဂန္တဝင်လေးခုထဲမှတစ်ခုဖြစ်သည့် Dream of the Red Chamber (红楼梦)[ ခန်းဆောင်နီအိပ်မက် ] မှဇာတ်ကောင်ဖြစ်ပြီး သူမသည် ရွာမှသက်ကြီးရွယ်အိုအဖွားတစ်ဦးဖြစ်သည့်အပြင် မြို့ကြီးပြကြီးရဲ့ခမ်းနားမှုကြောင့် အံ့သြ ထိတ်လန့်သွားခဲ့သူလည်းဖြစ်သည်။ စုယိက ၀ူရွှယ်တစ်ယောက် အိတ်တွေကို မြင်လိုစိတ်အားထက်သန်နေသဖြင့် ဥပမာပေးကာ ဟသာဖောက်လိုက်ဖြင်းဖြစ်သည်။


___________________________________________