Chapter 50
အလုပ်ထုတ်သည့်ဇာတ်၀င်ခန်း။
ရိုက်ကွင်းတွင် လူအမျိုးမျိုးအထွေထွေရှိပေသည်။တစ်ယောက်ယောက်က သူများထက်နောက်ကျနေမည်ဆိုလျှင်တောင် ဘယ်သူက သတိထားမိမှာတဲ့လဲ။ ထို့အပြင် စုယိသည် သူမလက်ထောက်ရဲ့ကိစ္စများကို သိပ်စိတ်မဝင်စားပေ။
“အဲဒါကို အာရုံစိုက်မနေနဲ့တော့”
သူမကအပြင်းကြော တစ်ချက် ဆွဲဆန့်လိုက်ပြီးနောက် ပြောလိုက်သည်။
"သူ့မှာ တခြားအကြောင်းကိစ္စတွေရှိနေရင်လည်း နောက်ကျရင်ငါတို့ကိုလာပြောလိမ့်မယ် သူမမှာတကယ်ပဲ သမီးရည်းစားဆက်ဆံရေးမျိုးရှိနေတယ်ဆိုရင်လည်း ငါ့လက်ထောက်အဖြစ် တခြားတစ်ယောက်ကိုရှာလိုက်လို့ရတယ် "
ဆိုလိုသည်မှာ သူမသည် တစ်စုံတစ်ယောက်ကို စွန့်လွှတ်တော့မည် ဖြစ်ပေသည်။
"သူမက တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေရုံလေးလေ မင်းကသူ့ကို အလုပ်ထုတ်ပစ်စရာလိုလို့လား" ချူရှီးသည် နားမလည်နိုင်ပေ။
"ငါက သူတစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့ဖို့အတွက် ငှားထားတာမဟုတ်ဘူး ငါ့ရဲ့အထွေထွေကိစ္စတွေကို ကူညီပေးဖို့အတွက် သူ့ကို ငှားထားတာ"
စုယိသည် ရိုက်ကွင်းအတွင်းသို့ ဝင်လိုက်သည် ၊ တံခါးနားတွင် လီမင်သည် မီးအလင်းရောင်အကူနှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေသည်။ သူမသည် လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာကြီး တောင်းပန်ပါတယ်နော် ဒီနေ့ အိပ်ရာထတာ နောက်ကျသွားတယ်"
လီမင်သည် သူမရဲ့ သရုပ်ဆောင်များ နောက်ကျတာမျိုးကို လုံး၀ မကြိုက်တဲ့သူဖြစ်တာကြောင့် အဆူခံရရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ တစ်ဖက်မှသူသည် သူမဘက်သို့လှည့်လာချိန်တွင် သူမမျှော်လင့်ထားသလိုပုံစံမျိုးဖြစ်မနေဘဲ အပြုံးတွေဝေနေသည့် မျက်နှာတစ်ခုဖြင့်သာ ရင်ဆိုင်လိုက်ရသည်။
"ဟုတ်ပါပြီ မြန်မြန်လေးသွားပြီး မိတ်ကပ်သွားလိမ်းလိုက် မင်းပြင်ဆင်လို့ပြီးရင် ငါတို့ရိုက်ကူးရေးကိုစကြမယ်"
"…ဟုတ်ကဲ့"
သူမ အနောက်သို့လှည့်၍ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ထူကျင့်လန်သည် ဖော်ရွေမှုလုံး၀မရှိသည့်အကြည့်တို့ဖြင့် သူမဆီသို့ လျှောက်လာသည်။ သူမသည် ခပ်တည်တည်ဖြင့် သူမဘေးမှဖြတ်လျှောက်သွားပြီး လီမင်ထံသို့သာ ဦးတည်လျှောက်သွားတော့သည်။
များသောအားဖြင့်၊ တစ်ဖက်သားက သူမအပေါ် ဘယ်လောက်ပဲ မကျေနပ်နေပါစေ၊သူမအား အပြုံးတုတွေဖြင့် နှုတ်ဆက်စကားတွေ ပြောတတ်ပေသည်။
'ဒီနေ့မှဘာတွေဖြစ်နေတာတုန်း ဘာလဲ နောက်ဆုံးတော့ ဉာဏ်အလင်းရသွားပြီလား'
၀ူရွှယ်သည် သူမ၏ မသေချာမရေရာမှုကို မြင်လိုက်ရသဖြင့် အလှပြင်ခန်းထဲသို့ ဝင်သွားပြီးနောက်မှသာ ပြောလိုက်သည်။
"မနေ့က နင် live လွှင့်နေတုန်းက မေးလာတဲ့မေးခွန်းတစ်ခုကို မဖြေလိုက်ဘူးလေ ရိုက်ကူးရေးထဲမှာ live streaming လုပ်တာနဲ့ပတ်သတ်တဲ့ဟာလေ"
စုယိသည် ပြန်မှတ်မိလာရန် အချိန်အတော်ကြာအောင် ယူလိုက်ရသည်။
"ပြီးတော့ရော"
"သူမက commentမန့်တဲ့သူ ရည်ညွှန်းတဲ့ 'ရိုက်ကွင်းထဲLivestreamingလုပ်တဲ့သူ' ဆိုတဲ့သူတွေထဲက တစ်ယောက်လေ မီဒီယာတွေက မင်းကို သူတို့သုံးနိုင်တဲ့ သတင်းတစ်ခု ပြောလာဖို့ ကြိုးစားကြတာ ဖြစ်နိုင်တယ်"
၀ူရွှယ်ကဆက်ပြောသည်။
"မနေ့က commentတွေအများကြီး ထဲကမှ အဲ့ဒီ commentကို မြင်ဖြစ်အောင်မြင်သွားတဲ့ နင့်ကိုတော့ ငါတကယ်လေးစားတယ်"
“… လူတွေကြားက ယုံကြည်မှုဆိုတာဘာလဲ ငါတော့မခံစားခဲ့ရတာအတော်ကြာပြီ”
၀ူရွှယ်က အသာ ရယ်မောလိုက်သည်။
"ထားလိုက်ပါ ဒါကို မေ့လိုက်တော့ ဒါက သူ့အကျိုးစီးပွားကိစ္စလေ နင်နဲ့ မဆိုင်ပါဘူး"
၀ူရွှယ်သည် မိတ်ကပ်ပညာရှင် ဝင်လာချိန်တွင် စကားစကိုတန်းပြီးဖြတ်ပစ်လိုက်သည်။ စုယိ၏ ဆံပင်ကို ကူညီပြင်ဆင်ပေးပြီးနောက် သူမက ရှက်ရွံ့နေဟန်ဖြင့်မေးလာသည်။
"ယိကျဲ ဒီနေ့ ကျဲရဲ့လည်ပင်းနဲ့ လက်တွေမှာ concealer တစ်ခုခုတင်ပေးရမှာလား"
စုယိကတစ်ချက် သမ်းဝေရင်း မေးလိုက်သည်။
"ဘာလို့တုန်း"
“ဒါ…”
မိတ်ကပ်ပညာရှင်က သူမရဲ့လည်ပင်းက အနီကွက်တွေကို အသာထိလိုက်သည်။
စုယိက ဤသို့တုံ့ပြန်လိုက်သည်။ သူမ၏ အမူအရာများကို ချက်ချင်း ချိန်ညှိလိုက်ပြီး ၀ါရင့်သဘာရင့်နေသည့်ဟန်ဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။
“အင်း ခပ်ထူထူလေးလုပ်ပေး”
သူမ ဖုန်းဖွင့်လိုက်သည့်အခါ ရှန်ဟိုင်းမှ မထွက်ခွာသွားမီ ချူယင်းပေးပို့လိုက်သည့် မက်ဆေ့ချ်ကို လက်ခံရရှိသည်။ ပြုံးပြုံးရွှင်ရွှင်ဖြင့် စာပြန်လိုက်ပြီးနောက် သူမသည် Weibo ကို ဖွင့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ၀ူရွှယ်ရဲ့ 'နည်းနည်း'ဆိုသည့် အရေအတွက်က တကယ့်ကို ထိတ်လန့်စရာပမာဏအထိတိုးလာတာပင်။
သူမသည် ယခင်က ဝယ်ယူခဲ့သည့် ပရိသတ်အရေအတွက်အပြင် မသိရသေးသည့် အရေအတွက်အပါအဝင် ပရိသတ်ဦးရေမှာ ဆယ့်နှစ်သန်းခန့် ရှိပေသည်။ မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပရိသတ်အရေအတွက်မှာ နှစ်သန်းကျော်လောက် တိုးလာပေ၏။
"ဘာလို့ ပရိသတ်အရေအတွက် ကအဲ့လောက်တောင်တိုးလာတာလဲ"
သူမမေးလိုက်သည်။
"နင် ငါ့အတွက်ဝယ်ထားတဲ့ ပရိသတ်တွေလား"
“မဟုတ်ရပါဘူးဟယ်”
၀ူရွှယ်က ပြန်ပြောသည်။
"Sina ကနေ နှစ်သိန်းသုံးသိန်းလောက်ပဲ လက်ဆောင်အနေနဲ့ရနိုင်တယ် ကျန်တဲ့သူတွေက တကယ့်ပရိသတ်အစစ်တွေ ဒီလိုတိုးလာတာက ပုံမှန်ပါပဲ”
"မနေ့ညက live လွှင့်တုန်းကတောင် ဒီလောက်မများတာ ဘာလို့များပါလိမ့်"
၀ူရွှယ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"နင့်ရဲ့ Weibo အောက်က commentတွေကို တစ်ချက် ကြည့်ကြည့်လိုက်ပါ"
ကိစ္စက ပိုပိုပြီး ထူးခြားဆန်းပြားဖြစ်လာပါ့လား။
များသောအားဖြင့် ၀ူရွှယ်သည် သူမ commentများကိုမကြည့်စေရန်အတွက် အမျိုးစုံကြိုးခုန်၍ ဆွဲဆောင်လေ့ရှိသည်။
သူမ အောက်သို့ တစ်ချက်ဆွဲ၍ကြည့်လိုက်သည်။
[ ဘာလို့များ မွန်းလွဲပိုင်းအချိန်ကြီးကို တိုက်ရိုက်ထုတ်လွှင့်ဖို့ ရွေးချယ်ခဲ့ရတာလဲ! ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ livestream တန်းဖွင့်လိုက်တာ ကြုံလိုက်ရတာက ပြီးသွားပြီတဲ့လေ! အရမ်းဒေါသထွက်တာပဲ! Reply ပြန်တာလည်းအရမ်းမိုက်တာပဲ ခ်ခ်ခ် ( လှောင်ရယ်လျက် ) ]
[ စုယိကို ကြိုက်တယ် စုယိက ဒီလို ချစ်စရာကောင်းလိမ့်မယ်လို့တကယ်မထင်ထားခဲ့ဘူး စုယိကို လက်ထပ်ချင်တယ်လို့!!! ]
[ မနေ့က မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး ရုတ်တရက်ကြီး မင်းကို အရမ်းသဘောကျသွားပြီ မင်းရဲ့ဖန်ကလပ်ထဲဝင်ပြီး မင်းရဲ့နောက်ထပ်ဇာတ်လမ်းတွဲ ထုတ်လွှင့်မယ့် အချိန်ကိုစောင့်နေတယ် ]
.........
သူမကို ဒီလိုပုံစံမျိုးဖြင့် ပြောနေကြတာကို မြင်လိုက်ရတော့ နည်းနည်းလေး ကို့ရို့ကားယားဖြစ်သွားစေသည်...။
ထိုဖြတ်သွားဖြတ်လာပရိတ်တွေက သူမကို ရုတ်တရက်ကြီး ဒီလိုဖော်ရွေလာကြတာကလည်း တကယ့်ကို ထူးဆန်းပေသည်…။
သူမသည် pageတစ်ဝက်ကျော်ကျော်အထိ ဆက်ဆွဲကြည့်ပေမယ့် ဆိုးရွားသည့် commentတစ်ခုတစ်လေမျှပင် လုံး၀ မတွေ့ရချေ။
"မဟုတ်မှလွဲရော ငါ comment box ကြီး အဟက်ခ် ခံလိုက်ရပြီလား..."
"ဟုတ်သားပဲ"
၀ူရွှယ်က ရုတ်တရက်ကြီး ထပြောသည်။
"ဒီနေ့ တစ်ယောက်ယောက်က အမျိုးသမီးဇာတ်ဆောင်နေရာအတွက် audition ဖြေဖို့ နင့်ကိုဆက်သွယ်လာတယ်"
စုယိသည် သူမဖုန်းကိုချထားလိုက်သည်။
"ဘယ်လို အမျိုးသမီးဇာတ်ဆောင်ပုံစံမျိုးလဲ"
"ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ အထက်တန်းကျောင်းသူပုံစံမျိုး"
“…”
သူမ၏မျက်နှာအမူအရာတွင် အလွန်ရှုပ်ထွေးသည့် ခံစားချက်ပေါင်းစုံကူးလူးဖြတ်သန်းသွားပေသည်။
"အဲဒါက သာမန် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပဲလေ အဲ့ဒါကြောင့်နဲ့ ငါယူမယ့် ဇာတ်ကောင်ကဏ္ဍတွေကို သက်ရောက်မှုစေရှိမှာ မဟုတ်ဘူး"
အလှပြင်ခန်း တံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရချိန်တွင် သူမရဲ့ စကားစကပြတ်သွားသည် ။
ရိုက်ကူးရေးတာ၀န်ခံသည် ကမန်းကတန်းပြေး၀င်လာသည်။
"ယိကျဲ မကောင်းတော့ဘူး မြန်မြန်လေး အပြင်ထွက်ပြီး သွားကြည့်လိုက်ဦး"
သူမကထရပ်၍ မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ ”
"ဒီလိုပါ ဒီနေ့က ထူကျင့်လန်ရဲ့ ရိုက်ကူးရေး ပြီးဆုံးတဲ့နေ့ မဟုတ်သေးဘဲနဲ့ သူမရဲ့ အေးဂျင့် လင်းကျဲက သူမကို ဂုဏ်ပြုဖို့ အတွက်ဆိုပြီး ရောက်ချလာခဲ့တယ်..."
စုယိသည် ဖြစ်စဥ် အစကိုကြားလိုက်ရသည်နှင့် အခန်းတစ်ဝိုက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
... ချူရှီးကို ဘယ်မှာမှ ရှာမတွေ့တော့ချေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ရိုက်ကွင်းတာ၀န်ခံက ဆက်ပြောသည်။
"လင်းကျဲက ကိတ်မုန့်ကို ထုတ်ယူလိုက်တဲ့အချိန်မှာ ကျဲရဲ့ညီမလေးက အပိုင်းတစ်ပိုင်းကို ကောက်ကိုင်လိုက်ပြီး လင်းကျဲရဲ့ မျက်နှာပေါ် ပစ်ပေါက်လိုက်တယ်လေ"
စုယိတစ်ယောက် အပြင်သို့ထွက်လိုက်ချိန်တွင် လင်းရှသည် သူမ၏မျက်နှာကို သုတ်နေရင်းဖြင့် ဆဲဆိုနေဆဲဖြစ်သည်။
"နင်ဘယ်သူလဲ နင်က သိပ်စည်းကမ်းမဲ့တာပဲ နင်အဲဒီမှာ ရပ်နေ သတ္တိရှိရင်မပြေးနဲ့”
ချူရှီးသည် တစ်စုံတစ်ခုပြန်ပြောရန်အတွက် ပါးစပ်ဖွင့်လိုက်ချိန်တွင် ဘေးနားမှဖြတ်သွားသည့် လေနုအေးလေးကို ခံစားလိုက်ရပြီး ပုံသဏ္ဍာန်တစ်ခုကအရှေ့သို့လျှောက်သွားပေသည်။
“အာ-”
လင်းရှသည် သူမ၏ မျက်နှာကို သုတ်လိုက်ပြီးနောက် အဖြူရောင်အရိပ်ကို မြင်လိုက်ရသဖြင့် အသာမော့ကြည့်လိုက်သည်။ တဆက်တည်းဆိုသလို သူမသည် ကိတ်မုန့်တွေဖြင့် ထပ်မံ၍ဖို့သိပ်ခံလိုက်ရသည်။
ဤတစ်ကြိမ်တွင် ဘယ်သူလုပ်လိုက်သလဲဆိုတာကိုပင် မမြင်လိုက်ရတာမို့ သူမလုပ်နိုင်တာဆိုလို့ ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်ပစ်တာပင်။
"ဘယ်ခွေး..."
"လင်းကျဲ"
စုယိသည် သူမလက်ထဲမှ ကိတ်မုန့်ကို လင်းရှ၏မျက်နှာအနှံ့ ပိုပြန့်သွားအောင် ဖိသုတ်ပစ်ပြီးမှ ရပ်တန့်လိုက်ပြီး ရွှင်မြူးတတ်ကြွနေသည့် အသံလေးဖြင့် ရိုးသားပြီးချစ်စဖွယ်ကောင်းအောင်ပြောလိုက်သည်။
"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ"
လင်းရှ : "?????"
ပတ်ဝန်းကျင်သည် ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားတော့သည်။ လင်းရှ မျက်နှာပေါ်က ခရင်မ်ကို ကူညီဖယ်သုတ်ပေးနေသည့် ထူကျင့်လန်ပင် ခေတ္တရပ်တန့်သွားသည်။ အချိန်အတော်ကြာသွားပြီးမှ သူမပါးစပ်ကို ဖွင့်လိုက်သည်။
"လင်းကျဲ ဒီနေ့က ကျဲရဲ့မွေးနေ့လား"
“မဟုတ်ဘူး...”
လင်းရှသည် ယခုပို၍ပင် စိတ်တိုသွားချေပြီ။ သို့ပေမယ့်လည်း သူမသည် စုယိရဲ့အသံကို မှတ်မိနေသဖြင့် နောက်မှ နောင်တရ ရမည့် မဖွယ်မရာ တစ်စုံတစ်ရာကို ထုတ်ဖော်မပြောဆိုဝံ့ချေ...။
"ငါ့ကို ဒီဟာတွေအမြန်ကူရှင်းပေး"
"မဟုတ်ဘူးလား"
စုယိသည် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်၍ အပြစ်ကင်းစင်သည့်အကြည့်လေးဖြင့်ကြည့်၍ပြောလိုက်သည်။
"ညီမ မှတ်မိတာများ မှားနေတာလား မဖြစ်နိုင်တာ”
"... မင်း မှတ်မိတာ မှားနေတာ"
လင်းရှက မချိုမချဥ်ပြုံးပြ၍ပြောလိုက်သည်။
"ဒီနေ့ ငါ့မွေးနေ့မဟုတ်ဘူး"
"အိုင်းယား ဒါဆို ညီမတကယ်ကို မှားမှတ်မိနေတာပေါ့"
စုယိသည် တစ်ရှုးဖြင့် သူမ၏မျက်နှာကို အကြိမ်အနည်းငယ်လောက် သုတ်ပေးလိုက်ပြီးနောက် လှမ်းထားသည့် သူမ၏လက်ကိုပြန်ယုတ်သည့်အချိန်တွင် မျက်တောင်အတုများကိုပါတစ်ခါတည်း ဆွဲယူပစ်လိုက်သည်။
သူမသည် အော်ရယ်ချင်စိတ်ကို မနည်းမျိုချ၍ ဆက်ပြောလိုက်သည်။
"တောင်းပန်ပါတယ်နော် ကြည့်ရတာ ညီမရဲ့ ညီမလေးက ကျဲကို surprise တိုက်ချင်အားကြီးသွားလို့ထင်တယ်"
လင်းရှသည် နောက်ဆုံးတွင် သူမ၏မျက်နှာပေါ်မှ ခရင်မ်များအားလုံးကို သုတ်ပစ်လိုက်နိုင်ပေမယ့် တစ်ဆက်တည်းဆိုသလို သူမရဲ့မိတ်ကပ်ထူထူလိမ်းထားသည့် မျက်နှာကိုပါ အတော်လေးညစ်ပတ်စုတ်ပြတ်သွားစေတော့သည်။
ထိုကြောင့် သူမသည် လူအများအတွက် ကြောက်စရာမြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေသွားသည်။
သူမသည် လုံးဝသတိထားမိခြင်းမရှိဘဲ စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။
“မင်းရဲ့ ညီမလေး ဟုတ်လား ဘယ်တုန်းက မင်းမှာ ညီမ ရှိသွားတာလဲ"
လင်းရှသည် ကိတ်မုန့်တစ်စိတ်ကို လှီး၍ ဘေးသို့ဖယ်လိုက်သော်လည်း ချူရှီးက ကိတ်မုန့်ကို ဆွဲယူပြီး လင်းရှ၏မျက်နှာကို သုတ်လိုက်သဖြင့် ကိတ်မှာအတော်လေး ပျက်စီးသွားချေပြီ။
စုယိသည် တစ်ချက်ပြုံးလိုက်ပြီးနောက် ပြန်မဖြေဘဲ ပြောဆိုနေသည့် အကြောင်းအရာခေါင်းစဥ်ကို ချက်ချင်းပင်ပြောင်းပစ်လိုက်သည်။
“သူမက ကိတ်မုန့်ကို အများကြီး ဖျက်ဆီးပစ်လိုက်မိတယ်… ဒါဖြင့်ရင် ဒီလိုလုပ်ရင်ရောဘယ်လိုလဲ ဒီနားမှာ ကိတ်မုန့်ဆိုင်ကောင်းကောင်းရှိတယ်လို့ကြားမိတယ် ညီမ ကျဲအတွက် အရော်ပြန်ပေးတဲ့အနေနဲ့ တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်မယ်လေ”
၀ူရွှယ်သည် တစ်ဖက်သို့လှည့်၍ ကိတ်မုန့်ဆိုင်ကိုချက်ချင်းပင်ဖုန်းခေါ်လိုက်ပြီး တစ်ဆက်တည်းဆိုသလို ချူရှီးကိုပါ တစ်ပါတည်းဆွဲခေါ်သွားလိုက်သည်။
ရိုင်ကွင်းတိုင်းတွင် အနုပညာရှင်တိုင်းအတွက် မတူညီသော အချိန်ဇယားတစ်ခုစီရှိကြပြီး လူတိုင်းသည် မတူညီကွဲပြားသောရက်စွဲနှင့် အချိန်တွေတွင် ရိုက်ကူးရေးပြီးဆုံးလေ့ရှိကြသည်။
အဓိက ဇာတ်ကောင်များသည် များသောအားဖြင့် နောက်ဆုံးနေ့အထိရိုက်ကူးရေးကို လုပ်ဆောင်ကြရပြီး စုယိလိုဒုတိယဇာတ်လိုက်အတွက်မူ ရိုက်ကူးရေးပြီးဆုံးခါနီးအချိန်အထိ ရိုက်ကူးရမည်ဖြစ်ပေသည်။
သို့ပေမယ့် ထူကျင့်လန်ကတော့ မတူချေ။ ရုပ်နဲ့ခန္တာနည်းနည်းပါးပါးပါးသာ ပြသရသည့် ဇာတ်ကောင်များသည် ရိုက်ကူးရမည့်အခန်းကဏ္ဍများပြီးဆုံးသည်နှင့် ထွက်ခွာသွားနိုင်ပေသည်။ ထို့ကြောင့် ရိုက်ကူးရေးသည် တစ်၀က်လောက်သာပြီးပေမယ့် သူမရဲ့ ဇာတ်ဝင်ခန်းအားလုံးကိုဖြင့် ရိုက်ကူးလို့ပြီးသွားပြီဖြစ်ချေသည်။
စုယိသည် လင်းရှတစ်ယောက် ဘာကြောင့်များ ဤနေရာတွင် ရှိနေရတာလဲ ဆိုသည်ကို ပို၍ပင် သိချင်လာတော့သည်။
သူမဇာတ်ကောင် အသေးအဖွဲလေးတင်သာ သရုပ်ဆောင်သည်ဆိုလျှင် လင်းရှသည် သူမဖြင့်လိုက်လာဖို့ စိတ်မ၀င်စားချေ။ သူမတွင် စီမံခန့်ခွဲဖို့ရာအတွက် အခြားနာမည်ကျော်အနုပညာရှင်အနည်းငယ်လောက်ရှိပြီး တချို့က အတော်လေးကို နာမည်ကြီးကြပေသည်။ ပုံမှန်အားဖြင့် လင်းရှသည် သူတို့နှင့်သာ အတူသွား အတူလာလုပ်လေ့ရှိသည်။ သူမ လင်းရှဖြင့် အတူတွဲလုပ်စဉ်တုန်းက အခြားတစ်ဖက်မှသူသည် သူမကို တစ်လတွင် တစ်ကြိမ်လောက်သာ ဆက်သွယ်တာမျိုးလုပ်လေသည်။ ထိုတစ်လတစ်ကြိမ်ဆက်သွယ်မှုတွင် ပြောလာသည့်စကားအများစုကတော့ သူမကို တစ်ယောက်ယောက်နှင့်သွားသောက်ခိုင်းတာမျိုးပင်ဖြစ်သည်။
ထိုမကောင်းသောအမှတ်တရများကို ပြန်သတိရမိခြင်းက လင်းရှအတွက် သူမရဲ့မုန်းတီးမှုကို ပိုမိုနက်ရှိုင်းသွားစေသည်။ ထို့ကြောင့် သူမသည် ကင်မရာဘေးတွင် ထိုင်နေသည့် လီမင်နှင့် ဇာတ်လမ်းအကြောင်း ပြောရန်အတွက် ဒေါက်မြင့်ဖိနပ်ရဲ့ တဒေါက်ဒေါက်မြည်သံဖြင့် လှည့်ထွက်သွားတော့သည်။
"မင်းနဲ့ ဇာတ်လမ်းရဲ့ ဘယ်အကြောင်းကိုများ ပြောဖို့ လိုအပ်သေးလို့လဲ"
လီမင်က ဆက်ပြောသည်။
"အခုအချိန်အထိ သရုပ်ဆောင်တွေအားလုံးထဲမှာ မင်းတစ်ယောက်တည်းပဲ ကိုယ့်ဇာတ်ကောင်ရဲ့ သဘောသဘာ၀ကိုကောင်းကောင်းနားလည်တဲ့ တစ်ဦးတည်းသောသူပဲ"
________________________________________