Chapter 51
စုယိသည် 'မနေ့ညက အတော်လေးလက်လွန်ခြေလွန်ဖြစ်သွားလို့ဒီနေ့ ဇာတ်ကောင်ထဲကောင်းကောင်း၀င်အောင်သရုပ်ဆောင်နိုင်ပါ့မလားဆိုတာ မသေချာဘူး' ဟူ၍လည်း မပြောရဲချေ။
"အန်းအန်းက ဘာပဲဖြစ်ဖြစ် ပြင်ဆင်နေတုန်းရှိသေးတာမလား ညီမတို့ ဒီအကြောင်းလေး နည်းနည်းပါးပါးလောက် ထပ်ဆွေးနွေးကြတာပေါ့"
အခြားတစ်နေရာတွင်မူ လင်းရှသည် မှန်ကိုကြည့်ပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
'မှန်ထဲက ပန်ဒါမျက်လုံးနဲ့ လူက တကယ်ကြီး သူမလား'
"နင် ဒီအကြောင်း ငါ့ကိုမပြောပဲ ဘာလို့ အကြာကြီးဒီပုံစံအတိုင်းထားထားရတာလဲ"
လင်းရှသည် ဒေါသအရမ်းထွက်လွန်းရသဖြင့် အသက်ရှုကြပ်လုနီးပါးပင်။
"ငါ့ကို နင့်ရဲ့မိတ်ကပ်ဖျက်တဲ့ဟာမြန်မြန်ပေးစမ်း"
သူမသည် ဒေါသတကြီးဖြင့် ထူကျင့်လန်၏ မိတ်ကပ်ပစ္စည်းအစုံကို စားပွဲပေါ်သို့ ဖြန့်ချလိုက်ပြီး ပြန်လည်ပြင်ဆင်ခြယ်သရန်အတွက် မိနစ်သုံးဆယ်ကျော်ကြာအောင် အချိန်ယူလိုက်ရသည်။
"နင်က ငတုံးလား မနေ့က စုယိတိုက်ရိုက်လွှင့်နေတုန်းက နင့်မျက်နှာကို သွားပြဖို့ ဘာလို့ အခွင့်အရေး အရမယူခဲ့တာလဲ"
စုယိတစ်ယောက် တိုက်ရိုက်ထုတ်လွှင့်နေတယ်ဆိုတာကို လင်းရှ သိပေမယ့် သူမစိတ်ထဲ လုံးလုံးမထည့်ထားခဲ့ချေ။ လက်ရှိတွင်ရေပန်းစားနေပေမယ့် နာမည်ကြီးမဟုတ်တဲ့အပြင် အမြဲတမ်း ဒုတိယမြောက် အမျိုးသမီး ဇာတ်ဆောင်နေရာတွင်သာ သရုပ်ဆောင်သည့် သူတစ်ယောက်အတွက်၊ ပရိသတ် ထောင်ဂဏန်း ဒါမှမဟုတ် သောင်းဂဏန်းလောက်အထိ ရှိနေရင်ကို အတော်လေးကံကောင်းနေပြီဖြစ်သည်။
သို့ပေမယ့် တစ်ဖက်လူသည် ကြည့်ရှုသူ ပရိသတ် သန်းကျော်သွားရုံတင်မက ဒါရိုက်တာချုပင်ပေါ်လာလိမ့်မည်ဟု သူမလုံး၀မမျှော်လင့်ထားမိခဲ့ချေ။
ထိုသည်က အနုပညာနယ်ပယ်မှာရော၊ အပြင်ဘက်လုပ်ငန်းခွင်တွင်ရော အရာအားလုံးကို စုယိတစ်ယောက် ကျော်လွန်သွားသည်ဟု မဆိုလိုပေဘူးလား။ ထိုဒါရိုက်တာနှင့်သာဆိုလျှင် စုယိသည် သူမလိုချင်သမျှ အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်နိုင်ရုံတင်သာမက တချို့သော အထူးခံစားခွင့်များကိုရနိုင်ပေသည်။
ထူကျင့်လန်သည်လည်း ဤသည်ကို ရှင်းရှင်းလင်းလင်း သိပေမယ့် စုယိရဲ့ တံခါးကိုသွားခေါက်ပြီး သူမ မျက်နှာအပျက်မခံနိုင်ပေ။
သူမသည် အံတင်းတင်းကြိတ်ပြီးပြောလိုက်သည်။
“သူမရဲ့အင်္ကျီစကို ညီမ မဆွဲချင်ဘူး”
[ T/N-သူမရဲ့အောင်မြင်မှုကိုငါမမှီခိုချင်ဘူး ]
"နင်ဘာလို့ ဒီလောက်အရေးကြီးတဲ့ အချိန်မျိုးမှာ ကြီးမြတ်တဲ့ပုံမျိုးဟန်ထုတ်ချင်နေတာလဲ"
လင်းရှသည် သူမရဲ့မသိတတ်မှုကို မုန်းတီးမိပေသည်။
“နင်က တကယ့် အခွင့်ကောင်းကို ဖြုန်းတီးပစ်လိုက်တာပဲ”
ထူကျင့်လန်သည် ပြေရာပြေကြောင်းဖြစ်စေလိုသဖြင့် ကမန်းကတန်းဖြတ်ပြောလိုက်သည်။
"လင်းကျဲပြောတာမှန်တယ် အခု သူမကအရမ်းနာမည်ကြီးနေပြီ သူမအတွက် အရှုပ်တော်ပုံတွေနဲ့ အညစ်အကြေးတချို့ကို ကျဲမပြင်ဆင်ထားဘူးလား အာရုံစိုက်မှုတွေ အများကြီးရမှာ သေချာပေါက်ပဲ”
"နင်ကငါ့ကိုသင်ပေးဖို့အတွက်အဆင့်ရှိတယ်ထင်နေလား"
လင်းရှသည် သူမကို ရွံရှာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ချီလျန့်ကို ချူကော်ပိုရေးရှင်းကထုတ်ပယ်လိုက်တဲ့အတွက် နောက်ဆို ချူကော်ပိုရေးရှင်းက ဦးစီးဦးဆောင်လုပ်တဲ့ပရောဂျက်တွေမှာ ဝင်ရောဖို့ အရမ်းခက်သွားပြီ နင်က အဖွဲ့ထဲမှာ နေတာလည်းကြာလှပြီဆိုတော့ တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းတယ်မလား"
ထူကျင့်လန်က ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။
"စုယိကလွဲလို့ တခြားသူတွေ အကုန်လုံးနဲ့အဆင်ပြေပါတယ် အခု ချီလျန့်ကထွက်သွားပြီဆိုတော့ ညီမတို့နောက်ထပ်အသစ်ထပ်မရှာတော့ဘူးလား"
လင်းရှက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး "ငါတို့ အဲ့ကိစ္စကို နောက်မှဆက်ပြောမယ်"
ဇာတ်ကားရိုက်ကူးပြီးနောက် ကိတ်မုန့်အသစ်တစ်ခုရောက်လာပြီး လင်းရှယူလာပေးသည့်တစ်ခုထက် ပို၍ကြီးပေသည်။
စုယိသည် ထူကျင့်လန်ကို 'ပျော်ရွှင်စရာ နောက်ဆုံးနေ့ (ရိုက်ကူးရေး)'ဟုဆိုလိုက်ပြီး ထူကျင့်လန်သည်လည်း ကျေးဇူးတင်ကြောင်းမပြောချင်ပြောချင်ဖြင့် ပြောလိုက်ရသည်။
_____
"အဲ့ဒီစုန်းမအိုကြီး အပြင်မှာရှိနေသေးလား"
သူမဝင်လာတာကိုမြင်တော့ ချူရှီးသည် မတ်တပ်ထရပ်လိုက်သည်။
"မင်း မှာထားတဲ့ ကိတ်မုန့် ရောက်ပြီမလား ငါ သူ့မျက်နှာကို နောက်တစ်ကြိမ် ထပ်ရိုက်လို့ရမလား"
စုယိ "မရဘူး ငြိမ်ငြိမ်ထိုင်"
ချူရှီးသည် မိတ်ကပ်ပြင်ခန်းထဲမှာ တစ်နေကုန် နေနေရတာ သေလောက်အောင်ပျင်းဖို့ကောင်းတယ်ဆိုတာ သိစေချင်လွန်းလှသည်။ သူမ စပ်စုလိုစိတ်ဖြင့် တစ်ချက် ခုန်လိုက်သည်။
"ခုနက မင်းပြောနေတာ ငါကြားမိပါတယ် သူက မင်းရဲ့ အရင် အေးဂျင့်လား မင်းငါ့ကိုဘာလို့မပြောပြတာလဲ"
"ငါ သူမနဲ့ တစ်နှစ်ခွဲလောက် အလုပ်အတူတွဲလုပ်ခဲ့ဖူးတယ် အဲ့ဒါအပြင် ဘာထွေထူး ပြောစရာရှိမှာမို့လို့လဲ"
"ငါ့ကို အမှန်တိုင်းပြောစမ်းပါ မင်းတို့နှစ်ယောက်ကြားမှာ ခွေးသွေးဇာတ်လမ်းလေးတွေရှိခဲ့ဖူးတယ်မလား"
ချူရှီးက ခေါင်းကိုတစ်ချက် ကုတ်ရင်း မေးလိုက်သည်။
"မဟုတ်သေးဘူး မဟုတ်သေးဘူး အဲဒါတော့ မဖြစ်နိုင်ဘူး မဟုတ်မှလွဲရော မင်းရဲ့အရင်းအမြစ်တွေကို ဖယ်ထုတ်ပစ်လိုက်တာမျိုး ဒါမှမဟုတ် ရုပ်ရှင်ရိုက်ခွင့်မပေးတာမျိုး ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ စာချုပ်တစ်ခုကို ဖိအားပေးလက်မှတ်ရေးထိုးခိုင်းတာမျိုးလား"
စုယိသည် သူမကို ကြည့်ပြီး ရယ်နေမိသည်။
"နင်တော်တော်လေးသိတာပဲ"
"ငါထင်တာမှန်တယ်မလား"
စုယိသည် မျက်ခုံးမွှေးဆွဲတံကို ကောက်ကိုင်လိုက်ပြီး သူမ၏ မျက်ခုံးစွန်းကို အကြိမ်အနည်းငယ်ခန့်ဆွဲလိုက်ရင်း မယုတ်မလွန်လေးဖြေပေးလိုက်သည်။
“ဟုတ်လုနီးနီးပါပဲ”
၀ူရွှယ်သည် ပျားရည်တစ်ခွက်ဖြင့် ဝင်လာပြီး စုယိရှေ့တွင် ချထားပြီးနောက် အားလုံးကိုသေချာကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ကြိမ်းမောင်းတော့သည်။
"ချူရှီး မင်း အသက်ဘယ်လောက်ရှိနေပြီလဲ ကိုယ့်ကိုယ်ကိုယ် မူလတန်းကျောင်းသူလေးများမှတ်နေလား မင်းမုန်းတဲ့လူတွေကို ဒီလို ကလေးဆန်တဲ့နည်းလမ်းမျိုးနဲ့ သွားရန်မစ,စမ်းနဲ့ ချူရှီးကငယ်သေးလို့ သိပ်နားမလည်ဘူးဘဲထားလိုက် စုယိ နင်ကရော ဘာထူးလဲ ကိတ်မုန့်နဲ့ ဒီလောက်လူတွေအများကြီးရှေ့မှာ သူ့မျက်နှာပေါ်သွားဖို့ပစ်တယ် ဟုတ်စ ဒါကိုသာ ဓာတ်ပုံရိုက်ပြီး မီဒီယာပေါ် ခေါင်းစဥ်အကြီးကြီးနဲ့ပို့စ်တင်ပစ်မယ်ဆိုရင် နင် ဖျော်ဖြေရေးနယ်ပယ်က အကန်ထုတ်ခံလိုက်ရလိမ့်မယ် ရှင်းလား တော်သေးတာပေါ့ ပြသနာကို ပြန်အဖတ်ဆယ်လိုက်နိုင်လို့"
“ကြည့်”
စုယိက ကုလားထိုင်နောက်မှီပေါ် မှီချလိုက်ပြီး “ဒါ မင်းလုပ်ခဲ့တဲ့ အရှုပ်တော်ပုံရဲ့ ရလာဒ်ပဲ” လို့ ပြောလိုက်သည်။
ချူရှီးသည် ပခုံးတစ်ချက်တွန့်ပြလိုက်ပြီးနောက် နာခံမှုရှိစွာဖြင့် သူမဖုန်းထဲမှ ဂိမ်းများကို ဆက်ကစားနေလိုက်သည်။
အချိန်အတော်ကြာပြီးနောက်၊ ၀ူရွှယ်သည် နောက်ဆုံးတွင် တရားဟောလို့ ပြီးသွားခဲ့ချေပြီ။
သူမ လှမ်းပြောလိုက်သည်။
“ရိုက်ကူးရေးစကတည်းကနေ အခုချိန်ထိ အတော်ကြာမှပဲ ရိုက်ကူးရေးကိုတစ်ခေါက်ရောက်လာတယ်နော် ငါ့နှယ် ထူကျင့်လန်တစ်ယောက် ကိုယ့်ဘာသာကိုယ်ရှင်သန်တော့ဆိုပြီး စွန့်ပစ်ခံရပြီတောင်ထင်တာ”
“ဘယ်သူသိမှာလဲ…”
စုယိကသမ်းဝေလိုက်သည်။
"ထူကျင့်လန်က အရမ်းတော့မဆိုးရှာပါဘူး ဒီအတိုင်း သူမ လမ်းမှားကို လျှောက်မိသွားခဲ့ရုံတင်"
"ဘယ်သူ့ ဂရုစိုက်နေစရာလိုလို့လဲ"
၀ူရွှယ်က ဆက်ပြောသည်။
"ဒီနေ့ နင်ဘာလို့ အရမ်းသမ်းနေတာလဲ"
စုယိသည် ဘာ့ကြောင့်လဲဆိုတာ ချက်ချင်းပင် သတိရသွားသည်။ မျက်လုံးကိုမှိတ်ပြီး လှဲလျောင်းလိုက်ချိန်တွင်အပြုံးတို့ကမထိန်းနိုင်ဘဲဝေဝေဆာဆာဖူးပွင့်လာတော့သည်။
“…”
**
အန်းရွှမ် နေ့လည်ခင်းတွင် ပြန်ရောက်လာသည်။
သူမဝင်လာသည့်အချိန်တွင် စုယိသည်မျက်လုံးမှိတ်ပြီး အနားယူနေ၏။ အသံကြားသဖြင့် မျက်လုံးလေးနည်းနည်းဖွင့်ကြည့်လိုက်ပြီး ဘယ်သူလဲဆိုတာ မြင်တော့ချက်ချင်းပင်ပြန်မှိတ်လိုက်သည်။
"တောင်းပန်ပါတယ် ယိကျဲ"
သူမ၏ အသံသည် တိုးလျပြီး တုန်ယင်နေသည်။
"ညီမကိစ္စလေးတစ်ခုရှိနေလို့ ဖုန်းကိုမစစ်လိုက်မိဘူး နောက်ပြီးမှ ရွှယ်ကျဲကိုဖုန်းပြန်ဆက်ပေမယ့် ဘယ်သူမှ မကိုင်ကြဘူး"
"နင်က ငါ့ကို အပြစ်တင်နေတာလား"
၀ူရွှယ်သည် အပြင်မှ ပြန်လာခြင်းဖြစ်ပြီး သူမအနားမှ ဖြတ်သွားချိန်တွင် ခြောက်ကပ်စွာပြောလိုက်သည်။
အန်းရွှမ်ကအလျင်စလို ခေါင်းယမ်းပြလိုက်သည်။
"ညီမက အဲ့ဒီအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး"
စုယိသည် တည့်တည့်မတ်မတ်ပြန်ထိုင်ကာ ပျားရည်တစ်ငုံသောက်လိုက်ပြီးနောက် ပြောလိုက်သည်။
"အထဲအရင်၀င်ပါ"
အန်းရွှမ်က တံခါးကို အမြန်ပိတ်ပြီးအထဲသို့၀င်လိုက်သည်။
"တကယ်တော့ ၀ူရွှယ်က တို့အတွက် လက်ထောက်တစ်ယောက်ရွေးချယ်ဖို့စီစဥ်ပေးတုန်းက မင်းက တို့ရဲ့ ပထမဆုံးရွေးချယ်မှုမဟုတ်ဘူး ဒါပေမယ့် အင်တာဗျူးမှာ မင်းက မိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့အပြင် နူးညံ့တဲ့အသံနဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းလေးရှိတာကြောင့် ၀ူရွှယ်ကသဘောတွေ့လို့ ခြွင်းချက်တစ်ခုအဖြစ်ထားထားပေးလိုက်တယ်"
ဘေးနားတွင် ၀ူရွှယ်က အံ့အားတကြီးဖြင့်ပြောလိုက်သည်။
"ဒါကို နင်ဘယ်လိုသိရပြန်တာလဲ"
အန်းရွှမ်က မဝံ့မရဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ၀ူကျဲ"
"ဒါပေမယ့် အန်းရွှမ် တို့က ပြုစုပျိုးထောင်ပေးဖို့အတွက် ညီမလေးတစ်ယောက်မွေးစားတာမဟုတ်ဘူး ကိုယ်ရေးကိုယ်တာအတွက် လက်ထောက်တစ်ယောက်ကို ငှားတာ"
စုယိသည် ဘေးပတ်၀န်းကျင်ကသူတွေကိုပါ ဆွဲပါထည့်ပြောခံရမည်ဆိုး၍ ကိုယ်ကိုယ်တိုင် မကောင်းတဲ့မိန်းမကြီးစတိုင်ချိုးလိုက်သည်။
"တို့က ကိစ္စတော်တော်များများမှာ သိပ်ပြီးသည်းခံနိုင်စွမ်းရှိတဲ့သူမျိုးမဟုတ်ဘူး တို့ကိုပြောပါ မင်းဘာလို့ ပျောက်နေခဲ့တာလဲ"
အန်းရွှမ်သည် စကားဝိုင်းက ရုတ်ချည်း ဤလမ်းကြောင်းပေါ်သို့ ဆွဲခေါ်သွားလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
သူမ မျက်လုံးတွေက အနည်းငယ်နီရဲလာသည်။
“ညီမ ညီမ…”
အလှပြင်ခန်းထဲတွင် ဖုန်းမြည်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ စုယိသည် ဆက်သွယ်လာသူ၏ အသေးစိတ်အချက်အလတ်ကိုတစ်ချက်ကြည့်ပြီးနောက် ခေတ္တရပ်ရန် အချက်ပြလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူမ၏ လွှမ်းမိုးနိုင်စွမ်းရှိကာ အေးစက်လွန်းသောအမူအရာကို ပြောင်းလဲပစ်လိုက်သည်။ သူမသည် ဖုန်းကိုင်လိုက်သည်နှင့် သူမရဲ့နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွှတ်တတ်သွားပြီး သူမ၏ အသံလေးကအစ ချက်ချင်းပင်ချိုသာသွားလေသည်။
"ပေကျင်းရောက်သွားပြီလား"
"ဟုတ်တယ်"
ချူယင်းက ကားပေါ်တက်လိုက်သည်။
"နေ့လည်စာကို ရိုက်ကွင်းက ဘင်တိုကို မစားနဲ့ ကိုယ် မင်းအတွက် တခြားတစ်ခုခု ပို့ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ထားပေးပြီးပြီ"
စုယိသည်သည် သူမ၏ မေးစေ့အောက်တွင် လက်တစ်ဖက်ကိုထောက်ထားလိုက်သည်။
"အိုခေလေ နောက်တစ်ပတ်ကျရင် အားလပ်ရက်မှာ ရှင့်ကိုရှာဖို့ အတွက် ရှင်ရှိရာကို ကျွန်မပျံသန်းလာခဲ့မယ်"
သူမအနားတွင်၀ူရွှယ်ကခြောက်ကပ်စွာပြောလာသည်။
"နင့်မှာ အနားယူဖို့ အချိန်တစ်ရက်ပဲရှိတယ်"
စုယိသည် သူမလက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ငြိမ်ငြိမ်နေဖို့ သင်္ကေတာပြလိုက်သည်။
ချူယင်း "မလိုပါဘူး ကိုယ် နောက်တစ်ပတ်ထဲ အလုပ်ရှုပ်နေမှာ"
စုယိ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။
"ကောင်းပြီလေ ဒါဆိုလည်း ကျွန်မ နောက်တစ်ပတ်ရဲ့နောက်တစ်ပတ်မှ ပြန်လာတော့မယ်"
နှစ်ယောက်သား အချန်တော်တော်ကြာ စကားစမြည်ပြောဖြစ်ကြသည်။ ဖုန်းချပြီးနောက်တွင် သူမသည် ယခင် အေးတိအေးစက်ပုံစံအတိုင်း ချက်ချင်းပြောင်းလဲသွားသည်။
"sharingလေးလုပ်ပါဦး"
သူမသည်ဖုန်းကိုလက်ထဲမှချ၍ အန်းရွှမ်ရှင်းပြလာမည်ကိုငြိမ်၍စောင့်နေလိုက်သည်။
"သမီးရည်းစားကိစ္စလား ဒါမှမဟုတ် တခြားကိစ္စတစ်ခုခုလား"
အန်းရွှမ်သည် မျက်နှာတစ်ခုလုံးနီရဲတွတ်လာပြီး ချက်ချင်းပင်ဝန်ခံလိုက်သည်။
"ဟုတ် ဟုတ်တယ်...ဒါပေမယ့် ညီမ ဘယ်သူလဲဆိုတာတော့ ပြောလို့မရဘူး..."
"တို့လည်း မသိချင်ပါဘူး"
စုယိသည် ဖြတ်ပြောလိုက်သည်။
"ဒီလပြီးရင် မင်းထွက်သွားလို့ရပြီ"
အန်းရွှမ်သည် ဤသို့ ရုတ်ခြည်းဖြစ်ပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူမသည် မျက်လုံးပြူးကျယ်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့်စကားဆိုလာသည်။
“ယိကျဲ အရင်က … အလုပ်မှာ ချိန်းတွေ့ခွင့်မရှိဘူးလို့ တစ်ခါမှ မပြောဖူးဘူးလေ ”
"ဟုတ်တယ် တို့မပြောဖူးဘူး ဒါပေမယ့် မင်း အကြောင်းပြချက်မရှိဘဲ ပျက်တာ သုံးကြိမ်ထက်ပိုပြီး ကျော်သွားခဲ့ပြီ"
တခြားမည်သည်မျှ ထွေထူးမပြောတော့ပေ။ ဤအလုပ်တွင် လစာက အရမ်းကိုများသည်။ အဓိက,က သူဌေး နှစ်ယောက် သည် အမျိုးသမီး များ ဖြစ်ကြသဖြင့် စကားပြောရတာ လွယ်ကူပေသည်။ တခြား မည်သည့် အခက်အခဲမျှလည်း မရှိချေ။ ဤအလုပ်က ယခုမှဘွဲ့စရတဲ့သူတွေအတွက် ထိပ်တန်းအဆင့် ဦးစားပေးရွေးချယ်မှုတစ်ခုဆိုတာ သေချာပေါက်ပင်ဖြစ်သည်။
အန်းရွှမ်သည် ဤတန်ဖိုးကြီးမားသည့် အလုပ်မှ ထွက်လိုစိတ်မရှိသည်မှာ ထင်ရှားပေသည်။ သူမ၏ မျက်လုံးများမှာချက်ချင်းပင် နီရဲလာပြီး မျက်ရည်တွေ စီးကျလာတော့သည်။
"တောင်းပန်ပါတယ် ညီမ နောက်တစ်ခါဆို သတိထားပါ့မယ်"
"ငိုနေတာကိုရပ်လိုက်"
သူမထံသို့ တစ်ရှူး ကမ်းပေးလာသည့် စုယိ၏အမူအရာမှာ နည်းနည်းလေးမျှ မပြောင်းလဲသွားပေ။
"မင်းကို နောက်ထပ်တစ်လစာ ထပ်ပေါင်းပေးမယ် နောက်လအတွက် အလုပ်သစ်ရှာထားတော့ ဒီမှာတော့ မင်းအတွက် နေရာမရှိတော့ဘူး"
အန်းရွှမ်က တစ်ခုခုပြောတော့မည့်အချိန်တွင် အလှပြင်ခန်းတံခါး က ရုတ်တရက်ပွင့်လာသည်။
ထိုသူက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့နောက်တွင် မိတ်ကပ်ပညာရှင်ပါ တပါတည်းကပ်ပါလာသည်။
"ယိကျဲ ခဲ့ကောရောက်လာပြီ ဒါရိုက်တာလီကပြောတယ် ရိုက်ကူးရေးကို ဆယ်မိနစ်အတွင်း စမယ်တဲ့"
စုယိက ထရပ်ပြီး မှန်ရှေ့တွင် ၀င်ထိုင်လိုက်သည်။
"ကောင်းပါပြီ နည်းနည်းပါပါးပြင်ဆင်ပြီးရင် တို့သွားလိုက်ပါ့မယ်"
အခြားတစ်ဖက်ကသူက စကားပါးပြီးသွားပြီဖြစ်သဖြင့် တံခါးပိတ်ပြီး ထွက်သွားဖို့ လုပ်လိုက်ချိနတွင် ဘေးမှဖြတ်သွားသူတစ်ဦးက ရုတ်တရက် စကားပြောလာသည်။
ထိုလူမှာ လင်းရှ ဖြစ်သည်။
"ဘာဖြစ်လို့လဲ ယိလေးက ဇာတ်ကားစရိုက်တော့မလို့လား"
“ဟုတ်ပါတယ်”
လင်းရှသည် ပြောပြီးသည်နှင့်လှည့်ထွက်သွားသည့် ၀န်ထမ်းကို အပြုံးလေးဖြင့်နူတ်ဆတ်လိုက်ပြီးနောက် အခန်းတွင်းသို့ တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
Xxxxxxxxxxx