အပိုင်း ၅၂
Viewers 12k

Chapter 52


အလွန်ပျော်ရွှင်ရခြင်း။


စုယိက အမြဲတမ်းပြတ်ပြတ်သားသားလုပ်လေ့ရှိသည်။ ဇာတ်ကားရိုက်ကူးလို့ပြီးပြီးချင်းနေ့မှာပဲ သူမ ဟိုတယ်သို့ပြန်လာပြီး အန်းရွှမ်ကို အထုတ်အပိုးပြင်ပြီး ထွက်သွားခိုင်းလိုက်သည်။


အထုတ်အပိုးသိမ်းနေစဥ် အန်းရွှမ်က နှာတရှုံ့ရှုံ့နဲ့ငိုနေတာကြောင့် သူမကိုနှစ်သိမ့်ပေးဖို့ ၀ူရွှယ်သည်ဘေးနားတွင်ဝင်ထိုင်လိုက်သည်။ 


"ငိုမနေနဲ့အဆင်ပြေသွားမှာပါ သူ့လိုမျိုးကြောက်စရာကောင်းတဲ့bossကို မင်းဘယ်တော့မှထပ်တွေ့ရတော့မှာမဟုတ်ဘူးလေ"


ဝူရွှယ်သည်လည်း သူမငိုနေတာကို ရပ်တန့်နိုင်စွမ်းမရှိချေ။


"ယိကျဲ ကျွန်မကို အခွင့်အရေးတစ်ခုလောက် ပေးလို့မရဘူးလား"လို့ မေးလိုက်တဲ့အသံက ဖားပြုတ်တစ်ကောင်အသံထက်တောင် ပိုဆိုးရွားနေတယ်လို့ ၀ူရွှယ်ထင်မိသည်။


ထိုအသံကြောင့် သူမအရမ်းငိုထားတယ်ဆိုတာ သိသာလွန်းနေသည်။ စုယိသည်လည်း အရမ်းရက်ရက်စက်စက်မလုပ်ချင်ပေ။


 "မနက်ဖြန် တို့နောက်ကိုလိုက်စရာမလိုတော့ဘူး မင်း ပေကျင်းကို ဘယ်အချိန်ပြန်ဖို့စဥ်းစားထားလဲ တို့လက်မှတ်ဖိုးပေးလိုက်မယ်"


ထိုအဓိပ္ပါယ်မရှိသည့် စကားဝိုင်းကို အဆုံးသတ်ပေးလိုက်သည်။အန်းရွှမ်သည်ထိတ်လန့်သွားပြီး သူမထပ်ညှိုနှိုင်းလို့မရတော့မှန်း သိသွားသည်။ 


"ညီမပေကျင်းကိုပြန်မှာမဟုတ်ဘူး"


'အို့ ဟုတ်သားပဲ သူမကောင်လေးက ဒီမှာရှိနေတုန်းပဲဆိုတာ သူမမေ့သွားတယ်'


စုယိက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး "ကောင်းပြီ မင်းပြန်မဲ့အချိန်ကျ ဝူရွှယ်ကိုဆက်သွယ်လိုက် သူ မင်းအတွက် လက်မှတ်ဖြတ်ပေးလိမ့်မယ် မင်းနေစရာမရှိရင်လည်း အခုကစပြီးဒီမှာနေလို့ရတယ်"


စကားပြောပြီးပြီးချင်း သူမကလှည့်ထွက်သွားခဲ့တာကြောင့် ဝူရွှယ်လည်း သူမနောက်မှလိုက်လာခဲ့လိုက်သည်။


"နင့်ရဲ့နောက်ထပ် လက်ထောက်အသစ်အတွက် အတွေ့အကြုံပိုရှိတဲ့သူကို ငါရွေးပေးပါ့မယ်" 


ဝူရွှယ်က အလေးအနက်ပြောလာသည်။ 


"အနည်းဆုံးတော့ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာကြောင့် အလုပ်ပြုတ်မသွားမယ့်သူကို ငါရွေးပေးမယ်"


စုယိကခေါင်ညိတ်ပြလိုက်ပြီး "နင်စိတ်တိုင်းကျသာလုပ်လိုက်ပါ အို ဒါနဲ့ နင်ဒီမှာငါနဲ့အတူတူရှိနေတာအတော်ကြာနေပြီရယ် ဘာလို့ပေကျင်းကိုပြန်မလိုက်ခဲ့တာလဲ"


"ဘာအတွက်ပြန်ရမှာလဲ" ဝူရွှယ်က ပခုံးကိုတွန့်ကာမေးလိုက်၏။ 


"ငါ့မိဘတွေကလည်း ဟိုင်နန်မှာ နေဖို့ပြန်သွားကြပြီလေ"


စုယိ သူမဆီသို့ မျက်လုံးသာစွေကြည့်လိုက်ပြီး မည်သည်မျှမှထပ်မပြောတော့ပေ။ သေချာစဥ်းစားကြည့်လျှင် သူမတို့ဒီကိုရောက်တာ အတော်ကြာနေပြီဖြစ်သည်။ ပြီးတော့ ဝူရွှယ် လျှိုမင်ဟောင်ဆီ ဖုန်းခေါ်တာကို သူမ မတွေ့မိတာလည်း အတော်ကြာနေပြီဖြစ်၏။


စုယိအခန်းဆီသို့ပြန်လာချိန်တွင် ချူရှီးက ဖုန်းနဲ့ဂိမ်းကစားနေခဲ့သည်။


သူမဝင်လာတာကိုမြင်တော့ "နင် အဲဒီလက်ထောက်ကို တကယ်ကြီး အလုပ်ဖြုတ်လိုက်ပြီလား" ချူရှီးကမေးသည်။


"ဘာလဲ ငါကအလကား သပ်သပ် အလုပ်ဖြုတ်ပစ်တာမို့လို့လား" 


စုယိက ဆံပင်စည်းရင်းပြောလိုက်သည်။ 


"နင် ဒီမှာနေတာကြာလှပြီ ဘယ်အချိန်ပြန်ဖို့စီစဥ်ထားလဲ"


"ငါ နင့်ကိုအလုပ်ရှုပ်အောင်မလုပ်ဘူးလေ ဘာလို့ငါ့ကို တွန်းထုတ်ချင်နေရတာလဲ"


လို့ ပြောပြီးနောက် တစ်ခုခုမှားနေတာကို ချူရှီးခံစားမိလိုက်တာကြောင့် သူမခေါင်းကိုမော့ကာပြောလိုက်သည်။ 


"ဒါပြီးတော့ နင့်ကိုလာရှာချင်တာကြောင့် ဒီကိုလာတာမဟုတ်ဘူးနော် အဲဒီအမှိုက်ကောင်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ နင်သင်ပေးမယ်လို့ ကတိပေးထားလို့ လာတာ"


ချူရှီးရဲ့ရည်းစားဟောင်းအကြောင်းကိုတွေးမိလိုက်တိုင်း စုယိ ရီချင်စိတ်ကိုထိန်းထားလို့မရပေ။


 "နင်က သူနဲ့ပတ်သတ်ပြီး ဖြေရှင်းချင်သေးတယ်ပေါ့"


"ဘာကိုပြောချင်တာလဲ" 


ချူရှီး အနည်းငယ်စိတ်ဆိုးသွားပြီး မေးလိုက်သည်။


"သူ့ကိုစောင့်နေဖို့ သူ့မှာဘာကောင်းကွက်မှရှိမနေဘူး အချိန်ခဏလောက်ဆို အဆင်ပြေသွားမှာပါ"


ချူရှီး ထို့ထက်ပိုပြီးရှင်းရှင်းလင်းလင်းပြောချင်သေးပေမယ့် ဖုန်းကမြည်လာသည်။ WeChat ထံ ၀င်လာသောစာတစ်စောင်ဖြစ်နေသည်။ သူမ ထိုစာကိုဖွင့်ဖတ်ကြည့်လိုက်ပြီးနောက် မပြုံးလိုက်သေးခင် အနည်းငယ်အံ့ဩသွားခဲ့သည်။


"ငါ့ဆီကို ဘယ်သူစာလှမ်းပို့လည်း ခန့်မှန်းကြည့်" 


ထို့နောက် စုယိပြန်ဖြေတာတောင်မစောင့်ဘဲ သူမဘာသာပြန်ဖြေသည်။ 


"ယန်ရော့လင်လေ"


ထိုနာမည်ကို စုယိကြားဖူးပေသည်။ 


သူမဂရုမစိုက်သည့်ဟန်ဖြင့်ပုံ မျက်ခုံးကိုဖြည်းညှင်းစွာပင့်လိုက်ပြီးနောက်"အိုး" ဟုသာဆိုလိုက်သည်။


သူမ ထိုသို့သောပုံစံမျိုးဖြင့်တုန့်ပြန်လိမ့်မည်ဟု ချူရှီးမမျှော်လင့်ထားပေ။


 "နင် တကယ် မသိချင်ဘူးလား"


မိန်းမငယ်လေးတွေက စနောက်ရတာကို အတော် ကြိုက်ကြတဲ့ပုံပင်။


 စုယိက ပုံမှန်လေသံဖြင့်သာဆိုလိုက်၏။


 "သူမက နင့်ကိုရှာနေတာလေ ချူယင်းကိုရှာနေတာမှမဟုတ်တာ ငါကဘာလို့သိချင်ရမှာလဲ"


ချူရှီးတစ်ယောက်အလွန်မကျေမနပ်ဖြစ်သွားပြီး "သူမ ငါ့ကိုဘာပြောမလဲဆိုတာ နင်မသိချင်ဘူးလား"


"နင့်လိုမျိုးမိန်းမငယ်လေးကို ပြောစရာ ဘာအကြောင်းများရှိနေမှာမို့လို့လဲ"


"နင်နဲ့ငါ့အစ်ကိုက ဘယ်လိုဆက်ဆံရေးမျိုးလဲလို့ သူမက ငါ့ကိုမေးတယ်" 


ချူရှီးက ထို့ထက်ပိုပြီးမစောင့်နိုင်တော့တာကြောင့် တည့်တိုးသာအကုန်ပြောပြလိုက်သည်။ 


"သူမက ငါ့အတွက်လက်ဆောင်တွေယူလာပေးမယ်လို့လည်းပြောသေးတယ် ငါ့ကိုကပ်ဖို့ကြိုးစားနေတာပဲ"


ဘာလို့သူမ အဲလိုတွေလုပ်နေတာလဲ။ ဆိုလိုရင်းကတော့ရှင်းပါသည်။စုယိရဲ့တိုက်ရိုက်ထုတ်လွှင့်မှုသည် လူမှုကွန်ရက်ပေါ်အား အတော်လေးတုန်လှုပ်သွားစေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချူယင်းပေါ်လာသည့် ဗီဒီယိုဖိုင်လေးက အခုထိတိုင်အောင် လူပြောများတဲ့စာရင်းမှာ ရှိနေတုန်းပင်။ Webioမှာရှိသည့်သူတိုင်း သိကြပေလိမ့်မည်။ နောက်ပြီး ယန်ရော့လင်ကိုယ်တိုင်သူမကိုရွေးချယ်ပြီးမေးလာခဲ့တာကြောင့် ချူယင်းနဲ့သူမဆက်ဆံရေးအကြောင်း မသိဘူးဆိုတာပိုတောင်မဖြစ်နိုင်သေးပေ။


ချူရှီးရဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး "ငါ့ကို အဲဒီယန်ရော့လင်အကြောင်း ပြန်ပြောပြပါဦး"


"နင်နဲ့မဆိုင်ဘူးဆို" ချူရှီးကပြုံးလိုက်သည်။


"နင် အန်းရွှမ်အကြောင်းစိုးရိမ်နေတာ အံ့ဩစရာမရှိပါဘူး" 


စုယိလည်းပြန်ပြုံးပြလိုက်သည်။ 


"သူမနဲ့အတူ ပေကျင်းပြန်ဖို့စဥ်းစားထားတဲ့ပုံပဲ"


"...ငါ နင့်ကိုအရင်ကမပြောခဲ့ဖူးဘူးလား သူမကငါ့တို့နားမှာနေတယ် ပြီးတော့ ငါ့အစ်ကိုနောက်နေ့တိုင်းလိုက်နေတတ်တယ် ဒါပေမဲ့ငါ့အစ်ကိုက သေနတ်ပစ်တာ မြင်းစီးတာအဲလိုကစားနည်းတွေကို ကစားတာကြောင့် သူမနဲ့အတူကစားဖို့အချိန်တိုင်းငြင်းခဲ့တယ်"


မျက်မှောင်ကြုတ်ပြီး ခေါင်းလေးရမ်းကာငြင်းဆိုနေမည့် ချူယင်းအသေးလေးရဲ့ပုံရိပ်က ချက်ခြင်းဆိုသလို စုယိစိတ်ထဲပေါ်လာသည်။ 


သူပြောမည့်စကားကိုတောင် သူမစိတ်ကူးကြည့်မိသည်- "မင်းကစားတာ အရမ်းညံ့လွန်းတယ် ငါ မင်းနဲ့မကစားချင်ဘူး"


သူမ အသံထွက်ရယ်မောလိုက်မိပြီး ပါးစပ်ကိုပိတ်ထားတာတောင်မှ ရယ်ချင်စိတ်ကိုထိန်းမရခဲ့ပေ။


"...နင် ဘာကိုရယ်နေတာလဲ" ချူရှီးမေးလိုက်၏။


"ဘာမှမဟုတ်ပါဘူး" 


သူမလက်ကိုအသာရမ်းလိုက်ပြီး "ဆက်ပြောပါအုံး"


"အစ်ကိုက ကျောင်းတက်တုန်းက ကျောင်းကအဆောင်မှာပဲနေခဲ့တာ ပြီးတော့ ဘွဲ့ရပြီးပြီးချင်း စစ်တပ်ထဲကိုဝင်လိုက်တယ်လေ သူမမှာ အစ်ကို့ရဲ့ဖုန်းနံပါတ်တောင်မရှိဘူး အဲဒါကြောင့် ငါ့ဆီကိုလာမေးတာ" 


ချူရှီးကလေသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။ 


"ဒါပေမဲ့ ငါမပေးခဲ့ပါဘူး အဲဒီနောက်ပိုင်း ငါအထက်တန်းရောက်တော့ သူမက စာသင်ဖို့နိုင်ငံခြားကိုထွက်သွားတယ် မကြာသေးခင်ကမှ ပြန်ရောက်လာတာ"


စုယိကနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက်မတ်တပ်ရပ်ကာ ရေချိုးခန်းထဲသို့ဝင်ရန်ပြင်လိုက်သည်။


"နေအုံး" ချူရှီး သူမကိုဆွဲလိုက်သည်။ 


"နင့်မှာ ငါ့ကိုမေးစရာမရှိတော့ဘူးလား"


"ဘာမေးရမှာလဲ"


"သူမကလှလား သူမရဲ့မိသားစုကဘယ်လိုလဲ... အဲသလိုမျိုးပေါ့"


"ငါမှအဲဒါတွေကို ဂရုမစိုက်တာ ဘာလို့မေးရမှာလဲ ပြီးတော့ သူမကလှတယ် မိသားစုမျိုးရိုးကလည်းကောင်းတယ်လို့ နင်ပဲအရင်တုန်းကပြောခဲ့တယ်မဟုတ်ဘူးလား ငါမှတ်မိပါတယ်"


ချူရှီးမျက်လုံးပြူးသွားသည်။ 


"ဒါဆို သူမက အစ်ကို့ကိုခိုးယူသွားမှာ မကြောက်ဘူးလား"


စုယိပြုံးလိုက်သော်လည်း ဘာမှပြန်မပြောတော့ပေ။ သူမရဲ့လက်မောင်းကိုလွတ်သွားအောင်ရုန်းပြီး ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ ချူယင်းသာ ယန်ရော့လင်ကို နည်းနည်းလေးလောက်သာစိတ်ဝင်စားခဲ့ရင် သူမမှာအခွင့်အရေးဘယ်တော့မှရှိလာမှာမဟုတ်ပေ။ ပြီးတော့ အခုချူယင်းက သူမအပိုင်ဖြစ်နေပြီ။ ဘယ်သူမှသူ့ကို ခိုးယူလို့ရမှာမဟုတ်တော့ဘူး။ သူမကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသည်လို့ပြောရမှာထက် သူမက ချူယင်းအပေါ်မှာယုံကြည်မှုအပြည့်ရှိသည် ဟုပြောရင်ပိုမှန်ပေသည်။


***အန်းရွှမ် ဒီမှာမရှိတော့ကတည်းက ဝူရွှယ်က လက်ထောက်ရဲ့တာဝန်တွေကိုပါလုပ်ပေးေရသည်။ ယနေ့ စုယိနိုးလာကတည်းက ထူးဆန်းနေသည်ဟုခံစားနေမိသည်။ ဝူရွှယ်သည် ကမ္ဘာကြီးတစ်ခုလုံးမီးလောင်နေသကဲ့သို့ ပျာယာခတ်နေသည်။ သာမိုမီတာကိုသွားယူပြီး သူမအပူချိန်ကိုတိုင်းကြည့်လိုက်သည်။ 


'38.5°C ဖျားနေတာပဲ'


"ဒီနေ့တော့နားလိုက်တော့" 


ဝူရွှယ်က သူမရဲ့နီရဲနေတဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး "နင် နေမကောင်းဘူး"


"အရမ်းကြီးတော့မဆိုးပါဘူး" စုယိပြောင်ပြောင်တင်းတင်းသာညာပြောပစ်လိုက်သည်။ 


ပြီးနောက် ဆေးအနည်းငယ်ကို တစ်ခါတည်းမြိုချလိုက်ပြီး "မနက်ဖြန်ကနားရက်လေ ပြီးတော့ ဒီနေ့ ရိုက်ကူးဖို့အခန်းလည်းသိပ်မရှိဘူး နေ့လည်တော့ပြန်လာလို့ရမှာပါ"


သူမရဲ့ကိုယ်ခံစွမ်းအားကအမြဲတမ်း အတော်လေးဆိုးရွားသည်။ နွေရာသီမှာဆို အဆင်ပြေပေမဲ့ ဆောင်းရာသီရောက်ပြီဆိုလျှင် သူမက ၁၀ကြိမ်မှာ ၉ကြိမ်လောက်က အမြဲဖျားတတ်သည်။ အခု ဆောင်းဦးရာသီရောက်လာတော့မည်ဆိုတော့ အပူချိန်ကတဖြည်းဖြည်းကျဆင်းလာပြီဖြစ်၏။ မနေ့က ပြန်ရောက်သည့်အချိန်မှာ အဖျား၀င်တော့မည့်လက္ခဏာကို သူမခံစားမိသည်။ 


အိပ်ယာမဝင်ခင်မှာ ဆေးသောက်ထားပေမယ့် ဖျားလိမ့်ဦးမည်လို့ သူမ ထင်မထားချေ။ သူမ ရိုက်ကွင်းကိုရောက်သည့်အခါ သူမဝတ်ထားတဲ့ အင်္ကျီအထူက လူအများအာရုံစိုက်မှုကို ဆွဲဆောင်နိုင်သွားသည်။


"ဘာလို့အရမ်းထူတာကြီး ဝတ်ထားရတာလဲ" 


လီမင်က သူမထံလျှောက်လာပြီးမေးလာ၏။ "နင်မပူဘူးလား"


စုယိပြုံးပြီးပြောလိုက်သည်။ 


"ဆောင်းဦးရောက်လာပြီလေ အအေးမိလို့မဖြစ်ဘူး"


လီမင်က ထိုအကြောင်း ဒီ့ထက်ပိုပြီးမပြောတော့ဘဲ "ချန်းအန်းနန်ကအခုထိမရောက်သေးဘူး အချိန်မပုပ်အောင် ရိုက်ကွင်းအစီအစဥ်ပြောင်းပြီး နင်နဲ့ဝူခဲ့ကိုအရင်ရိုက်ရင်ရောဘယ်လိုလဲ ဇာတ်ညွှန်းရောဖတ်ပြီးပြီလား" 


"အဆင်ပြေပါတယ် အားလုံးဖတ်ပြီးပြီး အရင်ဆုံးမိတ်ကပ်သွားလိမ်းလိုက်အုံးမယ်"


သူမမိတ်ကပ်ပြင်ပြီးထွက်လာတော့ ဝူခဲ့လည်းရိုက်ကွင်းမှာရောက်နှင့်နေပြီးဖြစ်သည်။သူမခေါင်းမော့ကြည့်လိုက်တော့ တစ်ဖက်လူက မျက်နှာသေနဲ့ သူမဘက်ကိုခေါင်းညိတ်ပြလာသည်။


မကြာသေးမီက ဝူခဲ့၏သူမအပေါ်သဘောထားက အတော်လေးပြောင်းလဲသွားခဲ့သည်။ အရင်ကဆို သူ့အသံကမပွင့်တပွင့်လေးနဲ့ ညင်ညင်သာသာလည်းပြုံးပြတတ်သည်။ ယခု သူကအေးတိအေးစက်ဖြစ်ရုံသာမကဘဲ ဇာတ်ကားရိုက်ကူးနေချိန်မှာတောင် အမှားတွေလုပ်နေခဲ့သည်။ အဓိကအကြောင်းအရာကတော့ သူလုပ်လိုက်တဲ့အမှားတွေက အမြဲအတော်လေးထူးဆန်းသည်။ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ဦးက ထိုကဲ့သို့အမှားမျိုးတွေကို မည်ကဲ့သို့မျှပြုလုပ်မည်မဟုတ်ပေ။ ပြီးတော့ ထိုသို့သောအပြုအမူအမှားမျိုးက သူမနဲ့သရုပ်ဆောင်သည့်အခါမှသာဖြစ်တတ်ပေသည်။ အချိန်တိုင်းသူက သူမကိုထပ်ခါထပ်ခါရိုက်ကူးရအောင် ဆွဲချနေသည်။


ဝူခဲ့ပုံအရဆို အဲဒါက ထူကျင့်လန်ရဲ့ချစ်မှုရေးရာစကားဝိုင်းကြောင့်ဖြစ်မယ်ထင်၏။ မကြာသေးမီက ထူကျင့်လန် ဝူခဲ့ရဲ့အခန်းထဲဝင်သွားပြီး ပြန်ထွက်လာတဲ့ပုံအချို့ကို ပါပါရာဇီအချို့ကရိုက်ကူးနိုင်ခဲ့သည်။ ထို့ကြောင့် ဝူခဲ့၏ကျော်ကြားမှုကလည်း ကျဆင်းသွားခဲ့သည်။ စုယိက ထိုကိစ္စကိုသိပ်ပြီး မစဥ်းစားပေ။ သူမရဲ့အသက်မွေးမှုလမ်းကြောင်းက ထူးခြားသည်။ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ မကောင်းတဲ့အကြံအစည်တွေကလည်း အတော်ထူးဆန်းပြီး နားမလည်နိုင်ပေ။နောက်တစ်ခါ ရိုက်ကူးရေးပြန်စ၏။


"ဘာလို့ငါက နင့်ကိုကူညီလိမ့်မယ်ဆိုပြီး တွေးရတာလဲ" 


စုယိလက်ရန်းကိုမှီထားပြီး အေးစက်စွာလှောင်ပြောင်လိုက်သည်။


"ဘာလို့ဆို ငါသိတယ်လေ မင်းက..." 


ဝူခဲ့မျက်ခုံးကြုတ်လိုက်ပြီး သူမျက်နှာကတောင်းပန်လိုဟန်ဖြင့် "တောင်းပန်ပါတယ် ပြောရမဲ့ စာသားမေ့သွားတယ်"


"ပထမဆုံးစာကြောင်းကို မေ့တယ်ပေါ့"


___________________________________________