(34)
လင်းတာ့ကျွမ်းမှာ
စည်သွပ်ဘူးအသားကို ပထမဆုံးအကြိမ်စားခဲ့ဖူးခြင်းဖြစ်ကာ တစ်ကိုက် ကိုက်ကြည့်ရုံနှင့်
ဤစည်သွတ်အသားမှာ အလွန်အံ့သြသင့်ဖွယ်ကောင်းသည်ဟု ခံစားမိခဲ့ပြီး မထိန်းနိုင်ဘဲ
အော်ပြောလိုက်မိတော့သည်။
“ဒီတစ်ခုက
အရမ်းအရသာရှိတာပဲ! ဒါမျိုးကို ခရိုင်ထဲမှာတောင် ရောင်းတာ မတွေ့ဖူးဘူး၊
မြို့ပေါ်မှာပဲ ရောင်းတာဖြစ်ရမယ်၊ မြို့ထဲမှာ နေရတာ ကောင်းတာပဲ! ဒါမျိုး
အရသာရှိတဲ့အစားအသောက်တွေကို နေ့တိုင်းစားလို့ရတယ်”
ကျောက်ရှီလဲ့မှာ
ရိုးသားပြီး သူ့စကားလုံးကို ထိန်းသိမ်းနိုင်သည့် သူများမဟုတ်ပါချေ။
ထို့ကြောင့် တစ်ဖက်လူ၏စကားကို ကြားလျှင် မထိန်းချုပ်နိုင်ခဲ့ဘဲ ချက်ချင်းဆိုသလို
အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်တော့သည်။
“စည်သွတ်အသားတွေကို
နေ့တိုင်းစားနိုင်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ကျွန်မဆို
ဒီအရွယ်ကိုရောက်တဲ့အထိ စည်သွပ်အသားကို အကြိမ်နည်းနည်းလောက်ပဲစားဖူးတာ၊
ဒီပစ္စည်းတွေက အရမ်းစျေးကြီးလွန်းလို့ ကေဒါမိသားစုတွေပဲ
ပုံမှန်စားသုံးနိုင်လောက်မှာ...”
“အဲလိုလား၊ ငါက
မင်းတို့လိုမြို့ကလူတွေ နေ့တိုင်းစားနေကြတယ်ထင်လိုက်မိတာ ဟားဟားဟား”
ထိုလူနှစ်ယောက်၏ကြားမှ
စကားပြောဆိုသံများက လင်းကျန်းအန်း၏ နားထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူက
ချက်ချင်းပင် သူ့လက်ထဲမှ ဘူးကို စိုက်ကြည့်လိုက်ကာ စိတ်မသက်မသာ
ခံစားလိုက်ရသည်။
သူ့၏သမီးလေး
လင်းရန်မှ ထိုစည်သွပ်ဘူးများကို မည်သည့်အိတ်ထဲမှ ထုတ်ယူလိုက်ကြောင်းကို
မတွေ့ခဲ့ရသော်လည်း သူမက ထိုစည်သွပ်ဘူးနှစ်ဘူးအား ထုတ်ယူကာ တုံ့ဆိုင်းမှုမရှိ
ဖွင့်လှစ်၍ စားခိုင်းခဲ့သည်။
ဤသည်မှာ
သူမအနေဖြင့် ထိုကဲ့သို့ စားစရာမျိုးကို သိပ်ပြီးဂရုမစိုက်ကြောင်း ပြသနေခဲ့သည်။
တစ်နည်းဆိုရသော်
သူမအနေဖြင့် ထိုပစ္စည်းများကို သုံးစွဲရန်အတွက် တွေးတောစဉ်းစားနေခြင်းပင်
မရှိခဲ့။
ဤသည်က
သူမ၏ပထွေးအိမ်တွင်နေထိုင်ခဲ့ရသည့် သမ၏ဘဝမှာ သူထင်ထားသည်ထက် များစွာ
ပိုကောင်းနေကြောင်းကို ဖော်ပြနေခဲ့သည်ပင်။
တစ်ချိန်တည်း၌
သူ့တွင်မူကား အမှန်တကယ် အရည်အချင်းမရှိခဲ့ချေပေ။ သူ့၏သမီးဖြစ်သူအတွက်
အသားဘန်းမုန့်ဝယ်ပေးဖို့ရန်အတွက်ပင် လင်းတာ့ကျွမ်းထံမှ
ပိုက်ဆံတစ်ပြားတောင်းယူခဲ့ရသည်။
ဤသည်ကို
သတိပြုမိပြီးသည်နှင့် လင်းကျန်းအန်းမှာ သူ့ကိုယ်သူ စိတ်ပျက်မှုနှင့်
အစွမ်းအစမဲ့သည့် ခံစားချက်များအကြားတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့၏သမီးအတွက်
သင့်တင့်လျောက်ပတ်သော ဘဝကိုပင် မပေးနိုင်လောက်သည်အထိ သူ အဘယ်ကြောင့်
အရည်အချင်းကင်းမဲ့ပြီး တန်ဖိုးမရှိသူဖြစ်နေရပါသနည်း။
လီရှို့လီမှ
သူအား အစပိုင်းတွင် ကြိမ်းမောင်းခဲ့သည့်စကားများမှာ
အမှန်ပင်ဖြစ်နေခဲ့ပုံရသည်။
လင်းကျန်းအန်း၏
စိတ်ခံစားချက်များမှာ အောက်ခြေအထိ ကျဆင်းသွားရသည်။ သူ့၏လက်ထဲမှ စည်သွပ်အသားဘူး၏
အရသာမှာ မည်မျှပင် ကောင်းမွန်နေပါစေ ဖယောင်းကိုဝါးနေရသကဲ့သို့
အရသာကင်းမဲ့နေခဲ့ပြီး စားချင်စိတ်ပင် မရှိတော့ပေ။
သို့သော်
အလဟဿမဖြစ်စေရန်အတွက် မည်သည့်အမူအရာမှမဖော်ပြခဲ့ဘဲ စည်သွတ်ဘူးကို ကုန်စင်အောင်
စားသောက်ခဲ့သည်။
သူသည်ကား
စကားများများပြောတတ်သူမဟုတ်ပါချေ။ ထို့ကြောင့် ခရီးလမ်းတစ်လျှောက်တွင်
စကားများများစားစား မပြောဘဲ တိတ်ဆိတ်နေသည့်အပေါ် လင်းတာ့ကျွမ်းမှ သတိပြုမိခဲ့ခြင်း
မရှိခဲ့ပေ။
လင်းရန်နှင့်
ကျောက်ရှီလဲ့တို့မှာလည်း လင်းကျန်းအန်းနှင့် အဆက်အသွယ်
မရှိခဲ့သူများဖြစ်သောကြောင့် သူ့၏ ထူးဆန်းနေမှုကို သတိမထားမိခဲ့ကြပေ။
သူတို့နှစ်ယောက်က
လှည်းပေါ်တွင် ထိုင်ကြပြီး လမ်းတစ်လျှောက် ရှုခင်းများကို လိုက်ကြည့်ကာ
လင်းတာ့ကျွမ်းထံမှ တပ်မဟာ၏ အခြေအနေများကို နားထောင်နေခဲ့ကြသည်။
ဤသို့ဖြင့်
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေသည်။
...
ဤအချိန်
ချွန်းဖန်း တပ်မဟာတွင်တော့ လင်းတာ့ကျွမ်းနှင့် လင်းကျန်းအန်းတို့ တစ်ညလုံး
အိမ်သို့ ပြန်မရောက်လာခဲ့ကြသည့်အတွက်၊ ထိုသူနှစ်ဦးမှာ အရွယ်ရောက်ပြီးသူဖြစ်ကာ
ကြီးမားသည့် မတော်တဆမှုမျိုး ဖြစ်လာနိုင်မည်မဟုတ်ကြောင်း သိရှိနေကြသော်လည်း
မိသားစုဝင်များမှာ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ကြပေ။
လင်းကျန်းအန်း၏အိမ်တွင်..
အဖွားလင်း,
ကျိုးစုလန်မှာ မနက် စောစောထကာ ကြက်စာများကျွေးပြီး ချက်ပြုတ်ရန်
ပြင်ဆင်နေခဲ့သည်။ သို့သော် ဒုတိယသားဖြစ်သည့် လင်းကျန်းအန်း၏ တံခါးမှာ
ထိုအချိန်အထိ ဖွင့်လာသည်ကို သူမ မမြင်ရသေးပေ။ ထို့ကြောင့် တစ်ခုခုမှားနေပြီဟု သူမ
ခံစားခဲ့ရကာ အိမ်ဘက်ဆီသို့လျှောက်သွား၍ တံခါးခေါက်လိုက်သည်။
“ကျန်းအန်း?
မထသေးဘူးလား?”
ရလဒ်အနေဖြင့် သူမ
တံခါးကို တွန်းလိုက်သည်နဲ့ အိမ်တံခါးကပွင့်သွားခဲ့ပြီး အခန်းတွင်းတွင်လည်း
မည်သူမျှ မရှိနေခဲ့ပေ။
သို့သော်ငြား
သူမအနေဖြင့် ခြံထဲတွင် တစ်မနက်လုံး ရှိနေခဲ့ပြီး လင်းကျန်းအန်း
အပြင်ထွက်သွားသည်ကို လုံးဝ မတွေ့ခဲ့ရသေးချေ။
ဒါဆို ဒီကလေးက
မနေ့ညကတည်းက လုံးဝပြန်မလာသေးတာ ဖြစ်နိုင်လောက်လား?
ဤသည်ကို
တွေးလိုက်မိလျှင် ကျိုးစုလန်မှာ ရုတ်တရက် ထိတ်လန့်သွားကာ ပင်မအိမ်ခန်းဆီသို့
လှမ်းအော်လိုက်တော့သည်။
“လင်းကွမ်းရှန်၊
မြန်မြန်ထပြီး မင်းရဲ့ ဒုတိယအဘိုးဆီ သွားမေးဖို့လုပ်စမ်း! မင်းရဲ့
ဒုတိယဦးလေးက မနေ့ညက ပြန်မလာဘူး၊ ဘာကိစ္စရှိနေတာလဲဆို သွားမေးလိုက်”
လင်းမိသားစု၏
ဒုတိယမြေးဖြစ်သူ လင်းကွမ်းရှန်မှာ အပြင်ဘက်မှ အဘွားဖြစ်သူ၏ကျယ်လောင်သော အသံကို
ကြားလိုက်ရသောကြောင့် အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ
နိုးလာခဲ့ရသည်
သူ ခဏလောက်
ထပ်မံလူးလှိမ့်ချင်နေသေးသော်လည်း ကံမကောင်းစွာဖြင့် အဘွားဖြစ်သူမှ သူ့ကို
ထိုအခွင့်အရေးကို လုံးဝမပေးခဲ့ပေ။
သူမက
အပြင်ဘက်မှအော်ဟစ်ပြီးသည်နှင့် သူ့အခန်းထဲကို တံခါးကိုဖွင့်၍ ဝင်လာခဲ့ကာ
စောင်ကို လှမ်းဆွဲလိုက်တော့သည်။
လင်းကွမ်းရှန်
သူ့ခန္ဓာကိုယ်ပေါ်ရှိ တစ်ခုတည်းသော အတွင်းခံဘောင်းဘီကို မသိစိတ်က
ဖုံးအုပ်လိုက်မိကာ မျက်လုံးများပင် ပြူးကျယ်သွားရပြီး ညည်းတွားလိုက်မိသည်။
“အဖွား၊ ကျွန်တော်
အဝတ်အစားတွေ မဝတ်ရသေးဘူး!”
“မင်း ဘာတွေ
ဖုံးကွယ်နေတာလဲ၊ မင်းခန္ဓာကိုယ်မှာ ငါမမြင်ဖူးတဲ့နေရာရှိနေသေးလို့လား”
အဘွားအိုက
မျက်လုံးများကို မှေးကျဥ်း၍ ပြောလိုက်သည်။
“အဝတ်အစား
မြန်မြန်ဝတ်လိုက်၊ ပြီးရင် မင်းရဲ့ ဒုတိယအဘိုးဆီကို သွားပြီး မင်းရဲ့
ဒုတိယဦးလေး ဘာလို့ တစ်ညလုံး ပြန်မလာတာလဲဆိုတာကို မေးလိုက်ဦး”
သူမက
အတော်ပင် စိတ်မရှည်ဖြစ်နေသည့်ပုံရပြီး ထပ်ခါတလဲလဲ ပြောနေခဲ့လေသည်။
“မင်းရဲ့
ဒုတိယအဘိုးက မင်းရဲ့ ဒုတိယဦးလေးကို ပညာတတ်လူငယ်တွေကို
သွားကြိုခိုင်းခဲ့တယ်ဆို၊ ဒါကို မင်းရဲ့ ဒုတိယဦးလေးက အဲဒီလူငယ်တွေကို တစ်နေ့လုံး
စောင့်နေခဲ့ရတာတောင် ရောက်မလာသေးလို့ ညဘက်ပါ စောင့်နေခဲ့ရတာလား”
လင်းကွမ်းရှန်မှာ
သူ၏ အဖွားဖြစ်သူဆီမှာ လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့ရသည်။ အဖွားဖြစ်သူ၏
အဆက်မပြတ် စကားများအောက်တွင် စိတ်ပျက်လက်ပျက်အကြည့်ဖြင့်
သူ့ဘေးနားရှိအဝတ်အစားများကို ဆွဲယူကာ စောင်အောက်သို့ အလျင်အမြန်ဆွဲဝင်ပြီး
ဝင်ဆင်လိုက်ရလေသည်။
သူ့၏
မိန်းကလေးတစ်ဦးကဲ့သို့ ပြုမူနေမှုကို မြင်လိုက်ရချိန်တွင် ကျိုးစုလန်မှာ
ဆက်မကြည့်နိုင်တော့ပေ။
ဒီကလေးက
ဘယ်လိုများဖြစ်နေတာလ်?
သူက
ယောက်ျားလေးတစ်ယောက်ဖြစ်ပေမဲ့ ယောက်ျားပီသတဲ့အပြုအမူတွေမရှိဘဲ မိန်းကလေးတွေကို
ရှက်ကြောက်တဲ့ပုံစံမျိုးလုပ်နေခဲ့တယ်!
မိန်းကလေးတစ်ယောက်ရှိနေတာကမှ
ပိုကောင်းဦးမယ်!
ဖြူဖွေးပြီး
နူးညံ့တဲ့ ကလေးမလေးဆိုရင် သူမကို ချိုသာပြီး နို့သံလေးတွေရောနေတဲ့လေသံလေးနှင့် “အဖွား” လို့ ခေါ်လာလိမ့်မယ်။
ဒါက ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
ပျားရည်ကို
စားရသလိုမျိုး နှလုံးသားကို ချိုမြိန်စေမှာပဲ!
သူမရဲ့တစ်ဦးတည်းသော
မြေးမလေးလိုမျိုး...
အခုတော့ သူမက
တခြားသူတွေရဲ့သမီးအဖြစ် ရှိနေခဲ့ရတာကတော့ စိတ်မကောင်းစရာပဲ။
ကျိုးစုလန်မှာ
တွေးတောလျှက် စိတ်အခြေအနေက ပို၍ ဆိုးရွားလာရသည်။
ကံကောင်းထောက်မစွာဖြင့်
သူမ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် အသားအရေထူသော မြေးတစ်ဦး ရှိနေခဲ့သည်။ သူမက
လက်ကိုမြှောက်ပြီး လင်းကွမ်းရှန်၏ နောက်ကျောကိုရိုက်လိုက်ပြီး
တင်းမာသည့်မျက်နှာဖြင့် အလျှင်အမြန်လုပ်ရန် ထပ်မံ လှုံ့ဆော်လိုက်ပြန်သည်။
“မင်းဘာလို့
အချိန်ဆွဲနေသေးတာလဲ၊ အဝတ်အစားလဲပြီးရင် မြန်မြန် ထွက်သွားလိုက်တော့!”
လင်းကွမ်းရှန်မှာ
သူ့အဖွားဖြစ်သူ၏ သံနှင့်တူသော လက်ဖြင့် အရိုက်ခံလိုက်ရခြင်းကြောင့်
သွေးအန်လုမတတ်ဖြစ်သွားရသည်။
သူက
မိမိကိုယ်မိမိ တည်ငြိမ်စေရန်နှင့် အရှေ့သို့ မှောက်မသွားဘဲ နေရာတွင်
ဆက်လက်ရပ်နိုင်ရန်အတွက် သူ့တွင် ရှိသမျှသော ခွန်အားအားလုံး နီးပါးကို
အသုံးပြုခဲ့ရသည်။
သို့သော်လည်း
ကျိုးစုလန်က မနှစ်မြို့နိုင်ဖြစ်နေဆဲပင်။
“အားမရှိလိုက်တာ!
ဒီလောက်ခွန်အားလေးကိုတောင် သည်းမခံနိုင်ဘူး!”
ထိုသို့ပြောပြီးနောက်
စိတ်ပျက်လက်ပျက်အမူအရာဖြင့်ဖြင့်ခေါင်းယမ်းကာ ထွက်ခွာသွားခဲ့တော့သည်။
အိမ်ထဲတွင်
ကျန်ရစ်ခဲ့သည့် လင်းကွမ်းရှန်:
“.......”
သူ
တိတ်တဆိတ်ပြောလိုက်မိသည်_ ဒါက မင်းရဲ့အဖွားအရင်းပဲ။
သို့သော်လည်း
နာကြည်းမှုက နာကြည်းမှုသာဖြစ်ပြီး လင်းကွမ်းရှန်မှာ သူ့ဦးလေး၏ လုံခြုံရေးအတွက်လည်း
အလွန်စိုးရိမ်နေသေးသည်။
ထို့ကြောင့်
သူ့ကိုယ်သူ အလျှင်အမြန်ဆေးကြောခဲ့ပြီး မနက်စာပင် မစားခဲ့တောဘဲ သူ့၏ဒုတိယအဘိုး,
တပ်မဟာခေါင်းဆောင်ဆီသို့ ပြေးသွားတော့သည် ။
ဤသို့ဖြင့် သူ
ခေါင်းဆောင်ထံသို့ ပြေးသွားခဲ့ပြီးနောက် ခေါင်းဆောင်သည်လည်း စိုးရိမ်နေသည်ကို
တွေ့လိုက်ရလေ၏။
အချိန်များကတရွေ့ရွေ့
ကုန်ဆုံးသွားခဲ့သော်လည်း လင်းကျန်းအန်းနှင့်လင်းတာ့ကျွမ်းတို့မှာ
ပြန်မရောက်လာသေးပေ။ သူတို့အနေဖြင့် တစ်ဦးတစ်ယောက်၏အရိပ်အယောင်ကိုပင်
မမြင်ရသေးပါချေ။
သူ
စိတ်မပူဘဲနေဖို့က မဖြစ်နိုင်ပါချေ!
ခေါင်းဆောင်မှာ
လင်းကျန်းအန်းနှင့် လင်းတာ့ကျွမ်းတို့၏ လုံခြုံရေးအတွက် စိတ်ပူရုံတင်မကဘဲ
မရောက်ရှိသေးသော ပညာတတ်လူငယ်နှစ်ဦးကိုလည်း စိတ်ပူနေခဲ့ရသည်။
သူတို့၏
အထက်လူကြီးမှ ဤပညာတတ်လူငယ်နှစ်ယောက်အတွက် တာဝန်ပေးအပ်ထားခဲ့သည်။ အကယ်၍
သူတို့သာ လမ်းတလျှောက်တွင် တစ်ခုခုဖြစ်ခဲ့ပါက သူတို့၏တပ်မဟာမှ တာဝန်ယူရလိမ့်မည်။
ခေါင်းဆောင်
စိတ်မသက်မသာဖြစ်နေရသည့် အဓိကအကြောင်းရင်းမှာ လင်းကျန်းအန်း၏အကြောင်းကို
ကောင်းစွာသိသောကြောင့်လည်းဖြစ်ပေသည်။
လင်းကျန်းအန်း၏
စိတ်နေစိတ်ထားအရ ယမန်နေ့အချိန်တွင် ပညာတတ်လူငယ်နှစ်ယောက် ရောက်လာခြင်းမရှိပါက
ထိုသူမှာ သေချာပေါက် ပြန်လာလောက်သည်ပင်။
ထိုပညာတတ်လူငယ်နှစ်ဦးက
ရောက်လာသည်ဆိုပါကလည်း မည်မျှအချိန်နှောင်းစေ ထိုသူက ပညာတတ်လူငယ်နှစ်ဦးနှင့်အတူ
အပြေးအလွှားပြန်လာမည်ဖြစ်ကာ မည်သည့်တည်းခိုခန်းတွင်မှ နေလိမ့်မည်မဟုတ်ပေ။
လင်းကျန်းအန်း၏
စကားအရ: အရူးတစ်ယောက်ကသာ တည်းခိုခန်းမှာ တည်းခိုဖို့အတွက် ပိုက်ဆံကို
ဖြုန်းတီးလိမ့်မယ်။ သူ့အနေနဲ့ ဘယ်နေရာမှာမဆို အိပ်လို့ရနေတာပဲ။
ထို့ကြောင့်
သူတို့ တည်းခိုခန်းတွင် တစ်ညအိပ်နေဖို့က မဖြစ်နိုင်သည်မှာ သေချာပေသည်။
ထို့ကြောင့်
ခေါင်းဆောင်က လင်းကျန်းအန်းကို မတော်တဆတစ်ခုခုဖြစ်နေသည်ဟုသာ တွေးနေခဲ့မိသည်။
သို့သော်
ခေါင်းဆောင်၏ တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်သည့် နွားလှည်းကို
လင်းကျန်းအန်းက ယူသွားခဲ့ပေပြီ။
သူတို့အနေဖြင့်
ခရိုင်ကိုသွားဖို့အတွက် နည်းလမ်းမရှိတော့ပေ။
**