Ch 35
Viewers 10k

(35)

 

လင်းကွမ်းရှန်မှာ ဒုတိယအဖိုးဖြစ်သူ၏ စကားများကိုကြားသော် ပို၍ပင် စိုးရိမ်လာခဲ့သည်။

 

ဒါဆို ဒုတိယအဘိုး၊ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော့်ရဲ့ဒုတိယဦးလေးကို ကျွန်တော်တို့ရှာရမယ်! မဟုတ်လို့ သူတို့တွေ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ!

 

ကပ္ပတိန်မှာ ထိုစကားကိုကြားလျှင် အံကို တင်းတင်းကြိတ်ပြီး ဆိုလာခဲ့သည်။

 

ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး! ငါတို့တွေ ကွန်မြူနတီကို သွားပြီးတော့ ဒီကိစ္စကို ကွန်မြူနတီမှာ အကြောင်းကြားရမယ်!

  

  

 

 ဤသို့ဆိုပါက သူ့အနေဖြင့် ကွန်မြူနတီမှလည်း စက်ဘီးငှားရမ်းနိုင်သည်။ မည်သို့ပင်ဆိုစေ စက်ဘီးစီးခြင်းသည်ကား လမ်းလျှောက်ခြင်းထက်   ပိုမိုမြန်ဆန်ကာ ခရီးတွင်နိုင်သည် မဟုတ်ပါလား။

 

ထို့အချိန်သို့ရောက်လျှင် စက်ဘီးစီးကာ ခရိုင်မြို့ကနေ အပြန်လမ်းကို တစ်လျှောက်ကို လိုက်ရှာနိုင်ပြီး တစ်ခုခုကို ရှာတွေ့နိုင်လိမ့်မည်။

 

လမ်းကွမ်းရှန်က တစ်ဖက်လူသွားဖို့ လုပ်နေသည်ကို မြင်သည်နှင့် စိတ်ပူပန်ကာ ကမန်းကတန်းပြောလိုက်သည်။

 

ဒုတိယအဘိုး၊ ကျွန်တော် အိမ်ကိုပြန်ပြီး အကြောင်းကြားမှာကို စောင့်ပေးဦး၊ ပြီးရင် ကျွန်တော်လည်း ဒုတိယအဖိုးနဲ့လိုက်ခဲ့မယ်!

 

ကောင်းပြီ၊ မြန်မြန်သွားလိုက်၊ ငါအရင် ရှေ့ကသွားနှင့်လိုက်မယ်

 

ဆိုရင်လျှင် လင်းကွမ်းရှန်သည်ကား ငယ်ရွယ်သေးပြီး လျင်မြန်သည့် ခြေသလုံးများနဲ့ ခြေဖဝါးများကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သိပ်မကြာခင် သူ့ကို အမီလိုက်နိုင်လိမ့်မည်။

 

တပ်မဟာခေါင်းဆောင်နှင့် လင်းကွမ်းရှန်တို့ ဆွေးနွေးလိုက်ကြပြီး အခန်းထဲမှ အတူတူထွက်ခွာလာခဲ့ကြသည်။

 

သူတို့နှစ်ယောက် လမ်းခွဲခါနီးတွင် တစ်စုံတစ်ယောက်က ခေါင်းဆောင်ဆီသို့ အလျင်စလို ပြေးလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ကြရလေသည်။

 

ထိုလူက ပြေးနေလျှက်ပင် အော်ဟစ်လာသည်။

 

ဦးလေးထန်ကျင့် ၊ ရွာဝင်ပေါက်ကနေ ယာဥ်တစ်စီးလာနေတယ်၊ ​​ယာဥ်လာနေတယ်!

 

ယာဥ်!

 

ခေါင်းဆောင်၏ မျက်လုံးများက တောက်ပလာခဲ့ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

 

ဘယ်လိုယာဥ်မျိုးလဲ၊ နွားလှည်းလား

 

နွားလှည်းသာဖြစ်ပါက လင်းကျန်းအန်းနှင့် အခြားလူများ ဖြစ်နေမည်မှာ သေချာသည်။

 

သို့သော်လည်း သတင်းယူသည့်သူက လက်ကို အမြန်ဝှေ့ရမ်းလိုက်သည်။

 

မဟုတ်ဘူး၊ ဂျစ်ကားပဲ၊ ဂျစ်ကားလာနေပြီ!

 

ဘာလဲ?

 

ဒီလိုမျိုးဝေးလံခေါင်သီလွန်းတဲ့ ကျေးလက်ဒေသကို  ဘယ်ကနေ ဂျစ်ကားတစ်စီးက ရောက်လာရတာလဲ?

 

ခေါင်းဆောင်မှာ အလွန်စိတ်ရှုပ်ထွေးသွားခဲ့ရကာ သူတို့၏နေရာဆီသို့  အဘယ်ကြောင့် ကားတစ်စီးမောင်းနှင်လာသည်ကို ခဏမျှ နားမလည်နိုင်ဖြစ်နေခဲ့သည်။

 

ကွန်မြူနတီသို့သွားရာလမ်းမှာလည်း ရွာအဝင်ပေါက်မှ ဖြတ်သွားရခြင်းသာဖြစ်၍  သူလည်း ရွာအဝင်ဝဆီသို့ ပြေးသွားခဲ့လေ၏။

 

သူ့ဘေးနားမှ လင်းကွမ်းရှန်မှ  ရုတ်တရက် ရေရွတ်လာခဲ့သည်။

 

ဂျစ်ကားလား၊ ကျွန်တော့်အစ်ကိုကြီး ပြန်လာတာများလား

 

သူ့ဘေးမှ ကြောင်အမ်းနေသည့် ခေါင်းဆောင်သည်လည်း လင်းကွမ်းရှန်၏  စကားကြောင့် ချက်ချင်း ပြန်လည်သတိရသွားခဲ့သည်။

 

  

ဟေး၊ ဒါက တကယ်ကြီးလား! မင်းရဲ့အစ်ကိုကြီး တကယ်ပြန်လာရင်  အရမ်းကိုကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား!

 

ခေါင်းဆောင်က ဤသို့ပြောပြီးနောက် လင်းကွမ်းရှန်အား အိမ်သို့ ပြန်မလွှတ်တော့ပေ။ သူက လင်းကွမ်းရှန်၏ကိုယ်စား မတိုင်ခင်က သူ့ဆီသို့ ပြေးလာကာ သတင်းပို့ပေးလာသည့် လူငယ်ကိုသာ လင်းမိသားစုအိမ်သို့ ပြေး၍ သတင်းပို့ခိုင်းလိုက်သည်။

 

ထို့နောက် လင်းကွမ်းရှန်ကို သူနှင့်အတူ ရွာအဝင်ဝသို့ လိုက်ပါခိုင်းခဲ့သည်။

 

အကယ်၍ လင်းကွမ်းရှန်ပြောသကဲ့သို့ သူ၏အစ်ကိုကြီး လင်းကွမ်းချင်း ပြန်လာချင်းဖြစ်ပါက ကိစ္စများက ပျော်ရွှင်စရာသာ ဖြစ်လိမ့်မည်။

 

ပြောစရာတစ်ခုရှိသည်မှာ ဤတုန်ဖန်းတပ်မဟာတစ်ခုလုံးအတွင်း၌  အလားအလာအကောင်းဆုံးသော လူငယ်မှာ လင်းမိသားစု၏ အကြီးဆုံးမြေးဖြစ်သည့် လင်းကွမ်းချင်းဖြစ်ကြောင်း လူတိုင်းက အသိအမှတ်ပြုလိမ့်မည်။

 

ထိုသူမှာ အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် တပ်မတော်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ယခုဆိုလျှင် ခုနစ်နှစ်တင်းတင်း ပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။

  

 

  

ဝေးလံခေါင်သီသော တောင်တန်းဒေသမှ ထွက်ခွာသွားခဲ့သည့် ကျေးလက်နေ ကလေးတစ်ဦးအနေဖြင့် မည်သည့်အဆက်အသွယ်နှင့် အကူအညီများ မရရှိခဲ့ဘဲ တစ်ဆင့်ပြီးတစ်ဆင့် တက်ရန်အတွက် သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုအပေါ် အားကိုးအားထားပြုခဲ့သည်။

 

ယခုဆိုလျှင် သူသည်ကား ဒုတပ်ခွဲမှူး အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ။ အကယ်၍  မတော်တဆမှု တစ်ခုခုမရှိခဲ့ပါက မကြာခင်အချိန်တွင် တပ်ခွဲမှူးအဖြစ် ခန့်အပ်ခံရတော့မည်လည်းဖြစ်သည်။

 

ထိုသို့သော ရာထူးသည်ကား စစ်တပ်၏မိသားစုများမှ မွေးဖွားလာသော လူအချို့အတွက်ပင် အလွယ်တကူမရရှိနိုင်သည့်နေရာဖြစ်ကာ သူတို့အတွက်ပင် အလွန်ကောင်းသည့်ရာထူးဟုသတ်မှတ်နိုင်သည်။

 

သို့သော် တုန်ဖန်း တပ်မဟာ၏  လူငယ်တစ်ဦးက ထိုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သေချာပေါက် ဘိုးဘေးအဖြစ်မှတ်ယူနိုင်လောက်အောင် တန်ဖိုးရှိသူဟုဆိုနိုင်ပေသည်။

 

ကွန်မြူနတီမှပင်လျှင် လင်းကွမ်းချင်းနှင့် သူတို့၏ ဆက်ဆံရေးကြောင့် သူတို့၏ တပ်မဟာအား ရံဖန်ရံခါ ပိုမိုသည်းခံမှုကို ပြသခဲ့သည်။

 

လက်ရှိအချိန်မှာ အားလပ်ရက်မဟုတ်သကဲ့သို့  လင်းကွမ်းချင်း ပြန်လာလိမ့်မည်ဖြစ်ကြောင်းကိုလည်း သူတို့ဆီသို့ ကြိုတင် အကြောင်းကြားစာ မရောက်ရှိလာခဲ့ပေ။

 

ဒီလိုဆိုရင် ဂျစ်ကားထဲက လူက လင်းကွမ်းချင်း ဖြစ်နိုင်ပါ့မလား။

 

ခေါင်းဆောင်တစ်ယောက် ထိုသို့တွေးကြည့်မိသည်နှင့် ပို၍  စိတ်လှုပ်ရှားလာခဲ့သည်။

 

ကံအားလျော်စွာဖြင့် ရွာဝင်ပေါက်မှာ သူ့၏အိမ်နှင့်မဝေးကွာခဲ့ဘဲ အချိန်တိုအတွင်းရောက်သွားနိုင်ခဲ့သည်။

 

ရွာဝင်ပေါက်သို့ရောက်သည်နှင့် ခေါင်းဆောင်မှ ဂျစ်ကားက  မည်သည့်နေရာတွင် ရှိကြောင်း မရှာရသေးခင် သူ့၏ဘေးနားရှိ လင်းကွမ်းရှန်မှ ရုတ်တရက် ကျယ်လောင်စွာအော်လာသည်ကို ကြားလိုက်ရလေ၏။

 

အစ်ကိုကြီးပဲ! တကယ်ကြီး ကျွန်တော့်ရဲ့အစ်ကိုကြီး ပြန်ရောက်လာတာပဲ!

 

ခေါင်းဆောင်မှာ စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်သွားရသည်။

 

သူလည်း လင်းကွမ်းရှန်၏ လက်ချောင်းဖြင့် ညွှန်ပြသော ဦးတည်ရာဆီသို့ လျင်မြန်စွာ ကြည့်လိုက်ချေသည်။

  

 

ထို့နောက်တွင် သစ်ပင်ကြီးတစ်ပင်အောက်၌ ရပ်ထားတဲ့ စစ်စိမ်းရောင်ဂျစ်ကားတစ်စီးကို တွေ့လိုက်တော့သည်။ ကားဘေးတွင်တော့ စစ်ယူနီဖောင်းဝတ် အရပ်ရှည်ရှည် အမျိုးသား သုံးဦးရှိနေခဲ့သည်။ ၎င်းတို့ထဲမှ တစ်ယောက်က နှစ်နှစ်နီးပါးကြာသည်အထိ အိမ်သို့ ပြန်မလာခဲ့သော လင်းကွမ်းချင်းသာ ဖြစ်ပေ၏။

 

လင်းကွမ်းချင်း ပြန်လာသည်ကိုမြင်လိုက်ရသောကြောင့် အလုပ်ပြန်စဖို့ အဆင်သင့်ဖြစ်နေကြသည့် အနီးအနားက တပ်မဟာအဖွဲ့ဝင်များအားလုံးက သူ့ဆီ လျှောက်သွားပြီး လင်းကွမ်းချင်း၏ ဘေးပတ်လည်မှာ စုကာ သူ့ကို နွေးထွေးစွာ နှုတ်ဆက်နေခဲ့ကြသည်။

 

လင်းကွမ်းချင်းမှာ ရွာသားများအား မတွေ့တာ ကြာပြီဖြစ်သော်လည်း လူတိုင်းကို အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

 

သို့သော် သူစကားပြောနေချိန်တွင် သူ့၏ မျက်လုံးထောင့်မှတဆင့် ကားတံခါးကို မှီနေသည့် တခြားအမျိုးသားတစ်ဦးဆီကို မကြာမကြာ လှမ်းကြည့်နေခဲ့သည်။

 

ထိုလူမှာ အတော်လေး အေးတိအေးစက်ပုံစံရှိပြီး သူ၏ဘေးပတ်ဝန်းကျင်တွင်ရှိနေသော ရွာသူရွာသားများကိုပင် မကြည့်ဘဲ အဝေးမှ လယ်ကွင်းများဆီသို့သာ လှမ်းကြည့်နေခဲ့သည်။

 

ထို့ကြောင့် လင်းကွမ်းချင်းအနေဖြင့် ထိအမျိုးသားမှာ ပျင်းရိနေသည်လား သို့မဟုတ် ရွာသားများ၏ အသံများ ဆူညံနေသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို မပြောနိုင်ပေ။

 

သို့သော်လည်း သတိကိုစွဲကပ်ပြီး ထိုအမျိုးသားအား သူ့အိမ်သို့ အရင်ဆုံးပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

 

ဤသို့ တွေးပြီးနောက်တွင် လင်းကွမ်းချင်းက ရွာသားများကို လှမ်းပြောလိုက်သည်။

 

ဦးလေးနှင့် အန်တီတို့၊ ကျွန်တော့်မှာလုပ်စရာရှိသေးလို့ အိမ်ကိုပြန်ရဦးမယ်၊ အားတဲ့အချိန်ကျမှ ဦးလေးတို့အန်တီတို့နဲ့စကားပြောဖို့ ပြန်လာခဲ့ပါ့မယ်

 

ထိုသို့ပြောပြီးသည်နှင့် သူက ဘေးဘက်သို့လှည့်ကာ သူ၏ဘေးဘက်မှလူကို လှမ်းပြောခဲ့သည်။

 

အစ်ကိုစုန့်၊ ကျွန်တော်တို့မိသားစုရဲ့က ရွာထဲမှာဆိုတော့ ခဏလောက်တော့ လမ်းလျှောက်ရဦးမယ်၊ လမ်းက နည်းနည်းတော့ မညီလောက်ဘူး၊ ဒါမှမဟုတ်  ကျွန်တော် အစ်ကိုစုန့်ကို သယ်ပေးမယ်လေ

 

ရွာအဝင်ပေါက်ကနေ လယ်ကွင်းများကိုဖြတ်ရဦးမှာဖြစ်ပြီး လမ်းက အလွန်ကျဥ်းမြောင်းကာ  ညီညာခြင်းလည်း မရှိပါချေ။

 

ကောင်းမွန်သန်စွမ်းသည့်ခြေထောက်ကို ပိုင်ဆိုင်ထားသူများပင် ခြေလှမ်းတိုင်းကို ဂရုတစိုက်ကြည့်ရှုကာလျှောက်ရမည်ဖြစ်ပြီး မဟုတ်ပါက လမ်း၏နှစ်ဖက်လုံးတွင်ရှိနေသော လယ်ကွင်းထဲသို့ ချော်လဲကျသွားနိုင်သည်။

    

ထို့အပြင် ခေါင်းဆောင်စုန့်၏ ခြေထောက်မှာလည်း ဒဏ်ရာရရှိထားခဲ့သောကြောင့် ဤကဲ့သို့ လမ်းမျိုးတွင် လျှောက်လှမ်းရန်အတွက် ပို၍ပင် အဆင်မပြေဖြစ်နေလိမ့်မည်။

 

လင်းကွမ်းချင်း၏စကားကိုကြားလျှင် မတိုင်ခင်က အဝေးကိုလှမ်းကြည့်နေခဲ့သည့် စုန့်ရှီးယန်က ပြန်လှည့်ကြည့်ကာ တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလာခဲ့သည်။

 

မလိုဘူး

 

သူ၏ခြေထောက်က ဒဏ်ရနေခဲ့ခြင်းသာဖြစ်ကာ ကျိုးသွားခြင်းမဟုတ်ပါချေ။ 

 

သူတို့နှစ်ဦးကြားမှ စကားများက  ပတ်ဝန်းကျင်ရှိလူများ၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

 

  

  

  

မတိုင်ခင်အချိန်တုန်းက သူတို့သည်ကား မတွေ့သည်မှာကြာပြီဖြစ်သည့် လင်းကွမ်းချင်း ပြန်ရောက်လာသည်ကို တွေ့မြင်ခဲ့ရသောကြောင့် လင်းကွမ်းချင်းနဲ့စကားပြောဖို့အတွက်သာ အာရုံစိုက်နေခဲ့ကြပြီး သူ၏ဘေးနားမှ တခြားလူနှစ်ယောက်အကြောင်းကို သတိပြုမေးမြန်းဖို့ အချိန်မပေးနိုင်ခဲ့ကြသေးချေ။

 

ထိုသူများမှာ လင်းကွမ်းချင်းနဲ့ တူညီသည့်အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် ဖြတ်ခနဲကြည့်လိုက်ရုံဖြင့် သူတို့နှစ်ယောက်သည်လည်း စစ်တပ်ထဲမှ ဖြစ်ကြောင်းကို   သိရှိခဲ့ကြသည်။

 

သူတို့အနေဖြင့် ထိုနှစ်ယောက်မှာဘလင်းကွမ်းချင်း၏ အသင်းဖော်များဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

 

သို့သော် လင်းကွမ်းချင်းက သူတို့ထဲမှ တစ်ယောက်ကို “အစ်ကို” ဟုခေါ်လိုက်မည်ဖြစ်ကြောင်းမည်သူက သိရှိမည်နည်း။

 

  

ဗဟုသုတများ နည်းပါးသည့် ရွာသားများ၏အမြင်တွင်တော့ လင်းကွမ်းချင်းမှာ သူတို့သိသမျှလူများထဲတွင် လုပာနိုင်စွမ်း အမြင့်ဆုံးလူဖြစ်နေခဲ့သည်။ သို့သော် လင်းကွမ်းချင်းမှ တစ်ဖက်လူအား အလွန်အမင်း လေးစားသည့်လေသံဖြင့် အစ်ကိုစုန့်ဟု ခေါ်ခဲ့လေ၏။

 

  

 ဖြစ်နိုင်သည်က ဤလူမှာ လင်းကွမ်းချင်း၏ ရာထူးထက် မြင့်မားသည့် စစ်တပ်မှ အရာရှိတစ်ဦးဖြစ်နိုင်လောက်သည်လား။

 

သို့နှင့် လက်ရှိအချိန်တွင် လူတိုင်း၏အာရုံမှာ စုန့်အမည်ရှိ အရာရှိထံသို့ ချက်ချင်းလှည့်သွားခဲ့တော့သည်။

 

သူတို့ ကြည့်လိုက်သည့်နောက်တွင် တစ်ဖက်လူမှာ အသက် သိပ်မကြီးသေးကြောင်းကို တွေ့လိုက်ရသည်။

 

ထိုသူက လင်းကွမ်းချင်းနှင့် ဆင်တူသည့်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လင်းကွမ်းချင်းထက်  များစွာပို၍ ချောမောခန့်ညားလွန်းနေခဲ့သည်။

 

သူ့၏ အရပ်က မြင့်မားပြီး ခြေတံတို့ကလည်း ရှည်လျားသွယ်လျနေခဲ့သည်။  မျက်ခုံးတို့က ထူထဲကာ မျက်တောင်တို့ကလည်း သိသာလှပြီး  နှာတံက မြင့်မားလေ၏။

 

သူ၏ အသားအရည်တို့က ဂျုံရောင်သန်းနေခဲ့ကာ အဝတ်အစား၏ ကောက်ကြောင်းအောက်မှ သူ၏တင်းကျပ်သောကြွက်သားများကိုလည်း အရိပ်အယောင်မျှတွေ့ရှိနိုင်သည်။

 

အထင်ရှားဆုံးမှာ အေးစက်သည်ဟုထင်ရသည့် စူးရှလွန်းသောမျက်လုံးများဖြစ်ပြီး ထိုအေးစက်မှုများနှင့်အတူ ပြင်းထန်လှသော အရိုင်းဆန်သည့်ဆွဲဆောင်မှုများရှိနေခဲ့သည်။

 

သူ၏ပတ်ဝန်းကျင်ရှိ ငယ်ရွယ်သော အမျိုးသမီးတို့မှာ သူ့ကို စိုက်ကြည့်ကာ သူတို့၏ နှလုံးသားများက မထိန်းနိုင်စွာ အခုန်မြန်လာခဲ့ရတော့သည်။

 

 

 

ဘေးပတ်ဝန်းကျင်မှာ အဒေါ်များနဲ့ ဦးလေးများတောင် စိတ်လှုပ်ရှားလာခဲ့ပြီး သူ့ကို ဆူဖြိုးသည့်ဝက်ကြီးတစ်ကောင်လဲ့သို့ ကြည့်လာကြသည်: ဒီလူငယ်လေးမှာ မိသားစုဝင်ရှိနေပြီလားမသိဘူး၊ မရှိသေးရင် သူတို့ရဲ့သမီး/တူမတွေနှင့် မိတ်ဆက်ပေးဖို့ ကြိုးစားရမယ်!

 

ဒါပေမယ့် နောင်တရစရာတစ်ခုက လင်းကွမ်းချင်းရဲ့ စကားအရ ဒီအရာရှိစုန့်ရဲ့ခြေထောက်က ထိခိုက်ထားတာလား?

 

ခဏလောက်ကြာပြီးနောက်တွင် လူတိုင်းက စုန့်ရှီးယန်ဆီသို့ သနားသည့်မျက်လုံးများနဲ့ စိုက်ကြည့်လာခဲ့ကြသည်။

 

*