(36)
လူတိုင်းက
စုန့်ရှီးယန်ကို စိုက်ကြည့်နေသည်ကို မြင်လျှင် လင်းကွမ်းချင်းမှာ ခေါင်းများပင်
ကြီးလာသကဲ့သို့ ခံစားမိလာရသည်။
ခေါင်းဆောင်စုန့်မှာ
ဒေါသကြီးမားပြီး စိတ်မရှည်သည့်နေရာတွင် နာမည်ကြီးလှကာ သူ အမုန်းဆုံးအရာမှာ
သူ့အား စိုက်ကြည့်နေခြင်းသာဖြစ်ပေ၏။
ယောက်ျားဖြစ်စေ၊
မိန်းမဖြစ်စေ အသက်ကြီးသည်ဖြစ်စေ ၊ ငယ်သည်ဖြစ်စေ သူ့အားစိုက်ကြည့်ခြင်းကို
အလွန်မုန်းတီးတတ်ကြောင်း သူ ကြားဖူးခဲ့သည်။
လင်းကွမ်းချင်းတစ်ယောက်
တစ်ဖက်လူမှ မထိန်းချုပ်နိုင်တော့ဘဲ ဒေါသထွက်သွားမည်ကို
အမှန်တကယ်ကြောက်နေခဲ့သည်။
ထို့ကြောင့် သူက
ထိုအမျိုးသားအား နောက်တစ်ကြိမ် ဖြောင်းဖြရန်ပင် မကြိုးစားရဲတော့ဘဲ တိုက်ရိုက်ပင်
လက်ခံကာ ပြောလိုက်ချေသည်။
“ကောင်းပါပြီ၊
ဒါဆို အရင်ပြန်ကြသွားကြရအောင်၊ ကျွန်တော့်အိမ်က ဒီဘက်မှာပါ”
လင်းကွမ်းချင်း
ထိုသို့ပြောကာ လမ်းကို ဦးဆောင်ညွှန်ပြရန် အရှေ့ကို လှမ်းသွားခဲ့သည်။
သို့သော်
သူအရှေ့သို့ ပြန်လှည့်ကြည့်လိုက်သည်နဲ့ သူ၏ဒုတိယညီဖြစ်သူ လင်းကွမ်းရှန်နှင့်
တပ်မဟာခေါင်းဆောင်မှ သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရလေ၏။
“ဒုတိယညီလေး?”
“ဟေး
အစ်ကိုကြီး၊ အကိုကြီးပြန်လာတာ တကယ်ဖြစ်နေတာပဲ၊ ကျွန်တော် အစ်ကိုကြီးကို
လှမ်းခေါ်နေတာကြာပြီ”
လင်ကွမ်းရှန်တစ်ယောက်
ညည်းညူနေခဲ့သော်လည်း သူ၏မျက်လုံးထဲတွင်တော့ အံ့သြပျော်ရွှင်မှုတို့က ရှင်းလင်းစွာ
ပေါ်နေခဲ့သည်။ သူ့၏ အစ်ကိုကြီး လင်းကွမ်းချင်း ရုတ်တရတ်ပြန်လာခြင်းနှင့် ပတ်သက်၍
သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်မှာ သေချာပေသည်။
သို့သော်လည်း
သူ့၏အစ်ကိုကြီးအား နှုတ်ဆက်ပြီးနောက်တွင် လင်းကွမ်ရှန်မှာ အစ်ကိုဖြစ်သူ၏နောက်မှ
လူနှစ်ယောက်ကို လှမ်းကြည့်ကာ မစပ်စုဘဲမနေနိုင်ခဲ့ပေ။
ဒါက
အစ်ကိုကြီးရဲ့ ရဲဘော်တွေများလား။
လင်းကွမ်းချင်းမှာ
သူ၏ညီဖြစ်သူကို တွေ့ရသည့်အတွက် သဘာဝကျ၀ွာ ပျော်ရွှင်နေခဲ့သည်။
သို့သော်လည်း
သူ၏နောက်တွင် ရှိနေသော အခြေအနေကို ပြန်တွေးကာ လင်းကွမ်းရှန်၏ ပုခုံးကို
အသာပုတ်ပြီး ဆိုလိုက်လေ၏။
“အိမ်ကို
အရင်သွားကြစို့၊ တခြားအကြောင်းတွေကို နောက်မှပြောမယ်”
လင်းကွမ်းရှန်က
သူ၏အစ်ကိုကြီးနောက်မှ လူနှစ်ယောက်အား ကြည့်နေခဲ့သည့် စူးစမ်းလိုသောမျက်လုံးများကို
ပြန်လည်ဆုတ်ခွာလိုက်သည်။
သူက
အစ်ကိုဖြစ်သူ၏စကားကိုသဘောတူခါနီးတွင် တစ်စုံတစ်ခုကို တွေးတောပြီး ခေါင်းကို
ထုရိုက်လိုက်မိလေသည်။
“အိုး၊
မဟုတ်သေးဘူး အစ်ကိုကြီး၊ ကျွန်တော် အိမ်ကို ပြန်လို့ မရသေးဘူး၊
ဒုတိယအဘိုးနဲ့ ကျွန်တော် လုပ်စရာတွေရှိသေးတယ်”
ဤသည်ကိုကြားလျှင်
လင်းကွမ်းချင်း အနည်းငယ် အံ့အားသင့်သွားရသည်။
“ဘာဖြစ်တာလဲ?”
လင်းကွမ်းရှန်က
အစ်ကိုဖြစ်သူ၏ မေးခွန်းကိုကြားလျှင် ပညာတတ်လူငယ်ကို
သွားခေါ်ဖို့ထွက်သွားသော်လည်း တစ်ညလုံး ပြန်မလာခဲ့သည့် သူတို့၏ ဒုတိယဦးလေး
လင်းကျန်းအန်းအကြောင်းကို အလျှင်အမြန်ပြောပြလိုက်သည်။
“အဲဒါကြောင့်
ဒုတိယအဘိုးနဲ့ ကျွန်တော် ခရိုင်မြို့ကို သွားကြည့်ဖို့ စီစဉ်ထားတာ၊
ဒုတိယဦးလေးဆီမှာ တစ်ခုခုဖြစ်နေတာလားမသိဘူး”
လင်းကွမ်းချင်းသည်လည်း
ထိုအကြောင်းကိုကြားလျှင် စိတ်မပူဘဲ မနေနိုင်ခဲ့ချေ။
သူသည်လည်း
ဒုတိယဦးလေး၏ အကျင့်စရိုက်နှင့် အလေ့အထများကို သိနေခဲ့သည်။
ထိုသူမှာ
ကိစ္စများကို ကိုင်တွယ်ရာတွင် အလွန်အားကိုးရကြောင်းကို သူသိသည်။
အကြောင်းပြချက်မရှိဘဲ ပြန်ရောက်လာချိန်ကို နောက်ကျစေမည့် လူမျိုး လုံးဝမဟုတ်ပေ။
ထို့အတွက်
ယမန်နေ့ညက ပြန်မလာခြင်းမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားခြင်းသာဖြစ်လိမ့်မည်။
ဤသည်ကို
တွေးမိလျှင် လင်းကွမ်းချင်းပင် စိတ်မငြိမ်နိုင်တော့ချေ။
မိသားစုထဲမှ
အကြီးဆုံးသားဖြစ်သည့်အလျောက် လင်းကွမ်းချင်းမှာ ၎င်း၏ ဒုတိယဦးလေး
လင်းကျန်းအန်းနှင့် အချိန်အကြာဆုံး အတူနေခဲ့ကြသည်ဟု ဆိုနိုင်သည်။
ထို့အပြင်၊
သူ၏ဒုတိယဦးလေးသည် သူတို့ လူငယ်များအပေါ်ကို အမြဲတစေ ကောင်းမွန်ပေးခဲ့သည်။ ထိုသူမှာ
သူတို့အတွက် နောက်ထပ်အဖေတစ်ယောက်ဖြစ်ကြောင်း ပြောပါက ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
ထို့ကြောင့်
ယခုအချိန်တွင် သူ၏ဒုတိယဦးလေး လင်းကျန်းအန်းထံ၌ တစ်စုံတစ်ခုဖြစ်သွားနိုင်သည်ဟု
သိရှိရချိန်တွင် လင်းကွမ်းချင်းမှာ မည်သို့ပင်ဆိုစေ လျစ်လျူရှုထား၍ မရနိုင်တော့။
သို့သော်လည်း......
သူနှင့်အတူ
ပြန်ခေါ်လာခဲ့သည့် လူနှစ်ယောက်ကို တွေးတောကြည့်မိလျှင် လင်းကွမ်းချင်းမှာ
သူတို့ကို နေရာ၌ ချန်မထားခဲ့နိုင်သည်မှာ သေချာလှသည်။
စုန့်ရှီးယန်သည်လည်း
ညီအစ်ကိုနှစ်ယောက်ကြားမှ စကားများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
လင်းကွမ်းချင်း၏ တုံ့ဆိုင်းနေမှုကိုမြင်လျှင် သူက သူ၏လက်ကို မြှောက်ပြီး
လင်းကွမ်းချင်း၏ ပခုံးကို ပုတ်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ငါတို့ကို
စိတ်မပူနဲ့၊ တစ်ယောက်ယောက်ကို အရင်ရှာဖို့က အရေးကြီးတယ်”
သူတို့နှစ်ယောက်အတွက်ကတော့
ဤနေရာက အလွန်ကြီးမားခြင်းမရှိဘဲ ရွာသားတစ်ယောက်ယောက်ကို မေးမြန်းလျှင်
လင်းကွမ်းချင်း၏အိမ်ကို ရှာတွေ့နိုင်လိမ့်မည်။
ထိုသို့ပြောပြီးနောက်
သူက ကားသော့ကိုလည်း ထုတ်ယူလိုက်ကာ လင်းကွမ်းချင်းဆီသို့ လှမ်းပေးလိုက်သည်။
“ကားယူသွားလိုက်၊
ကားနှင့် သွားရှာရင် ပိုအဆင်ပြေလိမ့်မယ်”
စုန့်ရှီးယန်အနေဖြင့်
ဤအနီးအနားရှိ ခရိုင်သို့ မရောက်ဖူးသော်လည်း ဤနေရာသို့ မရောက်မီ လမ်းတွင်
လင်းကွမ်းချင်းအား မေးမြန်းခဲ့သည့်အတွက် အနီးဆုံးခရိုင်သို့
ချွန်းဖင်းတပ်မဟာဆီသို့ ကားဖြင့်သွားပါက တစ်နာရီကျော်လောက် သွားရမည်ဖြစ်ကြောင်း
သိရှိခဲ့ရသည်။
အကယ်၍
လမ်းလျှောက်၍ သွားမည်ဆိုပါက ခရိုင်ရုံးကို နေ့လယ်မတိုင်ခင်အထိ မရောက်နိုင်ပေ။
လင်းကွမ်းချင်းမှာ
နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားခဲ့ပြီး နောက်ဆုံးတော့ အံကိုတင်းတင်းကြိတ်ကာ
စုန့်ရှီးယန်ဆီမှ ကားသော့ကို လှမ်းယူလိုက်သည်။
“ ကျေးဇူးတင်ပါတယ်
အစ်ကိုစုန့်!”
စုန့်ရှီးဟန်
မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ကောင်းပြီ၊
သွားစရာရှိတာကိုသွားတော့ ၊ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့တော့”
လင်းကွမ်းချင်းလည်း
ထိုစကားကိုကြားသည်တွင် နောက်ထပ်မနှောင့်နှေးရဲတော့ပေ။ သူက သူ၏ညီဖြစ်သူ
လင်းကွမ်းရှန် နဲ့ တပ်မဟာခေါင်းဆောင်ကို အမြန်ခေါ်လိုက်ပြီး သုံးယောက်သား
ကားပေါ်သို့ တက်ပြီး အမြန်ထွက်သွားခဲ့သည်။
ဂျစ်ကား၏ပုံရိပ်မှာ
လူတိုင်း၏ မျက်လုံးရှေ့မှ လျင်မြန်စွာပျောက်ကွယ်သွားခဲ့လေ၏။ ဘေးပတ်ဝန်းကျင်ရှိ
ရွာသားများကတော့ စုန့်ရှီးဟန်၏ အိတ်ကပ်ထဲမှ ဂျစ်ကားသော့ကို ထုတ်ယူလိုက်သည်ကို
မြင်လျှင် ထိုသူအား ကြည့်သည့် အကြည့်များမှာ ပို၍ပင် စူးရှကာ သက်ဝင်လာကြတော့သည်။
ဂျစ်ကားကို
စီမံခန့်ခွဲသည့်သူမှာ အရာရှိစုန့်ပင် ဖြစ်နေခဲ့သည်။ သူတို့ထင်ထားသကဲ့သို့ ထိုသူ၏
ရာထူးက ပိုမြင့်နေမှာ သေချာသည်။ ထို့အပြင် ကားကို တခြားသူဆီသို့ပင် ငှားရမ်းက်
မောင်းနှင်ခိုင်းနိုင်သေးသည်။
လူအများမှာ
စိတ်လှုပ်ရှားခြင်းကို မထိန်းနိုင်ကြတော့ပေ။
သူတို့အနေဖြင့်
ဘတ်စ်ကားအပြင် တခြားကားများကို မစီးဖူးပါချေ။ သူတို့၏
မြို့နယ်အုပ်ချုပ်ရေးမှူးပင် ဤကဲ့သို့ဂျစ်ကားကို တစ်ခါမှ မစီးဖူးခဲ့ပေ။
အကယ်၍သူတို့သာ
ဂျစ်ကားကို ခဏလောက် စမ်း၍စီးနိုင်မည်ဆိုပါက အလွန်ပျော်စရာကောင်းလိမ့်မည်။
ထိုသို့စဉ်းစားကာ
တစ်စုံတစ်ယောက်မှ ချက်ချင်းထရပ်ပြီး စုန့်ရှီးဟန်မှ စိတ်အားထက်သန်စွာ
ပြောလာသည်။
“အရာရှိစုန့်၊
မင်းက ကွမ်းချင်းတို့ရဲ့အိမ်ကို သွားချင်နေတာမလား ၊ ငါလမ်း သိတယ်၊ ငါ
မင်းကိုခေါ်သွားပေးမယ်!”
သူ့ဘေးနားမှ
တစ်ယောက်မှလည်း ဤသည်ကိုမြင်လျှင် တစ်ဖက်လူမှာ အလွန်လက်သွက်လှကြောင်း
စိတ်ထဲမှ တိတ်ဆိတ် ကျိန်ဆဲလိုက်ပြီး နောက်မှ လျှင်မြန်စွာ ဝင်ပြောလိုက်သည်။
“ငါရှိတယ်၊
ငါရှိတယ်၊ ငါက သူတို့ရဲ့အိမ်နားမှာ နေတာ၊ ငါ အခု အိမ်ကိုပြန်တော့မှာဆိုတော့ ငါ
မင်းကို ပြန်ခေါ်သွားပေးမယ်”
စုန့်ရှီးဟန်
လူတိုင်း၏မျက်လုံးထဲမှ အတွေးများကို မမြင်ချင်ယောင်ဆောင်ကာ ခေါင်းညိတ်၍
ပြောလိုက်သည်။
“ဒါဆို
ဒုက္ခပေးရဦးမယ်”
ရွာသားများက
အသေးအမွှားကိစ္စလေးအတွက် သူ့အပေါ်တွင်အခွင့်ကောင်းယူချင်နေသည်ဟု ပြောရန်အတွက်
ခက်ခဲပေသည်။ ထိုလူများမှာ စူးစမ်းချင်စိတ်လေးများဖြင့်သာ ဤသို့
ပြုမူနေခြင်းဖြစ်ကြောင်း သူသိမြင်နိုင်ပေ၏။
သူ့အနေဖြင့်
ဤကဲ့သို့ ကိစ္စလေးများကြောင့် သူတို့နှင့် စိတ်အနှောင့်အယှက်အဖြစ်ခံမည်မဟုတ်ပေ။
သို့နှင့်
စုန့်ရှီးဟန်တို့နှစ်ယောက်မှာ စိတ်အားထက်သန်လှသည့် ရွာသားများဝိုင်းရံလျှက်
လင်းမိသားစုအိမ်ဆီသို့ လျှောက်သွားခဲ့ကြသည်။
တစ်ချိန်တည်းတွင်
လင်းကွမ်းချင်းတို့ ညီအစ်ကိုနှစ်ယောက်ဘက်တွင်..
မောင်းနှင်လာသည့်
ကားမှာ ခရိုင်ဆီသို့သွားရာ လမ်းမပေါ်တွင် ပြေးသွားနေခဲ့ပြီး လင်းကွမ်းချင်းမှ
ကားကို မောင်းနှင်နေခဲ့ကာ သူ၏ညီဖြစ်သူ လင်းကွမ်းရှန်အား ဘေးဘီဝဲယာသို့
ပိုမိုအာရုံစိုက်ရန် တောင်းဆိုထားခဲ့သည်။
သူတို့က
လမ်းတလျှောက်မှ မြင်ကွင်းများကို ကြည့်ကာ ဒုတိယဦးလေးရဲ့ ရုပ်ပုံကို
လိုက်လံရှာကြည့်ရင်း လင်းကွမ်းချင်းမှ ညီဖြစ်သူအား သူ့အား ကိစ္စ၏
အသေးစိတ်အကြောင်းအရာကိုရှင်းပြပေးဖို့ တောင်းဆိုခဲ့သည်။
သို့သော်
ဤဖြစ်ရပ်အပေါ်တွင် တပ်မဟာ၏ခေါင်းဆောင်ထံ၌ ပြောစရာစကားများ
ပို၍ ရှိနေခဲ့ပြီး လင်းကျန်းအန်းကို စေလွှတ်လိုက်သူမှာလည်း
သူကိုယ်တိုင်ဖြစ်သည်။
အကယ်၍
ထိုသူထံတွင် အမှန်တကယ် တစ်စုံတစ်ခုဖြစ်ခဲ့ပါက သူ့တစ်သက်လုံး သူ့ကိုယ်သူ
ခွင့်လွှတ်နိုင်တော့မည်မဟုတ်ချေ။
ထို့ကြောင့်
တပ်မဟာအဖွဲ့ခေါင်းဆောင်က လင်းကွမ်းရှန်၏ စကားများကို ကြားဖြတ်ကာ ကွန်မြူနတီမှ
အကြောင်းကြားစာကို လက်ခံရရှိသည့် အချိန်မှစ၍ လင်းကျန်းအန်းကို ခရိုင်မြို့သို့
စေလွှတ်ရန် တောင်းဆိုသည့် အချိန်အထိ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြခဲ့သည်။
“ဒါအားလုံးက
ငါ့ရဲ့အမှားပါ၊ ငါသာ ကျန်းအန်းကို သွားကြိုဖို့ မတောင်းဆိုခဲ့ဘူးဆိုရင် သူ
ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး”
“အဲဒီပညာတတ်လူငယ်နှစ်ယောက်က
လာမယ်ဆိုရင်လည်း နောက်မှသွားကြိုခိုင်းလို့ရတာပဲ၊ သူတို့တွေစောစောရောက်ရင် မြို့က
တည်းခိုခန်းမှာ နေနိုင်တယ်၊ အစာလည်းငတ်သေမှာမဟုတ်ဘူး၊ အေးခဲပြီးသေမှာလည်းမဟုတ်ဘူး!
သူတို့ကို ဘာလို့ စောစောကြိုဖို့ ကျန်းအန်းကို ခိုင်းလိုက်ရတာလဲ၊ ငါ့ဦးနှောက်ကကို
မကောင်းတာပဲ!”
တပ်မဟာခေါင်းဆောင်မှာ
သူ့ရှေ့တွင်ရှိနေသည့် လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်တို့၏ စိတ်ပူပန်နေသည့်
ခံစားချက်များက ကူးစက်လာခဲ့ကာ သူ၏မျက်နှာပေါ်တွင် ခါးသီးသောအမူအရာများ
ပေါ်ထွက်လာခဲ့ပြီး စကားပြောလာလေလေ ဝမ်းနည်းမှုများလာလေလေဖြစ်လာခဲ့သည်။
ပညာတတ်လူငယ်များကို
ကွန်မြူနတီမှ စီစဉ်ပေးခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့မှာ
သူစိမ်းများသာဖြစ်သည်။ သူ့တူလေး၏ လုံခြုံရေးနှင့်ယှဥ်လျှင် အဘယ်တွင်
အရေးကြီးလိမ့်မည်နည်း။
သူသာ တကယ်ကြီး
ဖြစ်သွားရင် သူဘယ်လိုလုပ်ရပါတော့မလဲ။
**