Ch 37
Viewers 10k

(37)

 

လက်ရှိ အခိုက်အတန့်တွင် သူ့ခေါင်းဆောင်များ ပေးအပ်သော တရားဝင်တာဝန်များကို အမြဲထမ်းပထမနေရာတွင် ထားကာ ဆောင်ရွက်တတ်သော တပ်မဟာခေါင်းဆောင်ပင်လျှင် အလွန်ဝမ်းနည်းနေပြီဖြစ်ကာ လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်တို့အတွက်တော့ ဆိုဖွယ်ရာ မရှိတော့ပေ။

 

 လင်းကွမ်းချင်းကတော့ အနည်းငယ် ပိုကောင်းသေးသည်။ အဆုံးတွင် သူသည်ကား စစ်တပ်ထဲတွင် နှစ်အတော်ကြာအောင်နေခဲ့ပြီး တခြားသူများအတွက် ကိုယ်ကျိုးစွန့်ခြင်းအလေ့အထကို သူ၏အရိုးများတွင် ရေးထွင်းထားပြီးသူတစ်ယောက် ဖြစ်နေခဲ့ပြီပင် ။

 

သူ့၏ကိုယ်ပိုင်ဘဝနှင့် သူ၏ သေခြင်းတရားကို သူ၏ တိုင်းပြည်နှင့် တာဝန်ဝတ္တရားများထံတွင် ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် တပ်မဟာခေါင်းဆောင်၏ အစီအစဉ်အား ယုတ္တိမရှိဟု ခံစားရမည်မဟုတ်ပါချေ။

 

သို့သော် အသက် 18 နှစ်သာရှိသေးသည့် လင်းကွမ်းရှန်အတွက်မူ သူ့၏ ဒုတိယဦးလေးနဲ့ တစ်ကြိမ်တစ်ခါမှ မခွဲခွာခဲ့ဖူးပါပေ။ သူသည်ကား တပ်မဟာရှိ ပညာတတ်လူငယ်များ၏ ပျင်းရိပြီး အလိုလိုက်ခံထားရသည့်ကလေးများကဲ့သို့ ပြုမူခြင်းများကို မြင်တွေ့နေခဲ့ရသည်။

 

ထို့ကြောင့် သူ့၏ဒုတိယဦးလေးအား အမည်မသိ ပညာတတ်လူငယ်နှစ်ဦးကြောင့် တစ်ခုခုဖြစ်သွားနိုင်ချေရှိသည်ကို ပို၍ပင်လက်မခံနိုင်ဖြစ်နေခဲ့ရသည်။

 

တစ်ချိန်တည်းမှာပင် ထိုပညာတတ်လူငယ်များကို သူ အလွန်အမင်း မုန်းတီးနေခဲ့တော့သည်။

 

  

သူ၏ အတွေးများမှာလည်း အလွန်ရိုးရှင်းခဲ့သည်။ ဒုတိယဦးလေးမှာ သူ၏မိသားစုဝင်ဖြစ်ပြီး ပညာတတ်လူငယ်များကတော့ သူနဲ့သက်ဆိုင်မှုမရှိပေ။

 

အကယ်၍ ထိုသူများက သူ့ရှေ့တွင် သေသွားလျှင်တောင် ဝမ်းနည်းမှုကို ခံစားရမည်မဟုတ်ပေ။

 

သို့သော်လည်း ယခုမူ သူ၏ဒုတိယဦးလေးမှာ ထိုစိတ်ပျက်ဖွယ် ပညာတတ်လူငယ်နှစ်ဦးကြောင့် ဒုက္ခရောက်နေခြင်းက ဖြစ်နိုင်ဖွယ်ရှိနေရပြီ!

 

အကယ်၍ ထိုပညာတတ်လူငယ် နှစ်ယောက်သာ သူ့ရှေ့တွင် ရပ်နေပါက သူ့အနေဖြင့် ထိုနှစ်ယောက်အား သဲအိတ်များကို ထိုးသကဲ့သို့ ကြီးမားသော လက်သီးထိုးချက်နှစ်ချက်စီ ထိုးလိုက်မိမှာ သေချာသည်!

 

 

 

လင်းကွမ်းချင်းမှ သူ့၏မျက်လုံးထောင့်မှတဆင့် ညီဖြစ်သူ၏ မျက်လုံးများနီရဲနေလောက်အောင် ဒေါသထွက်နေသည်ကို သတိထားလိုက်မိသောကြောင့် နှစ်သိမ့်ပေးလိုက်ရသည်။

 

ကောင်းပြီ၊ ငါတို့ရဲ့ ဒုတိယဦးလေးက အခု ဘာမှ မဖြစ်သေးဘူး၊ ကိစ္စ တစ်ခုခုကြောင့် နောက်ကျနေတာလည်း ဖြစ်နိုင်တာပဲလေ

 

ဟမ့်၊ ဒုတိယဦးလေး အဆင်ပြေနေတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင် အဲဒီပညာတတ်လူငယ်နှစ်ယောက်ကို ဘယ်တော့မှ အလွယ်တကူလွှတ်ပေးမှာ မဟုတ်ဘူး

 

လင်းကွမ်းရှန်တစ်ယောက် သူ့လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

 

ဤသည်ကိုမြင်လျှင် အစ်ကိုကြီးဖြစ်သည့် လင်းကွမ်းချင်းမှာ မတတ်နိုင်ဘဲ ကားကို အရှိန်မြှင့်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

 

တစ်ဖက်တွင်တော့ လင်းကျန်းအန်းမှာ သူ့အနေဖြင့် သူ့တူလေးနှစ်ယောက်၏ စိတ်ထဲတွင် ကြေကွဲဖွယ်ရာ မတော်တဆမှု ကို ခံစားနေခဲ့ရပြီဖြစ်ကြောင်း မသိခဲ့ပါချေ။

 

သူကား လှည်းပေါ်ရှိ လင်းရန်ဆီသို့ လမ်းဘေးရှိရှုခင်းများကို မိတ်ဆက်လျက် နွားလှည်းကို ဖြည်းညှင်းစွာ မောင်းနှင်နေဆဲဖြစ်လေ၏။

 

မူလတုန်းက သူ့အနေဖြင့် သူ၏သမီးဖြစ်သူကို အိမ်ကို အမြန်ခေါ်သွားချင်သည့်အတွက် လှည်းကို လျှင်မြန်စွာမောင်းနှင်ချင်ခဲ့သော်လည်း လမ်းတလျှောက် သွားနေရင်းဖြင့် ကျောက်ရှီလဲ့က လမ်းဘေးမှ တောတောင်များနဲ့ မြစ်များ၏ လှပသည့် ရှုခင်းတွေကို ကြည့်ပြီး အော်ပြောလာခဲ့သည်။

 

ဒီရှုခင်းတွေက အရမ်းလှတာပဲ!

 

လမ်းတလျှောက်ရှိ ရှုခင်းများမှာ စာအုပ်များတွင် ဖော်ပြထားသည့်အတိုင်း အလွန်လှပနေခဲ့သည်။

 

လင်းကျန်းအန်းမှာ ထိုစကားကိုကြားသည်တွင် သူ၏စိတ်ထဲမှ ပထမဆုံးတုံ့ပြန်မှုမှာ ထိုမြို့ထဲရှိ မိန်းကလေးများမှာ အမှန်တကယ်ပင် လောကကြီးကို မသိမြင်ခဲ့ဖူးပေ။

 

ဒီကျိုးကြေနေတဲ့ တောင်တန်းတွေက ဘာတွေများကောင်းနေလို့လဲ။

 

သူတို့က ဒီတောင်တန်းတွေကို မြေညှိချင်နေတာလေ။

 

ဒီလိုဆိုရင် သူတို့တွေ ခရီးကို အလွယ်တကူ သွားလာနိုင်လိမ့်မယ်။ ဘယ်လောက်အဆင်ပြေလိုက်မလဲ။

 

  

ရလဒ်အနေဖြင့် ထိုအတွေးက စိတ်ထဲ၌ ပေါ်လာသည့်အချိန်၌ပင် သူ၏ သမီးဖြစ်သည့် လင်းရန်၏ အသံကို ကြားလိုက်ရတော့သည်။

 

ဟုတ်တယ်၊ ဒီဘက်က လေတွေက အတော် လတ်ဆတ်လွန်းတယ်၊ စိမ်းလန်းတဲ့အပင်တွေကို ပိုပြီးမြင်ရတော့ အားတွေပြည့်လာသလိုမျိုးတောင် ခံစားရတယ်

 

ဤသည်ကိုကြားလျှင် လင်းကျန်းအန်းမှာ သူ၏မကျေနပ်မှုများကို ချက်ချင်းပင် တိတ်တဆိတ် မျိုချလိုက်တော့သည်။

 

သူ့အနေဖြင့် အနီးပတ်ဝန်းကျင်မှ ရှုခင်းများကို မသိစိတ်အရ လှမ်းကြည့်လိုက်မိချိန်တွင် ယခင်က ထိုမြင်ကွင်းများကိုမြင်လျှင် ပျို့အန်လုနီးပါးဖြစ်နေသည့် သူ၏ မျက်လုံးများမှာ လက်ရှိတွင်တော့ အလွန်အမင်း သဘောကျနှစ်ခြိုက်လာခဲ့သည်ကို တွေ့လိုက်ရတော့သည်။

 

ထို့နောက်တွင် လင်းကျန်းအန်းတစ်ယောက် သူ့စိတ်ထဲတွင် တိတ်တဆိတ် အတည်ပြုခဲ့သည်: ကျစ်၊ သူမက တကယ့်ကို သူ့ရဲ့သမီးလေးပဲ! သူမက စာပေတွေကို တတ်မြောက်ပြီး အပင်တွေဆီမှ အောက်ဆီဂျင်များ ထုတ်လွှတ်နိုင်သည်ကိုပင် သိရှိနေခဲ့တယ်!

  

  

  

ထို့နောက်တွင် လင်းရန်၏ ထိုချီးမွမ်းစကားကြောင့် လင်းကျန်းအန်းမှာ ခရီး၏ ဒုတိယပိုင်း၌ သမီးဖြစ်သူအား လမ်းတစ်လျှောက်ရှိ ရှုခင်းများကို အပြည့်အဝ ကြည့်ရှုခံစားစေနိုင်ရန်အတွက် နှေးကွေးစွာသာ သွားခဲ့တော့သည်။

 

ဤသို့ဖြင့် လိပ်နှင့်တူသော လှည့်၏အလျင်ကြောင့် သူ့ဘေးနားရှိ လင်းတာ့ကျွမ်းပင်လျှင် ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့ရသည်။

 

သူက လင်းကျန်းအန်းဆီသို့ ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်ကာ တစ္ဆေတစ်ကောင်ကို မြင်သွားသလိုမျိုး အမူအရာမျိုး ဖြစ်သွားခဲ့ရသည်။

 

? ? ?

 

ဒါက စွမ်းဆောင်ရည်နဲ့ အမြန်နှုန်းတွေနှင့် ပတ်သက်ရင် အမြဲတမ်း တိကျလွန်းပါတယ်ဆိုတဲ့ ဦးလေးကျန်းအန်း ဟုတ်ရဲ့လား။

 

ဒီအရှိန်နဲ့ဆိုရင် အေးအေးဆေးဆေး လမ်းလျှောက်နေတာနှင့် ဘာများ ကွာနေသေးလို့လဲ?!

 

လင်းတာ့ကျွမ်းတစ်ယောက် ထိတ်လန့်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် လင်းကျန်းအန်းမှ သူ့ကို ရှင်းပြခြင်းမရှိဘဲ ဖြတ်ခနဲတစ်ချက်သာ ကြည့်လာခဲ့သည်။

 

 

အဆုံးတွင်တော့ သူ ရှင်းပြနေခဲ့မည်ဆိုလျှင်ပင် လင်းတာ့ကျွမ်းအနေဖြင့် သူ၏အသက်အရွယ်တွင် ဤအကြောင်းများကို နားမလည်နိုင်သေးပါချေ။

 

ဖခင်တစ်ဦးကသာလျှင် သူ၏ ရည်ရွယ်ချက်ကောင်းများကို နားလည်နိုင်လိမ့်မည်။

 

လင်းတာ့ကျွမ်းမှာ အမှန်တကယ်ပင် နားမလည်နိုင်ခဲ့သော်လည်း သူသည်လည်း တုံးအ,လွန်းနေသည်တော့ မဟုတ်ပါချေ။

 

လင်းကျန်းအန်းမှ အရှိန်မြှင့်ရန် မစီစဉ်ရသေးသည်ကို မြင်လျှင် သူ စိတ်မပူပန်ဘဲ မနေနိုင်တော့ချေ။

 

သူ တုံ့ဆိုင်းသွားပြီး လင်းကျန်းအန်းဆီသို့ တီးတိုးပြောလိုက်သည်။

 

ဦးလေးကျန်းအန်း ၊ ကျွန်တော်တို့ မနေ့ညကလည်း မပြန်ဖြစ်ဘူး၊ အခုလည်း ဒီအရှိန်နဲ့ သွားနေမယ်ဆိုရင်တပ်မဟာကို ပြန်ရောက်တဲ့အချိန်မှာ ညနေစောင်းလောက်ဖြစ်သွားနိုင်တယ်၊ ခေါင်းဆောင်နှင့် တခြားသူတွေက စိတ်ပူနေလောက်တော့မှာ မဟုတ်ဘူးလား

 

လင်းကျန်းအန်း၏ လှည်းမောင်းသောလက်မှာ ရုတ်တရက် အေးခဲသွားခဲ့ပြီး သူ၏ စိတ်ကျေနပ်နေသော အမူအရာငည်လည်း တောင့်တင်းသွားရသည်။

 

အိုး!

 

သူ ဒါကို ဘယ်လိုလုပ်ပြီး မေ့နိုင်ရတာလဲ!

 

သူ့အနေဖြင့် သမီးဖြစ်သူနှင့် ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို အာရုံစိုက်ဖို့အတွက် အလွန်အလုပ်များနေခဲ့သောကြောင့် ပညာတတ်လူငယ်များကို တပ်မဟာခေါင်းဆောင်ဆီသို့ ပြန်ပို့ဖို့အတွက်ဆိုသည့် ကိစ္စကို တကယ်ပင် မေ့လျော့နေခဲ့သည်။

 

သို့သော်လည်း လင်းကျန်းအန်းသည်ကား ကမ္ဘာကြီးကို မြင်ဖူးပြီးသားသူဖြစ်ပြီး၊ စက္ကန့်ဝက်မျှသာ အပြစ်ရှိသကဲ့ဟု ခံစားခဲ့ရပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

 

အဆင်ပြေပါတယ်၊ အခုက စောနေသေးတာပဲ ငါတို့တွေ မွန်းလွဲပိုင်းမတိုင်ခင် အချိန်မီပြန်ရောက်နိုင်တယ်

 

ထို့အပြင် ဤကိစ္စအတွက်လည်း အကြောင်းပြချက် ရှိပြီးသားပင်ဖြစ်သည်။ သူ့အနေနဲ့ သူ့သမီးနှင့် ပြန်လည်တွေ့နေခဲ့သောကြောင့် မနေ့ညက အဖွဲ့ထဲသို့ ပြန်မလာနိုင်ခဲ့သလို မနက်အစောကြီးလည်း ပြန်မလာခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် သူသည်ကား အကြိမ်များစွာ တစ်ယောက်တည်း သွားလာနေတတ်သူဖြစ်သောကြောင့် ခေါင်းဆောင်မှာ သူ့ကို စိတ်ချနိုင်ပြီး တခြားအတွေးများ တွေးနေမည်မဟုတ်လောက်ပေ။

 

သူ ပြန်သွားသည့်အချိန်တွင် ခေါင်းဆောင်ထံမှ ပညာပေးစကားအနည်းငယ်ခန့် ကြားရနိုင်ချေရှိသော်လည်း ကြီးကြီးမားမားတော့ မဖြစ်နိုင်လောက်ပါချေ။

 

ထိုသို့ တွေးတောပြီးသည်နှင့် လင်းကျန်းအန်းမှာ စိတ်မပူတော့ပါချေ။

 

လင်းတာ့ကျွမ်းလည်း သူပြောသည့်စကားများကို ကြားလျှင် အမှန်တကယ်ပင် မည်သည့်အရာမျှ ဖြစ်မလာလောက်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ခေါင်းကိုသာ ကုတ်လိုက်ပြီး မည်သည့်စကားမျှ ဆက်မပြောတော့ချေ။

 

မထင်မှတ်ပဲ သူတို့ နောက်ထပ်မိနစ်အနည်းငယ်လောက်ကြအောင် လမ်းလျှောက်သည့်နှုန်းအတိုင်း ဆက်သွားနေခဲ့ပြီးသည့်နောက်တွင် သူတို့၏ အရှေ့ဘက်မှ လာနေသည့် စစ်စိမ်းရောင်ဂျစ်ကားတစ်စီး ချဉ်းကပ်လာတာကို ရုတ်တရက် တွေ့လိုက်လေ၏။

 

ပထမတွင် လင်းကျန်းအန်းနှင့် လင်းတာ့ကျွမ်းတို့မှာ ကားကို အလေးအနက်မထားခဲ့ကြပါချေ။ လင်းတာ့ကျွမ်းကတော့ သူ၏ဘဝတွင် ဂျစ်ကားတစ်စီးကို ပထမဆုံးအကြိမ်မြင်ဖူးသည့်အတွက် ထူးဆန်းစွာဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။

 

 

သူက ကားကိုညွှန်ပြပြီး တုံးအအနှင့် ရယ်ချင်စဖွယ်ကောင်းသည့် မျက်နှာထားဖြင့် လင်းကျန်းအန်းဆီသို့ ပြောလာခဲ့သည်။

 

ဦးလေး၊ ကျွန်တော်တို့ရဲ့ ဒီလိုနေရာသေးသေးလေးဆီကို ဒီလိုမျိုး ဂျစ်ကားတစ်စီး ဖြတ်သန်းလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး!

 

လင်းကျန်းအန်းက ခပ်တိုးတိုး အသံတစ်ချက်ပြုကာ ထိုဂျစ်ကားဆီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်ကာ သူ့၏လှည်းကိုသာ ဖြည်းညှင်းစွာ ဆက်လက် မောင်းနှင်လိုက်သည်။

 

ထိုဂျစ်ကားက မည်မျှပင်ကောင်းမွန်နေပါစေ ထိုကား၏ပိုင်ရှင်က သူ၏သမီးဖြစ်သူကို တင်ကာ မောင်းနှင်ပေးရန် မဖြစ်နိုင်ပါချေ။

 

သူကတော့ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏သမီးကို ဤနေရာမှ ရှုခင်းများအားလုံးကို သေသေချာချာခံစားကြည့်ရှုနိုင်ရန်အတွက် သူ နှစ်သက်သသည့်အတိုင်း လမ်းလျှောက်သည့်နှုန်းထားဖြင့် လှည်းကိုမောင်းနှင်ပေးနိုင်သည်။

 

သို့သော်လည်း လင်းကျန်းအန်းမှ အကြည့် ပြန်လည်ရုတ်သိမ်းလိုက်ပြီး နောက်တစက္ကန့်တွင် လင်းတာ့ကျွမ်းက တုံ့ဆိုင်းသည့် လေသံဖြင့် ပြောလာခဲ့သည်

 

ဦးလေးကျန်းအန်း၊ အဲဒီကားက ကျွန်တော်တို့ဆီကို လာနေတယ်လို့ ဘာလို့ခံစားနေရတာလဲမသိဘူး

 

  

လင်းကျန်းအန်းက သူတို့မှာ လမ်းချင်းတူနေရုံသာဖြစ်ကြောင်း ပြောချင်ခဲ့သည်။ အကယ်၍ ကားက သူတို့ဘက်သို့ မတိုးလာခဲ့ပါက ဘေးဘက်တွင်ရှိသည့် ချောက်ကမ်းပါးဆီသို့ ထိုးဆင်းသွားနိုင်သည် မဟုတ်ပါလား။

 

ရလဒ်အနေနဲ့ သူ ပြန်မပြောရသေးခင်တွင် သူတို့၏ အရှေ့မှ အလွန်ပျော်ရွှင်နေသော်လည်း အနည်းငယ်လည်း မယုံကြည်နိုင်မှုများ ရောနှောနေသည့် ဒုတိယဦးလေး ဟူသော ခေါ်သံကို ကြားလိုက်ရတော့သည်။

 

လင်းကျန်းအန်း: ?

 

သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူတို့၏ရှေ့တွင် ရပ်သွားသည့် ဂျစ်ကားဆီကို သတိလက်လွတ် လှမ်းကြည့်လိုက်မိသည်။

 

ထို့နောက်တွင် ကားထဲတွင် ထိုင်နေသည့် သူ့၏ တူလေးနှစ်ယောက်ကို မြင်လိုက်ရသောကြောင့် စိတ်ရှုပ်ထွေးသွားရတော့သည်။

 

သူတို့က ဘာလို့ ဒီကို ရောက််လာကြတာလဲ?