Chapter 122
ဖေဖေယွမ်က ယနေ့ည နှစ်သစ်ကူး စားသောက်ပွဲအတွက် ပြင်ဆင်မှုများပြီးဆုံးသွားပြီဖြစ်သည်။
ဝမ်လေးက အိမ်လုပ်ဖက်ထုပ်များကို စားရသည်ကို နှစ်သက်သည်။ သူ၏ပန်းကန်လုံးထဲတွင် ဖေဖေယွမ်က သူ့အတွက် အထူးတလည်ပြုလုပ်ထားသော ဖက်ထုပ်ပိစိလေးများ ပါဝင်သည်။ ဗိုက်ဆာနေသော ကလေးလေးက ဖက်ထုပ်တစ်ခုကို တစ်ကိုက်တည်းဖြင့် စားပစ်လိုက်သည်။ တစ်ခုပြီးတစ်ခု စားပြီးသည့်နောက်တွင် သူ့ပန်းကန်လုံးတစ်ခုလုံးပြောင်စင်သွား၍ ထပ်လိုချင်လာသည်။
စုန့်ထင်ရှန်းက သာမန်အချိန်တွင် အရက် အလွန်အကျွံသောက်တတ်သူ မဟုတ်ပေ။ သို့သော် ယနေ့တွင် စိတ်ခံစားချက်အလွန်ကောင်းနေ၍ ဘီယာပုလင်းကိုဖွင့်ပြီး ဖေဖေယွမ်နှင့်အတူ သောက်နေကြသည်။ သူတို့နှစ်ယောက်က အကျင့်ချင်းမတူညီကြ၍ စကားပြောခဲသည်။
အမှန်တွင် ဖေဖေယွမ်က သူ့ကိုယ်သူ စုန့်ထင်ရှန်းထက် နိမ့်ကျသည်ဟု ခံစားရ၍ ယောက္ခထီးတစ်ယောက်ပုံစံအတိုင်း မပြုမူမိပေ။ သူတို့စကားပြောသည့်အခါတိုင်းတွင် စုန့်ထင်ရှန်းကို ချီးကျူးနေသည်က ပိုများသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ စုန့်ထင်ရှန်းက ချမ်းသာသောကြောင့် မဟုတ်ပေ။ သူ၏အတွေးက အလွန်ရိုးစင်းလှသည်။ အကယ်၍ သူ့သမက်ကို ကောင်းမွန်စွာဆက်ဆံပါက စုန့်ထင်ရှန်းကလည်း သူ့သမီးကို ကောင်းကောင်းဆက်ဆံလိမ့်မည်ဟု တွေးလေသည်။
စုန့်ထင်ရှန်း ဘီယာသောက်နေသည်ကို မြင်သောအခါ ဖေဖေယွမ် ဝမ်းသာမိသွားသည်။ ဘီယာနှင့် ဝိုင်အနည်းငယ်သောက်ပြီးချိန်တွင် စုန့်ထင်ရှန်း မူးလာပြီး ရင်ထဲမှ ခံစားချက်များ ပွင့်ထွက်လာသည်။ ပုံမှန်အချိန်တွင် တသီးတသန့်နေတတ်သော ယောက်ျားနှစ်ယောက်မှာ ယခုအခါတွင် မရပ်မနားစကားပြောနေကြသည်။ မေမေယွမ်က သူ့ကိုမျက်ရိပ်ပြနေသည်ကိုပင် ဖေဖေယွမ်က မမြင်ပေ။
မေမေယွမ်တစ်ယောက် မျက်စိမှိတ်ပြရသောကြောင့် မျက်ခွံများကျိန်းစပ်လာသည့်အတွက် အရှုံးပေးလိုက်ရသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်ကိုထားခဲ့ပြီး ယွမ်ရှနှင့်တူတူ ဧည့်ခန်းထဲတွင် တီဗီသွားကြည့်နေတော့သည်။
မေမေယွမ်နှင့် ယွမ်ရှတို့က စုန့်ထင်ရှန်းတို့နှင့် တစ်ခန်းတည်းမဟုတ်သော်လည်း သူတို့ပြောမည့်စကားများကို ကြားရသည်အထိနီးသည်။ ထို့ကြောင့် မေမေယွမ်က ယွမ်ရှနှင့် စကားပြောရန် တွန့်ဆုတ်နေမိသည်။
သို့ရာတွင် မေမေယွမ်၏ အမူအရာကိုကြည့်ရုံဖြင့် ယွမ်ရှက သူမ ဘာပြောချင်သည်ကို သဘောပေါက်သွားသည်။ မေမေယွမ်၏ ဆန္ဒက ယွမ်ရှကို စုန့်ထင်ရှန်းနှင့်အတူ ကောင်းမွန်စွာ နေထိုင်စေလိုခြင်းဖြစ်သည်။
ယွမ်ရှ စိတ်ထဲတွင် တွေးနေမိသည်။
ကောင်းမွန်တဲ့ ဘဝဆိုတာ ဘယ်လိုပါလိမ့် ...
သူမ၏ လက်ရှိအခြေအနေကို စဉ်းစားကြည့်လိုက်သောအခါတွင်လည်း အလွန်ဆိုးရွားနေသည် မဟုတ်ပေ။ ဝတ္ထုထဲမှ သူမဇာတ်ကောင်မှာ ချောမောလှပပြီး ငွေရှိ၍ လွတ်လပ်ကာ ချစ်စရာကောင်းသည့် သားလေးတစ်ယောက်ရှ်ိသည်။ သူမတွင် မရှိသည်က အချစ်တစ်ခုသာဖြစ်သည်။
အချစ်ဆိုတာ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ အရာကြီးလဲ ...
လက်ရှိ အခြေအနေအရ သူမတွင် ရွေးချယ်စရာနှစ်ခုသာရှိသည်။ စုန့်ထင်ရှန်းနှင့် အတုအယောင်လက်ထပ်မှုကို အဆုံးသတ်ကာ အချစ်ကို တစ်နေရာရာတွင် ရှာဖွေရန် သို့မဟုတ် သူ့ရှေ့တွင်ရှိနေသော စုန့်ထင်ရှန်းဟူသည့်အမျိုးသားကိုသာ ချစ်ရန်ကြိုးစားကြည့်ရန်သာဖြစ်သည်။
သို့ရာတွင် နှစ်ခုလုံးကို သူမ စိတ်မဝင်စားပေ။
***
ညစာစားပြီးသည့်နောက် အိမ်အပြန်တွင် ယွမ်ရှသာ ကားမောင်းလာလေသည်။ စုန့်ထင်ရှန်းက အရက်သောက်နေကျလူ မဟုတ်သဖြင့် အနည်းငယ်သောက်ပြီးသည်နှင့် မူးသွားပြီဖြစ်သည်။
ဝမ်လေးက ကလေးထိုင်ခုံတွင်ထိုင်နေပြီး သူ့အဖေနှင့် လေးနက်သည့် ကိစ္စတစ်ခုကို ဆွေးနွေးနေသည်။
" ပါပါး ... မိန်းကလေးတွေက ဘာလို့ အမှန်တရားကို လျစ်လျူရှု့ကြတာလဲ ... အလိမ်အညာတွေကို ကြားရတာ သဘောကျလို့လား..."
ဝမ်လေးက သိုသို၏ အပြုအမူကို မစဉ်းစားပဲ မနေနိုင်အောင် ဖြစ်နေသည့်ပုံပင်။ သူမ ဒေါသတကြီးဖြင့် ပြေးထွက်သွားပြီး သူနှင့် ကစားရန်ငြင်းပယ်လိုက်စဉ်က သူ့ကိုကြီးကြီးမားမား သက်ရောက်သွားပုံရသည်။ ထိုသို့မဟုတ်ပါက သူ၏ရွှေငါးအကျင့်စရိုက်ဖြင့်ဆိုလျှင် ဖြစ်ပျက်ခဲ့သည်များကို မေ့သွားနိုင်ပြီဖြစ်သည်။(ရွှေငါးမှတ်ညဏ်ကမိနစ်ပိုင်းသာရှိလို့)
ကားမောင်းသည်ကိုသာ အာရုံစိုက်နေသည့် သူ့ဇနီးကို တစ်ချက်ကြည့်ပြီးနောက် စုန့ထင်ရှန်း ပြန်ပြောလိုက်သည်။
" ပါပါးက မိန်းကလေးမဟုတ်တော့ သူတို့ခံစားချက်တွေကို နားမလည်ဘူးလေ ... "
အသက်သုံးဆယ်ကျော်လာသည်အထိ သူက အမျိုးသမီးများ၏ အတွေးနှင့် ခံစားချက်များကို လေးနက်စွာ မတွေးခဲ့မိချေ။
" ဒါဆိုရင် ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးက ဘယ်သူလို့ ပါပါးထင်လဲ ..."
ဝမ်လေးက စိတ်လှုပ်ရှားစွာမေးလိုက်သည်။
ယွမ်ရှ အနည်းငယ် ကသိကအောက်ဖြစ်သွားမိသည်။ စုန့်ထင်ရှန့်က ကလေးရှေ့တွင် လိမ်မပြောသည်ကို သူမသိ သည်။
ဒါက သူ့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းကိုသိရဖို့ အခွင့်အရေးကောင်းပဲမလား ...