Chapter 56
ချိုမြိန်မှု။
နာမည်ကြီးအနုပညာရှင်တွေ၏Weiboကို သူတို့ရဲ့ PR(Public Relationship-ပေါင်းကူးဆက်ဆံရေး)တွေက အမြဲထိန်းချုပ်ထားလေ့ရှိသည်။ သူတို့သည် မရေတွက်နိုင်သောမျက်လုံးများ၏စောင့်ကြည့်ခြင်းကိုခံရတာကြောင့် စကားတစ်ခွန်းလောက်ပဲမှားယွင်းစွာပြောမိလျှင်တောင် ပြဿနာပေါင်းစုံဖြစ်စေနိုင်သည်။
အနုပညာရှင်များသည် အတင်းအဖျင်းစကားများကို မထင်မှတ်ဘဲသဘောကျသွားသည့် ဖြစ်ရပ်တွေလည်းများစွာရှိပေမယ့် ဘယ်ဟာကတကယ့်မတော်တဆဖြစ်ရပ်လဲ ဘယ်ဟာတစ်ခုခုဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သည့်ဖြစ်ရပ်လဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ ထိုကိစ္စကိုဖန်တီးသည့်အနုပညာရှင်သာသိနိုင်ပေသည်။
စုယိ၏Weiboကိုလည်း ထိုနည်းတူစွာ ကုမ္ပဏီကထိန်းချုပ်ထားသည်။ အထူးသဖြင့် ဝူရွှယ်က သူမဘယ်လိုလူလဲဆိုတာသိသောကြောင့် သူမကို သူမ၏ကိုယ်ပိုင်Weiboမှာ ပို့စ်တင်ခွင့်မပေးခဲ့ပေ။ သို့ပေမယ့် သူမသာပို့စ်တင်ချင်လျှင် ဝူရွှယ် သူမကို ဘယ်လိုလုပ်ထိန်းချုပ်နိုင်မှာတဲ့လဲ။
ဝူရွှယ် သူမကိုဆူတောင်မဆူနိုင်တော့ပေ။ သူမ၏အနုပညာရှင်က လူတွေကိုအေးအေးဆေးဆေးအနားယူခွင့်လုံး၀မပေးချေ။
ယခုချိန်၌ စုယိသည် ချူယင်းပခုံးကိုမှီ၍ ဖုန်းကစားနေ၏။
ထို၂နာရီအတွင်း၌ Anipop၏နောက်ခံသီချင်းကိုပြင်ဆင်ပြီးသွားသောကြောင့် ချူယင်းသည် သူကြည့်နေသောဖိုင်များမှ အကြည့်လွှဲလိုက်သည်။
"ဘာလို့ ထပ်ပြီးနှာချေနေရတာလဲ"
သူမျက်မှောင်ကြုတ်၍ သူမနှဖူးကိုစမ်းကြည့်လိုက်သည်။
စုယိသည် အခြားblockတုံးတွေကိုဆက်ကာ ပျောက်သွားအောင်လုပ်ပြီး ပြောလိုက်သည်။
"တကယ်နေကောင်းနေပြီ အဲဒါ ကျွန်မကိုမုန်းတဲ့သူတွေ ကျွန်မ မကောင်းကြောင်းထိုင်ပြောနေကြလို့ဖြစ်မယ်"
သူမပြောပြီးပြီးချင်း gameမျက်နှာပြင်ကပျောက်သွားပြီး ဝူရွှယ်၏ဖုန်းခေါ်ဆိုမှုက မျက်နှာပြင်ပေါ်တွင်ပေါ်လာသည်။
“လေယာဥ်ပေါ်ကဆင်းပြီလား”
"အခုဘဲရောက်တာ"
ဝူရွှယ်၏အသံသည် အတော်လေးကိုပင်ပန်းနေပုံပေါ်သည်။
"နင့်ရဲ့အချစ်ရေးကိုဘဲဂရုစိုက်ပြီး ငါ့ကို ဒီ၂ရက်မှာ အေးအေးဆေးဆေးလေးနားခွင့် မပေးချင်ဘူးလား"
"ငါလည်းဂရုစိုက်နေတာပဲ မဟုတ်ဘူးလား"
စုယိရှုပ်ထွေးသွားပြီး သေချာပြန်စဥ်းစားလိုက်သည်။
' သူမ ဘာမှမလုပ်ခဲ့ပါဘူး။ '
"ငါဘာလုပ်လို့လဲ"
"ဘယ်လိုထင်လဲ"
"ငါတကယ် ဘာမှမသိဘူး ဒီနေ့တစ်နေ့လုံး ဟိုတယ်မှာရှိနေခဲ့တာ"
သူမ မသေမချာပြောလိုက်ပြီး လိုက်ကာတွေဘက်ကို ကြည့်လိုက်သည်။
"ပြီးတော့ လိုက်ကာတွေကိုလည်း သေသေချာချာပိတ်ထားပါတယ် တကယ်ပြောတာ"
"...နင်သေသေချာချာပိတ်မထားရင်တောင်မှ ဘယ်သူမှချူယင်းကိုဓါတ်ပုံရိုက်ရဲမှာ မဟုတ်ဘူး"
ဝူရွှယ် သူမနှင့်အဓိပ္ပါယ်မရှိတာတွေပြောမနေတော့ဘဲ "ဝူခဲ့နဲ့ထူကျင့်လန်ရဲ့အရှုပ်အထွေးကိစ္စတွေမှာ ဘာလို့ကိုယ့်ဘာသာကိုယ်အဓိပ္ပါယ်မရှိ ဝင်ပါရတာလဲ"
စုယိ မှားယွင်း၍စွပ်စွဲခံနေရတာလို့ခံစားမိပြီး "ဘယ်သူက ဝင်ပါလို့လဲ"
"နင်..."
ဝူရွှယ် စကားတစ်ဝက်မှာရပ်လိုက်ပြီး အချိန်ကြာမှဆက်ပြောသည်။
"သူတို့ရဲ့အတင်းအဖျင်းပို့စ်တွေမှာ နင့်ရဲ့accountက likeပေးထားတာ နင်သိလား"
စုယိခဏလောင်ငြိမ်သွားပြီး "...တကယ်ကြီးလား"
သူမသူငယ်ချင်းသည် သူမလုပ်ခဲ့တာအတွက် အမြဲတမ်း ဝန်ခံရဲသည်။ ဝူရွှယ်မျက်မှောင်ကြုတ်လိုက်ပြီး သူမစကားကြောင့် ဒေါသပိုထွက်လာရသည်။
"တကယ်ပဲ မှားနှိပ်မိတာလား"
စုယိက သူမအပေါ်လွှဲချဖို့ကြိုးစားသည်။
"အဲဒါနင်လည်းဖြစ်နိုင်တာပဲ အဲဒီပို့စ်ကိုကြည့်ရင်း မတော်တဆနှိပ်မိသွားရင်ရော"
"ပရိတ်သတ် ၂သန်းကျော်ရှိတဲ့Weibo accountကို ဘယ်သူကသုံးပြီး လျှောက်သွားနေရမှာလဲ?"
“… ဒါဆိုဘာလို့ un-likeမလုပ်တာတုန်း”
“အဲဒါ ၂နာရီတောင်ကြာနေပြီလေ ဘယ်လိုလုပ်ရမှာလဲ”
စုယိ 'ကျစ်'စုပ်သပ်လိုက်သည်။ သူမ ထိုပို့စ်ကို likeပေးပြီးပြန်တင်ချင်သော်လည်း ထိုသို့လုပ်လိုက်မည်ဆိုပါလျှင် သူမအရှုပ်အထွေးတွေကြားထဲရောက်သွားပေလိမ့်မည်။
နောက်ပြီးအနာဂါတ်မှာ သူတို့အကြောင်း ကောလဟာလတစ်ခုထွက်တိုင်း သူမ၏နာမည်လည်းပါဝင်နေပေလိမ့်မည်။ စဥ်းစားကြည့်ရုံနှင့်ပင် အလွန်စိတ်ပျက်ဖို့ကောင်းလှသည်။
သို့ပေမယ့် လွန်ခဲ့သော၂နာရီက သူမlikeပေးခဲ့သည်ဆိုတာကိုကြားပြီး စုယိ အဆုံးထိလုပ်မယ်လို့ တစ်ခါတည်းဆုံးဖြတ်လိုက်သည်။
"ငါlikeပေးပြီးသွားပြီ ဒါကြောင့် ငါသေမယ်ဆိုရင်တောင် unlike ပြန်မလုပ်ဘူး"
သူမမတ်မတ်ထထိုင်လိုက်ပြီး "ငါ့accountကိုခိုးသုံးပြီး unlike ပြန်မပေးနဲ့ ငါ့ကိုသူရဲဘောကြောင်တယ်လို့ထင်သွားကြလိမ့်မယ်"
ဝူရွှယ် စကားဆက်ပြောလို့မရတော့မှန်း သိလိုက်သည်။ ထို့အပြင်တက္ကစီကလည်း ဆေးရုံသို့ရောက်နေပြီဖြစ်၏။
"ဟုတ်ပြီ ဒီအကြောင်းကိုဆက်မငြင်းတော့ဘူး ရှန်ဟိုင်းကိုပြန်ရောက်မှ ဆက်ပြောကြတာပေါ့ ဒီမှာလည်း ဖြေရှင်းဖို့ကိစ္စတွေရှိနေသေးတယ်"
ဖုန်းချပြီးနောက် စုယိပြန်လှဲချလိုက်သည်။
ချူယင်း သူမကိုကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ"
စုယိ သူမဖုန်းကနေ သူ့မျက်လုံးတွေဆီအကြည့်လွှဲလိုက်ပြီး "...ဖျော်ဖြေရေးသတင်းတွေကိုကြည့်နေတုန်းမှာ မတော်တဆlikeပေးမိသွားတာ"
"အဲဒါ ဘာဖြစ်လို့လဲ"
"ဘာမှတော့အများကြီးမဖြစ်ပါဘူး"
စုယိ Weiboကိုဖွင့်ပြီး ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း အခကြေးငွေပေးထားသောပိုစတာတွေနှင့် မီဒီယာaccountတွေက သူတို့ပို့စ်အသစ်တွေတင်တဲ့အခါ သူမကိုmentionခေါ်ထားကြသည်။
"ကျွန်မရဲ့ main pageမှာရှိတဲ့လူတိုင်း ကျွန်မအဲဒီပို့စ်ကိုlikeပေးထားတာ တွေ့သွားရုံပါပဲ..."
ထိုမီဒီယာတွေရဲ့ ကောက်နုတ်ချက်စာသားတွေက တကယ်တစ်ခုခုတော့တစ်ခုခုပဲ။
"စုယိသည် သူမ၏တရားဝင်accountနှင့်likeပေးခဲ့သည်"
"စုယိက ကိစ္စတွေကိုရှုပ်ထွေးအောင်လုပ်နေတာပဲ"
"ဖျော်ဖြေရေးနယ်ပယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ စုယိကဖော်ထုတ်လိုက်တာပဲ" လိုမျိုးကောက်နုတ်ချက်စာသားတွေ စတင်ရေးသားလာကြသည်။
အဆုံးမှာတော့ မီဒီယာဌာနတွေကတောင် သူတို့က ရိုက်ကူးရေးအဖွဲ့ချင်းတူကြောင်းထောက်ပြလာကြပြီး သူတို့၃ယောက်ကြားက သုံးပွင့်ဆိုင်အချစ်-အမုန်း (love-hate triangle)ဆက်ဆံရေးအကြောင်းကို စာလုံးပေါင်ထောင်ချီပြီး စာအရှည်ကြီးတွေရေးသားလာကြသည်။
ကြက်ဟင်းခါးသီးလိုမျိုး သူမမျက်နှာကရှုံ့တွသွားသည်။
ချူယင်းတစ်ယောက် ထိုရယ်စရာကောင်းသောမျက်နှာကိုတွေ့လိုက်ရသည်။ ထို့နောက် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူမမျက်ခုံးများကြားရှိအတွန့်လေးကို ဖြေလျော့ပေးလိုက်သည်။
"မင်း အဲဒါကိုlikeပေးပြီးပြီပဲ အဲဒီအကြောင်းစဥ်းစားမနေနဲ့တော့"
"အဲဒီမီဒီယာတွေက အဓိပ္ပါယ်မရှိတာတွေပြောနေတာကို ရှင်မသိပါဘူး"
သူမ ဖုန်းကို သူ့ရှေ့သို့လှည့်လိုက်ပြီး လှုပ်၍ပြလိုက်သည်။ ထို့နောက်သူမဘက်သို့ပြန်လှည့်ကာ commentတွေကိုဆက်ကြည့်နေသည်။
"commentတွေထဲမှာလည်း ကျွန်မပရိသတ်တွေက ကျွန်မကိုအရှုပ်အထွေးတွေမှာဝင်မပါဖို့ မိဘတွေလိုမျိုးပြောနေကြတယ်..."
ချူယင်းကုမ္ပဏီကိုလွှဲပြောင်းယူပြီးနောက် သူပထမဆုံးလုပ်ငန်းချဲ့ထွင်သောနယ်ပယ်သည် ဖျော်ဖြေရေးနယ်ပယ်ဖြစ်သည်။ အစ၌ သူတို့က ရင်းနှီးမြုပ်နှံချင်ရုံပင်။ ယခုတော့ သူတို့ကကုမ္ပဏီအနည်းငယ်ကိုဝယ်ကာ ပေါင်းစည်းလိုက်ပြီး ဖျော်ဖြေရေးနယ်ပယ်၏အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် ကြံရွယ်ထားသည်။
အချက်အလက်တွေအရ ဖုံးကွယ်ထားသောအရာတွေ၊ ထုတ်မပြောအပ်သောစဥ်းမျဥ်းတွေနှင့်ပြည့်နေသော ယင်းနယ်ပယ်တွင် သူသဘောကျလောက်စရာအချက်ကို လုံး၀ ရှာမတွေ့ပေ။ သို့ပေမယ့် စုယိနှင့်သိပြီးနောက် နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုသောအကြောင်းပြချက်ကို သူ ရှာတွေ့ခဲ့သည်။
"အဆင်ပြေပါတယ်"
သူမ၏နားရွက်လေးကို ဖြစ်ညှစ်လိုက်ပြီး "မင်းလုပ်ချင်တာဘာကိုပဲဖြစ်ဖြစ် လုပ်လို့ရတယ်"
စုယိကပြုံးလိုက်ပြီး "ကျွန်မကို ကူညီပေးမှာလား"
"အင်း"
ချူယင်း လက်ကိုအောက်ချလိုက်ပြီး "ပြီးတော့ ကိုယ် မင်းကို ကူပြီးလည်းနှိပ်ပေးအုံးမယ်"
စုယိက ကလိထိုးခံရမည်ကိုကြောက်သောကြောင့် ရယ်ပြီးအဝေးသို့ရွှေ့လိုက်သည်။
"ဗိုလ်ကြီးယင်း ကျွန်မတို့ဒါကို နေ့ခင်းကြီးမှာလုပ်ဖို့ တိုက်တွန်းနေတာလား"
'ဗိုလ်ကြီး'လို့ ခေါ်တာကြားပြီး ချူယင်း၏နှလုံးခုန်နှုန်းက ပိုမြန်သွားသည်။ သူ့လက်ကိုဆွဲထုတ်လိုက်ပြီး စာရွက်စာတမ်းတွေကို ဆက်ကြည့်နေလိုက်သည်။
ဟိုတယ်မှာ တစ်နေ့လုံးနေပြီးနောက် ညအချိန် သူရေချိုးနေစဥ် တံခါးဘဲလ်ကမြည်လာသည်။
ယခုလေးတင်ချူယင်းမှာထားတာကိုလာပို့တာဖြစ်ရမည်ဟု စုယိစိတ်ထဲ၌တွေးလိုက်သည်။
သူမ ဇာတ်ညွှန်းကိုအောက်ချလိုက်ပြီး ထသွားလိုက်သည်။ သူမတံခါးကိုဖွင့်လိုက်ရာ ဝတ်စုံပြည့်ဝတ်ထားသောလူတစ်ယောက်အပြင်ဘက်၌ ရပ်နေတာကိုတွေ့လိုက်ရသည်။ သူ့အမူအရာက အရေးကြီးကိစ္စဖြစ်မည့်ပုံပင်။ သူ့လက်နှစ်ဖက်လုံး၌ ပလက်စတစ်အိတ်အကြီးကြီးနှစ်လုံးကို သယ်ထားသည်။
စုယိကြောင်အသွားပြီးနောက် တံခါးကိုအလျင်အမြန်ပြန်ပိတ်လိုက်ပြီး သူခိုးရန်ကာကွယ်ရေးချိန်ကြိုး(anti-theft chain)ကို တပ်လိုက်၍ သတိထားပြီးမေးလိုက်သည်။
"ဘယ်သူလဲ ပြီးတော့ဘယ်သူ့ကိုလာရှာတာလဲ"
အပြင်ဘက်ကလူသည် ချက်ချင်းသဘောပေါက်သွားပြီး "ဟယ်လို ကျွန်တော်က ပစ္စည်းလာပို့တာပါ"
"အာ အို မင်းကဘယ်ကုမ္ပဏီကလဲ"
စုယိ သူ့ကို အထက်အောက်သေချာစွာကြည့်ပြီးနောက် တံခါးကိုအနည်းငယ်ဟကာ သူ့လက်ထဲက ပစ္စည်းတွေကိုယူလိုက်သည်။
"မင်းအလုပ်က ဝတ်စုံပြည့်ဝတ်ရတာလား အတော်လေးဆွဲဆောင်မှုရှိတယ်"
ထိုလူက ကြောင်သွားပြီး "မဟုတ်ဘူး ကျွန်တော်က..."
"ကျေးဇူးပဲ ငါ မင်းကို five-star reviewပေးမယ်"
စုယိစကားဆက်ပြောဖို့ရည်ရွယ်ချက်မရှိတာကြောင့် သူ့ကိုကျေးဇူးတင်စကားပြောပြီး တံခါးကိုပိတ်လိုက်သည်။
သူမ အိတ်တွေကိုဖွင့်ကြည့်နေတုန်းမှာ ချူယင်းသည် ရေချိုးခန်းထဲမှထွက်လာသည်။
"ပစ္စည်းလာပို့တာလား"
"အင်း"
စုယိ အားလုံးကို စားပွဲပေါ်မှာထားပြီးစက္ကူအိတ်တစ်ခုထဲမှ စာရွက်ထုပ်တစ်ထုပ်ကိုမတွေ့ခင်အထိ လျှောက်ဖွင့်ကြည့်နေသည်။
"ဒါက ဘာကြီးလဲ"
"ကုမ္ပဏီ အချက်အလက်တွေ"
"သိပြီ..."
တစ်ခုခုမှားနေတာကို စုယိသတိမထားမိခင်အထိ ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။
"အချက်အလက်ဖိုင်တွေကို ဘာလို့ယူလာခိုင်းတာလဲ"
၂မိနစ်ကြာပြီးနောက် စုယိတံခါးကိုပြန်သွားဖွင့်ကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပင် ဝတ်စုံပြည့်ဝတ်ထားသောလူသည် အပြင်ဘက်၌ ရပ်နေတုန်းပင်။
သူကပြုံးထားပြီး "ဒုက္ခပေးရတာ အားနာပါတယ် ကျွန်တော် ဒါရိုက်တာချူနဲ့ စကားနည်းနည်းလောက်ပြောပြီးရင် ပြန်မှာပါ"
စုယိ သူခိုးရန်ကာကွယ်ရေးချိန်းကြိုး(anti-theft chain)ကို အလျှင်အမြန်ဖြုတ်ပေးလိုက်ပြီး ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည်။
"ကျွန်မတောင်းပန်ပါတယ် ရှင်ကပစ္စည်းလာပို့တာလို့ပြောလိုက်တာကိုကြားပြီး ရှင့်ကိုပစ္စည်းပို့သမားလို့ထင်လိုက်တာ..."
ဆိုဖာပေါ်တွင်ထိုင်နေသောချူယင်းသည် ပြုံးနေပြီး ထိုလူဝင်လာသည့်အခါ အပြုံးက ပျောက်သွားသည်။
"ဒါရိုက်တာချူ"
"ထိုင်ပါအုံး"
ချူယင်းဘေးနားတွင်ရှိသောဆိုဖာအသေးလေးကိုညွှန်ပြပြီးမေးလိုက်သည်။
"ချီလျန်ဒီမှာလုပ်နေတာအားလုံးကို စုံစမ်းပြီးပြီလား"
"ဟုတ်ကဲ့ ဒီဟာက အသေးအဖွဲလေးပါ ကျွန်တော့်မှာ အခြားဖြေရှင်းစရာလေးတွေရှိသေးလို့ မနက်ဖြန်အမှီ ပို့ပေးမယ်လို့စီစဥ်ထားတာ ဒါရိုက်တာချူ ရှန်ဟိုင်းကို ခရီးထွက်သွားမယ်လို့မထင်ထားမိဘူး"
စုယိ ရေချိုးခန်းထဲသို့သွားကာ ထမင်းစားတူကိုဆေးလိုက်သည်။ သူမထွက်လာတော့ သူတို့စီးပွားရေးအကြောင်းဆွေးနွေးနေတာတွေ့သဖြင့် သူမဘယ်နားသွားထိုင်ရမလဲမသိတော့ပေ။ ခဏလောက်စဥ်းစားလိုက်ပြီး အရင်ဆုံး သူမ အိပ်ယာပေါ်မှာဖုန်းဆော့နေဖို့ ဆုံးဖြတ်လိုက်သည်။ သို့ပေမယ့် သူမဆိုဖာဘေးကဖြတ်သွားသည့်အခါ ချူယင်းက သူမလက်ကိုလှမ်းဆွဲလိုက်သည်။
"ထမင်းမစားဘဲနဲ့ ဘယ်သွားမလို့လဲ"
"ရှင်တို့ စီးပွားရေးအကြောင်း ပြောနေတာမဟုတ်ဘူးလား" စုယိမျက်တောင်ခတ်ကာပြောလိုက်သည်။
ချူယင်း ပိုအားထည့်ကာဆုပ်ကိုင်လိုက်ပြီး သူမကို ဆိုဖာပေါ်သို့ ဆွဲယူလိုက်သည်။
"ကိုယ်တို့က စကားပြောစရာရှိတာပြောမယ် မင်းကထမင်းစားစရာရှိတာစားရမယ်"
သူ၏ဝန်ထမ်းသည် သူ့နေရာသူသိပြီး ဗို့အားမြင့်မီးသီးတစ်လုံးလိုမျိုး အခြေအနေကိုလျင်လျင်မြန်မြန် သဘောပေါက်သွားသည်။ သူပြောစရာရှိသည်များကို အလျင်အမြန်တင်ပြပြီး ထကာ ထွက်သွားသည်။
သူ့ သူဌေး၏ အချစ်ရေးအကြောင်း လူသိရှင်ကြားဖော်ပြထားသောဗီဒီယိုတစ်ခုက အင်တာနက်ပေါ်တွင်ပျံ့နှံခဲ့တာကြောင့် ဝန်ထမ်းအားလုံးနီပါး စုယိအကြောင်းကို သိကြသည်။
သူတို့ရှုံးနိမ့်သွားသည်ကိုလက်မခံလိုသော အမျိုးသမီးဝန်ထမ်းအနည်းငယ်လည်းရှိပါသေးသည်။ သူ သူဌေးကိုသွားတွေ့မည်ဆိုတာကြားပြီး သူတို့ထဲကအချို့ကလည်း လိုက်လာချင်နေကြသည်။
သူလိုက်လာခွင့်မပြုလိုက်၍တော်သေးသည်။ ထိုသို့မဟုတ်လျှင် သူဌေး၏အနာဂါတ်ဇနီးလောင်းသည် သူ့အပေါ် မကောင်းမြင်သွားလိမ့်မည်မဟုတ်ပါလား။
သူဝယ်လာသောစားစရာများသည် များပြီးအရသာလည်းရှိသည်။ ဟိုတယ်တစ်ခုမှ မှာယူထားတာဖြစ်နိုင်သည်။
စုယိစားပြီးနောက် ရေချိုးခန်းထဲသို့ဝင်သွားသည်။
သူမ အပြင်အဝတ်အစားတွေကိုချွတ်ပြီးမှ ပုဝါယူမလာမိတာကို သတိရသွားသည်။ အစောတုန်းက ရေချိုးခန်းကစိုစွတ်နေတာကြောင့် သူမပုဝါကို လသာဆောင်မှာထားခဲ့မိသည်။
သူမတံခါးကို ဆွဲဖွင့်လိုက်ပြီး သူမခေါင်းကိုအနည်းငယ်ထုတ်လိုက်ကာ "ဗိုလ်ယင်း ပုဝါယူလာဖို့ ကျွန်မမေ့သွားလို့"
ဖိုင်များကိုလှန်ကြည့်နေသော ချူယင်း၏လက်များရပ်တန့်သွားပြီး ထကာ လသာဆောင်ဆီသို့ ဦးတည်သွားလိုက်သည်။
ခဏကြာတော့ ရေချိုးခန်းတံခါးဆီသို့ လျှောက်လာပြီး ပုဝါကို လှမ်းပေးသည်။
Xxxxxxxxx