Chapter 60
ငါ့ယိလေးကို ဆွဲမထည့်နဲ့...။
ဤအချိန်တွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောပြိုင်ဘက်ကိုမြင်နေရသည်ဟုဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ထူကျင့်လန်မှာမည်ကဲ့သို့ပင်တွေးပါစေ ဒီတိုင်းငြိမ်မနေနိုင်တော့ဘဲ သူမသည် စုယိအား လုံးလုံး စိုစွတ်သွားအောင်ရည်ရွယ်ကာ ခွက်ထဲမှရေများအား တမင်တကာမှောက်ချခဲ့ခြင်းဖြစ်၏။လူအများအပြားရှိနေခြင်းကြောင့် စုယိဘက်မှ အော်ကြီးဟစ်ကျယ်ပြုလာမည်မဟုတ်ဟု ထူကျင့်လန်က အပိုင်တွက်ထားသည်။
သို့သော်လည်း မလိုမုန်းထားမှုများသောကြောင့် သူမသည် ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ဘဲ စုယိ၏ခြေထောက်ကိုသာ စိုစွတ်အောင် လုပ်နိုင်ခဲ့သည်။
တစ်ခဏအတွင်းမှာပင် လေယာဉ်ထွက်ခွာမည့်အချိန်သို့ ရောက်ရှိခဲ့၏။စုယိတို့ သုံးယောက်သားက နေရာမှထလိုက်ကြပြီး business classသို့ ဦးတည်လာခဲ့သည်။
"ထူကျင်လန့်က ဘာတွေတွေးနေတာလဲပဲ...သူ့အပုပ်သတင်းအကြောင်းက အခုထိ လူပြောများနေတုန်းကို လက်ထောက်မပါပဲ အခုလိုလျှောက်သွားနေနိုင်သေးတယ်...လိုင်းပေါ်အတင်ခံရမှာကို မကြောက်ဘူးလားမသိဘူး "
" နင့်ကိုမေးလား "
စုယိက ဝူရွှယ်အား တစ်ချက်တည်း ပွဲသိမ်းပေးလိုက်၏။
စုယိနှင့် ဝူရွှယ်က ဘေးချင်းကပ်အတူထိုင်ခဲ့ပြီး ချူရှီးမှာ သူတို့၏ရှေ့ခုံ၌ နေရာယူခဲ့သည်။သုံးယောက်သား နေရာယူပြီးသိပ်မကြာခင်မှာပင် ထူကျင့်လန်က လေယာဉ်ပေါ်တက်လာခဲ့၏။ထူကျင့်လန်က ဘေးဘီကြည့်ပြီးနောက် ချူရှီး၏နံဘေး၌ဝင်ထိုင်လာသည်။
လမ်းခရီးတစ်ဝက်ရောက်လာသောအခါ လေယာဉ်ဝန်ထမ်းများက သောက်စရာများ လာရောက်ပေးဝေ၏။
"ကော်ဖီပူပူလေးပေးပါ…ကျေးဇူးတင်ပါတယ် " ချူရှီးက လေယာဉ်မယ်အား ပြုံးပြုံးလေးပြောသည်။
" ဧည့်သည်မှာထားတဲ့ကော်ဖီရပါပြီ "လေယာဉ်မယ်လေးက ကော်ဖီတစ်ခွက်ငှဲ့ပေးပြီးနောက် ချူရှီးထံသို့ ကမ်းပေးလာ၏။
ချူရှီးမှာ ပြတင်းပေါက်နှင့်နီးရာ ထိုင်ခုံဘက်တွင် ရှိနေသဖြင့် လေယာဉ်မယ်ကမ်းသောကော်ဖီခွက်အား လက်လှမ်းမမီဖြစ်နေလေသည်။
နောက်ဆုံး၌ ထိုကော်ဖီခွက်မှာ ထူကျင့်လန်ဝတ်ဆင်ထားသည့်ခြောက်သွေ့နေသောအဖြူရောင်ဘောင်းဘီတိုပေါ်သို့ဖိတ်ကျသွားတော့သည်။
"အား...."
ထူကျင့်လန်က အလွန်အမင်းထိတ်လန့်သွားပြီး ထရပ်လိုက်၏။ထို့နောက်သူမ၏ဘောင်းဘီအား တစ်သျူးဖြင့်အမြန်သုတ်သော်လည်း အသုံးမဝင်ချေ။
"ဘာလုပ်လိုက်တာလဲ..အခု..." ထူကျင့်လန်ကလေယာဉ်မယ်အား ပတ်ရမ်းတော့သည်။
" အိုး...ဘယ်လိုလုပ်ရပါ့...အားနာလိုက်တာ သေချာမကိုင်မိလိုက်လို့ပါ "
ချူရှီးမျက်နှာငယ်လေးဖြင့်ပြောလိုက်သည်က ထူကျင့်လန်ပြောခဲ့သောစကားနှင့် တစ်ထေရာတည်းပင်။
ထူကျင့်လန်မှာ ဒေါသထောင်းခနဲထွက်သွားသော်လည်း လူအများက ဝိုင်းကြည့်နေကြသောကြောင့် စိတ်လွတ်လက်လွတ်ပွဲကြမ်း၍မရနိုင်ဘဲ ချူရှီးအား ဝါးစားလုမတတ်ကြည့်နေရုံသာတတ်နိုင်လေသည်။
ထိုအချိန်တွင် စုယိက နေကာမျက်မှန်အား အောက်သို့အနည်းငယ်ချလိုက်ရင်း မေးလာ၏။
" ဘာဖြစ်တာလဲ "
"ဘာမှ မဟုတ်ပါဘူး..."
ထူကျင့်လန်က နှုတ်ခမ်းကိုက်လျက် ဖြေဆိုသည်။
လေယာဉ်ဆိုက်ရောက်ချိန်တွင် ထူကျင့်လန်သည် ကူးစက်ရောဂါအားရှောင်ဖယ်နေသူသဖွယ် လေယာဉ်ပေါ်မှ အမောတကော ပြေးထွက်သွားခဲ့၏။
"ဘယ်လိုလဲ ကိုယ်စား လက်စားချေပေးလိုက်တာလေ..."
ချူရှီးက အလွန်ပင်အားရကျေနပ်နေသောမျက်နှာထားဖြင့် အားပါးတရပြောလာသည်။ဤလက်စားချေခြင်းမှာ ရိုးရှင်းသော်လည်း ချက်ကောင်းကို ထိမိလေ၏။
"နင်လုပ်တာ တော်ပါတယ် ဒါပေမဲ့ နောက်တစ်ခါ ဒီလိုမလုပ်ရဘူး...ငါတို့လည်း ဝဋ်ပြန်လည်မလားလို့ ပြောမရဘူး "
စုယိတစ်ယောက် ရုပ်တည်ဖြင့် တရားဟောနေရင်းနှင့်ပင် လေဆိပ်ထွက်ပေါက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ဖုန်းဝင်လာခဲ့ပြီး စုယိမှာ ဖုန်းနံပါတ်စစ်ကြည့်ပြီးနောက်တွင် ချက်ချင်းပင် ပြုံးဖြီးသွားတော့၏။
"အင်း ပြော..."
" ဘယ်မှာလဲ..."
စုယိက နေကာမျက်မှန်ကိုတပ်ရင်း အေးအေးလူလူပင်ပြန်ဖြေလိုက်သည်။
"ရိုက်ကွင်းမှာလေ..."
ထိုအချိန်တွင် အရှေ့မှ ဦးဆောင်သွားနေသော ဝူရွှယ်၏ခြေထောက်များက ချက်ချင်းပင် ရပ်တန့်သွားပြီး သူမက စုယိထံသို့ဖုန်းထောင်ပြကာ အံ့ဩတကြီးပြောလာသည်။
"နားနေခန်းထဲတုန်းက နင်နဲ့ ထူကျင့်လန်ရဲ့ပုံတွေပြန့်နေပြီ... Hot topicဖြစ်နေတယ်ဟဲ့ "
စုယိမှာမူ ဖုန်းထဲမှပြောစကားကိုသာအာရုံစိုက်၍နားထောင်နေ၏။
"ကိုယ် မင်းကိုတွေ့နေရတယ် " ချူယင်းက အေးအေးလူလူပြောသည်။
"ဟမ်..."
" ဘယ်ဘက်ကိုကြည့် "
စုယိက တစ်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။လူအုပ်များကြားမှ အရပ်ရှည်ရှည် ခပ်ချောချောအမျိုးသားတစ်ယောက်က ဖုန်းကိုလှမ်းမြှောက်ပြပြီး သူမကို ပြုံးပြနေဟန်ထင်ရသော်လည်း အမှန်တကယ်တွင်သူ၏မျက်နှာထားက ထိုသို့ဟုတ်မနေချေ။
ဖုန်းတစ်ဖက်မှ အမျိုးသားက အေးဆေး တည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။
"ကိုယ်ဒီမှာလေ လူလိမ်မလေးရဲ့..."
ထိုလူ၏တိုးညင်းသောအသံက စုယိအား အပြစ်ကျူးလွန်ချင်စိတ်ပေါက်အောင် သွေးထိုးလှုံ့ဆော်နေလေသည်။လူစည်ကားသောလေဆိပ်ထဲတွင်ဖြစ်နေပြီး သူမ၏အနောက်တွင် လူနှစ်ယောက်ပါလာသဖြင့် အခြေအနေမှာနှမျောစရာကောင်းလွန်း၏။
စုယိမှာ ဖုန်းချရန်တစ်စက်ကလေးမှ စိတ်မကူးဘဲ ချူယင်းထံသို့ တည့်တည့်ကြီးပင် ဦးတည်သွားတော့သည်။
သူမသည် လက်နှစ်ဖက်ကိုဆန့်တန်းကာ ရင်ခွင်ကိုဖွင့်ထားခဲ့ပြီး တစ်ဖက်လူအား ချစ်ခြင်းအပြည့်ဖြင့်ပြေးဖက်ရန် ကြံရွယ်ထားသော်လည်း လေထုကိုသာ ဆုပ်ဖမ်းမိ၏။
အဘယ်ကြောင့်ဆိုသော် ချူယင်းက ခြေထောက်တစ်ဖက်ကိုထောင်ကွေးလိုက်ပြီး ကျန်တစ်ဖက်ဖြင့် သူမ၏ရှေ့တွင် ဒူးထောက်လာခဲ့သောကြောင့်ဖြစ်လေသည်။
တစ်ဖက်လူက စုယိ၏ခြေသလုံးအား အသေအချာစစ်ဆေးကြည့်နေပြီး ပတ်ဝန်းကျင်ရှိလူများက သူတို့နှစ်ဦးအား ကွက်ကြည့် ကွက်ကြည့်လုပ်နေကြ၏။
စုယိက သူမ၏maskကို ထပ်မံဆွဲတင်လိုက်ပြီး ချူယင်းအား ခပ်တိုးတိုးမေးလေသည်။
" ဘာဖြစ်လို့လဲ "
" အပူလောင်သွားသေးလား "
ချူယင်းက စုယိအား မော့ကြည့်လျက် ပြန်မေး၏။
" ဟင့်အင်း...ခွက်ထဲကရေက နွေးတယ်ဆိုရုံလေးပါ "
ထိုအခါ စိတ်အေးသွားသောချူယင်းက မတ်တပ်ပြန်ထသည်။
"မင်းရဲ့ ခရီးဆောင်အိတ်က ဘယ်မှာလဲ"
"နှစ်ရက်ပဲနေမှာဆိုတော့ ခရီးဆောင်အိတ် ယူမလာဘူး"
စုယိမှာ " S Y " ဟုချည်ထိုးထားသောကျောပိုးအိတ်ငယ်တစ်ခုအား လွယ်ထားလျက်ရှိပြီး ထိုအချိန်တွင် သူမက လက်နှစ်ဖက်ကို ထပ်မံဆန့်တန်းလိုက်ပြန်သည်။
" ကျန်တာတွေနောက်မှပြော...အရင်ဆုံး ဖက်ကြမယ် "
ချူယင်းက ဘာမှပြန်မပြောပေ။ထို့အစား သူသည် ရိုးရှင်းစွာလှုပ်ရှားလျက် စုယိ၏ခါးတစ်ဝိုက်ကို သိုင်းဖက်ပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်တော့သည်။
ထိုအချိန်တွင် ချူရှီးနှင့်ဝူရွှယ်တို့က အနီးအနားသို့ရောက်ရှိလာကြပြီး ဦးစွာရောက်ရှိသူဝူရွှယ်က ချူယင်းအား နှုတ်ဆက်လေ၏။တစ်ချိန်တည်း၌ပင် အနောက်မှပါလာသော ချူရှီးကလည်း အစ်ကိုဖြစ်သူအား လှမ်းဖဲ့တော့သည်။
" လူမြင်ကွင်းကြီးမှာနော်အစ်ကိုရဲ့ .... ရှက်ရောရှက်တတ် သေးရဲ့လား "
ထိုအခါ ဝူရွှယ့်အားခေါင်းညိတ်ပြနေသောချူယင်းက ချူရှီးအားလှမ်းပြောလိုက်၏။
" ကိုယ့်ဟာကိုယ် တက္ကစီငှားပြီး အိမ်ပြန်တော့ "
“ဟင့်အင်း....ညီမလေးမှာ ပိုက်ဆံမရှိဘူး ”
ယခုအချိန်တွင် အကင်းပါးနေပြီဖြစ်သောချူရှီးမှာ အရှေ့သို့တိုးကပ်လာပြီး စုယိ၏လက်များအား အလျင်အမြန်ပင် အားကိုးတကြီး ဆုပ်ကိုင်လိုက်တော့သည်။
လေဆိပ်ပြင်ပတွင်ဖြစ်လေ၏။
သတင်းထောက်တစ်စုက အနီးအနားတွင် ထိုင်နေကြပြီး လူအုပ်မှာပြန့်ကျဲနေသည်။မီဒီယာကုမ္ပဏီအသီးသီးမှာ တစ်ဖက်မှလက်ဦးမှုရယူသွားမည်ကို ကြောက်ရွံ့ နေပြီး အချင်းချင်း မျက်ခြည်မပြတ် စောင့်ကြည့်နေကြလေ၏။
"ချင်ကော... ဘာလို့ ထူကျင့်လန်ကို အင်တာမဗျူးသေးတာလဲ "
ကြုံရာကျပန်းပစ္စည်းများတိုးလို့တန်းလန်းဖြင့် ဖရိုဖရဲဖြစ်နေသော သတင်းသမားပေါက်စတစ်ဦးက သူ၏ဘေးမှ စီနီယာသတင်းထောက်အား မေးလိုက်သည်။
ထိုအခါတစ်ဖက်မှ စီနီယာသတင်းထောက်က သူ့အား နားရင်းအုပ်တော့၏။
" ပိန်းချက်ပဲ...ထူကျင့်လန် နဲ့ စုယိက လေယာဉ်တစ်စင်းတည်းအတူတူစီးလာကြတာ .... ထူကျင့်လန်အနောက်ကိုလိုက်ရင် စုယိကို လွတ်သွားမှာပေါ့ဟ "
"ဒါပေမဲ့ ထူကျင့်လန်ရဲ့ကိစ္စကလည်း သိပ်မကြာသေးခင်ကမှ ဂယက်ထနေတာလေ "
"သူ့Weibo မှာ စုယိကိုtagပြီး တောင်းပန်စာတင်ထားတာကို မမြင်သေးဘူးလား...သူ့သွားပြီး အင်တာဗျူးလို့ ဘာမှရလာမှာမဟုတ်ဘူး...စုယိက ပိုအရေးကြီးတယ်...သူ့စကားက သတင်းကြီးပိုင်းတောင်ဖြစ်လာနိုင်တယ်ကွ....ခဏနေ စုယ်ိထွက်လာတော့မယ်ထင်တယ်...အသင့်ပြင်ထားပြီး အသားကုန်သာပြေး ကြားလား "
" ဟုတ်ကဲ့ပါ "
သတင်းထောက်ပေါက်စက ခေါင်းတဆတ်ဆတ်ညိတ်လျက် တက်ကြွစွာပြန်ဖြေလိုက်သည်။
များမကြာမီ၌ပင်အရပ်မြင့်မြင့် လူနှစ်ဦးက လေဆိပ်ထဲမှထွက်လာကြ၏။စုယိမှာ အလွယ်တကူမှတ်မိနိုင်သော နာမည်ကြီးများထဲမှတစ်ဦးဖြစ်ပြီး မျက်နှာအားမည်မျှပင် ဖုံးကွယ်ထားပါစေ သူမ၏ပုံပန်းသွင်ပြင်က ထင်ရှားနေဆဲဖြစ်သည်။သူမသည် ကောင်းမွန်စွာ ဝတ်တတ်စားတတ်ပြီး သတင်းထောက်များမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် စုယိအား ချက်ချင်းမှတ်မိသွားကြတော့၏။
သတင်းထောက်ကောင်လေးမှာ မိုက်ခရိုဖုန်းကို ကောက်ယူလိုက်ပြီး မှာကြားထားသည့်အတိုင်း အသားကုန်ပြေးရန်ကြံရွယ်လိုက်သော်လည်း အနောက်မှလက်တစ်ဖက်က သူ၏ပုခုံးအား လှမ်းဖမ်းဆွဲထားသည်။
" ချင်ကော...အဲ့ဒါ စုယ်ိလေ...ကျွန်တော်တို့ မြန်မြန်ပြေးရမယ်...တခြားလူတွေ သူ့ကို မမှတ်မိကြသေးဘူး "
"ဘာကိစ္စ မမှတ်မိရမှာလဲ...အေးဆေးထိုင်နေလိုက်စမ်းပါ "
စီနီယာသတင်းထောက်က ထိုတစ်ယောက်အား ထိုင်ခုံပေါ် ပြန်တွန်းချကာ ခပ်တိုးတိုး ပြော၏။
" ကော...ကျွန်တော်တို့သူ့ကို အင်တာမဗျူးတော့ဘူးလား "
သတင်းထောာက်ကောင်လေးက စိတ်ရှုပ်သွားသည်။
" အေး...စုယိကိုပဲ သွားပြီးတော့မှတ်မိနေလိုက်...အိမ်စာမှန်မှန်လုပ်စမ်းပါ...သူ့ဘေးမှာ ရပ်နေတဲ့လူကို မမြင်ဘူးလား...အလုပ်မပြုတ်ချင်ရင် ငြိမ်နေလိုက်စမ်း "
စီနီယာသတင်းထောက်က အထူအပါးနားမလည်သောကောင်လေး၏ပုခုံးကိုထုရိုက်လိုက်ပြီးနောက်တစ်ကိုယ်တည်းညဉ်းတွားနေ၏။
"တော်တော်ထူးဆန်းတာပဲ...ဘာလို့ Big Bossကြီးတစ်ယောက် အခုလေးတင် ဝင်သွားတာကို မတွေ့လိုက်ရတာပါလိမ့် "
ဝူရွှယ်သည် စုယိတို့နှစ်ဦး အနောက်မှ လိုက်သွားခဲ့၏။လေဆိပ်မှ ထွက်လာပြီးနောက် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း ရင်းနှီးကျွမ်းဝင်နေသောရုပ်သွင်ရှိသည့်လူများကထိုင်စောင့်နေကြပြီး ၎င်းတို့၏လက်ထဲတွင်မူ ပစ္စည်းပစ္စယများ အသီးသီးရှိနေကြသည်။ဤနေရာ၌ချူယင်းရှိနေခြင်းက အလွန်ကောင်းမွန်လှပြီး တစ်ဦးတစ်ယောက်ကမှ အနားလာမကပ်ရဲကြပေ။
ပေကျင်းသို့ ပြန်မလာမီကတည်းက ဝူရွှယ်သည် လေဆိပ်သို့ မီနီဗန်ကားတစ်စင်း စေလွှတ်ပေးရန် ကုမ္ပဏီအားအကြောင်းကြားထားပြီးဖြစ်သည်။စုယိတို့အားမြင်သွားသောကားဆရာက မှန်ချပြီး လက်ပြလာခဲ့၏။
" နင်တို့အရင်သွားနှင့်လိုက်...ငါ ချူယင်းရဲ့ကားကို စီးလိုက်မယ် " စုယိက သူမ၏နံဘေးရှိချူယင်းအား မှီတွယ်လျက်ပြောသည်။
" ဘယ်ကို သဝေထိုးမလို့လဲ...မိတ်ကပ်ပြင်ပေးမဲ့တစ်ယောက်နဲ့ စတိုင်လစ်က နင့်အိမ်မှာစောင့်နေကြပြီ "
" မနက်ဖြန်ညမှမဟုတ်ဘူးလား " စုယိက မေး၏။
"ဒါရိုက်တာချူကိုကျေးဇူးတင်ပါတယ်...ဒီတစ်ခေါက်တော့ ဝတ်စုံခြောက်စုံရှိလို့လေ...အရင်စမ်းဝတ်ကြည့်မှဖြစ်မှာ " ဝူရွှယ်က ချူယင်းအား အေးအေးလူလူရှင်းပြသည်။
" ဘာလို့ငါ့ကိုအရင်ပြောပြမထားတာလဲ "
စုယိက နှုတ်ခမ်းထော်လျက်ဆိုလိုက်၏။
" ငါလည်းအခုလေးတင်သိတာ...သူတို့က အဝတ်ချိတ်ကိုင်ပြီး နင့်အိမ်ရှေ့ရောက်နေကြပြီ "
ကားဆရာမှာ တံခါးဖွင့်ပေးထားပြီး ချူယင်းက စုယိ၏ခါးအား ခပ်ဖွဖွပုတ်နေလျက် နားချတော့သည်။
" ကားပေါ်တက်တော့ "
' အခုပထုတ်ခံနေရတာလား '
" တက်စေချင်ရင် မွမွပေး " စုယိက သနားကမားမျက်နှာပေးဖြင့် ပြောလိုက်၏။
ချူယင်းခမျာ ရယ်ချင်နေသော်လည်း ရုပ်တည်ကြီးကို ထိန်းထားရသည်။
“အရင်တက်လိုက်ပါ”
' တက်သွားရင် ဘယ်လိုလုပ်ပြီးနမ်းလို့ ရတော့မှာလဲလို့ '
စုယိမှာ အလွန်ပင် သနားစရာကောင်းလွန်းနေရ၏။
သူမသည် ဤလူကိုတွေ့ရန်အတွက်နှင့် အထူးခရီးစဉ်တစ်ခုကိုပါစီစဉ်ပြီး တကူးတကလာခဲ့ရသော်လည်း မွမွတစ်ခါပင်မရချေ။စုယိကနှုတ်ခမ်းဆူကာ ကားပေါ်သို့တက်သွားပြီး အစွန်ဆုံးရှိထောင့်ခုံတွင် ကုပ်ကုပ်ကလေးဝင်ထိုင်နေခဲ့သည်။သို့သော်လည်း သူမသည် ချူယင်းကပါ ကားပေါ်လိုက်တက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။
" ရှင်...ရှင်က ဘာလို့လိုက်လာတာလဲ "
"မင်းအိမ်လိုက်ခဲ့မလို့လေ "
"ရှင့်ကားကရော"
"ဒရိုင်ဘာ ခေါ်လာတယ်....သူ့ကို ပြန်မောင်းသွားခိုင်းလိုက်မယ် "
နောက်ဆုံး၌မူ မေမေချူ၏အတောမသတ်နိုင်သောဖုန်းခေါ်ဆိုမှုများကြောင့် ချူရှီးမှာ သူတို့အားနှုတ်ဆက်ပြီး ချူမိသားစု၏ဒရိုင်ဘာနှင့် အတူပြန်လိုက်သွားခဲ့ရသည်။
ဝူရွှယ်မှာ ရှန်ဟိုင်းတွင်စားခဲ့ရသောခွေးစာအား ပေကျင်းရောက်သည်အထိဆက်စားနေရမည်ဟု မျှော်လင့်မထားခဲ့ချေ။သူမသည် စုယိရှိရာဘက်သို့ခဏခဏစောင်းငဲ့ကြည့်ပြီး စကားပြောနိုင်ရန်အခွင့်အရေးရှာနေသော်လည်း အကြိမ်တိုင်း၌ နှုတ်ဆိတ်၍သာ တစ်ဖက်သို့ပြန်လှည့်လာရ၏။
ယခုအချိန်၌ weiboတွင် နားနေခန်းထဲမှ ဓာတ်ပုံများသာမကဘဲ စုယိနှင့်ပတ်သတ်သောသတင်းအချို့လည်း ပြန့်နေသည်။ထိုသတင်းများမှာ သိပ်မကြီးကျယ်သော်လည်း သေးငယ်သောအရေးကိစ္စထဲတွင်လည်း ပါဝင်မနေပြန်ပေ။ပူပူနွေးနွေးတင်ပြီးစဖြစ်သောသတင်းများက လူသိပ်မသိသေးဘဲ ယခုအချိန်သည် ထိုအရာများအားကိုင်တွယ်ဖြေရှင်းရန်အကောင်းဆုံးအချိန်ဖြစ်လေ၏။
ဝူရွှယ်က ခဏတာစဉ်းစားလိုက်ပြီးနောက် ကုမ္ပဏီ၏ PR ဌာနသို့ WeChat မက်ဆေ့ခ်ျအချို့ကိုပေးပို့ခဲ့သည်။
နောက်ထိုင်ခုံ၌ဖြစ်၏။
ချူယင်းက အရာအားလုံးကိုရှင်းလင်းရန်အဆင်သင့်ဖြစ်နေသည်။
"ပြန်လာတာကို ဘာလို့မပြောတာလဲ"
“ အံ့ဩသွားစေချင်လို့လေ...မီဒီယာတွေက အရိပ်အကဲနားမလည်ဖြစ်နေမယ်မှန်း ဘယ်သိမလဲ”
အဆုံးသတ်၌ စပရိုက်ပြန်တိုက်ခံလိုက်ရသူမှာ သူမသာဖြစ်သည်။ရယ်စရာကောင်းလှပေ၏။
___________________________________________