အပိုင်း ၆၁
Viewers 14k

Chapter 61


ငြိမ်းချမ်းသာယာသော ရပ်ဝန်းကလေး။


ယနေ့ခေတ် စစ်သားကိုကိုများသည် မိန်းကလေးများအား အပျော်လုံးဆို့အောင်လုပ်သည့် ကဏ္ဍ၌ တစ်ဖက်ကမ်းခတ် တော်ကြပါသည်လော။


တိုက်ခန်းသို့ ပြန်ရောက်သောအခါ မျှော်လင့်ထားသည့်အတိုင်းပင် မိတ်ကပ်ပညာရှင်နှင့် ဝတ်စုံဒီဇိုင်နာများက အိမ်ပေါက်ဝတွင် စောင့်နေကြပြီဖြစ်သည်။


ထိုထဲမှ မိတ်ကပ်ပညာရှင်က အောက်ပိုင်းကို တွန့်လိမ်နေရင်းပြောလေ၏။


" အရမ်းနှေးတာပဲ...ရမ်ကျားရဲ့ခြေထောက်တွေ ညောင်းနေပြီ "


 [ T/ - ရမ်ကျား : တတိယလူကို ရည်ညွှန်းသည့်နည်းလမ်း]


" ဟုတ်ပြီ ဆက်ပြီးတွန့်လိမ်မနေနဲ့တော့...အရင်ဆုံးဝင်လိုက်... မြန်မြန်အပြီးသတ်ပြီး အိမ်စောစောပြန်မယ်... " ဝူရွှယ်က တံခါးဖွင့်လျက်ဆိုလိုက်၏။


ဤသည်မှာ ချူယင်းအတွက် စုယိ၏အိမ်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းမဟုတ်ချေ။သို့သော်လည်းနောက်ဆုံးတစ်ကြိမ်ရောက်ရှိခဲ့စဉ်ကအခြေအနေမှာ ထူးခြားသည်။ချူယင်းမှာ ထိုအချိန်က ဘေးဘီကိုအေးဆေးကြည့်ခွင့်မရခဲ့ဘဲ တစ်စုံတစ်ယောက်ကိုလှဲချကာ စောင်ဖြင့် ဖုံးပြီးပြီးချင်း ခပ်သုတ်သုတ်ထွက်ခွာခဲ့ရ၏။ယခု၌မူ အိမ်အတွင်းပိုင်းအား လှည့်ပတ်ကြည့်ရန် အခွင့်အရေးရလာသည်။အိမ်အတွင်းပိုင်းမှာ အလွန်ရိုးရှင်း၏။ကြမ်းပြင်တွင် အညိုရောင်ပဲစေ့ဆိုဖာအကြီးကြီးတစ်ခုသာချထားပြီး အပို ပစ္စည်းပစ္စယများမရှိချေ။


စုယိက ဖိနပ်ပုံးထဲမှ မိန်းကလေးစီးဆိုဒ်ကြီး ဖိနပ်ပါးတစ်ရံကို ထုတ်ယူလာပြီး ချူယင်း၏အရှေ့တွင်ချပေးသည်။


ထို့နောက် သူမက ငုတ်တုတ်ထိုင်ကာ မေးထောက်နေရင်း ချူယင်းအား မော့ကြည့်လျက် ပြောလာ၏။


" ဒါအရင်စီးထားလိုက်နော်...ခဏနေယောက်ျားလေးစီးဖိနပ် သွားဝယ်ပေးမယ် "


အခြေအနေအစအဆုံးအား နှဖူးတွေ့ဒူးတွေ့မြင်လိုက်ရသောမိတ်ကပ်ပညာရှင်က လန်ဟွားကျစ် လက်အမူအရာကို လုပ်နေရင်းပြောလာသည်။


 "တို့ ဒီကိုရောက်တာ ခဏခဏပဲ.... တစ်ခါမှဒီလို ဆက်ဆံမခံရဖူးဘူးတော်...ခြေဗလာနဲ့သွားရတဲ့ ဆောင်းတွင်းတွေဆို ခဲသေတော့မလိုပဲ "


 [ T/N - လန်ဟွားကျစ် − လက်ခလယ်နှင့်လက်မကို ထိစပ်ကာ ပြုမူရသော လက်အမူအရာ (ကျန်လက်ချောင်းများကို အားလျှော့၍ဖြန့်ထားပြီး သစ်ခွပန်းပုံနှင့်တူစေရသည်) ၎င်းသည် နုနုရွရွကလေး လှပခြင်းကိုရည်ညွှန်း၏။ ]


ထိုအခါစုယိက ဘုကလန့်တိုက်ပြီး ပြန်လည်ထေ့ငေါ့တော့၏။


" အေးရင် ခြေအိတ်စွပ်ထားလိုက်လေ "


 “….......”


စုယိအဝတ်လဲနေချိန်တွင် ချူယင်းက လသာဆောင်တွင် ရပ်ကာ ဖုန်းပြောနေခဲ့သည်။လေဆိပ်သို့အလောတကြီး ထွက်လာခဲ့ရသဖြင့် ချူယင်းထံတွင် မပြီးပြတ်သေးသောအလုပ်အချို့ရှိနေသေး၏။


ဝတ်စုံများအား နာရီဝက်ခန့်ကြာသည်အထိ ဖန်တရာတေအောင် ဝတ်လိုက်ချွတ်လိုက်လုပ်အပြီးတွင် စုယိ၏စိတ်များက ထိုင်းမှိုင်းသွားသည်။ထို့နောက် သူမသည် အဝတ်အစားပြန်လဲပြီး ကုလားထိုင်ပေါ်သို့ဝင်ထိုင်ရင်း ပြောလိုက်၏။


" အဆင်ပြေတဲ့တစ်စုံရွေးလိုက် "


 "ဟုတ်ပါပြီ" 


မိတ်ကပ်ပြင်ပညာရှင်က စုယိအား ဖောင်ဒေးရှင်းလိမ်းပေးနေရင်း အပြင်ဘက်သို့ ဆတ်ခနဲတစ်ချက်လှည့်ကြည့်သည်။


" သတင်းမှာမြင်တုန်းက ဒီလောက်မခံစားရဘူး...လူချင်းတွေ့တော့မှ တကယ်ကိုအဆင်လေးပဲ...လုံးဝကို တို့ပုံစံလေး "


" စိတ်ကူးနဲ့တောင်မပြစ်မှားနဲ့... ခြေထောက်ရိုက်ချိုးမခံချင်ရင် " စုယိက အေးစက်စွာပြောသည်။


" ဘာလို့အဲ့လောက်ထိ နှလုံးသားမဲ့ရတာလဲ...စကားမစပ် ဝူခဲ့နဲ့က ဘယ်လိုဖြစ်ကြတာလဲ...ရိုက်ကူးရေးအတူတူလုပ်နေကြတာမဟုတ်ဘူးလား "


မိတ်ကပ်ပညာရှင်က အစောပိုင်းတွင်ကြိမ်းမောင်းခံလိုက်ရသော်လည်း သူ၏လက်များက ညင်သာနေဆဲပင်။


" ယောက်ျားလေးတွေရဲ့အတွေးကို ကျွန်မက ဘယ်သိမလဲ..." စုယိက ပြောပြောဆိုဆိုဖြင့် အံကြိတ်ကာ မျက်လုံးများကို မှိတ်ထားသည်။


ထိုအချိန်တွင်ချူယင်း၏‌လေသံက အနောက်ဘက်တစ်နေရာမှ ထွက်ပေါ်လာခဲ့၏။


" မိတ်ကပ်လိမ်းရုံပဲကို...အဲ့လောက်ထိကပ်နေစရာမလိုဘူးထင်တယ် "


" အဲ့လောက်ကြီးနီးလို့လား...တို့က လူရင်းပဲကို နည်းနည်းလေးနီးသွားတာ အပြစ်လား ပြော "မိတ်ကပ်ပညာရှင်က ဖြူစင်သောအမူအရာဖြင့် ကနွဲ့ကလျပြောလိုက်၏။


ချူယင်းသည် ယောက်ျားအရင့်အမာအတော်များများနှင့် ကူးလူဆက်ဆံခဲ့ဖူးသော်လည်း ဤသို့သောလူနှင့်တော့ မဆုံဖူးသေးပေ။ထိုလူသား၏ မျက်နှာအမူအရာက အတော်လေးပင် ကို့ရို့ကားယားနိုင်သွားသည်။


ရယ်ချင်စိတ်ကိုထိန်းထားရသောစုယိက မိတ်ကပ်ပညာရှင်၏ ပါးကို အသာလှမ်းပုတ်လိုက်၏။


 " သဲလေး...မိတ်ကပ်မြန်မြန်ပြင်လေ... ဒီည ကလပ်မသွားတော့ဘူးလား "


ကိစ္စအဝအဝပြီးဆုံးသွားချိန်တွင် ည၈နာရီထိုးသွားပြီး ကောင်းကင်ကြီးက မှောင်ရီနေသည်။စုယိက စားပွဲတစ်ဝိုင်းစာ အစားအသောက်များအား မှာယူပြီး အားလုံးကို တည်ခင်းကျွေးမွေးခဲ့၏။စားသောက်ပြီးချိန်တွင် အနည်းငယ်သောဝန်ထမ်းများကလည်း ထွက်ခွာသွားခဲ့ကြလေပြီ။


စုယိသည် ယခင်အချိန်များ၌ အလုပ်ပြီးလျှင် ပဲစေ့ဆိုဖာပေါ်၌သာ ပျင်းရိပျင်းတွဲ လဲလျောင်းနေလေ့ရှိသော်လည်း ယနေ့တွင်မူ အခြေအနေမှာ မတူညီတော့ပေ။


သူမက ဘေးဘက်ရှိအမျိုးသားထံမှပုခုံးပြင်ကျယ်ကြီးပေါ်တွင် ခေါင်းမှီလျက်သမ်းဝေနေလေ၏။


 "အိပ်ငိုက်နေပြီလား "


စုယိက ရီမုကိုင်ပြီး တီဗွီချန်နယ်များကို ဆက်တိုက်ပြောင်းနေသည်။


" အဆင်ပြေပါတယ်....နည်းနည်းပင်ပန်းလို့ပါ...အခုခေတ် တီဗွီရှိုးတွေက တကယ်ကိုစိတ်ဝင်စားစရာမကောင်းဘူး "


ထိုအချိန်၌ပင် ဖန်သားပြင်ပေါ်၌သူမ၏မျက်နှာကြီးဘွားခနဲပေါ်လာတော့၏။စုယိက မင်သေသွားပြီးနောက် လိုင်းထပ်ပြောင်းရန်ပြင်လိုက်သော်လည်း ရီမုကို လုယူခြင်းခံလိုက်ရတော့သည်။


" ဘာလဲ " စုယိက ရီမုကိုပြန်လုနေရင်းမေးလိုက်သည်။


" ဒါကြည့်မယ် " 


ချူယင်းက ရီမုအားမိုးပေါ်မြှောက်ထားပြီး စုယိအားကျီစယ်နေသည်။


တီဗွီ၌ယခုလာနေသည်မှာ စုယိ၏ပွဲဦးထွက်ဇာတ်ကားပင်။


စုယိက လက်မလျှော့သေးဘဲ ဆိုဖာပေါ် တွင်ဒူးထောက်ကာ ရီမုအား ပြန်ဆွဲယူဖို့ ကြိုးစားသည်။ 


 "ဘာကြည့်စရာပါလို့လဲ "


" အရံသရုပ်ဆောင်က အရမ်းလှတယ် " ချူယင်းက ပြုံးလျက်ဆို၏။


ထို့နောက် ချူယင်းမှာ ရီမုကိုဘေးချလိုက်ပြီး စုယိ၏ခါးအား လက်တစ်ဖက်ဖြင့်သိုင်းဖက်လာသည်။သူသည် ကျန်လက်တစ်ဖက်ကိုမူ စုယိ၏လည်ဂုတ်အနောက်တွင်ထားထားပြီး တစ်ဖက်လူအား အနီးသို့ဆွဲကပ်လိုက်၏။


" စောစောတုန်းက နမ်းချင်တယ်လို့ မပြောခဲ့ဘူးလားလို့ "


ရုတ်တရက်ဆန်သောအနမ်းက စုယိအား ပျော့ခွေသွားစေသော်လည်း အချိန်မှာ တစ်ခဏမျှသာဖြစ်သည်။နောက်ဆုံးတွင် စုယိ၏ရီမုပြန်လုသည့်စီမံကိန်းက အောင်မြင်သွားပြီး သူမက ချန်နယ်လိုင်းကိုပြောင်းပစ်လိုက်၏။


အချိန်တစ်ခုအထိ နှစ်ဦးသား တီဗီအတူကြည့်ခဲ့ပြီးနောက်တွင် ချူယင်းက နေရာမှထကာ " မင်းမှာ သဘက်အပိုရှိလား " ဟုမေးလာသည်။


စုယိသည် သူမ၏ဗီရိုများထဲသို့လှန်လှောရှာခဲ့ပြီး နောက်ဆုံးတွင် အလွန်မဆန်းပြားသောပုံစံရှိသည့် သဘက်တစ်ထည်ကိုရှာတွေ့သွား၏။


ချူယင်း ရေချိုးခန်းထဲသို့ ဝင်သွားပြီးချိန်တွင် စုယိက weiboကို ဖွင့်ကြည့်လိုက်သည်။


စုယိမှာ အစောပိုင်းက ဝူရွှယ်ပြောပြခဲ့သောသတင်းကိုရှာဖွေကြည့်ရင်း ဂယက်ထနေသောအခြားသတင်းတစ်ခုကိုပါ တစ်ဆက်တည်းတွေ့လိုက်ရတော့၏။


 [ #ဝူခဲ့ #ဖောက်ပြန်ခြင်းကို အတည်ပြု # ဝူခဲ့နှင့် အမည်မသိအမျိုးသမီးတစ်ဦး ဟိုတယ်ထဲသို့ ဝင်ထွက်ခဲ့သော သတင်းဓာတ်ပုံကိုရရှိခဲ့သော်လည်း ယခုချိန်၌ ထိုအမျိုးသမီးမှာ ထူကျင့်လန်မဟုတ်ဘဲ #စုယိ #၏လက်ထောက်ဖြစ်နေ ၊ ဝူခဲ့နှင့် စုယိတို့ကြား၌ ဆက်ဆံရေးတစ်ခုရှိလေသလား ၊ လျို့ဝှက်နက်ရှိုင်းသောအဖွဲ့ဟာ အရောင်အသွေးစုံလင်လှ ]


အောက်တွင် gif တစ်ခုပါဝင်ပြီး ထိုထဲတွင် အန်းရွှမ်သည် ဟိုတယ်စင်္ကြံအတိုင်းလျှောက်လာကာ ဘေးဘီကိုစိုးရိမ်တကြီးစစ်ကြည့်ပြီးနောက် ၀ူခဲ့ တံခါးဖွင့်ပေးသော အခန်းထဲသို့ ဝင်သွား၏။


စုယိမှာအလွန်အမင်း ဒေါကန်သွားသည်။


ထို့နောက် သူမက ပြုံးလိုက်ပြီး ဖုန်းကီးဘုတ်ကို ခပ်ပြင်းပြင်း ရိုက်နှိပ်လိုက်တော့၏။


 [ စုယိv : အဲ့ဒါငါ့အရေးလား..ငါ့ယိလေးကိုနင်တို့ကိစ္စတွေထဲဆွဲမထည့်နဲ့... ]


 [ *T/N - ဤသတင်းမှ ရှောင်ဖယ်ပြီး မပါဝင်ကြောင်း သွယ်ဝိုက်ပြောနေခြင်းဖြစ်သည် ]


စုယိမှာ Replyပြန်ပြီးသည်နှင့် ထိုစာမျက်နှာမှထွက်ပြီး အမြဲလုပ်နေကျအတိုင်း comment များကို လိုက်ဖတ်တော့သည်။ထိုအချိန်တွင် ထူကျင့်လန်က သူမအား tagလုပ်ထားသော အသိပေးချက်တစ်ခုအားမြင်လိုက်ရ၏။


 [ ထူကျင့်လန်v : ရိုက်ကူးရေးပြီးသွားတာ ကြာပြီဆိုတော့ ယိကျဲနဲ့မတွေ့ရတာလည်း ကြာပြီ...ဒါပေမဲ့ရုတ်တရက်ကြီးတွေ့လိုက်ရတော့ အရမ်းအရမ်းကိုပျော်သွားပြီး ခွက်ကိုတောင်ငြိမ်အောင်မကိုင်နိုင်တော့ဘူးလေ...ပြီးတော့ ယိကျဲက အရင်လိုလှနေတုန်းပဲ @စုယိ { ရုပ်ပုံ } ]


ထူကျင့်လန်တင်ထားသောပုံက ပရဟိတပွဲ၌ စုယိနှင့်အတူရိုက်ခဲ့ကြသောဓာတ်ပုံပင်။


စုယိသည် ထိုပို့စ်အောက်မှ comment များကို ဖတ်ချင်စိတ်နည်းနည်းလေးမှ မဖြစ်မိပေ။ထိုမျှသာမက ထူကျင့်လန်၏ပို့စ်အောက်၌commentဝင်မန့်ပြီး like တစ်ချိန်နှိပ်ရန်လည်း ရည်ရွယ်ချက်လားလားမှမရှိချေ။


Weiboကိုပိတ်လိုက်တော့မည့်ဆဲဆဲတွင် ဝူရွှယ်မှ ဖုန်းဆက်လာခဲ့ပြီး စုယိမှာ ခေါ်ဆိုသူ၏ရည်ရွယ်ချက်ကို ကောင်းကောင်းသိနေသဖြင့် ဖုန်းလက်ခံမဖြေကြားမီတွင် လသာဆောင်ဘက်သို့ အရင်ဦးတည်လာခဲ့သည်။


" ပြဿနာရှာပြန်ပြီ...ငါထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ " ဖုန်းတစ်ဖက်မှ ဝူရွှယ်က ဟိန်းဟောက်တော့၏။


" ရွှယ်ရွှယ်လေး...သူတို့ပြောနေကြတာကိုကျတော့ နင်မမြင်ဘူးလား...အရမ်းလွန်တယ်ဟ "


 "သူတို့က နင်က ဝူခဲ့နဲ့ အိပ်ခဲ့တာလို့ ပြောနေကြတာလေ....အဲ့သတင်းကို ငါတွေ့တာကြာလှပြီဟဲ့ " ဝူရွှယ်က အော်လိုက်သည်။


" အဲ့ဒါဆို စောစောကတည်းက ဘာလို့မပြောလဲ "


ဝူရွှယ်မှာ ဆူညံသောနေရာတွင်ရှိနေပြီး သူမက အသံကိုနှိမ့်၍ ခပ်တိုးတိုးပြောလာ၏။


 "ဒါရိုက်တာချူက နင့်ကိုအထင်လွဲမှာကြောက်လို့လေ...ပြီးတော့ ကိစ္စက ကြီးကြီးမားမားမဟုတ်ဘူး...စာကြောင်းနည်းနည်းလောက်နဲ့ ဖြေရှင်းလိုက်လို့ရပေမဲ့ နင်က ရိုင်းရိုင်းစိုင်းစိုင်းတွေဝင်မန့်ပြီး ပိုရှုပ်အောင်လုပ်လိုက်တယ်...ဒါနဲ့များ နင့်မှာ haterတွေနည်းတယ်လို့ ထင်နေသေးတုန်းပဲလား "


" ' ငါ့အရေးလား ' လို့ပြောတာလေးက ရိုင်းစိုင်းသွားတယ်ပေါ့လေ " စုယိက မယုံနိုင်စွာမေးလိုက်၏။


" အဲ့ဒါဆို ဘာဖြစ်ရဦးမှာလဲ...နင်က ဘယ်လိုရှင်းဖို့ကြံထားလို့တုန်း... "


" နည်းလမ်းရှိလား " စုယိက လက်ရန်းများကို မှီလိုက်ရင်းမေးလိုက်၏။


ထိုအခါဝူရွှယ်က ဝမ်းသာအားရပြန်ဖြေတော့သည်။


 “ ဒါပေါ့...နံပါတ်တစ် အခုချက်ချင်းသွားပြီးတော့ နင့် reply ကိုဖျက်လိုက်...နံပါတ်နှစ် နင့်replyကို ငါကိုယ်တိုင်လာဖျက်မယ် "


"နံပါတ်သုံးကရော..."  


 "နံပါတ်သုံးကတော့ ဘာမှဆက်မလုပ်ဘဲ haterတွေကို ဒီတိုင်းလွှတ်ထားပြီး ဘာမှလည်းထမရှင်းရုံပဲပေါ့"


" အေး...နံပါတ်သုံးကိုရွေးတယ်...ငါကဘာရှင်းရမှာလဲ ...ငါနဲ့ဘာမှဆိုင်မနေဘူး "


" Comment section မှာ နင့်ပြဿနာဖြစ်အောင် တွန်းပို့နေကြတဲ့လူတွေ အများကြီးရှိတယ်....မရှင်းရင် သေချာပေါက် ပြဿနာတက်မှာပဲ...ပြီးတော့ နာမည်ကြီးနဲ့ လက်ထောက်ပေါက်စလေးကရော ဘယ်လိုတောင်ရိုမန့်တစ်ဖြစ်လိုက်လဲ....ငါတောင် ကိုယ့်မျက်စိနဲ့ကိုယ်မမြင်ရရင် မယုံနိုင်မဲ့ကိစ္စ ... အခု အန်းရွှမ်က နင့်အတွက်တစ်ခုခုသွားယူပေးတာဆိုပြီးတော့ လူတွေကပြောနေကြတယ် "


"ရိုမန့်တစ်ဖြစ်စရာ ဘာရှိလဲ...မီဒီယာတွေက အန်းရွှမ်တင်မကဘူး ထူကျင့်လန်ကိုပါ ဓာတ်ပုံရိုက်ခဲ့မိတာကို မေ့သွားပြီလား”


တစ်ဖက်က စက္ကန့်အနည်းငယ်မျှတိတ်ဆိတ်သွားပြီး ဆက်ပြောလာသည်။


" ထူကျင့်လန်အကြောင်းမပြောစမ်းနဲ့...ဟုတ်သားပဲ သူနင့်ကို weiboမှာ tagထားတယ် မြင်ပြီးပြီလား "


 “အင်း”


 "သူ့ကိုအာရုံထားမနေနဲ့...လုပ်ချင်ရာလုပ်ပြီး တစ်ယောက်တည်းငပွကြီးဖြစ်အောင်လွှတ်ထားလိုက်...နင့်ကို လာမရှာတော့ဘဲနေလိမ့်မယ်...အခုဖုန်းချတော့မယ်...ပြဿနာဖြေရှင်းဖို့ ကုမ္ပဏီနဲ့ ဆွေးနွေးဦးမယ် "


ဝူရွှယ့်လေသံက မဆိုစလောက်ကလေး ခက်ထန်နေ၏။


ဖုန်းခေါ်ဆိုမှုမှာ ဤကဲ့သို့ပြီးဆုံးသွားခဲ့သည်။


စုယိသည် အနည်းငယ်အံ့ဩမိနေ၏။သာမန်အားဖြင့် ဝူရွှယ်မှာ အနည်းဆုံးတော့ထူကျင့်လန်၏ပို့စ်ကို likeနှိပ်ရန် တိုက်တွန်းမည့်သူဖြစ်သည်။သို့သော်လည်း ဤတစ်ကြိမ်၌မူ ထူကျင့်လန်နှင့်ပတ်သတ်၍မည်သို့သော မှတ်ချက်မျိုးကိုမှ ပေးမသွားချေ။


 "ပြီးပြီလား"


အသံလာရာသို့ စုယိလှည့်ကြည့်လိုက်သောအခါ မီးခိုးရောင်တီရှပ်ဝတ်ဆင်ထားသော ချူယင်းအားတွေ့လိုက်ရသည်။ချူယင်းမှာ ထိုနေရာ၌မည်မျှကြာကြာရှိနေခဲ့မှန်း စုယိမသိချေ။


" ပြီးပြီ....ကျွန်မလည်းရေချိုးဦးမယ် "


စုယိက လသာဆောင်တွင်ရှိသော အဝတ်လှမ်းစင်ပေါ်မှ မျက်နှာသုတ်ပုဝါကို လှမ်းယူရင်း ပြောလိုက်သည်။


သူမသည် ချူယင်း၏ဗိုက်ကြွက်သားများကို အကြိမ်အနည်းငယ်ခန့် ခပ်ဖွဖွလိမ်ဆွဲခဲ့ပြီး ထို့နောက်တွင်မူ အဝတ်အစားများယူကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့၏။


 ဒေါက်


တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်၌ တံခါးလော့ချသံက ကျယ်လောင်လွန်းနေသည်။


ယနေ့တွင် စုယိမှာ အနည်းငယ် ပင်ပန်းနေပြီး လောလောလတ်လတ်က ချူယင်းအားစနောက်ခဲ့ရသောခံစားချက်အား ရေချိုးခန်းထဲတွင် နာရီဝက်ခန့်ကြာပြီးသည်အထိ မေ့ဖျောက်၍မရနိုင်ခဲ့ပေ။နောက်ဆုံးတွင် သူမသည် ရေချိုးခြင်းကိုအမြန်အပြီးသတ်ခဲ့ပြီး အပြင်သို့ထွက်ခွာလာခဲ့သည်။ဖုန်းသုံးနေသောချူယင်းက သူမကိုမြင်မြင်ချင်းတွင် လက်ထဲမှဖုန်းအား စားပွဲပေါ်သို့ချလိုက်၏။


" ခဏနေ အိပ်တော့မှာပဲကို ဘာလို့ခေါင်းလျှော်နေသေးတာလဲ "


 “ဆေးနံ့ ထွက်နေတယ်...ခေါင်းမလျှော်ရင် ရှင်အဆင်မပြေဖြစ်မှာစိုးလို့ " 


စုယိက ပြောပြောဆိုဆိုဖြင့် ချူယင်း၏နံဘေးတွင်ဝင်ထိုင်လိုက်ပြီး ဆံပင်များကို သဘက်ဖြင့် ဆက်သုတ်နေသည်။


ချူယင်း၏မျက်ခုံးများက အနည်းငယ်ပင့်တက်သွားပြီး သူက သက်ပြင်းခပ်ဖွဖွချသည်။


ထို့နောက်တွင် ချူယင်းသည်ရေချိုးခန်းထဲသို့ဝင်သွားကာ ဆံပင်လေမှုတ်စက်ကိုကိုင်လျက် ပြန်ထွက်လာ၏။


စုယိမှာ အိမ်တွင်ရှိသောဆံပင်လေမှုတ်စက်အား မသုံးဖြစ်ဘဲ ဆံပင်ပြင်ပေးသည့်သူရောက်လာမှ ထုတ်သုံးသည်။


သူမသည် ဤကိစ္စမှလွဲ၍အခြားအရာများတွင် ကြိုးကြိုးစားစားလုပ်ဆောင်တတ်သူဖြစ်၏။‌ဆံပင်လေမှုတ်စက်မှာ လေးလံလွန်းပြီး အကြာကြီးကိုင်ထားပါက လက်ညောင်းစေသောကြောင့် စုယိက မျက်နှာသုတ်ပုဝါကိုသာ အားကိုးနေခြင်းဖြစ်လေသည်။


စုယိ လေမှုတ်စက်သုံးတိုင်း သူမ၏ဆံပင်က ပွထပြီး ဘောလုံးကေဖြစ်သွားတတ်သောကြောင့်လည်းပါသည်။


ချူယင်းက ပလပ်ထိုးလိုက်ပြီး စုယိအား အနားတိုးစေ၏။


ကြီးမားကျယ်ပြန့်သောလက်များက ဆံပင်အား ထိတွေ့လာချိန်တွင် ထူးထူးခြားခြား သက်တောင့်သက်သာဖြစ်သောခံစားချက်မျိုးရသည်။စုယိက ဒူးပိုက်ထားပြီး တီဗွီထိုင်ကြည့်နေ၏။


 "မနက်ဖြန် အလုပ်သွားမှာလား"


 "မနက်ဖြန်က အားလပ်.....မဟုတ်သေးဘူး...လုပ်စရာရှိတယ်"  


ချူယင်းက ပြောလက်စကိုရပ်ပြီး ခဏတွေးလျက် ဆက်ပြောသည်။


___________________________________________