အပိုင်း ၆၂
Viewers 12k

Chapter 62


ဆံပင်လေမှုတ်စက်သံသည် ကျယ်လောင်သော်လည်း စကားပြောသံအားရှင်းရှင်းလင်းလင်း ကြားနေရဆဲဖြစ်၏။ယန်ရော့လင်၏အဘိုး မွေးနေ့ပွဲနှင့်သက်ဆိုင်နေမည်ကို စုယိ ချက်ချင်းပင် နားလည်လိုက်သည်။


သူမသည် ရုတ်ချည်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကာ တစ်ကိုယ်လုံး တုန်ယင်လာခဲ့၏။ဖြစ်နိုင်လျှင် တမင်တကာညစ်၍ ချူယင်းအား မသွားရန်အတင်းအကြပ်ဖိ‌အားပေးချင်သည်။


ချူယင်းသည် ဆံပင်လေမှုတ်စက်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့၏။ စစ်တပ်ထဲ၌ ဤသို့သောအရာများမရှိသောကြောင့် သူသည် ရာထူးမှနှုတ်ထွက်သည့်တိုင် ထိုသို့သော ပစ္စည်းများနှင့် အကျွမ်းတဝင်မဖြစ်ခဲ့ချေ။


ထို့အပြင် ယောက်ျားလေးတစ်ဦးအတွက် ဆံပင်အခြောက်‌ခံရန် သိပ်မကြာလှဘဲ ချူယင်းမှာ သူ၏ရေချိုးခန်းအတွင်းရှိ ဆံပင်မှုတ်စက်ကိုပင် တစ်ခါမှ မကိုင်ဖူးခဲ့ချေ။


ပြောစရာမလိုအောင်ပင် ချူယင်း၏လုပ်ဆောင်ပုံများက ညင်သာလှပြီး သူက အပူလောင်သွားမည်စိုးသောကြောင့် လေမှုတ်စက်အား အကွာအဝေးတစ်ခုတွင်ထားကာ စုယိ၏ဆံပင်များအား လက်ဖြင့်ညင်ညင်သာသာကလေး ထိုးဖွပေးနေသည်။


မိနစ်နှစ်ဆယ်နီးပါးကြာပြီးနောက် ဆံပင်မှာ လုံးဝခြောက်သွေ့သွားခဲ့၏။ချူယင်းက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း စုယိ၏ခေါင်းက ရင်ခွင်ထဲသို့ကိုင်းညွတ်ကျလာတော့သည်။ဆံပင်များသည်လည်း သူမနှင့်အတူ ရွေ့လျားသွားပြီး မျက်နှာကို ဖုံးအုပ်လျက်ရှိ၏။


စုယိက အိပ်ပျော်နေသည်။


ချူယင်းသည် လက်ထဲမှ ဆံပင်လေမှုတ်စက်ကို ချလိုက်၏။ထို့နောက် သူက အိပ်ပျော်နေသော မိန်းကလေး၏ခေါင်းကို တည့်မတ်ကာ ဆိုဖာကိုမှီစေပြီး ကိုယ်လုံးအား ပွေ့ချီခဲ့သည်။


ကိုယ်အလေးချိန်လျှော့ချခြင်းအကြောင်း အဆက်မပြတ်ပြောနေသူတစ်ဦးသည် မယ််မယ်ရရလေးလံမနေချေ။


တစ်မီတာနှင့် ခုနစ်ဆယ် စင်တီမီတာရှိသောအရပ်အမောင်းက မည်သည်ကြောင့် ဤလောက်အထိ ပိန်ပါးနိုင်ရပါသနည်း။


ချူယင်း မျက်မှောင်ကြုတ်မိသွားသည်။


သူက စုယိအား ကုတင်ပေါ် ညင်ညင်သာသာ ချပေးပြီး မီးမှိတ်လိုက်၏။ထို့နောက် သူမအားရင်ခွင်ထဲသို့ထွေးပွေ့လိုက်သောအခါ အနှီမိန်းကလေးက တစ်စုံတစ်ခုကိုခံစားလိုက်ရသည့်သဖွယ် ရင်ခွင်ထဲသို့ပို၍ပင်တိုးဝင်လာပြီး သက်တောင့်သက်သာဖြစ်သောအနေအထားကိုရှာဖွေသည်။ထို့နောက် သူမက တိုးညင်းသောအသံကိုထုတ်လွှင့်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြန်လေ၏။


ချူယင်းက လေးနက်သောစိတ်ခံစားချက်ဖြင့် ထိုမိန်းကလေး၏နှဖူးပြင်ကို အနမ်းချွေသည်။ယခင်အချိန်၌ သူ့နှလုံးသားထဲတွင် မိသားစု၊ စစ်တပ်မှလုပ်ဖော်ကိုင်ဖက်များနှင့် အမိတိုင်းပြည်သာရှိခဲ့၏။ထိုအဖြစ်အပျက်ကြောင့်သာမဟုတ်ပါက သူသည် ယနေ့အချိန်ထိ ကျည်ဆန်မိုးများကြားတွင် ပုန်းလျှိုးကွယ်လျှိုး နေနေဦးမည်သာဖြစ်သည်။ဤကမ္ဘာပေါ်၌ သူမကဲ့သို့ ငြိမ်းချမ်းသာယာ‌သောရပ်ဝန်းကလေးတစ်ခုရှိနေမည်ဟု စိတ်ပင်မကူးဖူးခဲ့ချေ။


 ******


စုယိမှာ ဤတစ်ကြိမ်တွင် အလွန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး မနက်၁၁နာရီထိုးမှနိုးလာသည်။


သူမ အိပ်ရာထလာချိန်တွင် ကုတင်တစ်ခြမ်းမှာ ဗလာကျင်းနေခဲ့ပြီဖြစ်၏။


စုယိက မျက်လုံးများကို ပွတ်သပ်ကာ ဖုန်းကို ကောက်ကိုင်လိုက်သော်လည်း WeChat မှအကြောင်းကြားချက်များ ပွထနေသည်ကိုသာ တွေ့လိုက်ရသည်။


စာပို့ထားသူအများစုမှာ ဤနယ်ပယ်မှအသိများ ဖြစ်ကြပြီး ဇာတ်ကားရိုက်ချိန်တွင်သာနှုတ်ဆက်ကာ ကျန်အချိန်များတွင် အဆက်အသွယ်လုပ်လေ့မရှိသူများဖြစ်ကြ၏။


စုယိမှာ စိတ်ရှုပ်ထွေးသွားသော်လည်း အရင်ဆုံး တစ်ဦးချင်းစီကို စာပြန်လိုက်သည်။ထို့နောက်တွင်မူ သူမက ဝူရွှယ့်ထံသို့ မက်ဆေ့ခ်ျလှမ်းပို့လိုက်၏။


[ နတ်ဘုရားမ စုယိ - *ရုပ်ပုံ*ဒါကဘာတွေလဲ...နိုးလာတော့ ငါ့အကောင့် အဟက်ခံရတယ်ထင်နေတာ ]


[ ဝူရွှယ် - Weibo မှာ မမြင်သေးဘူးလား ]


[ နတ်ဘုရားမ စုယိ - Weibo ကဘာဖြစ်လို့လဲ ]


[ ဝူရွှယ် - ချူယင်းရဲ့ Weibo ထဲဝင်ကြည့်လိုက် ]


စုယိသည်လည်း အိပ်မှုန်စုံမွှားဖြင့် Weibo appထဲသို့ဝင်လိုက်တော့၏။


ချူယင်း၏ weibo၌ မနေ့ညက တင်ထားသော ပို့စ်တစ်ခုရှိနေသည်။


 [ ချူယင်းv - @စုယိ ကိုဆွဲမထည့်နဲ့ : အဲ့ဒါငါ့အရေးလား..ငါ့ယိလေးကိုနင်တို့ကိစ္စတွေထဲဆွဲမထည့်နဲ့....]


စုယိက သဘောကျစွာ ရယ်မောလိုက်တော့၏။


သူမသည် ၎င်းကို အကြိမ်အနည်းငယ်ပြန်ဖတ်ကြည့်ခဲ့ပြီး WeChat သို့ ပြန်မသွားမီတွင် likeနှိပ်ခဲ့သည်။


 [ နတ်ဘုရားမ စုယိ - အဲ့ဒီ Weiboနဲ့ ငါ့ chat ပွစာကြဲနေတာနဲ့က ဘာဆိုင်လို့လဲ ]


[ ဝူရွှယ် - Livestreamမတိုင်ခင်တုန်းကတော့ နင်က ချူယင်းကို နမ်းတဲ့လူသပ်သပ်ပဲ...မိန်းကလေးတစ်ယောက်ကို အိတ်ဝယ်ပေးတယ်ဆိုတာက လူချမ်းသာတော်တော်များများလုပ်တတ်ကြတဲ့အရာပဲလေ... ဒီတော့ အဲ့အချိန်တုန်းက လူတွေ သတိထားမိတယ်ဆိုရုံလေးပဲ...ဒါပေမဲ့ အခုလိုကြီး ပြန် share လိုက်တာကျတော့ နင်က မစ္စချူတစ်ပိုင်းဖြစ်နေပြီဆိုတာကို အသိပေးလိုက်သလိုပဲ....အဲ့ဒါကြောင့် လူတွေက နင်နဲ့ခင်အောင် ဝင်ရောနေကြတာ ]


ထိုစာပိုဒ်တစ်ခုလုံးကိုဖတ်အပြီးတွင် စုယိမှာ " မစ္စချူ " ဆိုသောနေရာကိုသာ မြင်ယောင်နေတော့သည်။သူမသည် ချူယင်းထံသို့ဖုန်းခေါ်ချင်သော်လည်း အလုပ်များနေမည်ကိုစိုးရိမ်၍ မက်ဆေ့ခ်ျတစ်စောင်ကိုသာ အရင်ပို့လိုက်၏။


ထိုအခါ ချက်ချင်းဆိုသလိုပင် တစ်ဖက်မှ ဖုန်းပြန်ခေါ်လာသည်။


"နိုးပြီလား "


တစ်ဖက်မှ အမည်ဖော်မရသောအသံတစ်ချို့နှင့် စကားပြောသံများက ရောယှက်‌နေလေ၏။


 " အင်း နိုးပြီ....ဘယ်မှာလဲ"


 " စီးပွားဖက်နဲ့ ဆွေးနွေးနေတာ "


" ဒါကိုဖုန်းဆက်နေသေးတယ်...ကျွန်မ မနှောက်ယှက်မိဘူးမလား "


 "ဟင့်အင်း ပြီးခါနီးပြီ...မနက်စာရော စားပြီးပြီလား "  


ချူယင်းက ဖုန်းချချင်ပုံမရပေ။


ထိုအချိန်တွင် ချူယင်းရှိရာဘက်မှ ရယ်သံများထွက်ပေါ်လာပြီး တစ်စုံတစ်ဦးက နေ့လည်ခင်းရောက်ပြီဖြစ်ကြောင်းကို သတိပေးနေ၏။


စုယိမှာ မျက်နှာကြီးနီရဲသွားတော့သည်။


"မပြောနဲ့တော့ သူများတွေကြားကုန်မယ်"


" အင်းပါ...ဒီတော့ စားပြီးတာလား မစားရသေးတာလား "


 ချူယင်းက ပေါ့ပေါ့ပါးပါးရယ်လျက်မေး၏။


 "ရွှယ်ရွှယ်က စားစရာ ဝယ်လာပေးမှာ...အစည်းအဝေးဆက်လုပ်...ဖုန်းချတော့မယ် " စုယိက ကမန်းကတန်းပြောသည်။


 “ဟုတ်ပြီ”


ဝူရွှယ်ရောက်လာချိန်တွင် စုယိမှာ facial maskကပ်ထားပြီး ဝမ်းဗိုက်ကိုပွတ်သပ်နေခဲ့၏။ထိုမြင်ကွင်းကိုမြင်သွားသောဝူရွှယ်က တံခါးကိုဝုန်းခနဲပိတ်လိုက်ပြီး စုယိထံသို့ ကမန်းကတမ်းဦးတည်လာကာ ဘွင်းဘွင်းကြီးမေးလေတော့သည်။


" နင် ကိုယ်ဝန်ရနေတာလား "


" ဗိုက်ဆာလို့ပါဟဲ့ "


နေ့လည်စာစားပြီးသောအခါ စူယိ၏စိတ်ထဲတွင် တစ်ခုခုပေါ်လာသည်။


 "အန်းရွှမ်က ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ"


 “ Weibo မှာ မမြင်လိုက်ဘူးလား စောစောက "


“ ဟင့်အင်း ”  


စုယိသည် ချူယင်း၏အကောင့်ထဲသို့ဝင်ကြည့်သည်မှလွဲ၍ အခြားများများစားစားမလုပ်ခဲ့ပေ။


 "အန်းရွှမ် အလုပ်ကထွက်သွားပြီဆိုပြီး ရှင်းထားတာတစ်ခုရှိတယ်... နောက်ဆုံးတော့ မီဒီယာအဖွဲ့ဘက်ကလည်း ဗီဒီယိုရိုက်ကူးမိတဲ့အချိန်ကို ထုတ်ပြောလိုက်ပြီ..အဲ့အချိန်တုန်းက နင်က မွေးနေ့အထိမ်းအမှတ် Livestream လုပ်နေတာ... အခု အကုန်ရှင်းသွားပြီ "


ဝူရွှယ်က ခဏရပ်ပြီးနောက် ဆက်ပြောသည်။


 “အစကတော့ ကုမ္ပဏီက တရားဝင်ရှင်းလင်းချက်ထုတ်ချင်ပေမဲ့ မကြာသေးခင်ကပဲ ထုတ်ပြန်ခဲ့တဲ့အကြိမ်ရေကများလွန်းဝောာ့ နင့်ပုံရိပ်ကိုထိခိုက်မှာစိုးရိမ်တယ်...ပြီးတော့ ဒါက ဖြေရှင်းရခက်တဲ့ ကိစ္စလည်းမဟုတ်ဘူး...အဲ့ဒါကြောင့် ဒီလိုပုံစံနဲ့ ရှင်းလိုက်တာ ”


ဝူရွှယ်၏စကားဆုံးဆုံးချင်းတွင် စုယိထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့သည်။ခေါ်ဆိုသူမှာ အန်းရွှမ်ဖြစ်နေ‌သည့်အတွက် ကနဦးတွင် စုယိက တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်မူ လက်ခံဖြေကြားလိုက်၏။


ဖုန်းတစ်ဖက်မှအန်းရွှမ်၏လေသံမှာ ရှိုက်ကြီးတငင် ဖြစ်နေသည်။ 


 "ယိကျဲ...ညီမကို ကူညီပေးနိုင်မလား"


 "ဘာကူညီပေးရမှာလဲ"


 "ညီမလည်း သေချာမသိတော့ဘူး...တချို့ပရိတ်သတ်တွေက ညီမကို မက်ဆေ့ခ်ျတွေပို့ပြီး နှောင့်ယှက်နေကြတယ်...ညီမအိမ်ရှေ့မှာ လာစောင့်နေကြတဲ့ လူတွေလည်း ရှိတယ်"


" ရဲခေါ်လေ...ဒါမှမဟုတ် ဝူခဲ့ကိုရှင်းခိုင်း...ငါကတော့ မကူညီနိုင်ဘူး " စုယိက တည်ငြိမ်ပြတ်သားစွာပြောသည်။


 " ကျဲက ညီမကို ဇာတ်ညွှန်းယူဖို့ လွှတ်လိုက်တာလို့ မီဒီယာကို ပြောပေးလို့ရမလား "


 “မရဘူး...နင်ရဲ မခေါ်ရဲရင် ငါ့ကို နင့်အိမ်လိပ်စာပို့လိုက်...ငါခေါ်ပေးမယ်....အဲ့ဒါကလွဲပြီး ဘာမှလုပ်မပေးနိုင်ဘူး...ဖုန်းချပြီ "


စုယိမှာ ဖုန်းမကိုင်မီတွင် စပီကာဖွင့်ထားခဲ့သည့်အတွက် ဘေးနားရှိ ဝူရွှယ်ကလည်း အကုန်ကြားသည်။


 "ဘယ်လောက်ထိ ရိုလိုက်လဲ...အခုထိ သူကနင့်ကို ဝူခဲ့ရဲ့ ဂုဏ်သိက္ခာအတွက် အဖတ်ဆယ်ပေးစေချင်နေတုန်းပဲ "


ဝူရွှယ်က မှတ်ချက်ပြု၏။


ထိုအချိန်တွင် စုယိထံ၌ ခံစားချက်နှစ်မျိုးရောထွေးနေသောအပြုံးတစ်ခုရှိနေခဲ့ပြီး သူမသည် အချိန်တစ်ခုအထိ တစ်စုံတစ်ရာကိုစောင့်နေခဲ့ဟန်တူ၏။အန်းရွှမ်ဘက်က မည်သည့်မက်ဆေ့ခ်ျကိုမှ ဆက်မပို့တော့ကြောင်းသေချာသွားသည့်အချိန်တွင် စုယိက ထိုဖုန်းနံပါတ်အား black listထဲသွင်းလိုက်တော့သည်။


ညနေ လေးနာရီတွင် စုယိသည် ပွဲတက်ဝတ်စုံကိုလဲလှယ်ကာ မိတ်ကပ်ပြင်ပြီး ဆုပေးပွဲအခမ်းအနားသို့ ထွက်ခွာလာခဲ့၏။ဆောင်းဦးပေါက်ပြီး ပိုအေးလာသောရာသီဥတုကြောင့် ကုတ်အင်္ကျီထပ်ဝတ်ထားကြသော လူအများအပြားရှိနေ၏။သို့သော်လည်း နာမည်ကြီးအမျိုးသမီးများတွင် အေးခဲနေသောဆောင်းရာသီ၌ပင် ပွဲတက်ဝတ်စုံဖြင့် အေးအေးဆေးဆေး ကော်ဇောနီလျှောက်လှမ်းနိုင်သော စူပါပါဝါရှိသည်။


စုယိသည် အဖြူရောင် ကြိုးပြား ဂါဝန်ကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ဖြူက သူမ၏ခြေသားအလှကိုပေါ်လွင်‌စေ၏။သူမ၏ဆံပင်များကိုမူ ကြော့ကြော့မော့မော့ စည်းနှောင်ထားလျက်ရှိပြီး နီဆွေးဆွေးနှုတ်ခမ်းဖူးတစ်စုံနှင့် တောက်ပသောအပြုံးက စုယိအား ဆွဲဆောင်မှုပိုစေသည်။


ဤအခမ်းအနား၌ အင်တာဗျူးအစီအစဉ်မပါဝင်သဖြင့် ဦးစွာရောက်လျှင် ရောက်သည့်အတိုင်း ကော်ဇောနီထက်၌ လျှောက်လှမ်းသွားနိုင်၏။တစ်ချိန်တည်းအတူရောက်လာသူများသည်လည်း အတူတွဲဖက်၍သွားနိုင်လေသည်။


စုယိရောက်လာချိန်တွင် အနည်းငယ်နောက်ကျနေပြီဖြစ်သောကြောင့် ကော်ဇောနီထက်တွင် တခြားနာမည်ကျော်များ မရှိတော့ချေ။စုယိသည် ဂါဝန်အနေအထားကိုအနည်းငယ်ပြုပြင်ကာ လမ်းလျှောက်တော့မည့်ဆဲဆဲတွင် သူမ၏ပုခုံးပေါ်သို့ တစ်စုံတစ်ရာက ခြုံလွှမ်းသက်ရောက်လာခဲ့သည်။


ယခုအချိန်တွင် သူမ၏အပေါ်ပိုင်းတစ်ဝက်မှာ အနက်ရောင်ကုတ်အင်္ကျီဖြင့် ဖုံးလွှမ်းလျက်ရှိသည်။


 "ထပ်ဖျားချင်လို့လား" 


တစ်ဖက်မှအမျိုးသား၏လေသံက ငြီးငွေ့ဖွယ်ရာအရိပ်အယောင်ကို ပေါ်လွင်စေ၏။


စုယိမှာ မျက်လုံးများပြူးကျယ်သွားပြီး ဘေးနားမှလူအား မော့ကြည့်လိုက်တော့သည်။


" ရှင်-ရှင်ကဘာလို့ဒီရောက်နေတာလဲ...မွေးနေ့ပွဲမသွားဘူးလား "


 "ဘယ်သူက သွားမယ်ပြောလို့လဲ "


ချူယင်းက ပြောပြောဆိုဆိုဖြင့် ကုတ်အင်္ကျီကို ချိန်ညှိပေးနေသည်။ထို့နောက်သူက စုယိ၏ခါးကိုသိုင်းဖက်လိုက်ပြီး ပြောလာတော့၏။


" သွားရအောင် "


 ***


ဟိုတယ်တစ်ခု၌ဖြစ်သည်။


ယနေ့သည် အဘိုးကြီးယန်၏မွေးနေ့ဖြစ်သောကြောင့် ယန်မိသားစုက ဟိုတယ်ခန်းမကိုကြိုတင်စာရင်းပေးသွင်းကာ အထူးအခမ်းအနားကို ကျင်းပနေကြသည်။ခန်းမအတွင်း၌ မီးရောင်များ တဖျပ်ဖျပ်လက်နေပြီး အရက်နံ့က လေထုထဲတွင် ပျံ့နှံ့နေ၏။


ပင်မစားပွဲ၏ထိပ်ပိုင်းတွင် ချူမိသားစုကိုသာ ဖိတ်ကြားထားပြီး စိတ်ဝင်တစားဖြစ်မနေရှာသောချူရှီးမှာ အရက်ကိုသာ တစ်ခွက်ချင်းမော့နေသည်။အစ်ကိုဖြစ်သူအတွက် ရည်ရွယ်ထားသောဘေးနား၌ရှိသည့် ထိုင်ခုံမှာတော့ လွတ်နေ၏။


" အရေးတယူလာပြီး ဂုဏ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်ကွာ " 


အဘိုးကြီးယန်က စိတ်အားထက်သန်စွာဖြင့် ပြုံးရယ်ကာ သူ့လက်ထဲရှိအရက်ခွက်ကို အဖေချူ၏ခွက်ဖြင့် လှမ်းတိုက်လိုက်သည်။


 "ဘယ်လိုပြောလိုက်တာပါလဲ...ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကြည့်ရှုပေးလာတာပဲကို သေချာပေါက် လာရမှာပေါ့ "


အဘိုးကြီးယန်၏အပြုံးက ပိုမိုထင်ရှားလာသည်။


သူက စားပွဲဝိုင်းတွင်ရှိသည့်တစ်ခုတည်းသော ခုံလွတ်အား လှမ်းကြည့်ကာ ထပ်ပြောလာ၏။


" ချူကော်ပိုရေးရှင်းကို တိုးချဲ့နေရတာနဲ့ ယင်းလေးက အလုပ်များနေရှာမှာပေါ့ "


 “သူ တော်တော် အလုပ်ရှုပ်နေတာ...ကျွန်မတို့တောင် သူနဲ့ တွေ့ရခဲတယ် ” အမေချူက ပြုံးလျက် ပြန်ဖြေသည်။


ထိုအခါအဘိုးကြီးယန်က သူ၏မြေးမဖြစ်သူအား လှည့်ကြည့်လျက် ပြောလာ၏။


 "ကြည့်ပါဦး...ယင်းလေးမရှိတော့ မြေးမလေးက တော်တော်စိတ်မကောင်းဖြစ်နေရှာတာ "


 “အဘိုး ” 


ယန်ရော့လင်၏ပါးပြင်များက နီရဲလာသည်။


 "ဟာဟား မင်းတို့လည်းသိပါတယ် ရော့လင် ငယ်ငယ်တုန်းက ယင်းလေး နဲ့ ကစားရတာကို အရမ်းသဘောကျမှန်း..."


ချူလင်မယားက မည်သည်ကိုမှပြန်မပြောဘဲ ပြုံးရုံသာပြုံးနေကြ၏။


 “ မြေးမလေးက ရှက်ပြီး များများစားစား မပြောရဲရှာပါဘူး... ဒါပေမဲ့ ငါလည်းအသက်လေးရလာပြီလေ "


အဘိုးကြီးယန်က လေးနက်သောအမူအရာဖြင့် ဖြည်းညင်းစွာပြောလာသည်။


“လင်လင်က ယင်းလေးကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာကို သိထားသင့်တယ်...ပြီးတော့ ယင်းလေးက အခုထိ လူလွတ်ပဲမလား.... ငါတို့မိသားစုတွေက အမြဲရင်းနှီးလာကြတာ...ဘာလို့ ဒါကိုအခွင့်အရေးအဖြစ် အသုံးမချကြသေးတာလဲ...တရားဥပဒေအရ ပိုရင်းနှီးခွင့်ရမဲ့ အခွင့်အရေးပဲမလား...ငါတို့ယန်မိသားစုက အရင်ကလို မကြီးကျယ်တော့ပေမဲ့ အရင်းအမြစ်တချို့တော့ရှိပါသေးတယ်... မကြာသေးခင်ကပဲ ချူကော်ပိုရေးရှင်းကမြေကွက်တွေ ရှာနေတယ်လို့ကြားတယ်....ငါ့ဆီမှာမြေကွက်ကောင်းကောင်းတွေရှိတယ်... လင်လင့်အတွက် လက်ဖွဲ့ပေးလို့ရတာပေါ့"


ချူရှီးမှာ ထိုစကားများကြောင့် ရင်တဒုတ်ဒုတ်ဖြစ်သွားတော့သည်။ဤပွဲ၏ရည်ရွယ်ချက်မှာ လက်ထပ်ကြောင်းလမ်းရန်ကမ်းလှမ်းခြင်းပင်။


ချူရှီးက စုယိထံသို့ မက်ဆေ့ခ်ျပို့၍ဖောက်သည်ချတော့မည့်ဆဲဆဲတွင် ယန်မိသားစုဝင်အချို့၏အံ့ဩမင်သက်နေသောအသံများကို ကြားလိုက်ရတော့သည်။


 "အဲ့ဒါက ချူယင်း မလား "


လူအုပ်ကြီးက အသံလာရာဘက်သို့လှည့်ကြည့်လိုက်ကြပြီး တစ်စုံတစ်ဦးက သူ၏တက်ဘလက်ကိုထောင်ပြလာခဲ့၏။


ဆုပေးပွဲအခမ်းအနား၏ကော်ဇောနီလျှောက်လှမ်းမှုအား Appတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်လျက်ရှိပြီး ဖန်သားပြင်ပေါ်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် နာမည်ကြီးအမျိုးသမီးတစ်ဦးရှိနေသည်။သူမသည် suit အပေါ်ဝတ်ကိုခြုံထားပြီး မျက်လုံးများမှာ ဆွဲဆောင်မှုရှိလှကာ နီဆွေးဆွေးနှုတ်ခမ်းများက ရင်သပ်ရှုမောဖွယ်ရာဖြစ်၏။


ဘေး၌မူ ရှပ်အင်္ကျီဝတ်ဆင်ထားသော အေးစက်စက်အသွင်အပြင်နှင့် အမျိုးသားတစ်ဦးရှိပြီး ထိုတစ်ယောက်က သူမ၏ခါးကို သိုင်းဖက်ထားသည်။


အမျိုးသားမှာချောမောပြီး အမျိုးသမီးမှာလှပ၏။


ပြီးပြည့်စုံသော ပေါင်းစပ်မှုပင်။


သူတို့သည် ယခုလေးတင် ချူယင်းအကြောင်းပြောနေခဲ့ကြပြီး စားပွဲတစ်ခုလုံး၌ ရှည်လျားသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားကာ ယန်မျိုးရိုးများ၏မျက်နှာများက မည်းမှောင်သွားကြတော့သည်။


ဖေဖေချူက နှစ်ကြိမ်ခန့်ချောင်းဟန့်ပြီး မေးလာ၏။


 " အဲ့-အဲ့ဒါက ဘာလဲ "


Xxxxxxxxx