အပိုင်း ၆၃
Viewers 12k

Chapter 63


 သူမကအမေနဲ့ ငြင်းခုံနေမှာမဟုတ်ဘူး။


ချူယင်းပေါ်လာမည်ဟု မီဒီယာများက မမျှော်လင့်ထားကြပေ။ကနဦး၌ တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း များမကြာမီ၌ပင် ကင်မရာ တဖျပ်ဖျပ်သံများက ညတာကို လွှမ်းမိုးသွားခဲ့သည်။ကောင်းကင်သည် မှောင်ရီနေပြီး ကော်ဇောနီတစ်ဝိုက်ရှိ ဆလိုက်မီးများမှာလည်း အလွန်လင်းမနေချေ။ထို့ကြောင့် ကင်မရာမှထွက်ပေါ်လာသောအလင်းစူးစူးများက များစွာထင်ရှားနေလေသည်။


ချူယင်းမှာ ဤသို့သောအခြေအနေများအား အစိမ်းသက်သက်ဖြစ်နေပြီး ယခုအချိန်၌နေရခက်နေမည်မှာ ကျိန်းသေ၏။ထို့ကြောင့် စုယိက သူ၏လက်ကိုလှမ်းဆွဲကာ လက်မောင်းကိုဖက်တွယ်ထားလိုက်ပြီး ကင်မရာများဘက်သို့လှည့်လျက် ပြုံးပြနေတော့သည်။


" ရှင်လာမယ်ဆိုတာကို ဘာလို့မပြောတာလဲ " 


အထဲသို့ရောက်လာချိန်မှ စုယိက ခပ်တိုးတိုးမေး၏။


 “ နောက်ဆုံးမိနစ်ကျမှ ကပ်ပြီး ဆုံးဖြတ်လိုက်ရတာ...အလုပ်ပြီးလို့ ကြည့်လိုက်တော့ အချိန်လောက်နေတာနဲ့ လာခဲ့လိုက်တာ "


ထို့နောက်ချူယင်းက စုယိ၏ခြေ‌တံများကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


 "အပြင်မှာ အပူချိန် ဘယ်လောက်ရှိလဲ သိလား"


 "၁၀ဒီဂရီကျော်လား....ရှင်ကျတော့ ၂ဒီဂရီကျော်မှာတောင် အင်္ကျီလက်တိုလေးဝတ်ထားပြီးတော့ " 


ထိုအခါချူယင်းက ခြေလှမ်းများကိုခေတ္တရပ်တန့်ပြီး စုယိအား တစ်ဖက်မှ စိုက်ကြည့်၏။  


"အင်္ကျီလက်တိုဝတ်တာကို ဘယ်တုန်းကတွေ့ဖူးတာလဲ"


မတော်တဆပြောထွက်မိသွားသောစုယိမှာ ချူယင်းထံမှ အကြည့်လွှဲလိုက်ပြီး နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့လိုက်၏။


စုယိက ချူယင်း၏လက်ကိုတွဲပြီး အနောက်နည်းနည်းကျသောအလယ်တန်းသို့ ခေါ်ဆောင်သွားသည်။တက်ရောက်မည့် နာမည်ကြီးအရေအတွက်ကိုမသိသော ပွဲဦးစီးသူများက နေရာထိုင်ခင်းများကိုအတိအကျစီစဉ်ထားခြင်းမရှိဘဲ ထိုင်ခုံတန်းများကိုသာ ထားရှိပေးထားသည်။


ချူယင်းက ဘာမှဆက်မပြောတော့ဘဲ စုယိဆွဲခေါ်ရာနောက်သို့သာ လိုက်သွားခဲ့၏။တပ်တွင်းရှိလူများမှာ ဆောင်းရာသီတွင်မစ်ရှင်လုပ်ရလျှင် ဂျာကင်အင်္ကျီကို ဝတ်ဆင်လေ့ရှိပြီး ချွေးထွက်စေသော ကိုယ်လက်လှုပ်ရှားမှုများစွာလုပ်ရသည့်အချိန်မှသာ ဝန်ပိစေသောဂျာကင်အင်္ကျီကို ချွတ်ထားကြသည်။


စုယိသည် သူ့အားအင်္ကျီလက်တိုနှင့် မည်သည့်အချိန်က တွေ့ခဲ့ဖူးခြင်းဖြစ်မည်နည်း။


ချူယင်းသည်မစ်ရှစ်ပေါင်းသောင်းခြောက်ထောင်ကို ပြန်လည်စဉ်စားနေခဲ့၏။သူတို့ရောက်လာချိန်တွင် အနည်းငယ်နောက်ကျနေသည့်အတွက် အများစုမှာ နေရာယူပြီးသွားကြပြီဖြစ်သည်။ပွဲမှာသိပ်မကြီးကျယ်သော်လည်း ပွဲစီစဉ်သူများ၌အဆက်အသွယ်များစွာရှိသည့်အတွက် တက်ရောက်သူအရေအတွက်မှာ များပြား၏။နာမည်ကြီးများက အရှေ့ပိုင်းတစ်ဝိုက်ရှိခုံတန်းများ၌နေရာယူထားကြသည်။ဆုရမည်မဟုတ်ကြောင်း မိမိကိုယ်ကိုသေချာသော လူသိနည်းသည့် ဝါနုအနုပညာရှင်များကမူ ‌‌အနောက်ဘက်ခုံတန်းများ၌ အပိုးကျိုးစွာဝင်ထိုင်နေကြ၏။


အရှေ့နှင့်အနောက်တန်းများ၌လူပြည့်သွားသောကြောင့် နောက်တန်းနှင့်နီးသည့် အလယ်နေရာ၌မူ အများအားဖြင့် ဗလာဖြစ်နေသည်။လူတစ်ဦးနှင့်တစ်ဦးကြားတွင် ထိုင်ခုံအနည်းငယ်ခန့်လွတ်နေသည့်အတွက် စုယိက ထိုအလယ်တန်းအား တမင်တကာ ရွေးချယ်ခဲ့ခြင်းဖြစ်၏။


ထိုင်ပြီးသောအခါတွင် သူမက ချူယင်း၏လက်အား တိတ်တဆိတ် ဆွဲကိုင်လိုက်သည်။ထိုအချိန်တွင် ပွဲပတ်ပတ်လည်ရှိ ဆောင်းဘောက်များမှ အသံတစ်သံထွက်လာတော့၏။


" အဟမ်း အဟမ်း....မင်္ဂလာညနေခင်းပါ လူကြီးမင်းတို့...ပြောစရာလေးရှိလို့ပါ အလယ်တန်းထိုင်ခုံတွေက နည်းနည်းပိုကျဲပြီး လွတ်နေသလိုပဲ...ကင်မရာထဲမှာ ထူးဆန်းတဲ့ပုံပေါ်နေလို့ ထိုင်ခုံလေးတွေပြောင်းပြီး လူဖြန့်ထိုင်ပေးလို့ရမလားခင်ဗျာ... အနောက်မှာထိုင်နေတဲ့သူတွေက အရှေ့တိုးလာနိုင်ပါတယ်....အရှေ့တန်းကလူတွေလည်း အရမ်းတွေ ပြွတ်သိပ်ပြီး ထိုင်နေစရာမလိုပါဘူး... ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ ”


စကားပြောပြီးသည်နှင့် အနောက်ဘက်မှ တုံ့ပြန်ခြင်းမရှိသော်လည်း အရှေ့တန်းရှိလူများက ခပ်ရွရွဖြစ်လာခဲ့ကြသည်။ များမကြာမီ၌ပင် စုယိ၏နံဘေး၌ရှိသောခုံအလွတ်များက လူပြည့်သွားတော့၏။


သူမ၏ဘေးသို့ရောက်လာသူမှာ တစ်ချိန်ကအလုပ်အတူလုပ်ဖူးခဲ့သောမင်းသမီးတစ်လက်ဖြစ်သည်။


“ ယိယိ...နင်လာမယ်လို့ စောစောကသာပြောရင် ကော်ဇောနီလျှောက်ဖို့ စောင့်နေပေးမှာပေါ့ " ထိုတစ်ယောက်က ပြုံးပြုံးလေးပြောလာ၏။


သူမတို့နှစ်ဦးသည် ဇာတ်ကားရိုက်စဉ်က ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ပြီး နှစ်ဦးသားသီးသန့်တွေ့ကာ ဇာတ်ညွှန်းများကိုအတူလေ့ကျင်ခဲ့ဖူးသည်။သို့သော်လည်း ရိုက်ကူးရေးပြီးသွားသောအခါတွင် အဆက်အသွယ်ပြတ်သွားခဲ့၏။


" အနီးကပ်မှ လာဖို့ဆုံးဖြတ်လိုက်ရတာဆိုတော့လေ " စုယိက ခေါင်းညိတ်ပြီး ချိုသာစွာ ပြန်လည်ဖြေကြားလိုက်သည်။


" နင် 'လျို့ဝှက်နက်ရှိုင်းသော' ရိုက်ကူးရေးလုပ်နေတာ မလား...ရှန်ဟိုင်းရုပ်ရှင်ဥယျာဉ်မှာမလား....ဒီရက်ပိုင်း ငါရှန်ဟိုင်းကိုလာစရာရှိတယ်...နင့်ဆီဝင်ခဲ့မယ် " 


တစ်ဖက်မင်းသမီးက စုယိ၏‌တံတောင်ဆစ်ကိုဆွဲကိုင်လာပြီး အလွန်ရင်းနှီးဟန်ပြုမူနေလေ၏။


"ရပါတယ်...ဒုက္ခမခံပါနဲ့...ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် ရိုက်ကူးရေးပြီးတော့မှာပါ"


"ဟုတ်သားပဲ မနေ့က ထူကျင့်လန်က နင့်ကိုရေလောင်းချတယ်လို့ ကြားတယ်...အရမ်းလွန်တာပဲ "


ထိုတစ်ယောက်က စိတ်လိုက်မာန်ပါပြောနေပြီး စုယိအားတစ်စုံတစ်ရာပြောထွက်လာအောင် ကြိုးပမ်းနေသည်မှာထင်ရှားလွန်း၏။


 "မတော်တဆဖြစ်တာနေမှာပါ " စုယိက ခပ်တိုးတိုးသာပြန်ဖြေသည်။


စုယိဘက်မှ မည်သည်ကိုမှ ဖွင့်ထုတ်ပြောလာမည်မဟုတ်ကြောင်းသေချာသွားသောအခါ တစ်ဖက်မင်းသမီးက ထိုအကြောင်းအရာကိုဆက်မပြောဘဲ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။


 "ဒီနေ့ နင့်နှုတ်ခမ်းတွေ အရမ်းလှနေတာပဲ ....နှုတ်ခမ်းနီက ဘာအရောင်လဲ"


" မိတ်ကပ်ပညာရှင်က ရွေးပေးတာဆိုတော့ သေချာမသိဘူးရယ် " စုယိက ပြုံးလျက်ဆိုလိုက်၏။


 "အာ...မိတ်ကပ်ပညာရှင်က ရွေးပေးတာလား "


ထိုတစ်ယောက်က ဤနေရာတွင်သာမရပ်တန့်နိုင်သေးဘဲ စုယိ၏နားနားသို့တိုးကပ်လာပြီး ခပ်တိုးတိုးပြောပြန်လေသည်။


" ဟို ခပ်နွဲ့နွဲတစ်ယောက်လား "


ထိုအခါ စုယိ၏အပြုံးမှာ အနည်းငယ် မှိန်ဖျော့သွားပြီး သူမက ဘာမှ ပြန်မပြောချေ။


"ငါသူ့ကို နည်းနည်းပါးပါးတွေ့ဖူးတယ်...သူက လန်ဟွားကျစ်လုပ်ရတာကို အရမ်းကြိုက်နေတဲ့ပုံမပေါ်ဘူးလား...ငါဆို သူ့လေသံကြားရင် တစ်ကိုယ်လုံးတုန်တက်လာရောပဲ "


 [ T/N - လန်ဟွားကျစ် − လက်ခလယ်နှင့်လက်မကို ထိစပ်ကာ ပြုမူရသော လက်အမူအရာ (ကျန်လက်ချောင်းများကို အားလျှော့၍ဖြန့်ထားပြီး သစ်ခွပန်းပုံနှင့်တူစေရသည်) ၎င်းသည် နုနုရွရွကလေး လှပခြင်းကိုရည်ညွှန်း၏။ 


လန်ဟွားကျစ်လက်အမူအရာကို လက်ဖက်ရည်ခွက်ကိုင်ချိန်တွင် ပြုမူရလေ့သည်။သို့သော်လည်း ယောကျာ်းသားတစ်ဦးက လက်ဖက်ရည်ခွက်ကိုင်ခြင်းအမှုကိစ္စတွင်မဟုတ်ဘဲ လန်ဟွားကျစ်ကို အမူအရာတစ်ခုအနေဖြင့်ပြုမူလာပါက လိင်တူနှစ်ခြိုက်သူများအား ဦးတည်၍နှိမ်ပြောနိုင်သော ယုတ်ညံ့သည့်ဖော်ပြချက်တစ်ခုအဖြစ် အဆုံးသတ်သွားတတ်သည်။ဥပမာဆိုရသော် " သူက အဲ့ဒီလိုလုပ်ရတာကြိုက်တယ် " ဟုပြောခြင်းမှာ ထိုတစ်ယောက်က လိင်တူနှစ်ခြိုက်သူဖြစ်သည်ကို အထင်သေးကဲ့ရဲ့ပြီးချိုးနှိမ်ပြောသည့်သဘောသက်ရောက်၏။ ]


 "သူက အရည်အချင်းရှိတဲ့ မိတ်ကပ်ပညာရှင်ပါ....အရမ်းတော်တာ " စုယိက ထိုမင်းသမီးနှင့်အကြည့်ချင်းဆုံလျက် ပြောလိုက်သည်။


စုယိသည် ထိုတစ်ယောက်အား အလိမ္မာနည်းဖြင့် ပညာပေးလိုက်ခြင်းဖြစ်၏။ထိုမင်းသမီးကလည်း အခြေအနေကိုနားလည်သွားပြီး ရှက်ရွံ့စွာဖြင့်‌ ခေါင်းညိတ်နေရင်း အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလေသည်။


" အ-အင်းပေါ့...ကောင်းပါတယ် "


စုယိ ဘေးဘီကိုတစ်ချက်ကြည့်လိုက်သောအခါ ချူယင်း၏ဘေးတွင် အမျိုးသားနာမည်ကျော်တစ်ယောက်ထိုင်နေသည်ကိုတွေ့လိုက်ရ၏။


ထိုအချိန်တွင် ချူယင်းက စုယိ၏လက်ကိုဆွဲကိုင်လာပြီး နားနားသို့ကပ်ကာ " မင်းရဲ့ဆုက ဘာလဲ " ဟု ခပ်တိုးတိုးမေးလာသည်။


စုယိက ဖုန်းထုတ်လိုက်ပြီး ဝူရွှယ်ပေးပို့ထားခဲ့သောမက်ဆေ့ချ်ကို တစ်ချက်စစ်ကြည့်၏။


"အကောင်းဆုံး ပွဲဦးထွက် ဇာတ်ပို့မင်းသမီး "


ယင်းဆုမှာ အလွန်ကြီးကျယ်‌‌မနေသောကြောင့် စုယိကအမှတ်တရဖြစ်မနေခြင်းပင်။ထိုဆုကိုရရှိရန် တစ်စုံတစ်ရာယှဥ်ပြိုင်စရာမလိုဘဲ အတွင်းလူများက သူတို့စိတ်တိုင်းကျသောသူကို ရွေးချယ်ပြီး ဆုပေးမည်ဖြစ်သည်။


မကြာမီတွင် အခမ်းအနားစတင်တော့၏။ပွဲစီစဉ်သူများက ဝါရင့်အစီအစဉ်တင်ဆက်သူများကို ငှားရမ်းထားသောကြောင့် ၎င်းတို့နှစ်ဦး စင်မြင့်ပေါ်၌ယှဉ်ရပ်နေရုံဖြင့်ပင် အလွန်အရေးကြီးသောဆုပေးပွဲတစ်ခု၌ရှိနေသလို ခံစားသွားရစေသည်။တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သောကြောင့် စကားအလွန်အကျွံပြောပါက ပွဲနှောင့်နှေးသွားမည်ဖြစ်၍ အစီအစဉ်တင်ဆက်သူများက စကားကိုထိန်းပြောနေကြ၏။ထို့နောက်တွင် ခပ်မြန်မြန်ပင် ဆုချီးမြှင့်ခြင်းကဏ္ဍကို စတင်လိုက်ကြတော့သည်။


အစောပိုင်းတွင် ချီးမြှင့်သောဆုအများစုမှာ နှစ်သိမ့်ဆုများဖြစ်ကြသောကြောင့် ပွဲပထမပိုင်းမှာ စိတ်လှုပ်ရှားစရာမကောင်းချေ။


ကင်မရာများက လျင်မြန်စွာလည်ပတ်နေကြပြီး VIPဧည့်သည်အနည်းငယ်နှင့် လက်ရှိရေပန်းစားနေသော နာမည်ကြီးများက စခရင်ပေါ်တွင် အများဆုံး ပေါ်လာကြသည်။ရှင်းရှင်းပြောရလျှင် အာရုံစိုက်အခံရဆုံးမှာ စုယိပင်။


ကင်မရာဖြင့်အချိန်ခံရချိန်တိုင်းတွင် စုယိက ပြုံးရယ်ပြသော်လည်း သူမ၏ဘေးရှိချူယင်းမှာ ရုပ်တည်ကြီးဖြင့်သာ နေမြဲအတိုင်းထိုင်နေသည်။


စုယိမှာ ချူယင်းစိတ်မရှည်ဖြစ်နေမည်ကို စိုးရိမ်နေ၏။သူမက အချိန်ကိုတစ်ချက်စစ်လိုက်ပြီး ချူယင်း၏နားနားသို့ကပ်၍ ခပ်တိုးတိုးပြောသည်။


 "ကျွန်မဆုက ဘာမှသိပ်မဟုတ်ပါဘူး...အချိန်ကြည့်ရ‌တာတော့ မကြာခင်အလှည့်ကျမဲ့ပုံပဲ...ဆုယူပြီး စောစောပြန်ကြမလား "


" ကောင်းပြီလေ " ချူယင်းက ခေါင်းညိတ်လျက် ပြုံးပြုံးလေးပြန်ဖြေ၏။


နောက်ဆုံး၌ အကောင်းဆုံးပွဲဦးထွက်ဇာတ်ပို့ဆုကို ကြေငြာမည့်အချိန်သို့ရောက်လာသည်။


ဆုကြေငြာသူက သူ၏လက်ထဲတွင်ရှိ‌သောကတ်ကိုကြည့်လျက် ပြုံးနေကာ "အကောင်းဆုံး ပွဲဦးထွက် အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ကတော့...."ဟု ဆွဲဆွဲငင်ငင်ပြောနေ၏။


ထိုအချိန်တွင် စုယိမှာ နံဘေးမှ အမျိုးသား၏လက်ကိုလွှတ်ပြီး အဝတ်အစားများကို ‌ပုံကျအောင်ပြင်ကာ မတ်တပ်ရပ်ရန် အဆင်သင့်ဖြစ်နေသည်။


 "ချန်းယန်ဖြစ်ပါတယ်.... ဂုဏ်ယူပါတယ်ဗျ”


 စုယိတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွား၏။


ချန်းယန်သည် အသက်ငါးဆယ်နီးပါးရှိပြီး အဒေါ်သို့မဟုတ် အမေဇာတ်ရုပ်နေရာများတွင် သရုပ်ဆောင်ရာ၌ အထူးကျွမ်းကျင်သည်။သူမသည် တစ်ခါတစ်ရံ ဗီလိန်နေရာတွင် သရုပ်ဆောင်တတ်ပြီး ကျန်အချိန်များတွင်မူ သဘောထားကြီးမားသော ဇာတ်ရုပ်နေရာများတွင် ပါဝင်လေ့ရှိ၏။ချန်းယန်မှာ ဆယ်စုနှစ်တစ်ခုစာနီးပါးအတွေ့အကြုံရှိသော ဝါရင့်သရုပ်ဆောင်ဖြစ်ပြီး ဆုပေါင်းများစွာလည်း ရရှိခဲ့သည်။


သို့သော်လည်း " အကောင်းဆုံး ပွဲဦးထွက် ဇာတ်ပို့မင်းသမီးဆု " ကတော့ သူမအတွက် တစ်မျိုးဖြစ်နေ၏။


ကင်မရာက ချန်းယန်အား အလျင်အမြန်ပင် focusထားလိုက်တော့သည်။သူမသည်လည်း အံ့ဩနေဟန်ရသော်လည်း ထိုအမူအရာကသိပ်မကြာရှည်လိုက်ပေ။


ချန်းယန်က ချက်ချင်းပင် မျက်နှာထားကိုထိန်းလိုက်ပြီး မတ်တပ်ထရပ်ကာ ကင်မရာဆီသို့ လက်ဝှေ့ယမ်းပြလေသည်။


စုယိသည်လည်း ဘာမှမဖြစ်ခဲ့သလိုပြုမူလျက် ထိုင်ခုံကိုသာ မှီထိုင်လိုက်၏။သူမ၏ဆုအား အခြားသူထံသို့ပေးအပ်ခံရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်တော့ချေ။


တစ်ခါက ဆုပေးပွဲကြီးတစ်ခုတွင် ပွဲဦးထွက် ဇာတ်ပို့ဆု မိန့်ခွန်းအတွက် ပြင်ဆင်ထားရန် ပွဲစီစဉ်သူအချို့က သူမအား ကြိုတင်အကြောင်းကြားခဲ့ဖူး၏။သို့သော်လည်း ပွဲကျင်းပသည့်ရက်တွင်မူ ထိုဆုအား အခြားတစ်ယောက်ထံသို့ ပေးပစ်ခဲ့သည်။ထိုဖြစ်ရပ်နောက်ပိုင်းမှစ၍ စုယိမှာ မည်သည့်အခြေအနေတွင်မဆို ပြုံးပြုံးကလေးဖြင့်လက်ခုပ်တီးပေးနိုင်စွမ်းရှိသွားခဲ့၏။ဤသို့သော ဆုပေးပွဲသေးသေးလေး‌ကိုတော့ စိတ်ထဲပင်မထည့်ပါပေ။


သို့သော်လည်း သူမ၏နံဘေးမှလူကတော့ သိပ်ပြီးကျေနပ်နေပုံမရချေ။ထိုအရာကိုသတိထားမိသောစုယိကလည်း ရယ်ချင်နေသည်။


 "ခဏနေ အိမ်ပြန်ချင်လား" စုယိက ချူယင်းအား မေးလိုက်၏။


" အင်း "


မကျေမနပ်ဖြစ်နေသည်ကို ထိန်းချုပ်ထားသည့်ပုံလေးမှာ အလွန့်အလွန်ပင်ချစ်စရာကောင်းလွန်း၏။


အခမ်းအနားက တရွေ့ရွေ့ဖြင့် ပြီးလုနီးလာသည်။


စုယိသည် အစောကြီးကတည်းက ထပြန်ရန် အကြံရှိနေသော်လည်း ဘေးတစ်ဝိုက်ရှိမည်သူကမှ မထကြသေးသည့်အတွက် သိသာသွားမည်ကိုစိုးရိမ်သဖြင့် ‌ဆက်လက်ထိုင်နေခဲ့ရ၏။


 "အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိသွားတဲ့သူကတော့....."


ဝင်ပေါက်နှင့်ထွက်ပေါက်မှာ မတူညီသည့်အတွက် စုယိက ဘေးဘီကိုဝေ့ဝိုက်ကြည့်ကာ အနီးဆုံးဖြစ်သောထွက်ပေါက်အား ရှာဖွေနေလေသည်။


 " စုယိဖြစ်ပါတယ်.... ဂုဏ်ယူပါတယ်”


စုယိမှာ ထွက်ပေါက်အား ရှာဖွေနေဆဲဖြစ်သောကြောင့် သူမ၏နာမည်ကိုမကြားလိုက်ဘဲ အပေါ်မှ ဆလိုက်မီးရောင်ကျလာသည့်အချိန်မှသာ အခြေအနေကိုသတိပြုမိတော့သည်။


" လျှောက်ကြည့်မနေပါနဲ့တော့....ဆုရတာ မင်းပဲလေ "  


အစီအစဉ်တင်ဆက်သူက အရွှန်းဖောက်၏။


ထိုအခါ ပရိသတ်က ရယ်မောပြီး စုယိမှာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။စင်မြင့်ပေါ်သို့တက်ပြီး နာမည်မပါသော ထိုဆုဖလားကို မြင်လိုက်ရမှသာလျှင် အခြေအနေအား စုယိတစ်ယောက် သဘောပေါက်သွားတော့၏။ပွဲစီစဉ်သူများသည် သူမနှင့်ချန်းယန်တို့၏ဆုများကိုနောက်ဆုံးမိနစ်ရောက်မှ ကပ်၍ ပြောင်းလဲခဲ့ကြခြင်းပင်။


စုယိမှာ သူမသည် တစ်နေ့နေ့တွင် တစ်ပါးသူ၏ဆုကို လုယူမိလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။


 "လာပါ စုယိ...ခံစားချက်လေးရင်ဖွင့်ပါဦး " အစီအစဉ်တင်ဆက်သူက ရွှင်မြူးသောလေသံဖြင့်ပြော၏။


စုယိ၏အမူအရာမှာ သဘာဝမကျဖြစ်နေပြီး အပြုံးမှာလည်း အနည်းငယ်နေရခက်နေပုံရသည်။


"ကျွန်မကို ဒီဆုပေးခဲ့တဲ့ လူအသီးသီးကို ကျေးဇူးတင်ပါတယ်.... ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်.... ကျေးဇူးတင်ပါတယ် "


စုယိ၏တိုတိုတုတ်တုတ်မိန့်ခွန်းအဆုံးတွင် အားလုံးက မင်သေကုန်ကြတော့၏။


 “ဒါပဲလား” အစီအစဉ်တင်ဆက်သူက မရေမရာဖြစ်နေသောလေသံဖြင့်မေး၏။


ထိုအခါ စုယိကခေါင်းညိတ်ပြလိုက်ပြီး သူမ၏နှုတ်ခမ်းစွန်းများက ပုံမှန်အတိုင်းကွေးညွှတ်နေသည်။


___________________________________________