အပိုင်း ၆၅
Viewers 12k

Chapter 65


ရေချိုးပြီးနောက် ချူယင်းက စုယိအား ကုတင်ပေါ်ပြန်တင်ပေးသည်။ဤသည်မှာ စုယိက လမ်းမလျှောက်နိုင်ခြင်းကြောင့်မဟုတ်ဘဲ ဗိုလ်ကြီယင်းကိုယ်တိုင်ကပင် အကဲပိုလျက် ငြင်းဆန်ရန်အခွင့်အရေးမပေးဘဲ ဆွေ့ခနဲကောက်ပွေ့ကာ အိပ်ရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်လာခဲ့သောကြောင့်ဖြစ်လေသည်။


ထို့နောက်တွင် ချူယင်းက ရေချိုးခန်းထဲသို့ သန့်ရှင်းရေးသွားလုပ်တော့၏။


 စုယိသည် အိပ်ယာပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းကာ မျက်လုံးများကို လက်ဖြင့် အုပ်ထားသော်လည်း အမှန်တကယ်တွင် မျက်စိမမှိတ်ထားချေ။ထိုအချိန်တွင် ချူယင်းက ရေချိုးခန်းထဲမှပြန်ရောက်လာပြီး စုယိ၏လက်များကိုဆွဲဖယ်ကာ စိုက်ကြည့်လေသည်။


 "ဘာလို့မအိပ်သေးတာလဲ"


"ဗိုလ်ကြီးယင်းရှင့်...ကျွန်မတို့အတူတူနေတာ ဘယ်လောက်ကြာသေးလို့ ထင်ရာ‌စိုင်းနေရတာလဲ...အရင်ရက်တွေက ဝိတ်ချိန်ကြည့်တာ ၁ ကီလို တက်လာလို့ ဝူရွှယ့်ဆီက သေလောက်အောင်အဆူခံလိုက်ရတာ " 


 "မင်းဝနေရင်တောင် ကိုယ်ကတော့ အဆင်ပြေတယ် "


 ချူယင်းက စုယိ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်လျက် လေးနက်စွာပြောသည်။


" ယောက်ျားတွေအကုန် အဲ့လိုပြောတာပဲ "


"နေ့တိုင်း လေ့ကျင့်ခန်းလုပ်ရင် ဝိတ်မတက်ဘူး "


ချူယင်းက သူမအား တစ်ချက်ငုံ့နမ်းလာလျက် ခပ်တိုးတိုးဆိုလေ၏။


 "ဘာလေ့ကျင့်ခန်းလဲ"


"မေ့သွားပြီလား....အခုလေးတင်လုပ်ခဲ့တာကို"  


 ' ဒါကြီးကတော့ '


စုယိ၏မျက်နှာမှာ ခရမ်းချဉ်သီးသဖွယ်နီမြန်းလာကာ သူမက ငုတ်တုတ်ထထိုင်ပြီး ချူယင်း၏ပါးပြင်နှစ်ဖက်ကို ဆွဲညှစ်လိုက်တော့သည်။


 "စကားကို ဒီလောက်ထိညစ်ပတ်အောင်ပြောဖို့ ဘယ်သူက သင်ပေးထားတာလဲ "


 "မင်းနဲ့တွေ့ပြီးနောက်ပိုင်း သင်စရာမလိုဘဲနဲ့ အလိုလိုတတ်သွားတာ "


စုယိ့ခမျာဘာမှဆက်မပြောရဲတော့ပေ။


****


နောက်တစ်နေ့မနက်ခင်း၌ ရေချိုးခန်းမှန်ရှေ့တွင် စုယိက ချူယင်းအား မုတ်ဆိတ်ရိတ်ပေးနေခဲ့သည်။သူမ၏အမူအရာက လေးနက်ပြီး ဤအလုပ်အပေါ်စိတ်နှစ်၍ ကူညီနေပုံရကြောင်း သိသာစေ၏။


 "ရှင် - ရှင် မလှုပ်နဲ့...မျက်နှာထိကုန်မယ် "  


စုယိမှာ ချူယင်း၏မျက်နှာကိုကိုင်တွယ်ရင်း အမှန်တကယ်ပင်စိတ်လှုပ်ရှားနေလေသည်။


ချူယင်းက မရယ်မိအောင်ကြိုးစားနေ၏။


 " သင်တုန်းဓားကို ဘယ်တုန်းက ဝယ်ခဲ့တာလဲ"


 "လေဆိပ်သွားတုန်းက..... စကားမပြောနဲ့... အာ့...."


ချူယင်းက သူမအားရုတ်တရက်ကြီးဆွဲပွေ့လာပြီး မှန်အရှေ့မှ ဘောင်ပေါ်သို့တင်လိုက်တော့၏။သူ၏လက်များက သူမ၏ခါးပေါ်တွင်ရှိနေရုံသာမက တင်းကြပ်စွာဖက်တွယ်ထားသေးသည်။


 ရင်းနှီးပြီးသား အနေအထားတစ်ခုပင်။


 “ဆက်လုပ်လေ....” 


****


ဝူရွှယ်မှာ ရှုပ်ယှက်ခတ်နေသောစုယိ့မျက်နှာထားအား အိမ်ရောက်ရောက်ချင်းပင် မြင်တွေ့လိုက်ရ၏။


 “နင် မိတ်ကပ်လိမ်းထားတာလား”


စုယိက နွားနို့မော့သောက်နေရင်း ခေါင်းယမ်းပြသည်။


"ဒါဆို နင့်မျက်နှာက ဘာလို့အဲ့လောက်နီနေတာလဲ"


စုယိ၏အဖြေအားပြန်မကြားရသေးမီမှာပင် ခြေသံကြားလာရသဖြင့် ဝူရွှယ်က အနောက်သို့လှည့်ကြည့်လိုက်သည်။ထိုအခါ အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားပြီးဖြစ်သောချူယင်းက လသာဆောင်ဘက်မှ ဧည့်ခန်းထဲသို့ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရတော့၏။


ဝူရွှယ်တစ်ယောက် ပါးစပ်ပိတ်သွားပြီး တစ်ဖက်မှချူယင်းကလည်း အေးအေးလူလူပင် ပြောလာသည်။


 "ကားသမားက အောက်ထပ်မှာ စောင့်နေတယ်"


ကုမ္ပဏီမှပေးပို့မည်ဖြစ်သော ဗင်ကားအား ငြင်းဆန်ခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပါချေ။အရိပ်ပြအကောင်မြင်သောဝူရွှယ်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။


" ကျေးဇူးတင်ပါတယ်‌ ဒါရိုက်တာချူ "


" နောက်နောင် လက်ထောက်တွေရွေးတဲ့အခါ ပိုသတိထားပါ "


ချူယင်းထံမှဆိုလိုရင်းအား သဘောပေါက်သောဝူရွှယ်က ပြေပြေလည်လည်ပင်ပြန်ဖြေလိုက်၏။


 “နားလည်ပါပြီ...နောင်နောင်သေချာရွေးချယ်ပြီး ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး ”


“ကောင်းပြီ....” ထိုစကားအားပြောပြီးနောက်တွင် ချူယင်းမှာ အနောက်မှလူထံသို့ အကြည့်လွှဲသွားပြီး သူ၏လေသံမှာ ရုတ်တရက်ကြီး အလွန်ပျော့ပျောင်းတိုးညင်းသွားတော့သည်။


"ရုံးသွားတော့မယ်...ရောက်ရင်ဖုန်းဆက်နော် "


" ဟင့်အင်း " 


စုယိမှာ မနက်မှဖြစ်ရပ်ကို စိတ်ထဲရောက်နေသေးပြီး ချူယင်းအား ဘုဂလန့်တိုက်လေသည်။ထိုအခါ တစ်ဖက်လူက အနားသို့တိုးကပ်လာခဲ့ပြီး သူမ၏နားရွက်ဖျားများကို ခပ်ဖွဖွကိုက်ပစ်လိုက်တော့သည်။


" ...လိမ္မာစမ်းပါ... "


" သိ-သိပြီလို့ "


တတိယဘီးလေးဝူရွှယ်မှာတော့ စောစောလာမိခြင်းကို နောင်တရမဆုံးဖြစ်နေရှာ၏။ချူယင်းထွက်သွားပြီးမှသာ အခန်းအပူချိန်က ပုံမှန်ပြန်ဖြစ်သွားသည်။


ဝူရွှယ်က ချောင်းဟန့်လျက် စကားလမ်းကြောင်းလွှဲလိုက်၏။


 "ဇာတ်ညွှန်းဖတ်ပြီးပြီလား"


" ဟင့်အင်း .... ရိုက်ကွင်းကိုယူသွားရအောင် "


စုယိက သောက်လက်စနွားနို့လက်ကျန်ကို အပြတ်ဖြတ်လိုက်ပြီး ပြန်ဖြေသည်။


ဝူရွှယ်မှာ စုယိ၏ရုတ်တရက်ဆန်လှသောစိတ်အပြောင်းအလဲကို မယုံကြည်နိုင်ဖြစ်နေရှာသည်။


 "နင်အရင်က အဲ့ဒါကို စိတ်မဝင်စားဘူးမလား"


 "မနေ့က ချန်းယန် နဲ့ စကားစမြည်ပြောဖြစ်တယ် "


 "ဘာတွေပြောခဲ့တာလဲ.... ဟုတ်သားပဲ ...မနေ့ကဆု ဘယ်မှာလဲ... ဓာတ်ပုံရိုက်ပြီး Weibo မှာ တင်ခိုင်းဖို့ကို အဲဒီဘက်က တစ်ယောက်က အကြောင်းကြားထားတယ် "


ထိုဆုဖလားအား ယူဆောင်လာပြီး တစ်လျှောက်လုံးတွင် စုယိမှာ ခေါင်းထိုးကိုက်ခဲ့ရသည်။  


" မတင်လို့ မရဘူးလား "


 "ဘာလို့တုန်း"  


" ဒီဆုက ငါ့ဟာမဟုတ်ဘူး....ပွဲစီစဉ်သူတွေက နောက်ဆုံးမိနစ်ရောက်မှ ချန်းယန်နဲ့ ငါ့ဆုတွေကို လဲပစ်လိုက်ကြတာ"


စုယိ၏စကားအဆုံးတွင် ဝူရွှယ်က မိနစ်ဝက်ခန့် နှုတ်ဆိတ်နေခဲ့သည်။


“ဒီနယ်ပယ်ကို အခုမှရောက်လာတာလည်းမဟုတ်ဘူး...အဲ့လောက်ထိဖြစ်နေစရာမလိုဘူး...ပြီးတော့ ဒါက အရမ်းအရေးကြီးတဲ့ဆု ဟုတ်မနေတာမလို့ စီနီယာချန်းကလည်း ဂရုစိုက်နေမှာမဟုတ်ဘူး...လောကကြီးမှာ မမျှတတာတွေအများကြီးရှိတယ်....အရမ်းတွေ စိတ်ကူးယဉ်ဆန်မနေနဲ့”


 "ငါက စိတ်ကူးယဉ်ဆန်နေတာ မဟုတ်ဘူး....ပွဲစီစဉ်သူတွေကို အထင်သေးလို့ သူတို့အတွက် ပရိုမိုးရှင်းဆင်းမပေးနိုင်ဘူးလို့ပြောနေတာ " စုယိက မေးငေါ့လျက်ဆို၏။


ထိုအချိန်တွင် ဝူရွှယ်က ပန်းကန်ဆေးနေလျက် လှမ်းကန့်ကွက်သည်။


 "မရဘူး...သွား... ဆုသွားယူလာခဲ့...ဓာတ်ပုံရိုက်....ပြီးရင် လေဆိပ်သွားမယ် "


ရှန်ဟိုင်းသို့ ပြန်ရောက်သွားချိန်တွင် စုယိမှာ ရေအပြင်သို့လွတ်ထွက်လာသော သနားစဖွယ်ငါးကလေးတစ်ကောင်သကဲ့သို့ပင်။


မည်မျှပင်ကြိုးစားပါစေ စိတ်ဝင်စားမှုကိုရှာမတွေ့နိုင်ဘဲ တစ်ကောင်တည်း လေလွင့်ချင်တိုင်းလေလွင့်နေခဲ့သည်။


'လျို့ဝှက်နက်ရှိုင်းသော' ၏ရိုက်ကူးရေးမှာ ပြီးဆုံးခါနီးနေပြီး ဆွေးနွေးမှုအကြိမ်ရေများကလည်း သိသိသာသာ တိုးလာခဲ့သည်။ တစ်ခါတစ်ရံ၌ ဇာတ်ဝင်ခန်းထဲတွင်ပါဝင်သော အသေးစိတ်အချက်တစ်ချက်အတွက်ပင် ‌ဆွေးနွေးမှုများစွာကို ဂရုတစိုက်ပြုလုပ်ရသည်။


စုယိမှာ ပင်ပန်းလွန်းသည်မှလွဲ၍ ဤလုပ်ငန်းခွင်ပတ်ဝန်းကျင်ကို အတော်လေး သဘောကျ၏။ရိုက်ကူးရေးနှင့် အစည်းအဝေးများပြုလုပ်ပြီး အများအားဖြင့် သန်းခေါင်ယံကျော်ချိန်များမှသာ ဟိုတယ်သို့ ပြန်ရောက်တတ်သည်။


ယနေ့တွင်လည်း အနီးကပ်အရေးပေါ်အစည်းအဝေးတစ်ခုဖြစ်ပေါ်လာပြီး တည်နေရာမှာမူ ချန်းအန်းနန်၏မိတ်ကပ်ခန်းပင်ဖြစ်လေသည်။


ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းစာအုပ်ကို ဝှေ့ယမ်းပြီး စိတ်လိုက်မာန်ပါပြော၏။


“ဒီအပြောင်းအလဲကို ကျုပ်သဘောမတူဘူး...အစပိုင်းမှာ ကြိုတင်ပြီးအရိပ်အယောင်တွေ ချထား...”


 “ကျွန်မတို့က ဇာတ်လမ်းရေးနေတာမဟုတ်ဘူး...ဇာတ်ကားရိုက်နေတာ...အဲ့ဒီအရိပ်အယောင်ကို စာဖတ်တဲ့သူကပဲရှာနိုင်မှာပေါ့... တီဗီရှိုးမှာ အဲ့လိုလုပ်လို့ရမလား... ပရိသတ်က နားလည်ရခက်သွားမှာပေါ့ " လီမင်က စကားဖြတ်ပြောလိုက်သည်။


နှစ်ယောက်သား အပြန်ပြန်အလှန်လှန် အကြည့်ချင်းစစ်ခင်းပြီးနောက် လီမင်က တစ်ဖက်သို့လှည့်ကာ မေးလာခဲ့၏။


 "အန်းနန်... အဲ့ဒါ နင့်အပိုင်းပဲ... ငါတို့ ဒါကို ဘယ်လိုပြောင်းသင့်တယ်လို့ ထင်လဲ" 


ချန်းအန်းနန်မှာ ဤလိုအခြေအနေမျိုးနှင့်နေသားတကျမဖြစ်သေးသည့်အတွက် စကားမပြောရဲဘဲကြောင်အမ်းအမ်းဖြစ်နေရှာ၏။ရုတ်တရက် ဆွဲသွင်းခံလိုက်ရပြီးနောက် သူမသည် အချိန်အတော်ကြာ တုန်လှုပ်သွားပြီး ဆုံးဖြတ်ချက်မချနိုင်ပေ။


"ဒါက မင်းရဲ့ဇာတ်ကောင်ပဲကို... နားမလည်ဘူးလား" ဇာတ်ညွှန်းရေးဆရာက မျက်မှောင်ကြုတ်လျက်ဆိုသည်။


ချန်းအန်းနန် ထံမှ အဖြေမရနိုင်ကြောင်းကို သေချာသွားသောလီမင်က ဦးတည်ချက်ကို ပြောင်းလဲပစ်လိုက်သည်။  


" ယိလေး နင်ရောဘယ်လိုထင်လဲ "


" ညီမကတော့..... "


အားလုံးက သူမအား မျှော်လင့်ချက်များစွာဖြင့် ကြည့်နေခဲ့ကြသည်။


" နှစ်ခုလုံးအရမ်းကောင်းတယ်လို့ထင်ပါတယ် "


တစ်ချိန်တည်းတွင်ပင် မျက်စောင်းနှစ်ချက်အထိုးခံလိုက်ရသောစုယိက နှုတ်ခမ်းစွန်းများကိုကော့ချိုးလျက် တဟီးဟီးလုပ်နေလေ၏။။ဤသည်မှာ သူမသရုပ်ဆောင်ရမည့်အပိုင်းမဟုတ်သဖြင့် တစ်စုံတစ်ရာ အကြံမပေးဝင့်ဘဲ စုယိက ဝိနည်းရှောင်လိုက်ခြင်းသာဖြစ်၏။ထို့နောက် အကြောင်းအရာမှာ သူမနှင့်လွတ်ကင်းသွားခဲ့ပြီး စုယိက ဖုန်းမျက်နှာပြင်အမည်းရောင်ကို စိုက်ကြည့်လျက် ငေးငိုင်နေခဲ့သည်။


ထိုအချိန်တွင် စခရင်က ရုတ်တရက်ကြီးလင်းလာခဲ့၏။


* ဝူရွှယ်မှ URL တစ်ခု ပေးပို့ထားပါတယ် *


 [ဝူရွှယ် - [url] အချိန်ရရင် ချက်ချင်းကြည့်....]


ထိုအခါ စုယိက ချန်းအန်းနန်ထံမှ နားကြပ်အမြန်ငှားပြီး ဖုန်းကို စားပွဲအောက်ချကာ လင့်ခ်ကိုဖွင့်လိုက်တော့သည်။


ဗီဒီယိုကိုဖွင့်လိုက်သည်နှင့် သတင်းကြေငြာ‌နေသံတစ်ခုက ထွက်ပေါ်လာ၏။


 “စက်တင်ဘာ ၁၂ ရက်၊ ည ၈ နာရီ .... ကျွန်တော်တို့ Phoenix's World လက်အောက်က သတင်းထောက်တစ်ယောက်ဟာ အရပ်မြင့်ပြီး ချောမောခန့်ညားတဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့ပါတယ် ... ဘာလို့ဒီလောက်ထိရင်းနှီးနေတဲ့ပုံပေါက်နေလဲဆိုတာကို ကြည့်လိုက်ကြရအောင်.... ဘာဖြစ်လို့လဲဆိုတော့ သူက ချူကော်ပိုရေးရှင်းရဲ့ဒါရိုက်တာအသစ်ဖြစ်နေလို့ပါ...မကြာသေးခင်ကမှ သူ့ရဲ့relationshipကို လူသိရှင်ကြားချပြထားပြီး အားလုံးကို မနာလိုဖြစ်စေခဲ့တဲ့လူပေါ့...မထင်မှတ်ဘဲ ကျွန်တော်တို့သတင်းထောက် ထွက်သွားခါနီးလေးမှာ အမျိုးသမီးတစ်ယောက်က ရုတ်တရက် သူ့ဆီကို လှမ်းလာပြီး စကားစမြည်ပြောနေခဲ့ပါတယ်...ပြုံးရယ်နေတဲ့ပုံအရတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းရင်းနှီးတဲ့ပုံပါ...ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးလေးရဲ့နောက်ခံအသိုင်းအဝိုင်းကို မကြာသေးခင်ကပဲ ဖော်ထုတ်နိုင်ခဲ့ပါတယ်...သူကတော့ ယန်ကော်ပိုရေးရှင်းရဲ့ အမြတ်တနိုးသမီးလေး ယန်ရော့လင်ပါပဲ "


ရှည်လျားငြီးငွေ့ဖွယ်ကောင်းသော နိဒါန်းပြုမှုတစ်ခုဖြင့် ကမ္ဘာမြေကြီးတွင်မဟုတ်ဘဲ ကောင်းကင်တွင်သာ တည်ရှိနိုင်သည့်အရာတစ်ခုအဖြစ် ယန်ရော့လင်အား ချီးမွမ်း‌ထောပနပြုထားသည်။ ဗီဒီယိုထဲတွင် လူနှစ်ဦးယှဉ်ရပ်နေကြသည်ကို ဘေးတိုက်ရှုထောင့်မှရိုက်ထားသည့် မှုန်မှုန်ဝါးဝါးပုံတစ်ပုံသာပါဝင်ပြီး အခြားအရာမရှိချေ။


သို့သော်လည်း ဗွီဒီယိုထဲမှလူမှာ ချူယင်းဖြစ်ကြောင်းကို စုယိက အသေအချာသိနေလေသည်။


ဗီဒီယိုမှာ မိနစ်အနည်းငယ်သာကြာပြီး မကြာမီတွင် ပြီးသွား၏။စုယိက ခဏတာငြိမ်သက်နေပြီး ထို့နောက်တွင်ချန်းအန်းနန်ဆီသို့နားကြပ်ပြန်ပေးလိုက်သည်။


 " ကျေးဇူးပဲ "


နားကြပ်ပြန်ယူချိန်တွင် ချန်းအန်းနန်သည် စုယိ၏ဖုန်းထဲရှိ URLမှ ခေါင်းစီးကြီးတစ်ခုလုံးကို မတော်တဆတွေ့သွားခဲ့၏။


" ယိကျဲ အဆင်ပြေရဲ့လား "


 “ ပြေပါတယ် ” 


စုယိ၏မျက်နှာထားက တည်ငြိမ်နေပြီး ခံစားချက်တစ်စုံတစ်ရာမရှိချေ။ထို့နောက် သူမက ဖုန်းကို အိတ်ထဲ သို့ ပြန်ထည့်ကာ မော့ကြည့်လိုက်ပြီး "ဘယ် scene ကို ရောက်နေတာလဲ" ဟု မေးလိုက်သည်။


Xxxxxxxxx