Chapter 66
သူကငါ့ကိုကြိုက်တာ။
အစည်းအဝေးပြီးဆုံးချိန်၌ တစ်ဖန်ပင် ညဉ့်နက်နေပြန်လေသည်။
စုယိထွက်သွားလုဆဲဆဲတွင် မလှမ်းမကမ်းရှိ လီမင်က လှမ်းပြော၏။
"ဒီနေ့ နင်တော်တော်တက်ကြွနေတာပဲ...ပုံမှန်ဒီအချိန်ဆို သေအောင်သမ်းနေပြီ.... "
"ဟုတ်တယ်...ဒီနေ့ဘာဖြစ်နေမှန်းမသိဘူး ... အရမ်းနေလို့ထိုင်လို့ကောင်းနေတာ " စုယိက ပြုံးလျက်ဆို၏။
သူမ မိတ်ကပ်ခန်းထဲသို့ပြန်ရောက်ချိန်တွင် ဝူရွှယ်မှာ ထိုသတင်းများကိုလိုက်ဖတ်နေဆဲဖြစ်ပြီး ဝင်လာသူအား မော့ပင်မကြည့်ပေ။
“ဒီယန်ရော့လင်က မဟားတရားတွေကို သုံးနိုင်ဖြုန်းနိုင်နေပုံရတယ် ... သတင်းတင်တဲ့ တကယ့်ထိပ်တန်းpage နေရာကိုမှ ပိုက်ဆံပုံပေးပြီး ဝယ်ထားတာကိုကျ တစ်ယောက်မှ မဟကြဘူးတော်... comment မှာလည်း ဂုဏ်တော်ဖွဲ့နေတဲ့လူတွေချည်းပဲ...တစ်ယောက်က သူ့ပညာရေးကို ချီးကျူးတယ်...နောက်တစ်ယောက်က သူ့မိသားစုအသိုင်းအဝိုင်းကိုချီးကျူးတယ်...ပြီးတော့ အခုမှ ဘယ်ချောင်က ထွက်လာမှန်းမသိတဲ့ အတန်းဖော်နှစ်ဒါဇင်လောက်က စာရိတ္တဘယ်လောက်ကောင်းကြောင်း ဝိုင်း မွှမ်းနေလိုက်ကြပုံများ....ဖျော်ဖြေရေးနယ်ပယ်မှာတောင် ဒီလိုမျိုး ကိုယ့်ကိုကိုယ် ရောင်းစားရဲတဲ့သူ မရှိဘူး ”
စုယိက ဘာမှမတုံ့ပြန်ဘဲ အိတ်ကိုဆွဲကိုင်လိုက်ပြီးအေးအေးဆေးဆေးပြောသည်။
" သွားရအောင် "
" အခုပြန်မလို့လား ...မိတ်ကပ်မဖျက်တော့ဘူးလား "
ဝူရွှယ်ကဖုန်းကြည့်နေရာမှ သူမအားမော့ကြည့်လာလျက် မေးလေ၏။
" ဟိုတယ်ပြန်ရောက်မှဖျက်တော့မယ် "
နှစ်ယောက်သား ရိုက်ကွင်းပြင်ပသို့ရောက်လာကြချိန်တွင် စုယိက ရှင်းလင်းနေသောလမ်းတစ်ဝိုက်ကိုကြည့်လျက် " လမ်းလျှောက်ပြန်ကြမလား " ဟုမေးလာသည်။
“ရတယ်လေ....လူတွေအများကြီးမရှိပေမဲ့လည်း maskကိုတော့ နည်းနည်းပါးပါးဆွဲတင်ထားဦး "
စုယိက အလိုမကျဖြစ်နေဟန်ဖြင့် သူမ လွယ်ထားသောအိတ်ကို နောက်ပစ်လိုက်၏။ထို့နောက် အိတ်ကပ်ထဲသို့လက်ထည့်ကာ အရှေ့မှနေ၍ ဆောင့်ဆောင့်အောင့်အောင့်သွားနေတော့သည်။
"အရမ်းစိတ်ဆိုးမနေနဲ့....အရင်ပြေလည်အောင်ရှင်းလိုက်
နားလည်မှုလွဲတာလည်းဖြစ်နိုင်တာပဲ "
ဝူရွှယ်က စုယိ၏အနောက်မှ အမှီလိုက်လာလျက် နှစ်သိမ့်ပေးသည်။
"ငါ စိတ်မဆိုးပါဘူး....ငါစိတ်မကြည်တာက တခြားကိစ္စကြောင့် "
" တခြားကိစ္စကဘာလဲ.... အစည်းအဝေးမှာ အဆူခံလာရတာလား ”
ထိုအခါစုယိက ခေါင်းခါ၏။
" နင် လျန့်ပေါကိုမှတ်မိလား "
"ဟဲ့.... ဘယ်လောက်ကြာသေးလို့ မမှတ်မိရမှာလဲ....အခုထိ ချီးခြောက်ရေနူးပြီး မပြီးနိုင်မစီးနိုင်ဖြစ်နေကြသေးတဲ့ သူ့ဖန်တွေရှိနေတုန်းကို "
စုယိက ခေတ္တနှုတ်ဆိတ်သွားပြီး ဘာမှပြန်မပြောသေးသောကြောင့် ဝူရွှယ့်ခမျာ ရင်တထိတ်ထိတ်ဖြစ်လာတော့သည်။သူမသည် စုယိအား ပုခုံးဖြင့်လှမ်းတိုက်လိုက်သော်လည်း အရပ်အမောင်းကွာခြားချက်ကြောင့် စုယိ၏တံတောင်ဆစ်ကိုသာ တွန်းထိုးမိလေ၏။
" ပြောစမ်းပါဟဲ့.... စိတ်ပူပြီးသေအောင်လုပ်နေတာလား "
"ငါ တွေးနေတာ....ကိုယ်ချစ်ရတဲ့သူက တခြားတစ်ယောက်နဲ့တွဲနေပါတယ်ဆိုပြီး ကောလဟာလထွက်လာတဲ့အခါမှာ တော်တော်လေးနာကျင်ရမှာပဲဆိုပြီးတော့ "
စုယိက တရွေ့ရွေ့လမ်းလျှောက်နေရင်း သူမ၏ဖိနပ်ထိပ်များကို ငုံ့ကြည့်လျက် လေးနက်စွာဆိုလာသည်။
“ ပြောနေတဲ့ ပုံစံကလည်း ပါပါရာဇီတွေရွှေ့တဲ့အကွက်ကို မသိတဲ့လူလိုပဲ ... သူတို့က ဓာတ်ပုံတစ်ပုံနဲ့ အရာအားလုံးကို တတ်နိုင်သမျှ ဝရုန်းသုန်းကားဖြစ်အောင် အကျယ်ချဲ့တတ်ကြတဲ့လူတွေပဲကို....ဒါပေမဲ့ ဒီယန်ရော့လင်ကတော့ လွှတ်ထားလို့ရတဲ့ထဲမပါဘူး... ချူယင်းနဲ့ထိပ်တိုက်ရှင်းဖို့ အကြံပေးတယ်.... "
ပြောရင်းဆိုရင်းဖြင့် ဟိုတယ်သို့ရောက်လာပြီဖြစ်၏။
“ရှင်းစရာ ဘာမှမရှိပါဘူး...ငါသူ့ကိုယုံတယ် ”
စုယိက ဓာတ်လှေကားထဲသို့ဝင်လိုက်ပြီး တစ်ချိန်တည်း၌ပင် ဝူရွှယ်၏စကားကို ပြန်ဖြေလာလေသည်။
“ချစ်မိသွားတဲ့မိန်းမတိုင်းက ဦးနှောက်မဲ့သွားကြတယ်လို့ကြားဖူးတယ်...သွေးထွက်အောင်မှန်တဲ့စကားပဲ...နင့်လိုလူတောင်မှ ခြွင်းချက်မရှိဘူး " ဝူရွှယ်က မှတ်ချက်ပြု၏။
" အရင်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဖြစ်ခဲ့တာပေါ့လေ...နင်ပဲပြောကြည့်.... ဒီနယ်ပယ်ကဘာလို့ နေရထိုင်ရကျဉ်းကြပ်တာလဲ...နေရာတကာ အမြီးဆွဲမဲ့ ပါပါရာဇီတွေကို သတိထားနေရရုံတင်မကဘူး နယ်ပယ်တူတဲ့လူအချင်းချင်းပြောဆိုဆက်ဆံတာတွေအထိကိုပါ ဂရုစိုက်ရသေးတယ်...တစ်ချက်မှားတာနဲ့ တွဲနေပါတယ်ဆိုတဲ့ ကောလဟာကက ထွက်လာပြီပဲ.... ရိုးရိုးသားသားဆက်ဆံရေးဆိုရင်တောင်မှ အရိပ်အကဲကြည့်နေရတာနဲ့တင် တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသွားရော ”
စုယိ၏လေသံမှာ အလွန်လေးနက်ပြီး အေးအေးလူလူဖြစ်နေသည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီလိုစကားတွေပြောနေတာလဲ "
“ဘာမှမဟုတ်ဘူး...မနက်ဖြန်တွေ့မယ် ”
ထိုအချိန်တွင် ဓာတ်လှေကားမှာ ရပ်တန့်သွားပြီး စုယိက ဝူရွှယ်အားလက်ပြကာ ဦးစွာထွက်သွားဝောာ့၏။
****
စုယိမှာ အခန်းပြန်ရောက်ချိန်တွင် ရေမိုးချိုးခဲ့သည်။
ကိစ္စအဝအဝပြီးဆုံးသွားပြီးနောက်တွင် သူမသည် ကုတင်ပေါ်သို့လှဲချလိုက်တော့၏။စုယိမှာ မွေ့ရာထဲသို့ခေါင်းနှစ်ထားပြီး ငါးမိနစ်ခန့်ကြာမှသာ ပုံမှန်အနေအထားသို့ ပြန်လည်ပြောင်းလဲလိုက်သည်။
အလွန်ပင်ပန်းနေသော်လည်း အတွေးများနေသဖြင့် လွယ်လွယ်အိပ်မပျော်နိုင်ခဲ့ပါပေ။
နောက်ရက်များ၌လည်း ရိုက်ကူးရေးရှိသေးသောကြောင့် အမြန်အိပ်ပျော်နိုင်စေရန်အတွက် စုယိက ကိန်းဂဏန်းများကိုရေတွက်နေခဲ့သည်။သို့သော်လည်း ထိုအချိန်၌ပင် အိပ်ရာနံဘေး၌ရှိသောဖုန်းထဲသို့ မက်ဆေ့ခ်ျတစ်စောင် ဝင်လာခဲ့၏။
မနက်နှစ်နာရီထိုးလုဆဲအချိန်တွင် သူမထံသို့ မက်ဆေ့ခ်ျပို့သူမှာ မည်သူဖြစ်မည်နည်း။
အခန်းအတွင်းရှိ လေအေးပေးစက်အပူချိန်မှာ စောင်ခြုံ၍အိပ်နိုင်လောက်သည်အထိ လျော့ပါးလျက်ရှိသောကြောင့် ပိန်ပါးပြီး ဖြူဖွေးသောလက်တစ်ဖက်က စောင်ပုံထဲမှ ထွက်ပေါ်လာပြီး ဖုန်းကိုလှမ်းယူသွားတော့၏။စုယိမှာ စောင်အောက်ရှိ မှောင်မိုက်ကျဉ်းမြောင်းသောနေရာတွင်ရှိနေပြီး သူမက မက်ဆေ့ခ်ျကိုတစ်ချက်စစ်ကြည့်သည်။
[ ချူယင်း : ရိုက်ကူးရေး ပြီးသွားပြီလား ]
ဤစာကြောင်းအနည်းငယ်ကိုကြည့်ပြီးနောက်တွင် စုယိမှာထူးထူးခြားခြားစိတ်ငြိမ်သွားသလိုခံစားလိုက်ရ၏။
[ နတ်ဘုရားမ စုယိ : ပြီးသွားပြီ...ဘာလို့မအိပ်သေးတာလဲ ]
[ နတ်ဘုရားမ စုယိ : နောက်ကျတဲ့အထိ မအိပ်ဘဲနေရင် ထိပ်ပြောင်တတ်တယ် jpg ]
[ ချူယင်း : မင်းဆီက မက်ဆေ့ခ်ျကိုစောင့်နေတာ... အိပ်တော့ ]
စုယိက ခဏရပ်ပြီး chat၏အပေါ်သို့ဆွဲကြည့်လိုက်သည်။သူမသည် နေ့စဉ် အလုပ်ပြီးချိန်တိုင်းတွင် ချူယင်းထံသို့ မက်ဆေ့ခ်ျပို့တတ်လေ့ရှိပြီး တစ်ဖက်ကလည်း မြန်မြန်ဆန်ဆန်ပင် reply ပြန်လာတတ်၏။သူမသည် ယခင်ရက်များ၌ ရိုက်ကူးရေးလုပ်ရ၍ အလွန်ပင်ပန်းနေခဲ့သောကြောင့် ထိုအရာကိုသတိမပြုမိခဲ့ခြင်းပင်။
[ နတ်ဘုရားမ စုယိ : ဗိုလ်ကြီးယင်းရေ ... ]
[ နတ်ဘုရားမ စုယိ : ကျွန်မတကယ်ပဲ ပေကျင်းကို ပြန်လာချင်နေပြီ ]
[ ချူယင်း : ကိုယ် အခုပဲ မင်းအတွက် လက်မှတ်ဘိုကင်ချိတ်ပေးမယ် ]
[ နတ်ဘုရားမ စုယိ : ဟင့်အင်း မလုပ်နဲ့....မနက်ဖြန်တစ်နေကုန် ရိုက်စရာ sceneတွေရှိတယ်...ထွက်သွားလို့မရဘူး ]
[ ချူယင်း : ဒါဆိုမင်းကို လာတွေ့မယ် ]
[ နတ်ဘုရားမ စုယိ : အခုတလော အလုပ်များနေတာမဟုတ်ဘူးလား ]
[ ချူယင်း - နေ့ချင်းပြန်လေ...အဆင်ပြေပါတယ် ]
စုယိသည် နှလုံးသားမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး သွေးကြောထဲမှ စွမ်းအင်များက ခြေလက်များသာမကတစ်ကိုယ်လုံးဆီသို့ ဖြာထွက်သွားတော့၏။
[ နတ်ဘုရားမ စုယိ : မလာနဲ့...ရိုက်ကူးရေးက ပြီးတော့မယ်... ပေကျင်းပြန်ရောက်ရင် ကိုအာလာလိုမျိုး ရှင့်ကိုခွပြီး တွယ်ကပ်နေမှာ...ဘယ်သူမှ မခွာနိုင်အောင်လို့ ]
ချူယင်းမှာ လက်ရှိတွင် ကုတင်ပေါ်၌ ထိုင်နေပြီး မီးခိုးရောင်စောင်ပေါ်တွင် ဖိုင်များစွာရှိနေကာ ဖိုင်များ၏ဘေး၌မူ ဖုန်းကိုတင်ထားလျက်ရှိသည်။
စုယိထံမှ မက်ဆေ့ခ်ျကိုမြင်သွားသောချူယင်းက ပြုံးရယ်လေတော့၏။ထိုအချိန်တွင် တစ်စုံတစ်ဦးက သူ၏အခန်းတံခါးအား ညင်သာစွာခေါက်လာတော့သည်။
" ရှောင်ယင်း အိပ်ပြီလား"
တံခါးအပြင်၌ရှိနေသူမှာ မေမေချူပင်။
ချူယင်းက ဖုန်းကိုကောက်ကိုင်လိုက်ပြီး စုယိထံသို့ အသံမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်၏။ထို့နောက်တွင်မူ အိပ်ရာပေါ်မှဆင်းပြီး တံခါးသွားဖွင့်ပေးတော့သည်။
"အမေ...ဘာဖြစ်လို့လဲ"
အမေချူက နွားနို့ခွက်ကို ကိုင်ထားလျက်ရှိ၏။
“အရမ်းနောက်ကျနေပြီ...အခန်းက မီးလင်းနေသေးတော့ အပေါ်တက်ပြီး လာကြည့်တာ...ဘာလို့မအိပ်သေးတာလဲ"
ချူယင်းမှာ အိမ်ဟောင်းဆီသို့တစ်လလျှင် နှစ်ရက်သုံးရက်ခန့်သာပြန်လာတတ်သောကြောင့် အမေချူက အထူးတလည်ဂရုတစိုက်ရှိနေခြင်းဖြစ်သည်။
" ခဏနေ အိပ်တော့မှာပါ "
ထိုအချိန်၌ ချူယင်း အနောက်တွင်ဝှက်ထားသောဖုန်းမှ အသံထွက်လာတော့၏။
"အရမ်းနောက်ကျနေပြီကို ဘယ်သူနဲ့စာပို့နေတာလဲ"
ချူယင်းထံတွင် ဖုံးကွယ်ရန် စိတ်ကူးမရှိပေ။သူကနွားနို့ခွက်ကိုယူကာ တစ်ကျိုက်တည်းမော့လိုက်ပြီးနောက် မေမေချူအား ပြန်ဖြေလေသည်။
" သိရဲ့သားနဲ့ မမေးပါနဲ့ အမေရာ "
“…... ”
အမေချူက ဆွံ့အသွားပြီး ချူယင်းထံမှ ဖန်ခွက်ကိုသာပြန်ယူလိုက်၏။
"စောစောအိပ်တော့... မနက်ဖြန် တစ်နေကုန် အစည်းအဝေးတက်စရာရှိတယ်မလား "
“ ဟုတ် ”
တံခါးမပိတ်ခင်လေးမှာပင် ချူယင်းက တစ်စုံတစ်ရာအား သတိရသွားဟန်ဖြင့် အလျင်အမြန်ပင် ထပ်လောင်းပြောကြားလာခဲ့သည်။
“အမေ... နှစ်သစ်ကူးကျရင် ဟိုင်နန်ကို မသွားနဲ့နော်”
" အခုမှစက်တင်ဘာပဲရှိသေးတယ်...ဘာလို့နှစ်သစ်အကြောင်းပြောနေတာလဲ" ချူယင်း၏စကားကြောင့် မေမေချူတစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။
“ဘာမှမဟုတ်ပါဘူး”
တစ်ခုခုအတွေးပေါက်နေပုံရသောချူယင်းမှာ နှုတ်ခမ်းစွန်းများကိုတွန့်ချိုးလျက်ပြုံးနေပြီး တံခါးပိတ်သွားတော့၏။
ဖန်ခွက်အလွတ်အားကိုင်လျက် အပြင်တွင်ကျန်ရစ်နေခဲ့သောအမေချူမှာ တွေးလိုက်လေလေ တစ်စုံတစ်ရာက ပုံမှန်ဟုတ်မနေသည်ကို ခံစားလာရလေလေဖြစ်သည်။
ထိုအချိန်တွင် သူမ၏စိတ်ထဲသို့ အတွေးတစ်ခုဝင်လာခဲ့၏။ မေမေချူမှာ ရုတ်တရက်ပင် မျက်လုံးကျယ်လာပြီး အောက်ထပ်သို့ အမြန်ပြေးဆင်းသွားခဲ့သည်။
*****
ရိုက်ကူးရေးနောက်ဆုံးရက်၌ ရာသီဥတုသာယာပြီး နေလည်းသာနေ၏။ ကိုအာလာတစ်ကောင် အဖြစ်သို့ပြောင်းလဲရန် အသင့်တော်ဆုံးအချိန်ပင်။
စုယိက အလွန်ပင်တက်ကြွနေပြီး သူမ ရိုက်ကူးရမည့်အလှည့်သို့ပြန်မရောက်မီတွင် မကြာသေးမီက ရခဲ့သော ဇာတ်ညွှန်းအသစ်ကို ဖတ်ကြည့်နေရင်း ရိုက်ကွင်းအပြင်တွင် ထိုင်နေခဲ့သည်။
" အပီအပြင်ကို အာရုံစိုက်နေတာပဲ...အဲ့ဒီဇာတ်ကောင်ကို တကယ်ကိုလိုချင်နေတာလား "
ဝူရွှယ်က ရေနွေးနွေးလေးတစ်ခွက်အား စားပွဲပေါ်တင်ပေးနေလျက် မေးလာ၏။
"ဒီဇာတ်ညွှန်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်...တခြားဇာတ်လမ်းကို ပြန်မွမ်းမံထားတာလို့ ကြားထားတယ်....အချိန်ရရင် မူရင်းဇာတ်လမ်းကို ရှာဖတ်ဦးမယ် " စုယိက စာမျက်နှာတစ်ဖက်သို့ လှန်လိုက်ရင်းပြောသည်။
"ငါရှာပြီးသွားပြီ....ကျင်းကျန်းစာပေဥယျာဉ်က မူပိုင်ခွင့်ရောင်းပေးလိုက်တာတဲ့...မနှစ်တုန်းက အတော်ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းပဲ...
ရိုက်ကူးရေးက မပြီးသေးဘူး...ဇာတ်ညွှန်းအသစ်ဖတ်နေပြီ... လီမင့်ဆီက ဆူခံထိချင်လို့လား "
“ကိစ္စမရှိဘူး...ခိုးဖတ်နေတာ...စားစရာ မှာပြီးပြီလား"စုယိက ပြုံးလျက်။
"အေး နှစ်သောင်းလောက်ကျတယ် "
ထိုအခါ စုယိက ခြေချိတ်ထိုင်လိုက်ပြီး ဝင့်ဝင့်ကြွားကြွားပြောလေသည်။
" ဒီပိုက်ဆံလောက်လေးများ... "
" ဟုတ်တယ်...ကွန်ဖီးဒန့်ကတော့ မိုးထိုးနေတာပဲ နင်ကတော့ " ဝူရွှယ်က ရယ်မော၏။
နှစ်ဦးသားစကားစမြည်ပြောနေချိန်တွင် မလိုလားအပ်သောဧည့်သည်တစ်ဦးရောက်လာခဲ့သည်။
" ယိကျဲ ... "
စုယိက အသံလာရာဘက်သို့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားလေ၏။
အန်းရွှမ်မှာ အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ရိုက်ကွင်းအနီးအနားသို့သူမ ရောက်ရှိနေသည်မှာ အချိန်အနည်းငယ်ခန့်ကြာပြီးပုံရသည်။
ဖောက်ပြန်သောသတင်းက ၀ူခဲ့အား အတော်လေး ထိခိုက်စေခဲ့ပြီး ဝူရွှယ်ပြောပြပုံအရ သူသည် အနည်းဆုံး ရုပ်ရှင်ကား နှစ်ကားကို ဆုံးရှုံးခဲ့ရလေ၏။ကြော်ငြာများကဲ့သို့သောအရာများမှာတော့ ထည့်ပြောစရာပင် လိုမနေတော့ပါချေ။
ထူကျင့်လန်သည်လည်း Weibo တွင် ဘာဆိုဘာမှမတင်တော့ဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သည်။
blacklistထဲအထည့်ခံထားရသောအန်းရွှမ်မှာမူ အချိန်တစ်ခုအထိ စုယိ၏ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ပြီး ယခု၌ ပြန်ပေါ်လာပြီဖြစ်လေသည်။
ဝူရွှယ်မှာအနည်းငယ်အံ့ဩသွားသော်လည်း အချိန်တိုအတွင်း၌ပင် စိတ်ပြန်ထိန်းနိုင်သွား၏။
" အန်းရွှမ်... နင်က ဘာကိစ္စဒီရောက်လာတာလဲ "
ထိုအခါ အန်းရွှမ်က လက်ဆစ်များကိုကိုင်နေလျက် မဝံ့မရဲပြန်ဖြေလာလေသည်။
" ပေကျင်းကို မပြန်ရသေးဘူး "
" ငါမေးတာ အဲ့ဒါမဟုတ်ဘူး.... ဘာကိစ္စရှိလို့ ငါတို့ကိုလာရှာတာလဲ " ဝူရွှယ့်မျက်နှာထားက အနည်းငယ် ခက်ထန်နေ၏။
" ယိကျဲ...အချိန်ရရင် ညီမနဲ့ စကားခဏပြောမလား "
"ငါကဝောာ့ ပြောစရာရှိတာ အကုန်ပြောခဲ့ပြီးပြီ"
စုယိသည်လည်း ဤအခြေအနေတွင် ခေါင်းကိုက်လာသည်။အဝေးသို့ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ဟန်မပျက်ထိုင်နေသောဝူခဲ့ကိုတွေ့လိုက်ရ၏။ထိုတစ်ယောက်မှာ အလွန်ပင်စိတ်ပေါ့ပါးနေပုံရပြီး ဤကိစ္စက သူနှင့်လားလားမျှသက်ဆိုင်သည်ဟု မခံစားရပုံပင်။
သို့သော်လည်း အန်းရွှမ်မှာ ထိုမျှလောက်အထိ မရဲတင်းသည်ကို စုယိက ကောင်းကောင်းသိ၏။
သူမသည် တစ်စုံတစ်ဦးကမြှောက်ထိုးပင့်ကော် မလုပ်ပေးဘဲနှင့် အသားလွတ်ပေါ်လာမည့်သူ မဟုတ်ချေ။
စုယိက ဝူခဲ့ဆီမှအကြည့်လွှဲလိုက်ပြီး စကားဆက်သည်။
" ပြောပြီးသားစကားတွေကို ထပ်ခါထပ်ခါပြောနေစရာလိုမယ်မထင်ဘူး"
" ကျဲ ဝင်ပါဖို့ အဆင်မပြေဘူးဆိုတာ သိပါတယ်... ညီမ ဘာမှမတောင်းဆိုပါဘူး....ကျဲ လိုချင်တာ တစ်ခုခုရှိရင်..."
"ဘာလိုချင်မှန်းသိလို့လား....ငါလိုချင်တာကို နင်မပေးနိုင်ဘူး " စုယိက ပေါ့ပေါ့ပါးပါးရယ်လျက်ပြောလိုက်၏။
"ကျဲက မပြောပြရင် ပေးနိုင် မပေးနိုင်ကို ဘယ်သိနိုင်ပါတော့မလဲ "
"ကောင်းပြီ...ဒါဆိုလည်းပြောပြရတာပေါ့...ငါ နင်တို့တွေနဲ့မပတ်သတ်ချင်ဘူး...ဒီမှာ အန်းရွှမ်... နင်လာတယ်ဆိုတာက ၀ူခဲ့ပယောဂမကင်းမှန်း ငါသိတယ်...ငါနဲ့ ဒီကိစ္စနဲ့ ဘာမှမဆိုင်သလို ဝင်ပါဖို့လည်း အစီအစဉ်မရှိဘူး...ပြီးတော့ ဝူခဲ့ဆိုတဲ့သတ္တဝါက တစ်ချိန်လုံးကန့်လန့်တိုက်နေပြီး ရိုက်ကူးရေးအချိန်ပိုအောင် လုပ်ခဲ့ပြီးတော့မှ ဘယ်ကမျက်နှာနဲ့ ငါ့ဆီကို ဒီလိုလာခိုင်းရဲတာလဲ... ငါသူ့ကို ချမနင်းတာကိုပဲ တိတ်တိတ်လေး ကြိတ်ပျော်နေသင့်တယ်...ရောင့်တက်မလာသင့်ဘူး "
“ကျဲ....ကျဲက မကြိုက်ဘူးလား " အန်းရွှမ်က ရှိုက်ငိုလျက်ဆိုလာသည်။
“…... “
စုယိိတစ်ယောက်ဆွံ့အသွားပြီး အချိန်အတော်ကြာမှသာ စကားပြန်ဟနိုင်သည်။
“ သူလဲကျသွားတဲ့အချိန်တုန်းက ကန်ချလိုက်တဲ့လူက ငါလို့ပဲ တွေးလိုက် ...ငါ့ကိုထပ်လာမရှာနဲ့ "
အန်းရွှမ်မှာ တစ်ဖန်ငိုကြွေးလျက် အခင်းနေရာမှထွက်ခွာသွားခဲ့၏။
ဝူရွှယ်က အန်းရွှမ်၏ကျောပြင်အားစိုက်ကြည့်နေလျက် စုယိအားပြောလေသည်။
" စကားကိုထိန်းပြောရောပေါ့...နင်သူ့ကို ထပ်ငိုအောင်လုပ်ပြန်ပြီ "
" ကောင်းကောင်းပြောနေရင် နားလည်မှာမဟုတ်ဘူး "
စုယိမှာ အနည်းငယ်စိတ်ဆတ်နေ၏။
"အရမ်းမရက်စက်ပါနဲ့...ချောင်ထဲက ယုန်လေးတစ်ကောင်တောင် ကိုက်တတ်သေးတာပဲ " ဝူရွှယ်က အကြံပြုသည်။
[ T/N - တစ်စုံတစ်ဦးက စိတ်ပြင်းထန်လျှင် ဘာမဆိုလုပ်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ]
ထိုအခါ စုယိက ပခုံးတွန့်ကာ ထိုအကြောင်းအရာကို ဆက်မပြောတော့ချေ။
နောက်ဆုံးsceneအား ရိုက်ကူးပြီးသည်နှင့် စုယိမှာကြားထားသော အစားအသောက်များ ရောက်လာခဲ့သည်။အော်ဒါမှာထားသောအစားအစာများက အလွန်များပြီးကုန်ကျစရိတ်မှာလည်း နည်းသည့်အထဲတွင် မပါဝင်ပေ။
၀ူခဲ့က စားပွဲဘေး၌ ရပ်လိုက်ပြီး ရုတ်တရက် ပြုံးရယ်လျက်ပြောလာသည်။
"ဒါကရှောင်ယိ ဒကာခံတာပါ.... အရမ်းရက်ရောတာပဲ "
စုယိက နှုတ်ခမ်းစွန်းများကို ကော့ချိုးလိုက်၏။
" ဒီလောက်ပဲ မှာပေးရလို့ စိတ်မကောင်းဖြစ်နေတာပါ...ဒါပေမဲ့ အားလုံးအဆင်ပြေရင် ကျွန်မလည်း ပျော်ပါတယ် "
ဝူခဲ့မှာ သူမအပေါ်တွင် အာဃာတများရှိနေသည့်အတွက် စုယိသည် သူ၏စကားလမ်းကြောင်းထဲသို့ ပေါပေါ့ဆဆဝင်မရောရဲပေ။
အနည်းငယ်စားပြီးနောက်တွင် စုယိက ထလာပြီး အဖွဲ့သားများကိုနှုတ်ဆက်ခဲ့သည်။ပေကျင်းသို့ပြန်လိုသော သူမ၏စိတ်ဆန္ဒမှာ အလွန်ပြင်းထန်ပြီး မနေ့ညကတည်းက စုယိက အထုပ်အပိုးကြိုပြင်ထားခဲ့၏။သူမသည် အထုပ်ပိုက်၍ လေဆိပ်သို့သွားရန် မစောင့်ဆိုင်းနိုင်တော့ပေ။
Xxxxxxx