အပိုင်း ၆၇
Viewers 12k

Chapter 67


အပိုင်းတစ်ပိုင်းထက်ပိုရှင်နိုင်မှာမဟုတ်ဘူး။


ပေကျင်းသို့ လေယာဉ်ဆိုက်ရောက်ချိန်တွင် ညနေလေးနာရီထိုးနေခဲ့ပြီဖြစ်သည်။


ဝူရွှယ်က စင်္ကြံအတိုင်း ထွက်လာသည့် လမ်းတစ်လျှောက်တွင် စုယိအား မေးလေ၏။


"အိမ်ပြန်မှာလား"


 “ဟင့်အင်း....ငါတစ်‌နေရာဝင်စရာရှိတယ် ခရီးဆောင်အိတ်ယူသွားပေးဦး ” စုယိက အချိန်ကိုကြည့်လိုက်ပြီးပြန်ဖြေသည်။


" ဘယ်သွားမလို့လဲ....နင့်အတွက် ဗင်ကားလှမ်းခေါ်ပေးမယ်...ပိုအဆင်ပြေတာပေါ့ "


"ငါကားခေါ်ပြီးပြီ"


စုယိက သူမ၏ဖုန်းကို ဝှေ့ယမ်းပြပြီး ခရီးဆောင်အိတ်ကို ဝူရွှယ့်ဘေးသို့တွန်းပို့ပေးကာ ကပျာကယာပြေးထွက်သွားတော့သည်။


ဝူရွှယ်မှာ ရယ်ရခက်ငိုရခက်အခြေအနေတွင် ကျန်ရစ်ခဲ့သော်လည်း များများစားစားစိတ်မပူပါပေ။ရိုက်ကူးရေးမှာတစ်ရက်စော၍ ပြီးဆုံးခဲ့သည့်အတွက် နောက်ယောင်ခံလိုက်နေသောသတင်းထောက်များမရှိနိုင်သကဲ့သို့ စုယိသည်လည်း ဤအချိန်၌ချူယင်းထံသို့လွဲ၍ အခြားမည်သည့်နေရာကိုမှမသွားနိုင်ချေ။


စုယိကားပေါ်တက်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် ယာဉ်မောင်းဖြစ်သူက "အလှလေး...ချူကော်ပိုရေးရှင်းအဆောက်အဦးကိုနော် ... " ဟုမေးလာသည်။


 “ဟုတ်ပါတယ်.... ကျေးဇူးပါရှင့်”


ခရီးဆုံးသို့ရောက်သောအခါ စုယိက maskကို ခပ်တင်းတင်း ဆွဲတင်လိုက်ပြီး ခေါင်းငုံ့ကာ အဆောက်အဦးထဲသို့ မြေလျိုးမိုးပျံအကွက်ဖြင့် အမြန်ဝင်သွားတော့၏။


ထို့နောက် သူမက ဧည့်ကြိုကောင်တာရှေ့တွင်ရပ်လိုက်ပြီး ပုံမှန်မဟုတ်သောလေသံဖြင့် မေးလိုက်၏။


" ချူယင်းရဲ့ရုံးခန်းက ဘယ်အထပ်မှာရှိတာလဲမသိဘူး "


ထိုအခါ ကောင်တာ ဝန်ထမ်းက မတ်တပ်ထလာပြီး တစ်ကိုယ်လုံးဖုံးကွယ်ထားသည့်သူကို စေ့စေ့ကြည့်လျက် မေးမြန်းလေသည်။


" ကြိုတင်ချိန်းဆိုထားတာမျိုး ရှိရဲ့လားမသိဘူးရှင့် "


 “ကြိုချိန်းထားရမှာလား...ရက်ချိန်းမရှိတဲ့လူနဲ့ မတွေ့ဘူးပေါ့ ”


" ဒါပေါ့ "


ဝန်ထမ်းက ဖောင်တစ်ခုကို ထုတ်လာပြီးဆက်ပြော၏။


" အချက်အလက်တွေဖြည့်ပေးပါ... ဒါရိုက်တာချူရဲ့ရုံးခန်းကိုအကြောင်းကြားပေးပါ့မယ် "


ထိုအခါစုယိကလည်း ဖောင်ကိုယူပြီး လိုအပ်သည်များကို ဖြည့်စွက်ပေးလိုက်သည်။


ကောင်တာ ဝန်ထမ်းက စာရွက်ကိုပြန်ယူချိန်၌ စုယိဖြစ်နေကြောင်းကိုသိသွားပြီး အလွန်အမင်းပင် အံ့ဩသွားတော့၏။သူမက တုံ့ဆိုင်းမနေဘဲ ခပ်မြန်မြန်ပင်ပြောလာသည်။


“မင်္ဂလာပါ မိန်းကလေးစု... ဒါရိုက်တာချူရဲ့ရုံးခန်းက ၂၂လွှာမှာရှိပါတယ်...ဓာတ်လှေကားကတော့ အရှေ့အတိုင်းသွားပြီး ဘယ်ချိုးလိုက်ရင်ရောက်ပါပြီ...ဓာတ်လှေကားက ထွက်ရင် ညာဘက်စူးစူးအတိုင်းလျှောက်သွားပါ စင်္ကြံဆုံးရင် ဒါရိုက်တာချူရဲ့ရုံးခန်းကို တွေ့ပါလိမ့်မယ် ”


စုယိက ခေါင်းညိတ်ပြီး ဝန်ထမ်းအားပြုံးပြလိုက်သည်။


မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသော်ငြား လခြမ်းကွေးသဏ္ဌာန်မျက်ဝန်းတစ်စုံဖြင့်ပင် စုယိ၏အလှတရားကို ခံစားကြည့်၍ရသည်။


စုယိထွက်သွားချိန်၌ နောက်ထပ် ဧည့်ကြိုဝန်ထမ်းတစ်ဦး က ပြန်ရောက်လာခဲ့၏။


“စုယိက ဒါရိုက်တာချူကို လာရှာတယ်... အခု အပေါ်တက်သွားပြီ.... အပြင်မှာ အရမ်းလှတာပဲ..."


 "ဘာ...."  


နောက်မှရောက်လာသော ဝန်ထမ်းအမျိုးသမီးထံတွင် ထူးဆန်းသောအမူအရာရှိနေသည်။  


“ စောနလေးကတင် မိန်းကလေးယန်က ဒါရိုက်တာချူကို ရှာဖို့ တက်သွားတာ.... ဖိတ်စာလာပို့တာတဲ့ ”


ဓာတ်လှေကားတံခါးပွင့်သွားပြီးနောက် စုယိက အမြန်ထွက်လာကာ ညာဘက်သို့ ကွေ့ချိုးပြီး တည့်တည့်သွားလိုက်၏။ သိပ်မကြာခင်၌ပင် ရုံးခန်း၏ပင်မတံခါးကို စုယိ ရှာတွေ့ခဲ့သည်။


တံခါးအပြင်ဘက်တွင်ထိုင်နေသော အမျိုးသားတစ်ဦးက သူမကိုတွေ့သောအခါ မတ်တပ်ထပြီးမေးလာ၏။


"မင်္ဂလာပါ... ကျွန်တော်က ဒါရိုက်တာချူရဲ့ လက်ထောက်ပါ ....မိန်းကလေးက... "


 "ကျွန်မက စုယိပါ...ကြိုတော့ချိန်းမထားဘူး သူအားပါ့မလား "


စုယိ အနည်းငယ် စိတ်ပျက်မိသွားသည်။သူမသည် ချူယင်းအား အံ့အားသင့်စေလိုသောကြောင့် ရိုက်ကူးရေးတစ်‌ရက်စောပြီးကြောင်းကို အသိမပေးခဲ့ချေ။


သို့သော်လည်း ယခု၌စပရိုက်တိုက်မည့်အစီအစဉ်မှာ ရည်မှန်းထားသည်နှင့် တလွဲဖြစ်နေသည်။


" အားပါတယ်...ဒါပေမဲ့ ဒါရိုက်တာချူက အခုအစည်းအဝေးလုပ်နေတယ်...ဧည့်ခန်းထဲမှာ ခဏလောက်စောင့်ပေးမလား"


ထိုအချိန်၌ပင် ဘေးနားရှိတံခါးက ရုတ်တရက် ပွင့်လာခဲ့တော့၏။


အခန်းတွင်းမှနေ၍ အနက်ရောင်ဆံပင်ကောက်ကောက်များနှင့် ခေါင်းစခြေဆုံး ဘရန်းဒက်ပစ္စည်းများဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ထွက်လာခဲ့သည်။


ထိုတစ်ယောက်က စုယိအားမြင်ချိန်တွင် အပေါ်ယံလေးပြုံးကာ " စုယိလား " ဟုမေးလေ၏။


စုယိမှာထိုတစ်ယောက်အား သတင်းဓာတ်ပုံများတွင်မြင်ဖူးခဲ့သောကြောင့် မည်သူမှန်းချက်ချင်းသိသည်။


" မင်္ဂလာပါ " စုယိက ခံစားချက်မဲ့သောလေသံဖြင့် ပြန်လည်နှုတ်ဆက်လိုက်၏။


ထိုအခါယန်ရော့လင်က ခေါင်းညိတ်လျက် ထပ်မံတောင်းဆိုလာလေသည်။


" စကားပြောလို့ရမလား " 


ဧည့်ခန်းတံခါးက နောက်တစ်ကြိမ်ပြန်ပိတ်သွားပြီး အပြင်တွင်ကျန်ရစ်ခဲ့သော ဝန်ထမ်းကောင်လေးမှာ အလွန်ပင်စိတ်ရှုပ်ထွေးနေလေ၏။


' ရန်ဖြစ်ကြမှာတော့ မဟုတ်ဘူးမလား '


ယန်ရော့လင်သည်လည်း ဤနေရာတွင် စုယိနှင့် ဆုံတွေ့မည်ဟုထင်မထားခဲ့ချေ။သူမက တစ်ချက်ပြုံးပြလာပြီး စုယိအား စကားစလေသည်။


" ချူကောကောက ဒီလိုစတိုင်မျိုးကြိုက်တယ်ဆိုတာကိုမသိခဲ့ဘူး "


ထိုအခါ စုယိက ပြုံးလိုက်ပြီး သဘာဝကျစွာပင်ပြောလိုက်တော့၏။


" ဟုတ်တယ်... သူက ငါ့ကိုကြိုက်တာ "


စုယိထံမှပြန်ကြားချက်မှာ ယန်ရော့လင်မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး သူမသည် အချိန်အတော်ကြာ မည်သည်ကိုမှ ပြန်မပြောနိုင်ခဲ့ရှာပေ။


အမှန်တကယ်တွင် နှစ်ပေါင်းများစွာကြာပြီးနောက်ပိုင်း၌ ချူယင်းအပေါ်ထားရှိသောသူမ၏ခံစားချက်များမှာ မှုန်ပျသွားခဲ့ပြီဖြစ်လေသည်။သူမသည် နိုင်ငံရပ်ခြားတွင် ရည်းစားများစွာထားခဲ့ပြီး အဘိုးဖြစ်သူ၏အမိန့်အရ တရုတ်ပြည်သို့ပြန်မလာမီတွင် ဇယားမှန်သမျှကို အပြတ်ရှင်းခဲ့ရ၏။


ယန်ရော့လင်၏လက်ရှိရည်မှန်းချက်မှာ ရှင်းလင်းသည်။အဆင်ပြေသော အိမ်ထောင်ရေးတစ်ခုကို သူမ ထူထောင်နိုင်ရမည်။


လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၌ ယန်ကော်ပိုရေးရှင်း ၏ရင်းနှီးမြုပ်နှံမှုများမှာ သောက်သောက်လဲအရှုံးပေါ်ခဲ့ပြီး ယခုအခါတွင် စိုးရိမ်ရသည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်လေသည်။ဘဏ်များက ၎င်းတို့အား ချေးငွေထုတ်ပေးရန် ဆန္ဒမရှိတော့ဘဲ ကူညီလိုသည့် အခြားကော်ပိုရေးရှင်းများလည်း မရှိပေ။ထိုကိစ္စအတွက်အဘိုးကြီးယန်၏ဖြေရှင်းနည်းမှာ အမှီသဟဲပြု၍ရသောအိမ်ထောင်ရေးတစ်ခုဖြစ်ပြီး ပထမဆုံးပစ်မှတ်မှာတော့ ချူမိသားစုပင်ဖြစ်သည်။


သူတို့၏အသိများထဲတွင် ချူမိသားစုထက် သာလွန်သောရွေးချယ်စရာမရှိပေ။ချူမိသားစု၌ ကျောထောက်နောက်ခံ အလုံအလောက်ရှိရုံသာမက လူငယ်များ၏အသက်အရွယ်ချင်းမှာလည်း သင့်တော်ပြီး ကောင်းမွန်သောအိမ်ထောင်ရေးတစ်ခုဖြစ်လာနိုင်သည်။


မည်ကဲ့သို့ တွေးတွေး ဤသည်ကသာ အကောင်းဆုံးနည်းလမ်းပင်။


ယန်ရော့လင်က အမူအရာကို မသိမသာပြန်ထိန်းလိုက်ပြီး ပြန်လည်ချေပလာခဲ့၏။


 "ယုံကြည်မှုတွေ လွန်ကဲလွန်းနေပြီ ... ယောက်ျားတစ်ယောက်ရဲ့ အချစ်ဆိုတာက ဘယ်တော့မှ မတည်မြဲဘူး" 


 "အဲ့ဒါ နင်စိတ်ပူစရာ ကိစ္စမဟုတ်ဘူး...ဘာမှပြောစရာမရှိရင် ငါအရင်သွားနှင့်မယ် " စုယိက ယန်ရော့လင်အား စေ့စေ့ကြည့်လျက် ပြောလေသည်။


 "အရင်သွားမယ်တဲ့လား...ဘယ်ကိုလဲ "


 "နင်နဲ့ဘာဆိုင်လို့လဲ" စုယိက အပြုံးမမည်သောအပြုံးကိုပြုံးလျက်မေးလိုက်၏။


 "ငါတို့နှစ်ယောက်လုံးက မိန်းမသားတွေပဲ... အကြံတစ်ခုပေးလိုက်မယ်....အချိန်မလွန်ခင် ချူကောကောကို အေးဆေး‌လွှတ်ပေးလိုက်...ဒါမှ အနာဂါတ်မှာ မျက်နှာပျက်ပြီး ငိုစရာနေရာမရှိဖြစ်တဲ့ဘဝကိုမရောက်မှာ "


 ယန်ရော့လင်က ဆံပင်သပ်လျက် အမြင်ကတ်စရာကောင်းလောက်အောင် ပြောလာသည်။


" နင်တောင်အရှက်မရှိသေးတာပဲ...ငါကဘာလို့ မျက်နှာပြောင်မတိုက်ရဲရမှာလဲ " စုယိက လက်ပိုက်လျက်ဆိုသည်။


" နင်...."


ယန်ရော့လင်မှာ ဒေါကန်သွားပြီး စုယိအား စူစူးရဲရဲ စိုက်ကြည့်နေလေ၏။


"နင် ကိုယ်တိုင်ပိုက်ဆံပုံပေးပြီးဝယ်ထားတဲ့ ပေါတောတောလူအုပ်လိုက်ကြီးဆီက အချီးကျူးခံရလို့ ဘဝင်လေဟပ်နေတာလား. .. ဒါမှမဟုတ် ကိုယ့်ကိုယ်ကို တကယ်ကောင်းတယ်လို့ ခံစားနေရလို့လား...အိပ်မက်က ထပြီးမှန်ကိုကြည့်လိုက်ဦး...ပြီးတော့...” 


စုယိက ဆက်မပြောမီတွင် ခေတ္တရပ်တန့်၍ ဟက်ဟက်ပက်ပက်ရယ်မောလေသည်။အားရပါးရရယ်ပြီးမှ သူမက စကားပြန်ဆက်၏။


 "ပြီးတော့ ငါ့ရည်းစားကို တခြားကောင်မတွေက ကောကောလို့ခေါ်နေတာကို လုံးဝသဘောမတွေ့ဘူး ... ငါတို့က သူစိမ်းတွေပဲ... ဘယ်လိုတောင် ဝင်ရောပြီး စည်းကျော်နေတာလဲ "


 "ငါချူကောကောနဲ့စတွေ့တုန်းက နင်ကတော့ တစ်နေရာရာမှာ ရွှံ့လူးနေလောက်မှာ " ယန်ရော့လင်က ပြန်ပက်၏။


" ဘယ်သူ အရင်ရောက်တယ်ဆိုတာကို ပြိုင်နေရအောင် ကန်တင်းမှာ ထမင်းစားနေတယ်ထင်လို့လား "


ယန်ရော့လင်မှာ ဒေါသထွက်လွန်းသဖြင့် ပါးပြင်များပင် ရဲတွတ်နေပြီဖြစ်လေသည်။


"ချူကောကောက နင့်အပိုင်လို့ထင်နေတာလား...ဗီဒီယိုမတွေ့ ဘူးလား ”


 "ဘာဗီဒီယိုလဲ....


ဪ...... Toiletရှေ့က နင်တို့နှစ်ယောက်ရဲ့ပုံအကြောင်းပြောနေတာလား" စုယိက တမင်တကာ ‌စိတ်ရှုပ်ထွေးချင်ယောင်ဆောင်လိုက်ပြီး ဆက်ပြောလာ၏။


“ အေး...ငါတို့ယန်မိသားစုက ချူမိသားစုနဲ့ လက်ထပ်ကြောင်းလှမ်းထားတာ...နင်တို့နာမည်ကြီးဟာမတွေလုပ်သလိုမျိုး ပိုက်ဆံရှိတဲ့လူအနားမှာ ယင်ကောင်လိုတဝီဝီလုပ်မနေသင့်ဘူး "


နောက်ဆုံးတွင် ယန်ရော့လင်မှာ အရှိန်ပြန်ရလာကာ ခေါင်းမော့ရင်ကော့၍ ကြီးကြီးကျယ်ကျယ်‌တွေပြောတော့သည်။


 "ယင်ကောင်တဲ့လား... ဒါဆို နင်ကဘာလဲ ကြွက်စုတ်မ လား "  


စုယိက ဒေါသမထွက်သည့်အပြင် ယန်ရော့လင်အား လှောင်ရယ်လိုက်သေး၏။


 "ဗီဒီယိုလေးတစ်ခုကိုများ စာဖွဲ့နေသေးတယ်...အနှေးပြကွက်လေးဖြစ်အောင် photoshop လုပ်ပြီး လိုင်းပေါ်တင်ဖို့ ဆယ်စက္ကန့်တောင် မကြာဘူး....နင်ပဲပြောလိုက်... ရှက်စရာကြီးမလား"


ယန်ရော့လင်တစ်ယောက် အပြင်းအထန်ပင် အနှိမ်ခံလိုက်ရတော့သည်။လျို့ဝှက်ချက်များဘူးပေါ်သလိုပေါ်ကုန်သောယန်ရော့လင်ခမျာ အချိန်တစ်ခုအထိ ခွေးအကြီးလှည်းနင်းသလို ပါးစပ်ကြီးဟစိဟစိဖြစ်နေပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေလေ၏။


"နင်-နင်ဘယ်လိုသိတာလဲ"


ဗီဒီယိုထဲ၌ ချူယင်း၏ဖုန်းစခရင်က လင်းနေခဲ့ပြီးအနီရောင်ယုန်အကြီးကြီးပါဝင်သောနောက်ခံမျက်နှာပြင်က ထင်းနေသည်။ထိုအရာမှာ စုယိထံမှဖုန်းခေါ်ဆိုမှုဝင်လာချိန်တွင် ပေါ်လာသောမျက်နှာပြင်ဖြစ်၏။၁၂ရက်နေ့ ည၈နာရီတွင် သူမသည် ချူယင်းထံသို့ဖုန်းဆက်ခဲ့ပြီး အရေးကြီးကိစ္စပေါ်လာသောကြောင့် ၁၀စက္ကန့်အကြာတွင်ဖုန်းချပစ်ခဲ့သည်။သို့သော်လည်း ဗီဒီယိုထဲ၌မူ ချူယင်း၏ဖုန်းစခရင်က စက္ကန့် ၂၀ ကျော်ကြာအောင် လင်းနေခဲ့သည်။


စုယိက ရှည်ရှည်ဝေးဝေးရှင်းပြနေရန်စိတ်မဝင်စားဘဲ ယန်ရော့လင်အား လှောင်ရယ်လေသည်။


 "ဖြုတ်စိလောက် ဦးနှောက်လေးနဲ့ ငါ့ရည်းစားကို ဖြတ်ခုတ်ဖို့ကြံရဲတာလား ... လျန့်ကျင့်ရှုက နင့်ကိုမြှောက်ပေးလိုက်တာလား ”


" နင့်ဘာနင် ကြည့်ကောင်းလို့ လှတယ် ထင်မနေနဲ့...တကယ်တမ်းက အခွံသပ်သပ်ပဲ...ငါနင့်နောက်ကြောင်းစုံစမ်းပြီးသား...လူကြည့်တော့ ချောင်ကြိုချောင်ကြားကရလာတဲ့ဘွဲ့နဲ့ ... တောကြိုအုံကြားက လယ်သူမ "


ဒေါသအထွက်လွန်နေသောယန်ရော့လင်က သွေးရူးသွေးတန်းလျှောက်ပြောတော့သည်။ယန်ရော့လင်မှာ သူမကိုယ်သူမ ရဲတင်းပုံပေါက်စေချင်သည့်အတွက် မတ်တပ်ထလိုက်သော်လည်း အရပ်အမောင်းမှာ စုယိထက် ခေါင်းတစ်လုံးပိုနိမ့်နေခဲ့ရှာ၏။


 “တောကြိုအုံကြားကလာတော့ ဘာဖြစ်လဲ... နင်မျိုနေတဲ့ဆန်တောင် မြို့ထဲမှာ စိုက်လို့ရလို့လား....ဟုတ်တယ် ငါက လယ်သူမပဲ... အဲ့တော့ဘာဖြစ်ချင်လဲ ကြွက်စုတ် ”  


စုယိက ဖုန်းထုတ်ပြီး အချိန်ကို စစ်ကြည့်လျက် အေးအေးဆေးဆေး ပြန်လည်ချေပနေသည်။ထို့နောက် သူမက ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ကာ မချိပြုံးပြုံးလိုက်၏။


"နင်က ပညာတတ်ဆိုတာကို မယုံနိုင်ဘူး... ဒီဘွဲ့ကို ငွေပေးဝယ်ခဲ့တာလား "


ယန်ရော့လင်၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားတော့သည်။


 "ဘာတွေမိုက်မိုက်ရိုင်းရိုင်းလာပြောနေတာလဲ... တတိယအဆင့်မင်းသမီးကများ...."


ထိုအခါစုယိ၏မျက်ခုံးတန်းများကတွန့်ချိုးသွားပြီး သူမက ယန်ရော့လင်အား အထင်အမြင်‌သေးသောအမူအရာဖြင့် အပေါ်အောက်လှန်ကြည့်လိုက်သည်။


“ကျန်တာတော့မသိဘူး...တီဗီဇာတ်လမ်းတစ်ခုမှာတော့ နင့်လိုတတိယလူက အပိုင်းတစ်ပိုင်းထက် ပိုရှင်နိုင်မှာမဟုတ်ဘူး...ဦးနှောက်မရှိလို့လေ...ကိုယ့်ဘာကိုယ်ဘေးထွက်ပြီး အေးဆေးနေနေလိုက် "


ယန်ရော့လင်သည် ဤကဲ့သို့သောကိစ္စရပ်အား ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းဖြစ်၏။သူမက လက်မြှောက်ကာ စုယိအား ပါးရိုက်ရန်ပြင်တော့သည်။သို့သော်လည်း တစ်ဖက်လူက ထိုလက်အား လမ်းတစ်ဝက်၌ပင် လှမ်းဖမ်းဆွဲလာပြီး ခပ်တင်းတင်းညှစ်ထားလေ၏။


" ဘာလဲ ရန်ဖြစ်ချင်တာလား...ငါ့ကို အနိုင်ပိုင်းနိုင်မယ်ထင်နေလို့လား "


စုယိ့ဘက်မှ အားပါပါဖြင့်ဆုပ်ကိုင်ထားသောကြောင့် ယန်ရော့လင်၏လက်က နာကျင်‌လာတော့သည်။ယန်ရော့လင်မှာ ဒေါသထွက်နေသည့်ကြားမှ အလွန်ပင်တုန်လှုပ်သွားပြီး အံကြိတ်ရင်း မျက်ရည်များစီးကျလာခဲ့သည်။


" စုယိ...နင်သရုပ်ဆောင်ဆက်လုပ်ဖို့ စိတ်တောင်မကူးနဲ့တော့ "


" ဟယ်...အရမ်းကြောက်တာပဲ...ငါ့ကို မြေတော့မမြှုပ်ပါနဲ့နော်...မဟုတ်ရင် ငါ့ကောင်လေးကိုပဲ အားကိုးလိုက်တော့မှာ "


 “…....”


ယန်ရော့လင်မှာ ဒေါသစိတ်ကြောင့်ပူထူနေပြီး ဘာမှပြန်မပြောနိုင်ချေ။စုယိ၏လက်မှာလည်း ပိုပို၍အားပါလာသည်။အပြင်ဘက်မှ ခြေသံများ ကြားလိုက်ချိန်တွင် ယန်ရော့လင်မှာ အော်ငိုမိတော့မည့်အခြေအနေသို့ရောက်နေပြီဖြစ်၏။


အစည်းအဝေးမှအပြန်လမ်းတွင် ချူယင်းမှာ သူ၏နောက်လိုက်ဖြစ်သူ ပြောပြသောလိုအပ်ချက်များကို လမ်းတစ်လျောက်လုံး နားထောင်လာခဲ့ပြီး ရုံးခန်းနားသို့ရောက်ချိန်တွင် ဧည့်သည်ခန်းရှေ့၌ ‌ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသော အတွင်းရေးမှူးအား တွေ့လိုက်ရ၏။


တစ်ချိန်တည်း၌ပင် သူ့အားမြင်သွားခဲ့သောအတွင်းရေးမှူးကလည်း ကူရာကယ်ရာရှာတွေ့သွားသည့်သဖွယ် တစ်ဟုန်ထိုးပြေးလာခဲ့သည်။


"ဒါရိုက်တာ ချူ....မိန်းကလေးစုနဲ့ မိန်းကလေးယန်တို့ရောက်နေကြပါတယ်...နှစ်ယောက်လုံးဧည့်သည်ခန်းထဲမှာပါ... " အတွင်းရေးမှူးက ခပ်တိုးတိုးအသိပေး၏။


ချူယင်း၏အနောက်မှပါလာ‌သောဝန်ထမ်းသည်လည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားကာ အတွင်းရေးမှူးနှင့်အကြည့်ချင်းဖလှယ်လိုက်ကြသည်။


ထို့နောက်တွင်ဧည့်ခန်းတံခါးပွင့်သွားခဲ့၏။


Xxxxxxxxxxxx