အပိုင်း ၆၈
Viewers 12k

Chapter 68


အားလုံး၏အကြည့်များက တံခါးဝ၌သာရှိနေကြပြီး ဦးစွာထွက်လာသူမှာ ယန်ရော့လင်ပင်။


သူမက ရှိုက်ကြီးတငင်ငိုနေပြီး " ချူကောကော " ဟုအော်ခေါ်ကာ လုံးဝဂရုဏာသက်သွားစေလောက်သည့် သနားကမားမျက်နှာထားလေးကို ပြုမူနေခဲ့သည်။


ထိုအချိန်တွင် ချူယင်းကမျက်မှောင်ကြုတ်နေခဲ့ပြီး သူ၏မျက်ဝန်းများထဲတွင် အလိုမကျခြင်းများဖြင့်ပြည့်နှက်နေခဲ့လေသည်။


နောက်တစ်ကြိမ်ထွက်လာသူမှာ စုယိပင်ဖြစ်၏။


သူမက လက်ကိုင်အိတ်ကြိုးကိုကိုင်ပြီး မျက်လွှာချထားခဲ့သည်။စုယိမော့ကြည့်လိုက်ချိန်တွင် အရင်ဆုံးချူယင်းထံမှ မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရတော့၏။


စုယိ၏မျက်လုံးများက နီရဲလာသော်လည်း သူမကထိန်းချုပ်နေပြီး အနိုင်ကျင့်ခံရသောဇနီးလေးတစ်ဦးသဖွယ်ဖြစ်နေသည်။


ထိုအခါချူယင်း၏ နှလုံးသားထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့ရသည်။ချူယင်းက စာရွက်စာတမ်းများကို အနောက်မှဝန်ထမ်းဆီသို့ထိုးပေးခဲ့ပြီး တစ်စုံတစ်ယောက်ထံသို့ ဦးတည်သွားတော့၏။


ယန်ရော့လင်မှာ ချူယင်း၏အင်္ကျီစအား ကိုင်ဆွဲရန်ပြင်လိုက်သော်လည်း အေးစက်နေသောလေထုကိုသာ ဖမ်းဆုပ်မိသွားသည်။ထိုယောက်ျားက သူမအား တစ်ချက်လေးမှငဲ့မကြည့်ဘဲ မရှိသူလို လျစ်လျူ ကျော်ဖြတ်သွားလေ၏။နံဘေးမှ ဝေ့တိုက်သွားသော လေစိမ်းများ၏အထိအတွေ့ကို ယန်ရော့လင်တစ်ယောက် ခံစားလိုက်ရသည်။


စုယိက သူမထံသို့ ချူယင်းလျှောက်လှမ်းလာနေသည်ကိုရပ်ကြည့်နေခဲ့ပြီး တစ်စုံတစ်ခုပြောရန်ကြံရွယ်လိုက်သော်လည်း ရုံးခန်းထဲသို့ ဆွဲခေါ်သွားခြင်းခံလိုက်ရတော့၏။


ပြင်းထန်သောအသံနှင့်အတူ ရုံးခန်းတံခါးက ဝုန်းခနဲပိတ်သွားခဲ့သည်။


ချူယင်းထံမှ ဒေါသစိတ်အား အနီးအနားတွင်ရှိသောစုယိပင်လျှင် ခံစား၍ရနိုင်၏။သူမက မျက်ရည်များကိုသုတ်လျက် ပြုံးပြုံးလေးပြောလာသည်။


"စိတ်မတ်ိုပါနဲ့ ...ကျွန်မ အနိုင်ကျင့်မခံရပါဘူး... ရှင့်ဝန်ထမ်းတွေအရှေ့မှာမလို့ သရုပ်ဆောင်နေတာ"


ချူယင်းသည်လည်း စုယိဟန်ဆောင်နေမှန်းကို ရှင်းရှင်းလင်းလင်း သိထားပြီး ယန်ရော့လင်က စုယိအားငိုအောင်လုပ်နိုင်မည်ဟုမထင်ပေ။သို့သော်လည်း နီရဲနေသောမျက်ဝန်းတစ်စုံအား တွေ့လိုက်ရချိန်တွင်မူ ဒေါသကို မထိန်းချုပ်နိုင်ခဲ့ချေ။


 " ဘာလို့ သူတို့အတွက်သရုပ်ဆောင်နေတာလဲ "


 "သူတို့က ရှင့် ဝန်ထမ်းတွေလေ...ဆိုးဆိုးဝါးဝါးပုံစံကို မမြင်သွားစေချင်လို့ "


ထိုအခါ ချူယင်း၏ မျက်ခုံးများက ပြေလျော့သွားကာ သူက သက်ပြင်းချပြီး စုယိ၏ခေါင်းအားခပ်ဖွဖွပွတ်သပ်ရင်းပြောလေသည်။


 "မင်းက သူတို့သူဌေးရဲ့အမျိုးသမီးပဲ ... အတင်းတွေအမြင်ကြည်အောင် လုပ်ယူနေစရာမလိုပါဘူး "


စုယိက ချူယင်း၏လက်မှရှောင်ဖယ်လိုက်ပြီး ရုံးခန်းစားပွဲ‌ပေါ်သို့သွားထိုင်သည်။ထို့နောက်သူမက လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီး ပြောလေ၏။


“ဒီကိုလာပါဦး...သစ်ပင်ကြီး”


ချူယင်းမှာအပြုံးများကိုမရပ်တန့်နိုင်ဘဲ သူ့အားခုန်အုပ်လာသူအား ဆွဲပွေ့ထားလိုက်သည်။


ထို့နောက်တွင်စုယိက ချူယင်း၏လည်ပင်းကို အသည်းယားစွာကိုက်နေရင်း ပြောလာတော့သည်။


"ပြော...ရှင်နဲ့ ယန်ရော့လင် toilet ရှေ့မှာ ဘာတွေပြောနေကြတာလဲ....ပြောပြရင် အပြစ်လျော့မယ်...လျိုထားရင် အရေးယူမယ် ”


ချူယင်းမှာ မကြာသေးမီက အလုပ်များနေခဲ့ပြီး ဖျော်ဖြေရေးသတင်းများကို လုံးဝမကြည့်နိုင်ခဲ့ပေ။ထို့အပြင် စုယိက Weibo တွင် ဘာမှမတင်သည်လည်းပါသည်။


သူက မျက်ခုံးပင့်ကာ ခေတ္တစဉ်းစားပြီးနောက် နောက်ဆုံးတွင် ထိုမှတ်ဥာဏ်ကို ထုတ်ယူလိုက်၏။


 "ဘာမှမဟုတ်ပါဘူး... သူကနှုတ်ဆက်ရုံပါပဲ"


 "အဲ့တော့ရှင်ကဘာပြန်ပြောလိုက်လဲ"


 "ဘယ်သူလဲလို့ မေးလိုက်တယ် ....ပြီးတော့ ထွက်လာခဲ့တာ "  


ချူယင်းက စုယိ၏ဆံသားများအား နမ်းရှုံ့လျက် ပြန်‌ဖြေသောအခါ စုယိတစ်ယောက် ကျေနပ်သွားဝောာ့၏။


 "တကယ်တော့ ကျွန်မ ဘာမှ သိပ်မပြောလိုက်ပါဘူး.....သူကိုက စိတ်ပျော့လွန်းပြီး အငိုလွယ်နေ‌တာ ... ဒါက ကုမ္ပဏီကို မထိခိုက်စေဘူးမလား” စုယိက ချူယင်း၏ရင်ခွင်ထဲသို့ ခေါင်းဝှက်လျက် ခပ်တိုးတိုးဆိုသည်။


 " ဟင့်အင်း...သူတို့က အဲ့လောက် အရေးပါတာမဟုတ်ဘူး... ယန်မိသားစုက မကြာသေးခင်ကမှ လက်ထပ်ကြောင်းလှမ်းမဲ့အကြောင်းကို တဖွဖွပြောနေတာ ရင်းနှီးမြှုပ်နှံသူလိုချင်လို့ ဖြစ်မယ် "


"အိပ်မက်မက်နေကြတာပဲ...ရှင်က ကျွန်မအပိုင် "  


စုယိက ခေါင်းထောင်လာလျက် အာဏာကို ကြေငြာသောအခါ ချူယင်းက ပြုံးတော့၏။


" ဒါပေါ့ ...ကိုယ်က မင်းအပိုင် "


 “သူတို့က ရင်းနှီးမြှုပ်နှံတာနဲ့ အိမ်ထောင်ရေး ၊ နှစ်ခုစလုံးကိုလိုချင်နေသေးတယ်....တကယ်ကို မရောင့်ရဲနိုင်ကြတဲ့လူတွေပဲ...အကုန်ကိုလိုချင်နေကြတာ ”


စုယိ စိတ်တိုနေသောပုံစံကလေးကိုမြင်ချိန်တွင် ချူယင်း၏ဒေါသမီးတို့မှာ လုံးဝချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့လေသည်။


 " ဘာလို့ ဒီနေ့ပြန်လာတာလဲ" 


" ရိုက်ကူးရေးစောစောပြီးသွားလို့ " 


စုယိမှာချူယင်းပင်ပန်းနေမည်ကိုစိုးရိမ်သဖြင့် ခြေထောက်များကိုလျှောကာ အောက်ဆင်းရန်ပြင်လိုက်သော်လည်း တစ်ဖက်လူကသူမ၏ခါးများကို ပို၍ပင်တင်းတင်းကြပ်ကြပ်ဖက်တွယ်လာလေသည်။


" မပွေ့တော့နဲ့လေ...ကျွန်မကအရမ်းလေးတယ်...ရှင် မပင်ပန်းဘူးလား "


" မပင်ပန်းပါဘူး...ကိုယ်ဘယ်လောက်ကြာကြာသယ်နိုင်လဲ ဆိုတာကို မသိတာလည်းမဟုတ်ဘဲနဲ့ "


စုယိ၏မျက်နှာက ချက်ချင်းနီရဲသွားတော့သည်။ သူမက တစ်ဖက်လူ၏ရင်ဘတ်ကို ထုလိုက်ပြီး အံကြိတ်ထားသောလေသံဖြင့်ပြောလိုက်၏။


" ရုံးမှာပဲရှိသေးတယ်နော်....အင်းး "


မိတ်ကပ်ဖျက်ထားသော်လည်း စုယိ၏မျက်နှာက နီ‌ရဲနေလေ၏။အပြင်တွင် ဝန်ထမ်းများရှိနေသေးသောကြောင့်သာ ချူယင်းက သူမအား အကောင်လိုက်မျိုမချသေးခြင်းဖြစ်သည်။


ချူယင်း၏လည်ဇလုတ်က ရွေ့လျားသွားပြီး သူကစုယိအား အကြိမ်အနည်းငယ်နမ်းရှုံ့နေတော့၏။ထို့နောက်တွင်မူ ချူယင်းမှာ စုယိအား စားပွဲအနောက်ဘက်ရှိ ကုလားထိုင်ပေါ်သို့ချပေးလိုက်သည်။


ကိစ္စအဝအဝပြီးဆုံးပြီးနောက်တွင် ချူယင်းသည် အဝတ်အစားအား သပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်ပြီး စားပွဲပေါ်မှ ကြိုးဖုန်းခလုတ်ကိုနှိပ်ကာ ခပ်တိုးတိုးပြောလေ၏။


" ဝင်ခဲ့ "


ထိုအခါ ချက်ချင်းဆိုသလိုပင် ရုံးခန်းကတံခါးပွင့်သွားခဲ့ပြီး ဝန်ထမ်းအုပ်စုတစ်စုက အထဲသို့ မျက်လွှာချလျက် ဝင်လာကြတော့သည်။ရှေ့ဆုံး၌ရပ်နေသော မန်နေဂျာဖြစ်သူက ချူယင်းအား မေးလာခဲ့၏။


 "ဒါရိုက်တာ ချူ....ကျွန်တော်တို့ အခုတင်ထားတဲ့ အစီရင်ခံစာကို ထပ်ပြောဖို့ လိုသေးလားမသိဘူးဗျ "


" မလိုဘူး...ပစ္စည်းတွေအကုန်ချခဲ့ပြီး သွားတော့ "


ထိုအချိန်တွင် အတွင်းရေးမှူးကလည်း အနောက်မှဝင်လာခဲ့ပြီး သူက စုယိအားဦးစွာတစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးပြောလာတော့၏။


 "အာ... ဒါရိုက်တာချူ ...မိန်းကလေးယန်က မွေးနေ့ပါတီ ဖိတ်စာတစ်စောင်ထားခဲ့လို့ပါ "


“လွှင့်ပစ်လိုက်”


 “ ဟုတ်ကဲ့ပါ ”


ဝန်ထမ်းများအားလုံးထွက်သွားပြီးနောက်တွင် ချူယင်းက စာရွက်စာတမ်းများကို တစ်ဖက်သို့ဖယ်ထားလိုက်ပြီး စုယိအား မေးသည်။


 "ဒီည ဘာစားချင်လဲ"


 "အကုန်စားချင်တယ်....ဒါပေမဲ့ အခုတလောဝိတ်တက်လာတယ်...ပြီးတော့ အောက်တိုဘာလထဲမှာလည်း ပွဲတွေအများကြီးရှိသေးတယ်...ဝူရွှယ်က ကျွန်မကိုဘာမှစားခိုင်းမှာမဟုတ်ဘူး "


 "စားချင်တာသာ စားပါ...မင်းက မဝပါဘူး "  


ချူယင်းက စုယိ၏နားရွက်များကိုပွတ်သပ်ပြီး တစ်စုံတစ်ရာကိုပြောတော့မည့်ဆဲဆဲတွင် ဖုန်းသံမြည်လာခဲ့၏။


ထိုအခါချူယင်းက ဖုန်းခေါ်ဆိုသူ ID ကိုကြည့်ပြီး ချက်ချင်းပင် လက်ခံဖြေကြားလိုက်သည်။ 


 "ဘာလဲ"


 "ဗိုလ်ကြီး ယင်း....ညစာအတူစားကြမလား...ဗိုလ်ကြီးမင်က စစ်တပ်ကထွက်ပြီး ပေကျင်းပြန်လာနေတယ်... အခုထိတော့လေယာဉ်ပေါ်မှာပဲရှိသေးတယ်...ကျွန်တော်‌တို့ဒီည ညစာစားဖို့လူစုနေကြတာ.... ဗိုလ်ကြီးမင်က ဗိုလ်ကြီးယင်းကို ဖိတ်ဖို့သေချာပြောထားလို့ "


ချူယင်းက မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်လှည့်ကြည့်လိုက်သောအခါ စုယိ၏အကြည့်နှင့် ရင်ဆိုင်လိုက်ရ၏။


 “ဟုတ်ပြီ... ထိုင်ခုံနှစ်နေရာချန်ထားလိုက်"


......


 “ဘာဖြစ်တာလဲ” 


ချူယင်းဖုန်းချပြီးချိန်တွင် စုယိက မေးလာခဲ့သည်။


" အတူဆုံကြမလို့ ... မင်းတွေ့ဖူးတဲ့လူတွေပါပဲ "


ထိုစကားကိုကြားလိုက်သည်နှင့် စုယိက ကပျာကယာ ကုန်းရုန်းထလာတော့၏။


" ဒါဆို ကျွန်မ မိတ်ကပ်လိမ်းဖို့လိုတယ် "


" ဘာလိမ်းစရာလိုလို့လဲ " ချူယင်းက စုယိ၏ခါးအား ဖက်တွယ်လိုက်လျက် ပြောလေသည်။


 "ရှင့်သူငယ်ချင်းတွေနဲ့ တွေ့ရမှာလေ...ကျိန်းသေပေါက်ပြင်ဆင်ပြီးသွားရမှာပေါ့...နေဦး....ဟိုတစ်ခါ စားသောက်ဆိုင်မှာတုန်းက ကျွန်မမိတ်ကပ်လိမ်းထားလား " စုယိက အတွေးများနေဟန်ဖြင့် ဆိုလာ၏။


" အင်း...လိမ်းထားတယ် "


သူမမှာ ထိုအချိန်၌ မိတ်ကပ်ကို အပျံစားလိမ်းပြီးဘောင်းဘီတိုအဖြူရောင်ကို ဝတ်ဆင်ထားခဲ့လေသည်။လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့်ပင် လူတကာရှိန်လောက်သည့် ခပ်မိုက်မိုက်အနေအထားဖြစ်ခဲ့၏။


" တော်သေးတယ် " စုယိက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလျက်ဆို၏။


" မလိမ်းပါနဲ့...မင်းက ကြည့်ကောင်းနေတာပဲကို "


ထိုအခါစုယိက ချူယင်းအား ခေါင်းယမ်းပြလေသည်။သူမသည် ယနေ့၌ ယန်ရော့လင်နှင့်တည့်တည့်တိုးမည်ကိုသာကြိုသိခဲ့လျှင် မိတ်ကပ်ဖျက်ခဲ့မည်မဟုတ်ချေ။


အတွေးဖြင့်ပင် နောင်တရနေဆဲဖြစ်သည်။


စုယိက အနီးအနားရှိဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး မိတ်ကပ်ပါးပါးလိမ်းခြယ်ကာ ဆံပင်များကို ချထားလိုက်တော့၏။ထို့နောက်သူမက စာရွက်စာတမ်းများဖတ်နေသောချူယင်းအား လှမ်းမေးတော့သည်။


" ကျွန်မ လှလား "


" အင်း... "


" ကြည့်တောင်မကြည့်ဘဲနဲ့ "


ချူယင်းခမျာ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရ၏။သူက စုယိအား မိနစ်အနည်းငယ်ခန့် လှမ်းကြည့်လိုက်ပြီး အသေးစိတ်စစ်ဆေးပေးလေသည်။


" အရမ်းလှတယ် "


ထိုအခါမှ စုယိက ကျေနပ်သွားတော့၏။မိတ်ကပ်ဟုဆိုသော်လည်း အမှန်တကယ်တွင် မျက်ခုံးမွှေးဆွဲ၍ နှုတ်ခမ်းနီသာဆိုးထားရုံသာဖြစ်ပြီး ရုပ်ခံလုံလုံလောက်လောက်ရှိသောစုယိအတွက် အများအပြားအားထုတ်စရာမလိုဘဲ မိတ်ကပ်အပြည့်လိမ်းခြယ်ထားသည့်ပုံစံပေါက်စေသည်။


လူစုရန်ချိန်းဆိုထားသောတည်နေရာမှ လယ်အိမ်တစ်ခုတွင်ဖြစ်ပြီး တစ်နာရီကျော်ခန့်ကြာအောင် ခရီးနှင်ရမည့်အတွက် အလုပ်ဆင်းချိန်မတိုင်မီမှာပင် နှစ်ယောက်သားအတူထွက်လာခဲ့ကြ၏။


ဝန်ထမ်းများအား ကျေးဇူးတင်ရပေမည်။


လောလောလတ်လတ် ဖြစ်သွားသောကိစ္စနှင့်ပတ်သတ်သည့်ကောလဟာလများက တစ်ရုံးလုံးတွင် ဂယက်ထနေပြီဖြစ်လေသည်။


ယနေ့၌သူ့အားလာနှုတ်ဆက်ကြသောဝန်ထမ်းများက သိသိသာသာများပြားနေသည်ကို ချူယင်း သတိထားမိ၏။ပုံမှန်အချိန်များတွင် အမျိုးသမီးဝန်ထမ်းများက ပိုများ‌သော်လည်း ယနေ့၌ အမျိုးသားဝန်ထမ်းများကပါ စိတ်အားထက်သန်နေကြလေသည်။အဆောက်အဦးတွင်းရှိနေရာအနှံ့အပြားမှပေါ်လာကြသော ထိုသူများက အကြောင်းမရှိအကြောင်းရှာ၍ ချူယင်းအာ လာလာနှုတ်ဆက်နေကြ၏။


ချူယင်းက ထိုအကြောင်းကိုတွေးနေစဉ်မှာပင် သူ၏အရှေ့သို့ အမျိုးသားဝန်ထမ်းတစ်ယောက်က ထပ်ရောက်လာခဲ့သည်။


 "မင်္ဂလာပါ ဒါရိုက်တာချူ"


ထိုတစ်ယောက်မှာ နှုတ်ဖျားကသာချူယင်းအား နှုတ်ဆက်နေသော်လည်း အကြည့်များမှာတော့ ဘေးမှစုယိထံသို့သာရောက်နေလေ၏။


ထိုအချိန်တွင် စုယိမှာ ချန်းယန်ဆီမှ မက်ဆေ့ခ်ျကိုအာရုံစိုက်၍ဖတ်နေခဲ့ပြီး အခြေအနေအား သတိမမူမိချေ။


ချူယင်းသည် မျက်စိရှေ့မှဝန်ထမ်းအား မျက်မှန်းတမ်းမိ၏။သူကတစ်ဖက်သို့မျက်စောင်းထိုးလျက် ပြောလိုက်တော့သည်။


" အရမ်းအားနေတာလား...အားနေရင် တိုးချဲ့ အစီအစဉ်အတွက် အစီရင်ခံစာနှစ်စောင်ရေးပြီးမနက်ဖြန် လာတင်ပြလှည့် "


" ဗျာ ... "


 “ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်... မင်းကို နှစ်ကြိမ်ပြောပြီးပြီ...သုံးကြိမ်ထက် ပိုပြောမှာမဟုတ်ဘူး....အခွင့်အရေးရတုန်း တန်ဖိုးထား "


ထိုသို့ပြောပြီးနောက်တွင် ချူယင်းမှာ သူ့နံဘေးမှလူကိုဆွဲခေါ်သွားပြီး အဆောက်အဦးအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့်ထွက်ခွာသွားတော့၏။


လယ်အိမ်သို့သွားရာလမ်းတွင် စုယိက အိပ်ပျော်သွားခဲ့သည်။သူမမှာရိုက်ကူးရေးပြီးပြီးချင်း ပေကျင်းသို့ချက်ချင်းပြန်လာခဲ့ပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သောကြောင့် လေယာဉ်ပေါ်တွင်လည်း မအိပ်နိုင်ခဲ့ပေ။ယခု၌မူ သူမ၏အနားတွင် ချူယင်းရှိသောကြောင့်


စိတ်အေးရသလောက်ပင် ပင်ပန်းနွမ်းနယ်မှုများက စုပြုံလာခဲ့လေသည်။


မီးပွိုင့်နီနေချိန်တွင် ချူယင်းက ငိုက်စိုက်ကျနေသောစုယိ၏ခေါင်းလေးအား အသာအယာတွန်းပေးရန် လက်ကိုဆန့်တန်းလိုက်၏။သို့သော်လည်း အဆင်မပြေသဖြင့် သူက စုယိ၏ထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး ထိုင်ခုံအား နောက်သို့အနည်းငယ်လှဲပေးကာ သက်တောင့်သက်သာအိပ်နိုင်စေရန် စီမံပေးခဲ့လေသည်။ထို့နောက်တွင် ချူယင်းမှာ စုယိအား ခါးပတ်ပြန်ပတ်ပေးနေခဲ့၏။


ထိုအချိန်တွင် စုယိမှာလည်း ခဏတာနိုးလာသည်။


အိပ်မှုန်စုံမွှားဖြစ်နေသောစုယိက အရှေ့သို့အနည်းငယ်တိုးကာ ချူယင်း၏ပါးပြင်တစ်ဖက်ကို နမ်းရှုံ့လိုက်ပြီးနောက် ပြန်လည်အိပ်စက်သွားခဲ့၏။


 ****


ဦးတည်ရာနေရာသို့ ဆိုက်ရောက်ခဲ့ချိန်တွင် လယ်အိမ်အပြင်ဘက်၌ ကားများအနည်းအကျဉ်းရှိနေလေပြီ။


ကားရပ်တန့်သည်ကိုခံစားလိုက်ရသောစုယိက မျက်လုံးများကိုပွတ်သပ်နေရင်း ခပ်တိုးတိုးမေးလာသည်။


 "ရောက်ပြီလား..."


 “အင်း...မင်းပင်ပန်းရင် စောစော‌ပြန်ကြမယ်‌လေ ” 


ချူယင်းက ထိုင်ခုံနှစ်ခုံကြားတွင်ချထားသောစုယိ၏အိတ်ကိုဆွဲကိုင်လိုက်ရင်း ပြန်ဖြေသည်။


ထိုအခါ စုယိက မတ်မတ်ထထိုင်ကာ အကြောဆန့်နေရင်း ဆိုလာတော့၏။


 “မပင်ပန်းပါဘူး....‌ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောလို့ရပါတယ်...ကျွန်မကိုစိတ်ပူစရာမလိုဘူး ” 


လယ်အိမ် ခြံဝန်းထဲ၌ ယောက်ျားသားအချို့က စီတန်း၍ထိုင်နေကာ ငါးမျှားနေကြလေသည်။ဆောင်းဦးပေါက်ချိန်ဖြစ်လင့်ကစား ထိုလူများဝတ်ဆင်ထားပုံက ပေါ့ပါးလွန်းနေ၏။


" ဒီက ငါးတွေက အသားကိုမပါဘူး...ကြည့်ရုံနဲ့တင် အရသာမရှိမှန်းသိသာတယ် "


ထိုလူများထဲမှ တစ်ယောက်က ခပ်ကျယ်ကျယ်ပြောလာသည်။


 " မွေးမြူရေးငါးတွေလေကွာ...ငါးရိုင်းတွေနဲ့ တော့ဘယ်ယှဉ်နိုင်မလဲ...."


" ငါမှတ်မိသေးတယ်....ဗိုလ်ကြီးယင်းဟာက အကြီးဆုံးပဲ"


 "ဘာကို အကြီးဆုံးလဲ"


အနောက်မှ အေးစက်စက်‌ယောကျာ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။


ထိုင်နေသူများက တစ်ညီတစ်ညွတ်တည်းပင် အသံလာရာဘက်သို့ လှည့်ကြည့်လာပြီး suitဝတ်ဆင်ထားလျက်ရှိသော ဗိုလ်ကြီးယင်းကိုမြင်သွားကြတော့သည်။ဗိုလ်ကြီးယင်း၏မျက်နှာထားမှာ အေးစက်ပြီး ခါတိုင်းကဲ့သို့ ချောမောနေဆဲပင်။ဤတစ်ခါ၌ ဗိုလ်ကြီးယင်းမှာ အဖြူရောင်အမွေးပွတစ်အိတ်လုံးကို ထူးထူးဆန်းဆန်း လွယ်ထားလျက်ရှိသည်။ထိုအိတ်က သူတို့၏လက်သီးတစ်လုံးစာပင်မရှိပေ။


Xxxxxx