Chapter 69
ကျွန်တော့်ကောင်မလေးစုယိ။
ဗိုလ်ကြီးယင်း၏နံဘေးတွင်မူ အမျိုးသမီးတစ်ဦးရပ်နေပြီး သူမထံမှပျော့ပျောင်းသောဆံနွယ်များက ပုခုံးထက်တွင် ဝေ့ဝဲနေလေသည်။သူမက ကော်ဖီညိုရောင် ဂျာကင်နှင့် ရိုးရိုးအောက်ခံရှပ်အင်္ကျီကို ဂျင်းဘောင်းဘီအကြပ်နှင့် တွဲဖက်၀တ်ဆင်ထား၏။
ယခုအချိန်၌ စုယိ၏ခုခံအားစနစ်မှာ ကြောက်စရာကောင်းလောက်အောင် အားနည်းနေပြီး သူမမှာ နေထိုင်မကောင်းမဖြစ်ချင်သဖြင့် ဤတစ်ကြိမ်၌ လုံလုံခြုံခြုံဝတ်လာခြင်းဖြစ်သည်။
စုယိက နှုတ်ခမ်းစွန်းများကိုကော့ချိုးလိုက်ပြီး စတင်နှုတ်ဆက်လိုက်တော့၏။
"အားလုံးပဲ မင်္ဂလာပါ... ပြန်ဆုံကြပြန်ပြီနော်"
ထိုအခါယောက်ျားလေးတစ်ယောက်က မတ်တပ်ထရပ်လျက် လက်ကို ဘောင်းဘီဖြင့် ခပ်ကြမ်းကြမ်းပွတ်တိုက်လိုက်ကာ စုယိထံသို့လက်ကမ်းပေးလာလေသည်။သူက စုယိအား အသေအချာပင် မှတ်မိ၏။
" မင်္ဂလာပါ မင်္ဂလာပါ...ရင်းနှီးပါတယ်လို့ကြည့်နေတာ တီဗွီထဲကတစ်ယောက်ဖြစ်နေတာပဲ...အပြင်မှာ ပိုလှတယ်ဗျာ "
အခြားသူများလည်း မတ်တတ်ထရပ်လာကြပြီး idol handshake event သို့ရောက်နေသည့်သဖွယ် မျှော်လင့်စောင့်စားနေကြသည်။
"သူက မင်းမရီးပဲ "
အားလုံး၏စိတ်အားထက်သန်မှုများက စကားလေးတစ်ခွန်းနှင့်ပင် ချက်ချင်း လွင့်စင်သွားတော့၏။အခိုးအငွေ့ပင်မကျန်ခဲ့ချေ။
စုယိက ပြန်လည်လက်ဆွဲနှုတ်ဆက်တော့မည့်ဆဲဆဲတွင် ထိုတစ်ယောက်က သူ၏လက်ကို ချက်ချင်းပြန်ရုတ်သွားခဲ့သည်။
“ဟဲဟဲ... မင်္ဂလာပါ မရီး”
တစ်ဖက်မှစကားပြောသံက အလွန်ကျယ်လောင်ပြီး သူတို့သည်လေ့ကျင်ရေးဆင်းခဲ့စဉ်က နေထိုင်မှုပုံစံအတိုင်းပြုမူနေကြခြင်းဖြစ်၏။
ကနဦးက စုယိ၏အိပ်ချင်စိတ်များမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။
သို့သော်လည်း စုယိက အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းသိမ်းထားပြီး အေးအေးလူလူ ပြန်မေးလိုက်၏။
" ငါးဖမ်းနေကြတာလား"
"ဟုတ်တယ် မရီး "
" စမ်းကြည့်ချင်လို့လား " ချူယင်းက သူမအား မေးလာခဲ့သည်။
“အင်း...အရင်က မဖမ်းဖူးဘူး” စုယိက ဘေးဘီကို ဝေ့ဝိုက်ကြည့်ရင်းပြန်ဖြေလိုက်၏။
ထိုအခါ ချူယင်းက ငါးမျှားတံတစ်ချောင်းကိုရှာယူလာပြီး စုယိထံသို့ကမ်းပေးခဲ့သည်။
နုန်ကျားလယ်ရှိ ရေကန်ငယ်မှာ အပြင်ဘက်ရှိ မြစ်များနှင့် မတူပေ။ကန်ငယ်ထဲ၌ ဖောက်သည်များအကြိုက်တွေ့စေရန် ငါးများဖြည့်ပေးထားခြင်းဖြစ်ပြီး များမကြာမီ၌ပင် စုယိမှာ ငါးတစ်ကောင်အား ဖမ်းမိသွားတော့သည်။ဖမ်းမိထားသောငါးက ကြီးပြီး မြေပြင်ပေါ်တွင် အရှင်လတ်လတ်ခုန်နေလေ၏။
ချူယင်းမှာ စုယိ၏ငါးမျှားချိတ်မှငါးကို ကူဖြုတ်ပေးနေချိန်၌ ရင်းနှီးသောအသံတစ်ခုအား ကြားလိုက်ရသည်။
"ယင်းဇီ"
စုယိသည်လည်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။ မလှမ်းမကမ်းတွင် ရိုးရိုးရှင်းရှင်း ၀တ်စားထားသော လူတစ်ယောက် ရပ်နေပြီး ထိုလူက အရပ်ရှည်၍လူကောင်ကြီးသည်။
သူ၏ပက်တီးစည်းထားသောလက်တစ်ဖက်က ရင်ဘတ်ရှေ့တွင် တွဲလောင်းဖြစ်နေပြီး ကျန်ပတ်တီးစကိုမူ လည်ဂုတ်တွင် သိုင်းဆွဲချိတ်ထားလေ၏။
" ဗိုလ်ကြီးမင် "
"မင်္ဂလာပါ"
ချူယင်း၏စကားအဆုံးတွင် စုယိကလည်း ငါးမျှားတံကို ချက်ချင်းချလိုက်ပြီး ကမန်းကတမ်း မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်လေသည်။
ဗိုလ်ကြီးမင်ဆိုသူက ခေါင်းညိတ်ပြလာပြီး ထို့နောက်တွင် စုယိကိုကြည့်လျက် တိုးညင်းစွာမေးတော့၏။
“မင်္ဂလာပါ မိန်းကလေးက...”
"ကျွန်တော့်ကောင်မလေး...စုယိလို့ခေါ်တယ် "
ချူယင်းက ရိုးရိုးရှင်းရှင်း ပြောပြလိုက်သောအခါ ဗိုလ်ကြီးမင်တစ်ယောက် အံ့သြသွားသည်။
"အရမ်းသွက်နေပါလား ...အရင်ကတော့ မိန်းမ မရမှာကိုတောင် စိုးရိမ်နေရတာ "
ဗိုလ်ကြီးမင်က သူ၏အရှေ့မှမိန်းကလေးအား ထပ်မံအကဲခတ်လိုက်သည်။သူမထံတွင်ချောမောပြီး ကြည့်ပျော်ရှုပျော်ဖြစ်သော အသွင်အပြင်ရှိလေ၏။
“ ကျွန်တော်က ချူယင်း စစ်မှုထမ်းစတုန်းက အဖွဲ့ခေါင်းဆောင်ပါ...ကျိုးမင်လို့ခေါ်ပါတယ်...မင်ကောလို့ခေါ်လို့ရပါတယ်...မဟုတ်လည်း အားလုံးခေါ်ကြသလို ဗိုလ်ကြီးမင်လို့ပဲခေါ်ပေါ့ "
" သူခေါ်သလို ဗိုလ်ကြီးမင်လို့ပဲခေါ်ပါ့မယ် " စုယိက ပြုံးလျက် ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။
" ရတာပေါ့ " ကျိုးမင်က ပြုံးလျက်။
ထိုအချိန်တွင် ချူယင်းက ကျိုးမင်၏လက်ကိုငုံ့ကြည့်နေခဲ့ပြီး များမကြာမီ၌ပင် သူက အကြည့်လွှဲခဲ့လေ၏။
" ငါးတွေဖမ်းမိလားဗျ...ဖမ်းမိထားတာရှိရင် ချက်ပေးပါ့မယ် " စားပွဲထိုးတစ်ယောက်က မီးဖိုချောင်ထဲမှထွက်လာပြီး မေးသည်။
ထိုအခါ ငါးဖမ်းနေသူများထဲမှတစ်ယောက်က စုယိဖမ်းမိထားခဲ့သောငါးအားဆွဲကိုင်ပြီး လျှောက်လှမ်းလာလျက် ပြန်ဖြေလိုက်၏။
"မိတယ်...ဒီကောင်ကအကြီးဆုံးပဲ...ကောင်းကောင်းချက်ပေးနော်...ငါတို့မရီးဖမ်းထားတာကွ ဟားဟား "
******
သစ်သားစားပွဲဝိုင်းကြီးတစ်ဝိုက်တွင် လူဆယ်ယောက်ကျော် ဝိုင်းဖွဲ့ထိုင်နေသည်။စားပွဲက အလွန်ကျယ်ဝန်းပြီး အားလုံးက စကားစမြည်ပြောနေကြ၏။
"ဗိုလ်ကြီးမင်က ဒီလောက်အစောကြီး အနားယူသွားမယ်လို့ ထင်မထားဘူး "
" အစောကြီးတဲ့လား ...ငါကအသက်သုံးဆယ်ကျော်ကွ... သားသမီးတွေနဲ့ အတူနေပြီး အနားယူရတာက ပုံမှန်ပဲ မဟုတ်ဘူးလား"ကျိုးမင်က ရယ်မောလျက်။
"အဲ့ဒါကတော့ အဲ့ဒါပေါ့...လက်ကရော အဆင်ပြေရဲ့လား"
" ဘာမှမဟုတ်ပါဘူးကွာ...အသေးအမွှားဒဏ်ရာလေးပါပဲ"
"အဲ့ဒီအသေးအမွှား ဒဏ်ရာလေးကြောင့်ပဲ ချက်ချင်းအငြိမ်းစားယူရတဲ့အထိဖြစ်သွားတာလေ"
အရိပ်အကဲနားမလည်ဘဲပြောချင်ရာပြောနေသောထိုသူအား အခြားတစ်ယောက်က နားရင်းအုပ်လိုက်တော့၏။
ကျိုးမင်က ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်သည်။
"အဲဒါကြောင့် အငြိမ်းစားယူတာမဟုတ်ဘူးလို့ပြောခဲ့သားပဲ...ငါက မိန်းမနဲ့ ကလေးတွေနဲ့ အတူတူနေမလို့ ထွက်တာ "
ထိုအခါ နားရင်းအုပ်ခံရသူက ခေါင်းကိုပွတ်သပ်နေရင်း စကားဆက်လာ၏။
" ဗိုလ်ကြီးမင်က ဗိုလ်ကြီးယင်းတုန်းကနဲ့ အတူတူပဲလို့ထင်တယ် ”
ထိုစကားအားကြားလိုက်ရချိန်တွင် စုယိ၏မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတော့သည်။
ဆိုလိုရင်းအကြောင်းအရာအား စုယိဆက်မတွေးနိုင်ခင်မှာပင် ကျိုးမင်က ချူယင်းအား မေးမြန်းခဲ့လေသည်။
" ယင်းဇီ...ဘယ်လိုလဲ အခြေအနေကောင်းလာပြီလား "
ချူယင်း၏အမူအရာက တည်ငြိမ်နေပြီး ဘာကိစ္စမှအထူးတလည်မရှိသလိုပင်။
" ဘာမှမဖြစ်တာကြာပါပြီ "
“ဒါဆို အခုခေတ်ဆေးပညာတွေက တကယ်ကောင်းတဲ့ပုံပဲ...ငါငယ်ငယ်ကသာဖြစ်ခဲ့ရင် အသက်ထွက်သွားတာကြာလောက်ပြီ...မင်း တကယ်ကံကောင်းသွားတယ် " ကျိုးမင်က မှတ်ချက်ပြု၏။
စုယိမှမူ နံဘေးမှလူအားစိုက်ကြည့်နေခဲ့ပြီး သူမ၏နှလုံးသားက နစ်မွန်းနေသည်။
မည်သို့သောဒဏ်ရာနည်း။
မည်သည့်နေရာ၌ရခဲ့သနည်း။
မည်သည့်အချိန်၌ရခဲ့သနည်း။
အဘယ်ကြောင့် သူမ တစ်ခါမှ မမြင်ဖူးခဲ့ရသနည်း။
စုယိ၏ခေါင်းထဲ၌ မေးခွန်းများဖြင့် ဗလောင်ဆူနေခဲ့သည်။
ချူယင်းသည်လည်း စုယိထံမှ ပူပန်မှုအား ခံစားမိပုံရ၏။သူကတူကိုကောက်ကိုင်လိုက်ပြီး တိုတိုတုတ်တုတ်သာပြန်ဖြေသည်။
" အင်း "
တစ်ဖက်လူက စကားဝိုင်းအား ဆက်သွားချင်ပုံမရတော့သည့်အတွက် ကျိုးမင်က ပြုံးရယ်လျက် စကားလမ်းကြောင်းလွှဲလိုက်တော့၏။
“ငါအရင်က ဒီလာဖူးတယ်...အခုထိဖွင့်သေးမယ်လို့ထင်မထားဘူး....ဒီက အစားအသောက်တွေက တော်တော်စားလို့ကောင်းတယ်...အပီသာတွယ်ကြ ငါ့ကောင်တွေ ”
အစားအသောက်က အချိန်တိုအတွင်း၌ပင် အဆင်သင့်ဖြစ်နေပြီဖြစ်လေသည်။စုယိဖမ်းမိထားသောငါးကြီးကိုနံနံပင် နိုင်နိုင်အုပ်၍ပေါင်းထား၏။စုယိသည် မျက်စိရှေ့မှထိုဟင်းလျာအား မြင်သော်လည်း ဗိုက်ဆာသည်ဟု နည်းနည်းလေးမှ မခံစားရပေ။ငါးပေါင်းနှင့်အတူ အရက်ဖြူပုလင်းအနည်းငယ်လည်း ပါလာသည်။
ထိုအချိန်၌ တံခါးနားတွင်ထိုင်နေသောတစ်ယောက်က အရက်ပုလင်းကိုလှမ်းယူရင်း ဖောက်သည်ချတော့၏။
"ဗိုလ်ကြီးမင် မသိဘူး...မရီးနဲ့တွေ့တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး....သူ့ရဲ့သောက်နိုင်စွမ်းက အေပလက်စ်ပဲ"ထိုတစ်ယောက်က လက်မထောင်လျက်ဆို၏။
စုယိက ပြုံးလိုက်ပြီး တစ်ခုခုပြန်ပြောရန်ပြင်လိုက်ချိန်တွင် သူမ၏နံဘေးမှအမျိုးသားက ဦးအောင် စကားဟလာခဲ့၏
“ဒီအရက်က အရမ်းပြင်းတယ်...မသောက်နဲ့”
“ ရပါတယ်...ဒီအထိတောင်ရောက်လာပြီပဲ...နည်းနည်းပါးပါးတော့ သောက်ရမှာပေါ့”
စုယိက ကမန်းကတန်း ပြောလျက် ခွက်ကိုအရှေ့သို့တိုးပေးလာ၏။
" ထည့်ပေးပါဦး...ကျေးဇူးပါ "
အရက်ပုလင်းကိုင်ထားသောကောင်လေးက တစ်စုံတစ်ရာကို အလွန် ထိတ်လန့်တုန်လှုပ်နေပုံရပြီး သူကစုယိ၏ခွက်ထဲသို့ အရက်ထည့်မပေးနိုင်သေးချေ။
နောက်ဆုံးတွင်ကျိုးမင်က ဝင်ပြောလာခဲ့သည်။
"ရှောင်ယိကပါ ဒီလိုပြောလာပြီဆိုတော့ ထည့်ပေးလိုက်ပါ...အများကြီးတော့မထည့်နဲ့ပေါ့ ဒီအရက်က အရမ်းပြင်းတယ် "
ခွက်အသီးသီးထဲသို့အရက်ဖြည့်ပြီးချိန်တွင် အားလုံးက ခွက်ချင်းတိုက်လိုက်ကြတော့၏။
စုယိသောက်သည့်အမြန်နှုန်းက သူမဘေးမှယောက်ျားသားများထက်မြန်ဆန်ပြီး ခွက်ထဲမှအရက်က အလျင်အမြန်ပင်ကုန်ဆုံးသွားသည်။
"ယင်းဇီ သဘောကျတာ မဆန်းပါဘူး...ရှောင်ယိက လုံးဝကို အထိန်းအကွပ်မဲ့တာပဲ "
ကျိုးမင်ထံမှချီးကျူးစကားကြောင့် စုယိကပြုံးလေ၏။ထို့နောက်သူမက နောက်တစ်ခွက်ထပ်ငှဲ့ရန်အတွက်မလှမ်းမကမ်းတွင်ရှိသောအရက်ပုလင်းကိုလှမ်းယူရန် ပြင်လိုက်သော်လည်း နံဘေးမှယောက်ျားက ဝင်ရောက်တားဆီးလာသည်။
“ မသောက်နဲ့တော့ ”
စုယိက ချူယင်းအား တစ်ချက်လေးမှမကြည့်ဘဲ အရက်ပုလင်းကိုသာအာရုံစိုက်ထား၏။
" နည်းနည်းပါးပါးပါ...ကိစ္စမရှိပါဘူး "
ထိုအခါချူယင်းက မျက်မှောင်ကြုတ်ကာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ စုယိ၏လက်ကိုဖမ်းဆွဲထားလိုက်သည်။ထို့နောက်သူက စုယိ၏ခွက်ကိုသိမ်းယူကာ ခွက်အသစ်တစ်ခွက်ထဲသို့ ရိုးရိုးရေကိုဖြည့်လျက် ပြန်ပေးလာ၏။
စုယိမှာ ဘာမှဆက်မပြောတော့ဘဲ ထိုင်နေသည်။သူမသည် ဤအချိန်၌ အတော်လေးပင်စိတ်အလိုမကျဖြစ်နေလေ၏။ချူယင်းသေလုနီးပါးဖြစ်ခဲ့သည့်အကြောင်းကို ကြားပြီးကတည်းက သူမ၏စိတ််ဝိညာဉ်တစ်ဝက်ခန့်မှာပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ယခုအချိန်၌ သူမ၏မျက်နှာထားက အလွန်ပင် အရုပ်ဆိုးနေပေမည်။
မျက်နှာချင်းဆိုင်တွင်ရှိသောကျိုးမင်က အခြေအနေကို အကဲခတ်မိသည်။
အချိန်ကိုက်ပင် သူ၏စိတ်ထဲတွင် တနုံ့နုံ့ဖြစ်နေခဲ့သောတစ်စုံတစ်ရာက ရှင်းလင်းသွားတော့သည်။ကျိုးမင်က ရုတ်တရက်ကိုယ့်ပေါင်ကိုယ်ပုတ်လိုက်ပြီး အားရဝမ်းသာပြောလာခဲ့၏။
"ရှောင်ယိ....မင်းက တင်းနယ်ဘက်က မလား"
" ဟုတ်ပါတယ် " စုယိက ပြုံးလျက် ခေါင်းညိတ်သည်။
“ဒါဆို ငါထင်တာမှန်နေတာပဲ ...မင်းကို ဘာလို့ ဒီလောက်ထိ ရင်းနှီးနေတာပါလိမ့်လို့ တွေးနေတာ "
ချူယင်းမှာမူ နှစ်ဦးသားအား အကြိမ်အနည်းငယ်အပြန်ပြန်အလှန်လှန်ကြည့်ရင်း စိတ်ရှုပ်နေပုံပေါ်လေ၏။
" ယင်းဇီ ... မင်းမေ့လို့မရဘူးနော် "
" ဘာကိုလဲ "
" တင်းနယ်မှာမြေပြိုတော့ ကယ်ဆယ်ရေးလုပ်ဖို့သွားတုန်းက အဲ့မှာ ရှောင်ယိရှိနေခဲ့တာမဟုတ်လားကွ "
ကျိုးမင်သည် အတိတ်မှစွန့်စားခန်းများကိုပြန်ပြောရချိန်တွင် တက်ကြွနေခဲ့လေ၏။
“အဲ့ဒီတုန်းက သူက ကလေးမလေးအရွယ်ပဲရှိသေးတယ်... မင်းကတော့ ၂၂ ၂၃လောက်ပေါ့...မမှတ်မိတာ မထူးဆန်းပါဘူး "
စားပွဲဝိုင်းရှိလူများက အခြေအနေအား စိတ်ဝင်တစားစောင့်ကြည့်နေကြသော်လည်း ချူယင်းနှင့်စုယိတို့က နှုတ်ဆိတ်နေသည်။
" သူရဲကောင်းကြီးက အလှလေးကို ကယ်တင်ပေးတယ်...အဲ့ဒါကြောင့် ငါတို့မရီးက ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်ပေးလိုက်တာပေါ့...ဘယ်လောက်ရိုလိုက်လဲ " ထိုထဲမှတစ်ယောက်က ဝင်ပြော၏။
ထိုအခါ အခြားသူတစ်ဦးက ထိုတစ်ယောက်အား ခပ်သာသာရိုက်လျက် တိုးညင်းစွာဆိုလာလေသည်။
" ဘာကိုရိုရမှာလဲ...ဗိုလ်ကြီးယင်း မှတ်မိ မမှတ်မိ ကိုလည်း ထည့်ပြောပါဦး "
"ဒါဆို ဗိုလ်ကြီးမင်ကကျတော့ ဘာလို့ မှတ်မိနေတာလဲ"
" စတွေ့တဲ့ပုံစံက အမှတ်ရစရာဖြစ်နေလို့လေ...အဲ့တုန်းက ရှောင်ယိက ဒီလောက်ထိ ဘယ်အရပ်ရှည်ဦးမလဲ...လုံးဝကို သေးသေးကွေးကွေးလေး... ယင်းဇီက သူ့ကို ပုခုံးပေါ်တင်ခေါ်လာတာလေ...လမ်းမှာ ရှောင်ယိက နာမည်မေးပေမဲ့ ယင်းဇီက လုံးဝပြန်မဖြေဘူး ... အဲ့ဒါနဲ့ ရှောင်ယိက တစ်လမ်းလုံး တဖွဖွမေးလာရော... အဲ့ဒီကယ်ဆယ်ရေးမစ်ရှင်မှာအမှတ်တရအဖြစ်ခဲ့ဆုံးကိစ္စပဲ... ရှောင်ယိက လူကောင်ထွားပြီး အရမ်းလှလာတော့ ချက်ချင်းမမှတ်မိလိုက်ဘူး "
___________________________________________